The Starfish and Spider (6)

by Hla Soewai - Sep 07 2026

နောက်ဆုံး နေရာတိုင်းတွင် အောင်ပွဲအလီလီ ရခဲ့သော စပိန်တို့သည် ၁၆၈၀ ပြည့်လွန်နှစ်များ အရောက်တွင် ၎င်းတို့ လုပ်သမျှ ကို မည်သူမျှ တားဆီး၍မရတော့ဟု ထင်မှတ် လာကြသည်။ အောင်ပွဲ များ နှင့် အတူ ၎င်းတို့သည် မြောက်ဘက်သို့ ဦးတည် ချီတက်လာခဲ့ရာ အာပါချီ လူမျိုးများနှင့် ရင်ဆိုင်တွေ့ဆုံခဲ့ရသည်။ ယနေ့ခေတ် နယူးမက္ကဆီကို ပြည်နယ်၏ သဲကန္တာရများထဲတွင် ထိတ်တိုက် တွေ့ဆုံလာခဲ့မှုသည် ဂီတလုပ်ငန်းကြီးများ၏ P2P ဝဘ်ဆိုက်များနှင့် တိုက်ပွဲဝင်နေရခြင်းတို့နှင့် အရေးပါသည့် ဆက်နွှယ်မှု ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် စပိန်တို့ ရှုံးနိမ့်သွားခဲ့သောကြောင့် ဖြစ်ပေသည်။

 

၎င်းတို့ စိတ်ထဲတွင် အလွန် တရာ မှခေတ်နောက်ကျ ရိုင်းစိုင်းသည်ဟု ထင်ထားသော လူမျိုးနွယ်စု တစုကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ အက်ဇတက် နှင့် အင်းကား လူမျိုးတို့နှင့် မတူဘဲ အာပါချီ တို့သည် ပိရမစ် တခု တလေမျှပင် ဆောက်လုပ်ခဲ့ကြခြင်း မရှိသကဲ့သို့၊ အဝေးပြေး လမ်းမကြီး ဟူ၍ တခုမျှပင် ဖေါက်လုပ်ခဲ့ကြခြင်း မရှိ၊ ၊ မြို့တမြို့ဟု သတ်မှတ် နိုင်လောက်သည့် အဆောက်အအုံမျိူး ပင် မတွေ့ခဲ့ကြရပေ။

 

စပိန်နယ်ချဲ့ စစ်သူကြီးများအတွက် ပိရမစ်များ သို့မဟုတ် လမ်းမကြီးများထက် ပိုမို အရေးကြီးသည့် ရွှေထည်များ အာပါချီတို့ထံတွင် မရှိခြင်းပင် ဖြစ်သည်။ ထို့ကြောင့် စပိန်တို့သည် စိုက်ပျိုးရေးအခြေပြု လူနေမှုဘဝကို အဓမ္မကျင့်သုံးစေခြင်းနှင့် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းစေခြင်းဖြင့် ၎င်းတို့ကို ကက်သလစ်ဘာသာဝင် စိုက်ပျိုးရေးသမားများ ဖြစ်လာစေရန် ကြိုးပမ်းခဲ့ကြသည်။

 

အာပါချီ အချို့သည် ၎င်းတို့ အလိုကျ ထွန်တုံး ထွန်တံများကို ကိုင်စွဲခဲ့ကြသော်လည်း၊ အများစုကြီးမှာမူ အပြင်းအထန် ခုခံခဲ့ကြသည်။ ထိုသို့ ခုခံရုံတင်မကဘဲ စပိန်တို့နှင့် ပတ်သက်သည်ဟု ယူဆရသမျှကို အကုန် လိုက်လံ တိုက်ခိုက် စီးနင်း ဖျက်ဆီး ခဲ့ကြသည်။

 

စပိန် ကဲ့သို့ အင်အားကြီး စစ်တပ်ကြီးအား အပါချီ များ အဖို့ ရင်ဆိုင် နိုင်စွမ်း မရှိဟု ယူဆကြမည်သာ ဖြစ်သည်။ တကယ်တမ်းတွင် ၎င်းတို့ ယူဆထားသလို ဖြစ်မလာခဲ့ဟု နီဗင်စ်က ကျွန်တော်တို့ကို ယခုလို ရှင်းပြခဲ့သည်။

 

“၁၇ ရာစုနှောင်းပိုင်းရောက်တဲ့အခါ စပိန်တွေဟာ မြောက်ပိုင်း ဆိုနိုရာ နဲ့ ချီဟွာဟွာ ဒေသများကို Apache တွေက စပိန်တို့ လက်ထဲမှ ပြန်ရသွားခဲ့တယ်။ Apache တွေဟာ မြောက်မက္ကဆီကိုဒေသကို အောင်မြင်စွာ လွှမ်းမိုးထိန်းချုပ်နိုင်ခဲ့တယ်။ 

 

အဲ့တာဟာ တကြိမ်တခါသာ မတော်တဆရရှိခဲ့တဲ့ အောင်ပွဲမျိုး မဟုတ်ပါဘူး။ အပါချီ တွေဟာ စပိန်တွေရဲ့ တိုက်ခိုက်မှုကို နောက်ထပ် ရာစုနှစ် နှစ်ခုတိုင်တိုင် ဆက်လက်တားဆီးနိုင်ခဲ့ပါတယ်။

 

အပါချီ တွေမှာ အင်ကား တွေ၊ အက်ဇတက် တွေ မှာ မရှိခဲ့တဲ့ လျှို့ဝှက်လက်နက်တမျိုး ရှိခဲ့လို့လည်း မဟုတ်ပါဘူး။ စပိန်စစ်တပ်ရဲ့ စစ်ရေးအင်အားလည်း လျော့ကျသွားခဲ့တာ မဟုတ်ပါဘူး။

 

အပါချီ‌ တွေ စပိန်တွေကို အနိုင်ယူနိုင်ခဲ့ခြင်းရဲ့ အဓိကအကြောင်းရင်းက သူတို့ရဲ့ လူမှုအဖွဲ့အစည်းကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းထားသလဲဆိုတဲ့ အချက်‌ ကြောင့်ပဲ ဖြစ်ပါတယ်။

 

စပိန်တွေဟာ အပါချီ တွေကို အနိုင်မယူနိုင်ခဲ့တာဟာ တေးဂီတ ဓါတ်ပြား ကုမ္ပဏီတွေ က P2P ဖိုင်မျှဝေမှုလမ်းကြောင်းကို အမြစ်ဖြတ်မပစ်နိုင်ခဲ့တဲ့ အကြောင်းရင်းနဲ့ အတူတူပါပဲ။"

 

နီဗင်စ် က အဆိုပါ ပဟေဠိအတွက် အဖြေကို မည်သို့ရှာဖွေတွေ့ရှိခဲ့ကြောင်း ကျွန်ုပ်တို့အား ပြောပြခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူသည် အရီဇိုးနားပြည်နယ်ရှိ ဝှိုက်မောင်းတိန် အပါချီ လူမျိုးစုများနှင့်အတူ သုံးနှစ်တိုင်တိုင် နေထိုင်ခဲ့ပြီး ၎င်းတို့၏ ယဉ်ကျေးမှုကို လေ့လာခြင်း၊ ရိုးရာဓလေ့များကို စောင့်ကြည့်ခြင်းနှင့် ၎င်းတို့၏ လူ့အဖွဲ့အစည်း အမှန်တကယ် လည်ပတ်ပုံကို သင်ယူခဲ့ခြင်းတို့ လုပ်ဆောင်ခဲ့သည်။ 

 

သူသည် အပါချီလူမျိုးများနှင့် အခြားသော လူမျိုးစုများအကြား ကွာခြားချက်များကို ချက်ချင်းပင် သတိပြုမိခဲ့သည်— "ဥပမာအားဖြင့် ဆူအူး (Sioux) လူမျိုးတွေကို ကြည့်မယ်ဆိုရင်— တောထဲမှာ ဝံပုလွေတွေနဲ့အတူ ကပြပျော်ရွှင်ကြတဲ့ လူမျိုးတွေပေါ့နော်။ သူတို့မှာ အတိုင်းအတာတခုအထိ နိုင်ငံရေးအရ ဗဟိုချုပ်ကိုင်မှု ရှိခဲ့ကြတယ်။ သူတို့က ခဏတဖြုတ်တော့ ရဲရဲတောက် ခုခံတော်လှန်ခဲ့ကြပေမဲ့ ဆယ်နှစ် ကျော်လာတဲ့ အခါကျတော့ အောင်မြင်မှု နဲ့ ဝေးကွာ သွားခဲ့ကြတယ်။ ဒါပေမဲ့ အပါချီတွေကတော့ ဒီတိုက်ပွဲကို ရာစုနှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြတာပါ" ဟူ၍ ပြောပြခဲ့သည်။

 

၎င်းတို့အနေဖြင့် မည်သို့ ရပ်တည်ရှင်သန်နိုင်ခဲ့ကြသနည်း။ "သူတို့က နိုင်ငံရေးအာဏာကို ဖြန့်ကျက်ထားကြပြီး ဗဟိုချုပ်ကိုင်မှု အလွန်နည်းပါးခဲ့ကြပါတယ်။" ဟု ဆိုသည်။ အပါချီလူမျိုးများသည် ဗဟိုချုပ်ကိုင်မှု ကင်းမဲ့ခဲ့ကြသောကြောင့်သာ ရေရှည် ရပ်တည်နိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။

 

နီဗင်စ် ပြောပြခဲ့သည်များ၏ သက်ရောက်မှုများကို နားလည်နိုင်ရန်အတွက် ဆန့်ကျင်ဘက် စနစ်နှစ်ခုကို အကြမ်းဖျင်း လေ့လာ ကြည့်ကြပါစို့။ 

 

ထို စနစ် နှစ်ခုသည်ဗဟိုချုပ်ကိုင်မှုရှိသောစနစ် (Centralized) နှင့် ဗဟိုချုပ်ကိုင်မှုကင်းမဲ့သောစနစ် (Decentralized) တို့ ဖြစ်ကြသည်။ ဗဟိုချုပ်ကိုင်မှုရှိသော အဖွဲ့အစည်းတခုကို နားလည်ရန် လွယ်ကူသည်။ အဓိက ကုမ္ပဏီကြီးတခုခု သို့မဟုတ် အစိုးရဌာနတခုခုကိုသဦးဆောင်ကွပ်ကဲရန် သတ်မှတ်ထားသော ခေါင်းဆောင်တဦး ရှိပြီး ဆုံးဖြတ်ချက်များချမှတ်သည့် ဘုတ်အဖွဲ့ခန်းမ၊ ကော်ပိုရိတ် ရုံးချုပ်၊ မြို့တော်ခန်းမ စသည်တို့ ရှိကြသည်။

 

ခေါင်းဆောင်များကသာ အမိန့်ပေးဆုံးဖြတ်ချက် ချမှတ်ရသောကြောင့် ဤကဲ့သို့သော အဖွဲ့အစည်းအမျိုးအစားကို နီဗင်စ်က အတင်းအကျပ် ကွပ်ကဲသောစနစ် coercive ဟု ခေါ်ဆိုသည်။ အလုပ်ရှင်က သင့်ကို အလုပ်ထုတ်လိုက်သောအခါ သင်ထွက်ရသည်။ 

 

ကော်တက်စ် က သူ့တပ်များကို ချီတက်ရန် အမိန့်ပေးသည့်အခါ ၎င်းတို့ ချီတက်ကြသည်။ စပိန်လူမျိုးများ၊ အက်ဇတက် လူမျိုးများနှင့် အင်ကာ လူမျိုးများ အားလုံးသည် ဗဟိုချုပ်ကိုင်မှုရှိသော သို့မဟုတ် အတင်းအကျပ် ကွပ်ကဲသောစနစ်များအောက်တွင် လှုပ်ရှားရသူများ ဖြစ်ကြသည်။ 

 

ဆိုဗီယက် ဂူလာဂ် (gulag) စခန်းတခု အလား ထင်ရလောက်အောင် ကြားရဆိုးသော်လည်း ဤကဲ့သို့သော အတင်းအကျပ် ကွပ်ကဲသည့်စနစ်သည် ဆိုးရွားသည်ဟု အမြဲတမ်း မဆိုလိုပေ။

 

သင်သည် စပိန်ဗိုလ်ချုပ်တဦးဖြစ်စေ၊ အက်ဇတက် ခေါင်းဆောင်တဦးဖြစ်စေ၊ Fortune 500 ကုမ္ပဏီကြီးတစ်ခု၏ စီအီးအို (CEO) ဖြစ်စေ၊ သင့်အဖွဲ့အစည်းအတွင်း စည်းကမ်းသေဝပ်မှုရှိစေရန်၊ လုပ်ငန်းဆောင်တာများ ထိရောက်မှုရှိစေရန်နှင့် နေ့စဉ်လုပ်ငန်းများကို လည်ပတ်နိုင်ရန်အတွက် အမိန့်ပေးကွပ်ကဲမှုစနစ် (command-and-control) ကို အသုံးပြုရသည်။ စည်းမျဉ်းများကို ချမှတ်ရန်နှင့် တိတိကျကျ လိုက်နာကျင့်သုံးစေရန် လိုအပ်သည်၊ မဟုတ်လျှင် စနစ်တစ်ခုလုံး ပြိုလဲသွားလိမ့်မည်။

 

ဥပမာအားဖြင့်၊ လေယာဉ်ပေါ်သို့ တက်သည့်အခါ ထိုလေယာဉ်သည် အမိန့်ပေးကွပ်ကဲမှုစနစ်ဖြင့် လည်ပတ်နေရန် သာ သင် မျှော်လင့်လိမ့်မည်။ လေယာဉ်ပေါ်က ထိုင်ခုံ ၂၈-ဂျေ မှ ဂျွန်ဆင် ဆိုသူက ယခုအချိန်သည် လေယာဉ်ဆင်းရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု သူ့ဘာသာသူ ဆုံးဖြတ်လိုက်ခြင်းမျိုးကို သင် လုံးဝ လိုချင်မည် မဟုတ်ပေ။ လေယာဉ်မှူးတဦးတည်းသာလျှင် — လေယာဉ်ကို ကောင်းမွန်စွာ ပျံသန်းနိုင်ရန် ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိပြီး ဂျွန်ဆင်ကတော့ သူ့နေရာ သူ ထိုင်ကာ ရုပ်ရှင်ကိုသာ ငြိမ်ငြိမ်လေး ဆက်ကြည့်နေရန် လိုအပ်ပေသည်။

 

တဖက်တွင်မူ ဗဟိုချုပ်ကိုင်မှုကင်းသော စနစ်များမှာ နားလည်ရန် အနည်းငယ် ပို၍ ခက်ခဲပေသည်။ ဗဟိုချုပ်ကိုင်မှုကင်းသော အဖွဲ့အစည်းတစ်ခုတွင် တိကျသေချာသော ခေါင်းဆောင်၊ အထက်အောက် အဆင့်ဆင့် အုပ်ချုပ်မှုစနစ် နှင့် ရုံးချုပ်ဟူ၍ မရှိပေ။ ခေါင်းဆောင်တဦး ပေါ်ထွက်လာခဲ့လျှင်ပင် ထိုသူသည် အခြားသူများအပေါ် သြဇာလွှမ်းမိုးမှု အလွန်နည်းပါးသည်။ သြဇာလွှမ်းမိုးရန် အကောင်းဆုံးနည်းလမ်းမှာ စံနမူနာပြ၍ ဦးဆောင်ခြင်းပင် ဖြစ်သည်။ 

 

နီဗင်စ် က ဤစနစ်ကို လူတိုင်းတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပိုင်ခွင့် အပြည့်အဝရှိသောကြောင့် ဖွင့်ထားသောစနစ် open system ဟု ခေါ်ဆိုခဲ့သည်။ သို့ဆို၍ ဗဟိုချုပ်ကိုင်မှုကင်းသော စနစ်သည် မင်းမဲ့စနစ်နှင့် အတူတူပင်ဖြစ်သည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများနှင့် လူမှုရေးစံနှုန်းများ ရှိနေသော်လည်း ၎င်းတို့ကို မည်သူတဦးတယောက်ကမျှ အတင်းအကျပ် လိုက်နာခိုင်းစေခြင်း မရှိပေ။ 

 

ထို အစား အာဏာကို လူတိုင်းထံတွင်သာမက ဒေသအနှံ့အပြားသို့ပါ သီးခြားစီ ဖြန့်ကျက်ထားရှိသည်။ အနှစ်ချုပ်အားဖြင့်ဆိုရသော် ၎င်းတွင် တီနော့ချ်တီတလန် ကဲ့သို့သော ဗဟိုဌာနချုပ်လည်း မရှိသလို မွန်တီဇူမာ ကဲ့သို့သော အဓိက အုပ်ချုပ်သူလည်း မရှိပေ။

 

သို့သော် မွန်တီဇူမာ ကဲ့သို့သော ခေါင်းဆောင်မျိုး မပါဘဲ သင်မည်ကဲ့သို့ ဦးဆောင်မည်နည်း။ အပါချီ လူမျိုးတို့တွင် လူမျိုးစုအကြီးအကဲတဦး အစား နန်တန် ဟုခေါ်သော ဝိညာဉ်ရေးနှင့် ယဉ် ကျေး မှုဆိုင်ရာ ခေါင်းဆောင်တဦး ရှိကြသည်။ နန်တန်သည် စံနမူနာပြ၍သာ ဦးဆောင်နိုင်သူ ဖြစ်ပြီး အတင်းအကျပ် ဖိအားပေး၊ အမိန့်ပေးပိုင်ခွင့် အာဏာ မရှိပေ။ 

 

လူမျိုးစုဝင်များသည် နန်တန်၏ ဦးဆောင်မှု နောက်သို့ လိုက်နာခဲ့ကြသည်မှာ အတင်းအဓမ္မ ခိုင်းစေခံရ၍မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင် လိုလားကြ၍ ဖြစ်သည်။ သမိုင်းတွင် အထင်ရှားဆုံး နန်တန်တစ်ဦးမှာ ဆယ်စုနှစ်များစွာကြာအောင် အမေရိကန်တပ်ဖွဲ့များကို ခုခံတွန်းလှန်ခဲ့သည့် ဂျီရိုနီမို ဖြစ်ပေသည်။ ဂျီရိုနီမိုသည် စစ်တပ်တခုကို အမိန့်ပေးကွပ်ကဲခဲ့ဖူးသူ မဟုတ်ပေ။ ယင်းအစား သူကိုယ်တိုင် စတင်တိုက်ခိုက်ခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းက ဝင်ရောက်ပါဝင်လာကြခြင်း ဖြစ်သည်။ 

 

 "ဂျီရိုနီမို လက်နက်စွဲကိုင်နေပြီဆိုတော့ ဒါဟာ ကောင်းတဲ့အကြံတစ်ခု ဖြစ်နိုင်တယ်။ ဂျီရိုနီမိုဟာ အရင်တုန်းကလည်း မှန်ကန်ခဲ့ဖူးတော့ သူ့ဘေးမှာ တွဲပြီး တိုက်ခိုက်တာက အဓိပ္ပာယ်ရှိပါတယ်" ဟူ၍ အားလုံးက ယူဆလာကြ၍ ဖြစ်သည်။ ဂျီရိုနီမို၏နောက်သို့ လိုက်ချင်က လိုက်နိုင်သည်။ သူနှင့်အတူ မလိုက်ချင်ဘူးလား။ သို့ဆိုလျှင် မလိုက်ဘဲ နေနိုင်သည်။ အာဏာသည် လူတဦးချင်းစီထံတွင်သာ ရှိနေပြီး — သင်လိုချင်တာကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသည်။ အပါချီဘာသာစကားတွင် "မင်း ဒါလုပ်သင့်တယ်" ဟူသော စကားစုပင် မရှိပေ။ အတင်းအကျပ် ဖိအားပေးခြင်းဆိုသည်မှာ ၎င်းတို့အတွက် ဆန်းပြား နေသော သဘောတရားတခုသာ ဖြစ်သည်။

 

 ဤကဲ့သို့သော ဗဟိုချုပ်ကိုင်မှုကင်းမဲ့သည့် စနစ်သည် နန်တန် ခေါင်းဆောင်များ အကျိုးရှိရာ ရှိကြောင်း ဖြစ်လာဖို့ အလွန်အရေးပါသော်လည်း ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းသည် ခေါင်းဆောင်မှုအပေါ်တွင်သာမက အခြားကိစ္စရပ်များအပေါ်တွင်ပါ သက်ရောက်မှုရှိသည်။ မြို့တော်လည်းမရှိ၊ ဗဟိုကွပ်ကဲရေး ဌာနချုပ်လည်း မရှိသောကြောင့် အာပါချီ လူမျိုးတို့၏ ဆုံးဖြတ်ချက်များ နေရာအနှံ့အပြားမှ ထွက်ပေါ်လာခဲ့ သည်။ 

 

ဥပမာအားဖြင့် စပိန်တို့ အခြေချရာ ဒေသတခုအပေါ် ဝင်ရောက်တိုက်ခိုက်ရန် တနေရာတွင် စတင်ကြံစည်နိုင်ပြီး၊ အခြားတနေရာ တွင် စနစ်တကျ စီစဉ်ကာ၊ နောက်ထပ် တနေရာတွင် လက်တွေ့ အကောင်အထည် ဖော် ဆောင်ရွက်ကြလေ့ရှိသည်။ ထို့ကြောင့် အာပါချီတို့ ဘယ်နေရာကနေ ရောက်ရှိလာမည်ကို မည်သူမျှ ကြိုတင်မသိနိုင်ပေ။ တဖက်တွင်ကြည့်လျှင် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာ သီးသန့်နေရာဟူ၍ မရှိသလို၊ အခြားတဖက်တွင်လည်း ထိုဆုံးဖြတ်ချက်များကို နေရာတိုင်းရှိ လူတိုင်းက ကိုယ်တိုင် ပါဝင်ချမှတ်နေကြခြင်းပင် ဖြစ်သည်။