နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ (၁၁)
───
O J Simpson Trial
၁၉၉၅ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ ပစိဖိတ်စံတော်ချိန် နံနက် ၁၀ နာရီတွင် ရုပ်မြင်သံကြား သတင်း ဖွင့်ထားကြသော အမေရိကန်နိုင်ငံသားအားလုံး၏ ၉၁ ရာခိုင်နှုန်းသည် တခုတည်းသော သတင်း တပုဒ် ကိုသာ စူး စိုက်ကြည့်နေကြသည်။ ဤသည်ကား လော့စ်အိန်ဂျလိစ် တရားခွင်တခုအတွင်း ဖြစ်ပျက်နေသော မြင်ကွင်းကို ထုတ်လွှင့်နေသော သတင်းကို အာရုံစိုက် နေကြခြင်း ဖြစ်သည်။
နယူးယောက် စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ပမာဏ ၄၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။ လူတို့သည် အိမ်သာသွားရန်ပင် ဝန်လေးနေကြသဖြင့် ရေသုံးစွဲမှုပမာဏလည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။ သမ္မတ ကလင်တန်သည်လည်း အိုဗယ်ရုံးခန်းမှ ထွက်လာကာ သူ၏ ဝန်ထမ်းများနှင့်အတူ ရုပ်မြင်သံကြားရှေ့တွင် အတူ ကြည့်ရှုခဲ့ကြသည်။ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သည့် သက်သေထွက်ဆိုချက်ရက်ပေါင်း ၁၃၃ ရက် ကြာမြင့်ပြီးနောက် တရားရုံးက O.J. Simpson ၏ လူသတ်မှုစွဲချက် အတွက် အမိန့်ကို ချမှတ်ခဲ့ပြီ ဖြစ်သည်။
တရားသူကြီး လန့်စ် အီတို ၏ ရှေ့ဖတ် စာရေးက “ပြစ်မှုထင်ရှားခြင်း မရှိ” ဟူသော အမိန့်ချမှတ်ချက်ကို ကြေညာလိုက်သည့်အခါ အမေရိကန်နိုင်ငံသား အချို့မှာ အံ့အားသင့်ကာ ထိတ်လန့်သွားကြပြီး အချို့ကမူ ဝမ်းသာအားရအော်ဟစ် ခဲ့ကြသည်။ ဤအမိန့်ချမှတ်ချက်အပေါ် တုံ့ပြန်မှုများကို ကြည့်မည်ဆိုက လူမျိုးရေးအရ မည်မျှအထိ ကွဲပြားခြားနားနေကြသည် ဆိုသည်ကို တွေ့မြင် နိုင်ခြင်းပင် ဖြစ်သည်။
အမိန့်ချမှတ်ပြီးနောက် ပြုလုပ်ခဲ့သော လူထုစစ်တမ်းများအရ အမေရိကန် လူဖြူ နိုင်ငံသား အများစုက အဆိုပါ ဆုံးဖြတ်ချက်မှာ မှားယွင်းသည်ဟု ဆိုကြသည်။ အာဖရိကန်-အမေရိကန် လူမျိုး အများစုကမူ တရားသူကြီးအဖွဲ့သည် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ဟု စစ်တမ်းကောက်ယူသူများကို ဖြေကြားခဲ့ကြသည်။
အို ဂျေ ၏ တရားခွင်သည် ဤမျှအထိ လူအများ၏ အာရုံစိုက်မှုကို မည်သို့ရရှိလာခဲ့သနည်း။ ဤအမှုပါ သက်သေအထောက်အထားများတွင် မည်သည့်အရာများ ပါဝင်နေသဖြင့် မတူညီသော လူမျိုးစုများအကြား ထိုမျှလောက် ကွဲပြားခြားနားစွာ ရှုမြင်လာခဲ့ကြရသနည်း။ ထို တရားခွင်သည် နောက်ပိုင်း တွင် ထင်ရှား ကျော်ကြားသူများ၏ တရားခွင်များကို ကိုင်တွယ်ဖြေရှင်းပုံ စနစ်အပေါ် မည်သို့မည်ပုံ ပြောင်းလဲသွားစေခဲ့သနည်း။
ဤမေးခွန်းများသည် ဗန်နီတီဖဲယား မဂ္ဂဇင်း စာရေးဆရာ ဒိုမိနစ် ဒန်းက “လူမျိုးပေါင်းစုံ လက်ထပ်ထိမ်းမြားမှု၊ အချစ်၊ ရမ္မက်၊ လိမ်ညာမှု၊ အမုန်းတရား၊ ကျော်ဇောမှု၊ ချမ်းသာကြွယ်ဝမှု၊ အလှအပ၊ စွဲလမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ခြိမ်းခြောက် စောင့်ကြည့်မှု၊ နှလုံးကွဲကြေနေသော ကလေးငယ်များ၊ သွေးများ ရွှဲနစ် နေသည့် လူသတ်မှုများနှင့် ငွေကြေးဖြင့် ဝယ်ယူနိုင်သမျှသော တရားမျှတမှုတို့ ပေါင်းစပ်ပါဝင်နေသည့် လက်တွေ့ဘဝထဲက ကြီးကျယ်ခမ်းနားစွာ မွမ်းမံထားသော အပေါစား ဝတ္ထုတပုဒ်၊ ကြီးမားလှသည့် လူမျိုးစုံပါ မီးရှူးမီးပန်းပွဲတော်ကြီးတခု” ဟု ခေါ်ဆိုခဲ့သည့် ဤတရားခွင်ကို လေ့လာသုံးသပ်ရာတွင် ကျွန်ုပ်တို့ ဖြေရှင်းဆွေးနွေးမည့် မေးခွန်းအချို့ပင် ဖြစ်ပေသည်။
၁၉၉၄ ခုနှစ် ဇွန်လ ၁၂ ရက် သန်းခေါင်ယံကျော် ကျော် လေးတွင် လော့စ်အိန်ဂျလိစ်မြို့ ဘရန့်ဝုဒ် ရပ်ကွက် နေ လူများသည် အာကီတာ ခေါ် ခွေးဖြူ တကောင်၏ အူသံကို ကြားလာခဲ့သည်။ ထိုဆူညံသံကြောင့် လမ်းလျှောက်ထွက်လာကြသည့် စုံတွဲတတွဲ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ထိုခွေးက ၎င်းတို့အား ကွန်ဒိုမီနီယံတခု၏ ရှေ့တံခါးပေါက်နားသို့ ခေါ်ဆောင်သွားခဲ့ရာ ထိုစုံတွဲသည် လူသေ အလောင်းနှစ်လောင်းကို တွေ့ရှိလိုက်ကြသည်။
တလောင်းမှာ အကြိမ် ပေါင်းများစွာ ဓားနှင့် ထိုးခံထားရသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦး၏ ရုပ်အလောင်း ဖြစ်သည်။ ထို အမျိုးသားသည် ရော်နယ် ဂိုးလ်ဒ်မန်း ဖြစ်ကြောင်း နောင်တွင် သိလာခဲ့သည်။ ၎င်းသည် ၎င်း အလုပ်လုပ်သော စားသောက်ဆိုင်တွင် ကျန်ခဲ့သည့် နေကာမျက်မှန်ကို ပြန်လာပေးရန် ထို ကွန်ဒိုမီနီယံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ကျန်တခုမှာ အမျိုးသမီးတဦး၏ ရုပ်အလောင်း ဖြစ်သည်။ ထိုရုပ်အလောင်းမှာ ရက်စက်စွာ လည်ပင်း လှီးခံထားရသဖြင့် ဦးခေါင်းသည် ကိုယ်နှင့်ပြတ်ထွက်မတတ် ဖြစ်နေခဲ့သည်။ သေဆုံးသွားသော အမျိုးသမီးမှာ အမေရိကန် လက်ပစ် ဘောလုံးလောက၏ ထင်ရှားကျော်ကြားခဲ့သူ နှင့် မီဒီယာပုဂ္ဂိုလ်ဖြစ်သော အို ဂျေ ဆင်ပဆန် ၏ ဇနီးဟောင်း နီကိုးလ် ဘရောင်း-ဆင်ပဆန် ပင် ဖြစ်သည်။
ဤသို့ဖြင့် နီကိုးလ် ဘရောင်း-ဆင်ပဆန်နှင့် ရော်နယ် ဂိုးလ်ဒ်မန်းတို့ နှစ်လောင်းပြိုင် အသတ်ခံရမှုအပေါ် စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပေတော့သည်။ လူသတ်မှုဖြစ်ပွားပြီး နောက်တနေ့ မနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ချီကာဂို မြို့ရှိ ဟိုတယ်တခုတွင် ရောက်ရှိနေသော ဆင်ပဆန်ထံသို့ ဖုန်းဆက်သွယ်ခဲ့သည်။ ဆင်ပဆန်သည် ဟာ့ဇ် အငှားကားကုမ္ပဏီ ၏ ညီလာခံတခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားခဲ့ပြီး ချီကာဂို မြို့သို့ ထိုမနက်ကမှ ရောက်ရှိလာခြင်း ဖြစ်သည်။
သူ၏ဇနီး သတ်ဖြတ်ခံခဲ့ရကြောင်း အကြောင်းကြားသည့်အခါ ဆင်ပဆန်က မည်သို့ မည်ပုံ၊ မည်သည့်အချိန်တွင် သို့မဟုတ် မည်သူက ကျူးလွန်ခဲ့သည်ကို မေးမြန်းခြင်း မရှိခဲ့ပေ။
ဆင်ပဆန် သည် လော့စ်အိန်ဂျလိစ်သို့ မှီရာ လေယာဉ်ဖြင့် ပြန်လာခဲ့သည်။ သူသည် မိမိ၏အိမ်သို့ ရောက်ရှိလာချိန်တွင် အသေးစိတ် စုံစမ်းစစ်ဆေး နေကြသည့် မှုခင်း ရဲအရာရှိများ ကို တွေ့ရှိခဲ့ရသည်။ အိမ်ရှေ့ဂိတ်တံခါးတွင် ရဲတပ်ဖွဲ့၏ တိပ် ကြိုးများ ကာရံ ထားပြီး အိမ်အဝင် ကားလမ်းမပေါ် တွင် သွေးကွက်လမ်းကြောင်းများကို ဖော်ပြသည့် အညွှန်းကပ်ပြားများကို ချထားသည်။
လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့သည် ထိုနေ့တွင် ဆင်ပဆန်ကို နာရီဝက်ခန့်ကြာ မေးမြန်းစစ်ဆေးခဲ့သည်။ ၎င်းတို့က ဆင်ပဆန်အား သူ၏ ညာဘက်လက်ပေါ်ရှိ နက်ရှိုင်းသော ဒဏ်ရာနှင့် ပတ်သက်၍ မေးခွန်းများ မေးမြန်းခဲ့ကြသည်။ အစပိုင်းတွင် ဆင်ပဆန်က ထိုဒဏ်ရာ မည်သည့်နေရာမှ ရလာသည်ကို မသိကြောင်း ပြောဆိုခဲ့သည်။ သို့သော် စစ်ဆေးမေးမြန်းမှု နောက်ပိုင်းတွင် နီကိုလ်း သတ်ဖြတ်ခံရကြောင်း သတင်းကြားရပြီးနောက် ချီကာဂို ဟိုတယ်ခန်းရှိ ဖန်ခွက်တခုကို ပေါက် ခွဲမိစဉ်က ယခင်က ရခဲ့သည့် ဒဏ်ရာဟောင်းပြန်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။
ထိုစစ်ဆေးမေးမြန်းမှု တခုလုံးမှာ အလွန်တရာမှ တာဝန်မဲ့လှသည် - တာဝန်ရှိသူများက သဘာဝကျကျ ဖြစ်သင့်သည့် နောက်ဆက်တွဲ မေးခွန်းများကို မမေးခဲ့ကြဘဲ အကျိုးရှိနိုင်ခြေရှိသော မေးခွန်း များစွာကိုပါ လျစ်လျူရှုခဲ့ကြသည်။ ဤစစ်ဆေးမေးမြန်းမှုမှ တခုတလေမျှပင် တရားခွင်တွင်သက်သေအဖြစ် တင်သွင်းနိုင်ခဲ့ခြင်း မရှိပေ။
နောက်ဆုံးတွင် ရဲအဖွဲ့သည် နီကိုးလ် သတ်ဖြတ်ခံရမှုနှင့် ဆင်ပဆန် တို့ အဆက်အစပ်ရှိကြောင်း သက်သေအထောက်အထားများကို လုံလုံလောက်လောက် စုဆောင်းနိုင်ခဲ့ပြီးနောက် ၎င်းကို ဖမ်းဝရမ်းထုတ်ပေးရန် တောင်းခံရယူနိုင်ခဲ့သည်။ ဆင်ပဆန် ၏ ရှေ့နေ ရောဘတ် ရှာပီရို နှင့် ညှိနှိုင်းသဘောတူညီချက်အရ ဆင်ပဆန်သည်။ နီကိုးလ်၏ ဈာပနပြီး တရက်အကြာတွင် ရဲဌာနချုပ်သို့ ကိုယ်တိုင် သွားရောက်အဖမ်းခံရန် ဖြစ်သည်။
သို့သော် သဘောတူထားသည့် အချိန်ရောက်လာသော်လည်း ဆင်ပဆန် ရောက်မလာဘဲဖြစ်နေသဖြင့် ရဲအရာရှိများသည် ၎င်းကို သွားရောက်ခေါ်ဆောင်ရန် နေအိမ်သို့ မောင်းနှင်သွားခဲ့ကြသော်လည်း အိမ်တွင် မတွေ့ရတော့ပေ။
၁၇၇၅ ခုနှစ် အမေရိကန် လွတ်လပ်ရေးစစ်ပွဲ မစတင်မီကာလက အမေရိကန် ကိုလိုနီနယ်မြေများကို သိမ်းပိုက်ရန် ချီတက်လာကြမည့် ဗြိတိသျှစစ်တပ်၏ အကြောင်းကို သတိပေးရန် ပေါလ် ရီဗီး ဆိုသူသည် မြင်းတစ်စီးဖြင့် ညဉ့်နက်သန်းခေါင်ယံအချိန်တွင် မိုင်ပေါင်းများစွာကို အပြေးနှင်ကာ ဒေသခံ ကိုလိုနီနယ်သားများကို လိုက်လံနှိုးဆော် သတိပေးခဲ့သည့် နောက်ပိုင်းတွင် ဆင်ပဆန် ထွက် ပြေး သွားခဲ့မှုသည် အမေရိကန်သမိုင်းတွင် အကျော်ကြားဆုံး ခရီးစဉ်တခုဖြစ်လာခဲ့ပြီ ဖြစ်သည်။
ရဲအရာရှိများသည် ဆင်ပဆန် ထားခဲ့သည့် စာတစောင်ကိုမူ တွေ့ရှိခဲ့ကြသည်။ "သက်ဆိုင်ရာ မည်သူမဆို" ဟု လိပ်မူထားသော ထိုစာတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မည့် လက္ခဏာများများ အားလုံးပါရှိနေသည်။ စာအဆုံးသတ်တွင် အောက်ပါအတိုင်း ရေးသားထားသည် -
"ကျွန် တော့် အတွက် ဘယ်လိုမှ စိတ်မကောင်းမဖြစ်ကြပါနဲ့။ ကျွန်တော်မှာ မိတ်ဆွေ သူငယ်ချင်း ကောင်းကောင်းတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့ ဘဝတခုကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ပျောက်ဆုံးနေတဲ့ လူတယောက်အဖြစ်နဲ့မဟုတ်ဘဲ စစ်မှန်တဲ့ O.J. ကိုပဲ အမှတ်ရပေးကြပါ။ ကျွန်တော် ဘဝကို အထူးခြားဆုံး ဖြစ်အောင် ဖန်တီးပေးကြလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် လည်း ခင်ဗျားတို့ရဲ့ဘဝတွေကို အထောက်အကူ ပြုခဲ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားများစွာနဲ့ - O.J."
နာရီအနည်းငယ်အကြာတွင် ဆင်မဆန် အား သူ၏ သူငယ်ချင်း အေ စီ ကောလင်းစ် မောင်းနှင်သည့် အဖြူရောင် ဘရွန်ကို ကားကို စီးလျက် လိုက်ပါသွားသည်ကို တွေ့ရှိခဲ့သည်ဟု အော်ရိန်း ကောင်တီ မှ မော်တော်ယာဉ်မောင်း တဦးက ရဲအဖွဲ့ထံ အကြောင်းကြားခဲ့သည်။ မကြာမီပင် ရဲကား တဒါဇင်ကျော်၊ သတင်းဌာနများ၏ ရဟတ်ယာဉ်များနှင့် စပ်စုလိုသည့် လူအချို့က ထိုဘရွန်ကိုကားနောက်သို့ လိုက်လံ ပိတ်ဆို့ကြတော့သည်။
စလိုး မိုးရှင်းအလား ဖြစ်နေသည့် ထိုကား အား လိုက်လံဖမ်းဆီးမှုကို လူဦးရေ ၉၅ သန်းခန့်က ရုပ်မြင်သံကြားမှတဆင့် တိုက်ရိုက် ကြည့်ရှုခဲ့ကြသည်။ နောက်ဆုံးတွင် ဆင်ပဆန် အား သူ၏ အိမ် ရှေ့ဝင်းအတွင်း၌ပင် ဖမ်းဆီးရမိခြင်းဖြင့် ပြီးဆုံးသွားခဲ့သည်။
ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့က ဘရွန်ကိုကားကို ရှာဖွေစစ်ဆေးခဲ့ရာ ငွေသား အမေရိကန်ဒေါ်လာ ၈,၇၅၀၊ အတုပြုလုပ်ထားသော မုတ်ဆိတ်နှင့် နှုတ်ခမ်းမွှေး၊ ကျည်အပြည့်ပါသော သေနတ်တစ်လက်နှင့် နိုင်ငံကူးလက်မှတ် - passport တခု တို့ကို တွေ့ရှိခဲ့ကြသည်။