ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(47)

by Hla Soewai - Sep 07 2026

အခန်း (၁၄)

 

၁၉၆၀ ခုနှစ်၊ မေလ ၂၀ ရက်၊ ညနေ ၇း၀၀ နာရီ 

အာဂျင်တီးနားနိုင်ငံ၊ ဗျုနို အေရိစ် မြို့၊ 

အဇီးဇာ လေဆိပ်

 

အီဆာ ဟာရယ် သည် လေဆိပ်ဝန်ထမ်း ကဖီးဆိုင်တဆိုင်တွင် တဦးတည်း ထိုင်နေသည်။ ပတ်ဝန်းကျင် လေထုထဲတွင် ဆေးလိပ်ငွေ့များ ပျံလွင့်နေသည်။ အပြင်ဘက်တွင် ရာသီဥတုမှာ အေးစိမ့်ပြီး မိုးရွာနေသည်။ တဲလ်အဗစ် သို့ သွားမည့် သန်းခေါင်ယံလေယာဉ်ခရီးစဉ်ကို စောင့်ဆိုင်းရင်း မည်သူ့မျှ သတိမထား မိနိုင်မည့် နေရာ တ‌ နေရာ ကို အသေအချာရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဟာရယ်၏ ပတ်ပတ် လည်တွင် ယူနီဖောင်းဝတ် လုံခြုံရေးအစောင့်များနှင့် အလုပ်သမားဝတ်စုံ ဝတ်ဆင်ထားသော စက်ပြင်ဆရာများက လူကျပ်လွန်းလှသော ဤခန်းမအတွင်း ထိုင်ခုံလွတ်တခုရရန် စိတ်မရှည်စွာဖြင့် စောင့်ဆိုင်းနေကြသည်။ 

 

အစီအစဉ်များ ရုပ်လုံးကြွ လာသည်နှင့်အမျှ သူ့အား အသေးစိတ် အစီရင်ခံတင်ပြကြမည့် မော့ဆက် အဖွဲ့ဝင်များနှင့် သူတွေ့ဆုံမည့်နေရာလည်း ဖြစ်သည်။

 

ဟာရယ် သည် အဓဒါ့ဖ် အိုက်ခမန်း တဦးတည် ကိုသာ စဉ်းစားနေခြင်း မဟုတ်ပေ။ သူသည် ဂျိုးစက်ဖ် မန်ဂယ်လီ ရှိမည့်နေရာကို ရှာဖွေရန် ဗျုနို အေရိစ် တခွင် ပြဲပြဲစင်အောင် လိုက်လံစုံစမ်းဖို့ မော့ဆက် အဖွဲ့တဖွဲ့ကိုပါ အမိန့်ပေး စေလွှတ်ထားခဲ့သည်။ အိုက်ခမန်း စစ်ဆင်ရေး ယခုလို နှောင့် နှေး နေသည့် အချိန်မျိုးတွင် လူအင်အားကို အခြားကိစ္စအတွက် ခွဲထုတ်ရခြင်းသည် အန္တရာယ်ကြီးလှပြီး ပါဝင်နေကြသည့် မော့ဆက် အေးဂျင့်များကလည်း ၎င်းတို့ သေသေချာချာ ရေးဆွဲထားသော အစီအစဉ်ကို ပျက်ပြားသွားစေနိုင်သည်ဟု ယူဆကာ ထိုသို့ တာဝန်ပေးလာမှုကို မကျေမနပ် ဖြစ်နေကြသည်။ သို့သော် ဤသည်မှာ ဟာရယ် ကိုယ်တိုင် ရဲရဲဝံ့ဝံ့ လောင်းကြေးထပ် ကစားချင်စိတ် ရှိနေသော ကြောင့်ပင် ဖြစ်ပေသည်။ 

 

မကြာမီတွင် ဇဗီ အာဟာရိုနီ သည် ဟာရယ်ထံသို့ ရောက်ရှိလာခဲ့သည်။ ထိုသူနှစ်ဦးမှာ လေဆိပ်ထဲ ဆူညံသံများကြားတွင် တဦးနှင့်တဦး နား နား ကပ်၍ မနည်း နားထောင်နေရသည်။ ဟာရယ်သည် ဆာလောင်မွတ်သိပ်စွာ စားသောက်နေကြသည့် အာဂျင်တီးနား စစ်သားအုပ်စု တစု အနားရှိ ထိုင်ခုံလွတ် တနေရာ တွင် ထိုင် နေခြင်း ဖြစ်သည်။ စစ်သားများကလည်း ဂျူးသူလျှို နှစ်‌ ယောက် ကို လုံးဝ သတိမထားမိကြ။ ဇဗီ အာဟာရိုနီ၏ သတင်းအချက်အလက်မှာ ရိုးရှင်းလှသည်။ တီရာ မှ ထွက်ခွာမည့် လမ်း ကြောင်းမှာ ရှင်းလင်းနေပြီ ဖြစ်သည်။

 

လွတ်လပ်ရေး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်ပွဲတော်အတွက် ဆိုက်ရောက်လာ သော ညလေယာဉ်များစွာ ရှိနေသည့် အတွက် လေဆိပ်တွင် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထား သော်လည်း လမ်းပိတ်ဆို့စစ်ဆေးမှု မျိုးတော့ မရှိပေ။ ယနေ့မွန်းလွဲပိုင်းထုတ် ဗျုနို့စ်အေးရိစ် သတင်းစာများတွင် အိုက်ခ์မန်း အကြောင်း တစုံတရာ ပါရှိမလာ၍ ၎င်းတို့ နှစ်ဦးစလုံး ကျေနပ် နေကြသည်။ 

 

"ပထမအစီအစဉ်ကို ပဲ အကောင်အထည်ဖော်ပါ" ဟု ဟာရယ်လ် က အာဟိုရွန်နီ အား ညွှန်ကြားကာ တီရာသို့ ပြန်လွှတ်လိုက်သည်။ ထို့အတွက် ပင်လယ်ရေကြောင်းဖြင့် ထွက်ရန် တလစောင့်ဆိုင်းရမည့် အရန်အစီအစဉ်ကို ဖျက်သိမ်း လိုက်ပြီ ဖြစ်သည်။ အာဟိုရွန်နီသည် သူ၏ လုပ်ဖေါ် ကိုင်ဖက် များ ဤသတင်းကို ကြားရသည့်အခါ မည်မျှ အထိဝမ်းမြောက် ဝမ်းသာ ဖြစ်သွားကြလိမ့်မည်ကို သိရှိထားသဖြင့် သက်ပြင်းချကာ စိတ်အေးသွားခဲ့သည်။ 

 

ပထမအစီအစဉ်အရ အိုက်ခမန်း ကိုယ်တိုင် လေယာဉ်ပေါ်သို့ လမ်းလျှောက်တက်မည်ဖြစ်သောကြောင့် အထူးဒီဇိုင်းထုတ်ထားသည့် သေတ္တာကြီးလည်း လိုအပ်တော့မည် မဟုတ်ပေ။ ည ၈ နာရီ ၃၀ မိနစ်တွင် အယ်လ်အယ်လ် (El Al) လေယာဉ်မှူးများသည် ဗျူနို့စ်အေးရိစ် မြို့လယ်ရှိ ၎င်းတို့၏ ဟိုတယ်မှ ထွက်ခွာလာကြသည်။ ၎င်းတို့ကို ဘရီတေးနီးယား လေယာဉ် ရပ်ထားရာ လေဆိပ်၏ လူသူကင်းဝေးရာ ထောင့်စွန်းသို့ ကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး လေယာဉ်မပျံသန်းမီ ကြိုတင်ပြင်ဆင်မှုများကို စတင်လုပ်ဆောင်လာကြသည်။

 

ထိုအချိန်မှာပင် ဇဗီ အာဟာရိုနီ သည် တီရာ ရှိ အဒေါ့ အိုက်ခမန်း ၏ အကျဉ်းခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။ ထိုနာဇီလူသတ်သမားမှာ နေ့လယ်စာစားပြီးကတည်းက ဘာတခု မျှ မစားရ မသောက်ရသေးပေ။ သူ၏ ဆံပင်များကို မီးခိုးရောင် ဆေးဆိုး ပေးထားပြီး အသက်ပိုကြီးပုံပေါ်စေရန် မုတ်ဆိတ်တု အပြင် မျက်နှာတွင် မိတ်ကပ် ကို ခပ်ထူထူ လိမ်းကျံထားသည်။ 

 

အိုက်ခမန်းသည် အယ်လ်အယ် (El Al) လေကြောင်းလိုင်း ဝန်ထမ်းများ ဝတ်ဆင်ကြသည့် ကော်လာပြတ် အင်္ကျီဖြူ၊ အပြာရောင် နက်ကတိုင် နှင့် အပြာရောင်ဘောင်းဘီတို့ကို ဝတ်ဆင်ထားသည်။ ခေါင်းပေါ်တွင်မူ ၎င်း သန်းပေါင်းများစွာ သတ်ထားခဲ့သူတို့ တချိန်က ဝတ်ဆင်ခဲ့ဖူးသည့် အထိမ်းအမှတ်ဖြစ်သော ဒါဝိဒ်ကြယ်တာရာ ပါရှိသည့် လေကြောင်းလိုင်း ဦးထုပ်ကို ဆောင်းထားသည်။

 

၎င်းတို့ နှစ်ဦးသည် ပြန်ပေးဆွဲခံရချိန်မှစ၍ နာရီပေါင်းများစွာ အတူရှိခဲ့ကြသည်။ အာဟာရိုနီသည် အိုက်ခမန်းထံမှ ပြစ်မှုထင်ရှားစေမည့် အချက်အလက်များစွာကို ရယူနိုင်ခဲ့သည်။ အာဟာရိုနီသည် အလွန်အမင်း ရင်းနှီးဖော် ရွေဟန် မပြသော်လည်း သူ၏ အလုပ်တာဝန်ဝတ္တရားကိုမူ အမြဲတမ်း ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်ခဲ့သည်။ 

 

မနေ့က အီဆာ ဟာရယ်နှင့် မတွေ့ဆုံမီတွင် အာဟာရိုနီသည် အိုက်ခမန်းအား ယခုညတွင် သူ၏ ရာဇဝတ်မှုများအတွက် တရားရင်ဆိုင်ရမည့် အစ္စရေးနိုင်ငံသို့ ထွက်ခွာမည့် အကြောင်းကို အသိပေး ပြောကြားခဲ့ပြီးဖြစ်သည်။

 

အိုက်ခမန်းသည် ထိုကဲ့သို့ သော နေ့မျိုး ရောက်လာမည်ကို ကြိုသိနှင့်ပြီးဖြစ်ကာ ၎င်အား ပြန်လည်ခေါ်ဆောင်မှုကို ဆန္ဒအလျောက် လိုက်နာကြောင်း ဖော်ပြထားသည့် စာရွက်စာတမ်းကိုပင် လက်မှတ်ရေးထိုး ပေး ထားပြီး ဖြစ်သည်။

 

 "ခင်ဗျားရဲ့ ကတိကို မမေ့ပါနဲ့" ဟု အာဟိုရွန်နီ က အိုက်ခ်မန်း ကို သတိပေးလိုက်သည်။ ကေဘယ်ကြိုး တိပ်များဖြင့် ဖုံးအုံးထားသော မျက်မှန်ကို ဆက်လက်တပ်ဆင်ထားဆဲဖြစ်သည့် အိုက်ခ်မန်းက "ခင်ဗျားဘာမှ ကြောက်စရာ မရှိပါဘူး၊ ကျွန်တော်က ဆန္ဒအလျောက် လိုက်လာတာဖြစ်တဲ့ အတွက် ကျွန်တော့်ကတိကိုလည်း တည်ပါမယ်" ဟု ပြန်ပြောသည်။ အိုက်ခ်မန်းသည် ဂျူး တို့၏ ယူနီဖောင်းအတိုင်း ဝတ်ဆင်ရသည်ကို သက် တောင့် သက်သာ ရှိနေပုံပင်။ အမှန်တကယ်တွင် သူက ယူနီဖောင်း နှင့် လိုက်ဖက်မည့် အပေါ် ဂျက်ကက်ကိုပါ တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

 

"ဆရာဝန်အနေနဲ့ သူ့ရဲ့လက်မောင်းနဲ့ သွေးကြောကို အချိန်မရွေး ဆေးသွင်းန်ိုင် ဖို့ လိုတယ်" ဟု အာဟိုရွန်နီက သူ၏ စာအုပ်တွင် ရေးသားခဲ့သည်။ အဖွဲ့၏ ဆရာဝန်မှာ တဲလ်ဗိဗ် မြို့၏ အကောင်းဆုံး မေ့ဆေးဆရာဝန်များထဲတွင် တဦးအပါအဝင်ဖြစ်ပြီး၊ အိုက်ခ်မန်း စစ်ဆင်ရေး တွင် ပါဝင်ခဲ့ဖူးကြောင်း မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိတော့ဘဲ မကြာမီမှာပင် ၎င်း၏ မူလ ဆရာဝန်အလုပ်သို့ ပြန်လည်ဝင်ရောက် လုပ်ကိုင် နေတော့သည်။

 

သူသည် လူနာအား ဆေးကို အရင်ဆုံး လိုအပ်မည် ထင်သ လောက် ထိုးပေးထားမည် ဖြစ်ပြီး ဆေးထိုးအပ်ကို သွေးကြောထဲတွင် စိုက်လျက်သား ချန်ထားခဲ့မည် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဆေးပမာဏကို အချိန်မရွေး တိုးမြှင့်ပေးနိုင်သည်။ အပေါ် အင်္ကျီ လက်ရှည်က ဆေးထိုးအပ်ကို ဖုံးအုပ် န်ိုင်သော်လည်း ဆရာဝန်၏ လက်လှုပ်ရှားမှုကို မည်သို့မျှ အနှောင့်အယှက် ဖြစ်စေမည် မဟုတ်ပေ။ အကယ်၍ ကုတ်အင်္ကျီ ဝတ်ထားမည်ဆိုပါက ထိုသို့ လုပ်ရန် ပို၍ ခက်ခဲပေလိမ့်မည်။

 

ည ၉ နာရီတွင် ဆေးထိုးပေးခြင်း ပြီးစီးသွားခဲ့သည်။ ဆေးစွမ်းပြလာသည်နှင့် "ကျွန်တော်တို့ သွားဖို့ အသင့်ဖြစ်ပါပြီ" ဟု ဆရာဝန်က ပြောလိုက်သည်။ အိုက်ခ်မန်းမှာ စကားကိုပင် ပီပီသသ မပြောနိုင်တော့သော်လည်း လမ်းတော့ လျှောက်နိုင်ဆဲ ဖြစ်သည်။ 

 

သူ၏ မျက်မှန်ကို ချွတ်လိုက်ကြသည်။ လေကြောင်းလိုင်း ဝန်ထမ်းအဝတ်အစားများကို ဝတ်ဆင်ထားကြသည့် မော့ဆက် အဖွဲ့ဝင် နှစ်ဦးက သူ့အား ကားဂိုဒေါင်ထဲသို့ တွဲခေါ်သွားကြပြီး ကားနောက်ခန်းတွင် နေရာ ချပေးကြသည်။ သံတမန် နံပါတ်ပြားများကို တပ်ဆင်ထားသော ထိုဆီဒန် ကားကို မည်သူကမျှ ရပ်တန့် စစ်ဆေးကြမည် လည်း မဟုတ်ပေ။

 

ဇဗီ အာဟာရိုနီ က ယခင်ကဲ့သို့ပင် ယာဉ်မောင်းအဖြစ် ဆက်၍ တာဝန်ယူထားသည်။ လိုအပ်လာပါက အခြားသော လမ်းကြောင်းငယ်များကို အသုံးပြုနိုင်ရန်သာမက လေဆိပ်သွားရာ လမ်းကြောင်းများကိုလည်း သူလောက် ကောင်းကောင်းသိသူ မရှိပေ။ ည ၉ နာရီခွဲတွင် သူသည် ကလပ်ခ်ကို နင်း၍ တီရာ အိမ် မှ နောက်ဆုံးအကြိမ်အဖြစ် မောင်းနှင်ထွက်ခွာလာခဲ့ တော့သည်။

*****************