တနေ့ကျရင် ဂျပန်ကို ကျွန်တော် တို့ သွားဖြစ်မယ် ထင်တယ်" ဟု ဆန် နီက ပြောသည်။ "အာဘေး နဲ့ တွေ့ချင်လို့။"
"မင်းကို လည်း သူနဲ့တွေ့စေချင်ပါတယ်" ဟု မစ္စမိုရီက ဆိုသည်။ "သူက မင်းလို တိုက်ပွဲဝင်ရဲတဲ့သူတစ်ယောက်ပဲ။"
ဗော့ဒ်ကာသည် ရိုးသားမှုကို ဖြစ်တည်ရန်အတွက် ကောင်းမွန်လှသည်၊ အထူးသဖြင့် ရေခဲထည့်ထားသည့် ကျွန် တော်၏ ခွက်ထဲကအတိုင်းပေါ့။ ရေခဲထည့်ထားသော ဗော့ဒ်ကာ အရက်သည် အလွန်ပင် ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်သန့်ရှင်းပြီး စွမ်းအားပြည့်ဝကာ သောက် နေ သူများကိုလည်း ထိုအတိုင်းပင် ဖြစ်လာစေရန် အားပေးလှုံ့ဆော်ပေးပေသည်။ ကျွန် တော်လည်း ခွက်ထဲလက်ကျန် အရက်ကို တရှိန်ထိုး မော့သောက်ချလိုက်ပြီး မလွဲမသွေ ရောက်ရှိလာတော့မည့် ဒဏ်ရာဒဏ်ချက်များကို ခံယူရန် အသင့် ပြင်လိုက်သည်။
"ကျွန် တော် တို့ ကောလိပ်ကျောင်းသားဘဝတွေကတည်းက စဉ်းစားမိနေတာ တခု ရှိတယ်၊ ဆန်နီ။ ဟိုတုန်းကဆိုရင် ခင်ဗျားက လူထုနဲ့ တော်လှန်ရေးအပေါ် ဘယ်လောက်တောင် ယုံကြည်ကြောင်း အမြဲတမ်း ပြောပြနေခဲ့တာပဲ။ မစ္စက်မိုရီ အဲ့ဒီတုန်းက သူ ပြောတာတွေကို နားထောင် စေချင််တယ်။ စကား ပြော အရမ်းကောင်းတယ်။"
"ကျမ ကလည်း တဝ ကြီးကို နားထောင်ချင်တာ" ဟု မစ္စမိုရီက ပြောသည်။
"ဒါပေမဲ့သာ သူ့စကားတွေကို ခင်ဗျား ကြားခဲ့ရမယ်ဆိုရင်၊ ကိုယ်ယုံကြည်တဲ့ တော်လှန်ရေးအတွက် ဘာကြောင့်ပြန်သွားပြီး တိုက်ပွဲမဝင်ခဲ့တာလဲလို့ မေးမိမှာ သေချာတယ်။ ဒါမှမဟုတ် အခုရော ဘာကြောင့် ပြန်မသွားဘဲ နက်ဖြန် သဘက် လူထုနဲ့ တော်လှန်ရေးရဲ့ တစိတ်တပိုင်း အ ဖြစ်မခံယူရတာလဲ။ ခင်ဗျားရဲ့မောင် အာဘေး တောင်မှ သူယုံကြည်တဲ့အရာအတွက် ထောင်ကျခံခဲ့ပြီး ဂျပန်ကို သွားခဲ့သေးတာပဲ။"
"ဒါပေမဲ့ အဲလို ပြန်သွားလို့ ဘယ်လိုအခြေအနေမျိုး ရောက်သွားခဲ့လဲဆိုတာ ကြည့်ပါဦး" ဟု မစ္စမိုရီက ဆိုသည်။
"ကျွန်တော် တခုလောက်ပဲ သိချင်တာပါ၊ ဆန်နီ။ မစ္စက်မိုရီကို ချစ်မိနေလို့ ဒီမှာ ဆက်ရှိနေတာလား။ ဒါမှမဟုတ် ကြောက်နေလို့ ဒီမှာပဲ ဆက်နေနေတာလား။"
ကျွန်တော့် စကား ကြောင့် ဆန်နီသည် သိသိသာသာ မျက်နှာ ပျက်သွားသည်။ သူ၏ အရှိုက်ကို အထိုးခံလိုက်ရသလို ဖြစ်သွား ခဲ့ပေပြီ၊ စံပြဝါဒီတိုင်း ကိုယ်ကျင့်တရား ပိုင်းတွင် အားနည်းချက်ရှိကြသည်၊ ထို အားနည်းချက်၏ အချက်အချာကျသည့်နေရာကို ထိမိသွားခြင်း ကြောင့်ပင် ဖြစ်သည်။
စံပြဝါဒီတဦးကို ငြိမ်ကျ သွားအောင် လုပ်ရန်မှာ အလွန်လွယ်ကူသည်။ သူရွေးချယ်ထားသော တိုက်ပွဲ၏ ရှေ့တန်းစစ်မျက်နှာပြင်တွင် အဘယ်ကြောင့် ရှိ မနေရသနည်းဟု မေးလိုက်ရုံပင်တည်း။ ထိုမေးခွန်းသည် သူ၏ ယုံကြည်မှု အပေါ် သစ္စာစောင့်သိမှု ကို တိုင်းတာသည့် မေးခွန်းတခုဖြစ်ပြီး၊ သူကိုယ်တိုင် မသိခဲ့လျှင်တောင် ကျွန်တော်ကတော့ ကျွန်တော်ကိုယ် ကျွန်တော် သစ္စာစောင့်သိသူတစ်ဦး ဖြစ်ကြောင်း သိနေခဲ့သည်။
သူက အရှက်ရသွားဟန်ဖြင့် သူ၏ ဗလာကျင်းနေသော ခြေဖဝါးများကို ငုံ့ကြည့်နေခဲ့သော်လည်း မစ္စက် မိုရီ အပေါ်မှာမူ ထိုအချက်က မည်သို့မျှ သက်ရောက်မှု ရှိပုံမပေါ်ပေ။ သူမက နားလည်သဘောပေါက်သည့် အကြည့်ဖြင့် တချက်ကြည့်လိုက်ရုံသာ ရှိခဲ့သော်လည်း၊ သူမ၏ အကြည့်ကို ကျွန်တော့်ဖက် လှည့်လိုက်သောအခါတွင်မူ ထိုအကြည့်ထဲတွင် သနားကြင်နာမှုနှင့် အခြားသော အရာတစ်ခု — နောင်တရမှုတို့ ရောနှောထင်ဟပ်နေဆဲ ဖြစ်သည်။
ထိုနေရာတွင် ရပ်တန့်ကာ လှလှပပ ပြန်လည်ထွက်ခွာသွားရမည့် အချိန်ကျရောက်ပြီဖြစ်သော်လည်း၊ ကျွန်တော့်နှလုံးသား၏ မြေအောက်ထပ် ပိတ်ဆို့နေသော ရေဆင်းပေါက်မှတစ်ဆင့် လုံလောက်မြန်ဆန်စွာ စီးထွက်မသွားနိုင်ခဲ့သည့် ဗော့ဒ်ကာအရက်က ကျွန်တော့်ကို ရှေ့ ဆက်ပြောရန်တွန်းအားပေးနေခဲ့သည်။
"ခင်ဗျားတို့က လူထုအပေါ် ဘယ်လောက်တောင် လေးစား မှု ရှိကြောင်း အမြဲပြောနေကြတာပဲ" ဟု ကျွန်တော်က ပြောလိုက်သည်။ "လူထုနဲ့ အရမ်းနေချင်လှတယ်ဆိုရင်လည်း အိမ်ပြန်ကြပါလား။"
"သူ့အိမ်က ဒီမှာလေ" ဟု မစ္စမိုရီက ပြောသည်။ ဆေးလိပ်ဖွာရင်း၊ ခုခံ ပြောဆိုနေသည့် သူမကို ကျွန်တော် ဤမျှလောက် မည်သည့်အခါကမျှ မတပ်မက်ခဲ့ဖူးပေ။ "သူ ဒီမှာနေတာက လူထုကလည်း ဒီမှာရှိနေလို့ပဲ။ သူတို့နဲ့အတူ လုပ်စရာရှိတာတွေ၊ သူတို့အတွက် လုပ်စရာရှိတာတွေ ရှိတယ်။ ရှင် ဒါကို မမြင်နိုင် ဘူးလား။ ဒီနေရာက ရှင့် အတွက်ရော အခု အိမ် မဟုတ်တော့ဘူးလား။"
ဆန်နီက ဆိုဖီယာဟု ခေါ်လိုက်ရင်း သူမ လက်မောင်းပေါ်သို့ လက်တင်လိုက်သည်။ သူမက သူ့လက်ပေါ်သို့ သူမ၏လက်ကို ပြန် တင်လိုက်သည်ကို ကြည့်နေရင်း ကျွန် တော့် လည်ချောင်းထဲတွင် တစုံတခု တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရသော်လည်း တံတွေးပင် မမျိုချနိုင်ခဲ့ပေ။ "ကိုယ့်ဖက်က ကာကွယ်ပေးဖို့ မကြိုးစားနဲ့တော့။ သူပြောတာ အမှန်ပဲလေ"၊ သူ ဒီလိုပြောတာကို ကျွန်တော် အရင်က တခါမှ မကြားခဲ့ပေ။ ကျွန် တော့် အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်သော်လည်း မစ္စက် မိုရီ ၏ စိတ်နှလုံးကို သို့မဟုတ် အတွေးအခေါ်ကို ဆန်နီ ဘက်မှ လွှဲဖယ်သွားစေရန် ကျွန် တော် ပြောနိုင်စရာ ဘာမှမရှိတော့ကြောင်း ပို၍ပို၍ ထင်ရှားလာခဲ့သည်။
သူသည် ဗော့ဒ်ကာ အရက်လက်ကျန်ကို မော့ချလိုက်ပြီးနောက် ဆက်ပြောပြန်သည် - "ကျွန် တော် ဒီနိုင်ငံမှာ နေလာခဲ့တာ အခုဆိုရင် ၁၄ နှစ်တောင် ရှိသွားပြီ။ နောက်ထပ် နှစ်အနည်းငယ် ကြာရင် ကျွန် တော် မွေးရပ်မြေမှာ နေခဲ့ရတဲ့ အချိန်လောက်နဲ့ တူသွားတော့မှာ။ ဒီမှာ ဒီလောက်ကြာကြာ နေဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ ကျွန် တော် ဒီကို ရောက်လာခဲ့တာက ခင်ဗျားတို့လိုပဲ ပညာသင်ဖို့ သက်သက်ပါပဲ။ လေဆိပ်မှာ မိဘတွေကို နှုတ်ဆက်ခဲ့ပြီး ကျွန်ုတော် နိုင်ငံကို ပြန်လာပြီး ကူညီမယ်လို့ ကတိပေးခဲ့တာတွေကို ခုထိ သတိရနေတုန်းပါပဲ။ ကျွန် တော့်မှာ အမေရိကန် ဒီဂရီတခု ပါလာမယ်၊ ကမ္ဘာပေါ်မှာ အကောင်းဆုံး ပညာရေးကို ရရှိလာမယ်ပေါ့။ အဲဒီပညာတွေကို သုံးပြီး ကျွန် တော် တို့လူမျိုးတွေကို အမေရိကန် လက်အောက်ကနေ လွတ်မြောက်အောင် ကူညီပေးမယ်လို့ တွေးခဲ့တာပေါ့။ ဒါမှမဟုတ် အဲဒီလိုပဲ မျှော်လင့်ခဲ့တာပေါ့။"
သူသည် လက်ထဲက ဖန်ခွက်ကို မစ္စက် မိုရီဆီသို့ ကမ်းပေးလိုက်ရာ သူမက အရက်ကို နှစ်ဆထပ် ငှဲ့ပေးလိုက်သည်။ အနည်းငယ် သောက်လိုက်ပြီးနောက် မစ္စက်မိုရီနှင့် ကျွန် တော် အကြား တနေရာကို ငေးကြည့်ရင်း သူ ဆက်ပြောသည် - "ကျွန်ုတော် ဆန္ဒမပါဘဲနဲ့ သင်ယူခဲ့ရတာ တခုကတော့ တိုင်းတစ်ပါးသားတွေကြားမှာ နေထိုင်ပြီး သူတို့ရဲ့အမူ အကျင့်တွေ မပါသွားဘဲ နေဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာပါပဲ။"
သူသည် ဗော့ဒ်ကာကို ခွက်ထဲတွင် လှည့်ပတ်မွှေလိုက်ပြီးနောက် တရှိန်ထိုး မော့ချလိုက်သည်။ "အဲဒီလို ဖြစ်လာတဲ့အတွက် တခါတလေ ကိုယ့်ကိုယ်ကိုယ်တောင် တိုင်းတစ်ပါးသားတယောက်လို ခံစားရတယ်။" ဟု သူက ဆိုသည်။
"ကျွန် တော် ကြောက်တတ်တယ်ဆိုတာ ဝန်ခံပါတယ်။ ကျွန် တော် ရဲ့ စိုးရိမ့်ကြောက်ရွံ့မှု၊ အယောင်ဆောင်ခဲ့မှု၊ အားနည်းချက်နဲ့ အရှက်တရားတွေကို ကျွန် တော် ဝန်ခံပါတယ်။ ခင်ဗျားက ကျွန် တော် ထက် ပိုပြီး သတ္တိရှိတဲ့ လူကောင်းတယောက် ဖြစ်တယ်ဆိုတာကိုလည်း ကျွန် တော် ဝန်ခံပါတယ်။ ခင်ဗျားရဲ့ နိုင်ငံရေးကို တော့ ကျွန် တော် သဘောမတူဘူး၊ အဲဒါကို တော့ ရွံရှာမိတယ်။ ဒါပေမဲ့ ရွေးချယ်ခွင့်ရှိတဲ့အချိန်မှာ ခင်ဗျား အိမ်ကို ပြန်သွားခဲ့ပြီး ခင်ဗျား ယုံကြည်တဲ့ တိုက်ပွဲအတွက် တိုက်ခိုက်ခဲ့တယ်။ ခင်ဗျား မြင်တဲ့အတိုင်း လူထုအတွက် မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ အဲဒီအတွက် ခင်ဗျားကို ကျွန်တော် လေးစားပါတယ်။"
ကျွန်တော် လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရသည်။ ဆန်နီ ကို သူ၏ အမှားများနှင့် အရှုံးပေးဝန်ခံမှုကို ကျွန်တော် ရအောင် လုပ်နိုင်ခဲ့သည်။ ကျွန် တော် တို့၏ ကောလိပ်ကျောင်းသားဘဝတုန်းက တခါမျှ မလုပ်ဖူးခဲ့သည့် ဆန်နီနှင့် ငြင်းခုံမှုတွင် ကျွန်တော် အနိုင်ရခဲ့ခြင်း ဖြစ်သည်။
သို့သော် မစ္စမိုရီက ဘာကြောင့် သူ့လက်ကို တွဲကိုံကာ နှစ်သိမ့်ချော့မော့သော စကားများကို တိုးတိုးကပ်ကပ် ပြောနေရသနည်း။ ဒါတွေ ထားလိုက်ပါတော့၊ မင်း ဘယ်လိုခံစားနေရလဲဆိုတာ ကိုယ် ကောင်းကောင်းသိပါတယ်ဟု သူမက ဆိုသည်၊ ရပါတယ်၊ အဲ့လို ဖြစ်ကုန်ပြီလား။ ကျွန်တော် အရက်တခွက် ထပ်သောက်ဖို့ လိုနေပြီ။
ဆန်နီ၊ ကျွန်မကို ကြည့်စမ်းပါ၊ မစ္စမိုရီက ဆက်ပြောသည်။ ကျွန်မက ဘာလဲ။ ကျမ ကို Miss Butterfly လို့ ခေါ်တဲ့ အခါတိုင်း ချီးကျူးလိုက်တာလို့ ထင်နေတဲ့ လူဖြူတယောက်ရဲ့ အတွင်းရေးမှူးပဲ မဟုတ်လား။ ကျွန်မက ကန့်ကွက်ပြီး သွားစမ်းပါလို့များ သူ့ကို ရဲရဲတင်းတင်း ပြောဝံ့သလား။ မပြောဝံ့ပါဘူး။ ကျွန်မက ပြုံးနေပြီး ဘာမှမပြောဘဲ စာဆက်ရိုက်နေပါတယ်။ ဆန်နီ၊ ကျွန်မလည်း ရှင့် ထက် မသာပါဘူး။
သူတို့နှစ်ဦးသည် ကျွန်တော် ရှိနေသည်ဟု သဘောမထားတော့ဘံ တယောက်ကိုတယောက် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ကျွန်တော် ခွက်တွေအားလုံးကို ထပ်ဖြည့်ခဲ့သော်လည်း တကိုယ်တည်းသာ တကျိုက်ချင်း မော့သောက်လိုက်သည်။
ကျွန်တော့်၏ စိတ်ထဲက မစ္စက် မိုရီ၊ ခင်ဗျားကို ကျွန်တော် ချစ်တယ် လို့ တိုးတိုးလေး ပြောလိုက်သည်။ အဲဒါကို တော့ဘယ်သူမှ မကြားခဲ့ကြပေ။ သူတို့ ကြားခဲ့ရသည်မှာ ကျွန်တော် ပါးစပ်က ထွက်လာသည့် "တိုက်ပွဲဝင်ဖို့ ဘယ်တော့မှ နောက်ကျသွားတယ် မရှိပါဘူး မစ္စက် မိုရီ" ဟု ဆိုသော အသံပင် ဖြစ်သည်။
သူတို့ နှစ်ဦး ကြား ညို့ခံ နေရသလို ဖြစ် နေသည့်အခြေအနေ သည် ပြိုကွဲသွားခဲ့သည်။ ဆန်နီ၏ အကြည့်များ ကျွန် တော် ဖက် ပြန်လှည့်လာသည်။ သူသည် အသိဉာဏ်ဆိုင်ရာ ဂျူဒိုကွက်တမျိုးကို သုံးကာ ကျွန်တော့်ရဲ့ ထိုးနှက်ချက်ကို ကျွန်တော့်ဆီသို့ ပြန်လှည့်ပြစ်ခဲ့သည်။ သို့သော် ကျွန် တော် တို့ ကောလိပ် ကျောင်းသားဘဝတုန်းကလို အောင်ပွဲခံသည့် အမူအရာမျိုး လုံးဝ မပြခဲ့ပေ။ ဝိုင်နဲ့ ဗော့ဒ်ကာတွေ သောက်ထားသော်လည်း သတိကောင်းကောင်း ရှိနေဆဲဖြစ်သော ဆန်နီက၊ ဟုတ်ပါတယ်၊ တိုက်ပွဲဝင်ဖို့ ဘယ်တော့မှ နောက်ကျတယ် မရှိပါဘူး၊ ဟု ပြောခဲ့သည်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား ပြောတာ လုံးဝ မှန်ပါတယ်၊ သူငယ်ချင်း"
"ဟုတ်တယ်" ဟု မစ္စမိုရီက ပြောလိုက်သည်။ ထို "ဟုတ်တယ်" ဆိုသည့် စကားလုံးကို ဖြည်းညင်းစွာ ညှစ်ထုတ်လိုက်သည့် ပုံစံ၊ ကျွန်တော့်ကို တခါမျှ မပြဖူးခဲ့ဖူးသည့် ဆာလောင်မွတ်သိပ်သော အာရုံစူးစိုက်မှုမျိုးဖြင့် ဆန်နီ့ကို အာရုံစိုက်လိုက်သည့် ပုံစံ၊ နှင့် "ဟုတ်တယ်" ဆိုသည့် စကားလုံးကို ပြောခဲ့သည့် ပုံစံတို့ကြောင့် ကျွန်ု တော် တို့နှစ်ဦးကြား အရာရာတိုင်း ပြီးဆုံးသွားပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ရတော့သည်။ ကျွန်တော် ငြင်းခုံပွဲမှာ အနိုင်ရခဲ့သော်လည်း ကောလိပ်ကျောင်းသားဘဝတုန်းကလိုပင် ဆန်နီကသာ တနည်းနည်းနှင့် ပရိသတ်ကို အနိုင်ယူသွားခဲ့လေသည်။