မက်မာတင် မူကြိုကျောင်း ကလေးသူငယ် လိင် အလွဲပြု ကျင့်မှု တရားခွင် (နိဂုံး)
သက်သေထွက်ဆိုချက်များကို လနှင့်ချီ၍ စစ်ဆေးခဲ့ပြီးနောက် ၁၉၈၉၊ နိုဝင်ဘာ ၂ ရက်နေ့တွင် တရားခွင်သည် ဂျူရီအဖွဲ့ ဆုံးဖြတ်ရမည့် အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ဂျုရီ အဖွဲ့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ချမှတ်ရန် နောက်ထပ် နှစ်လခွဲကြာ ဆွေးနွေးခဲ့ကြသည်။
အဆုံးတွင် ဂျုရီ အဖွဲ့သည် စွဲချက်ပေါင်း ၆၅ ခုအနက် ပက်ဂီ ဘာကီ အပေါ် စွဲဆိုထားသည့် စွဲချက်များအားလုံး အပါအဝင် စွဲချက် အများစုကို တရား သေ လွှတ် ပေးခဲ့သည်။ ရေး ဘာကီ အပေါ် စွဲချက်တင်ထားမှု ၁၃ ခုနှင့် ပတ်သက်၍မူ ဂျူရီအဖွဲ့အနေဖြင့် လုံးဝအဖြေမထွက်ဘဲ သဘောကွဲလွဲနေခဲ့ကြောင်း ကြေညာခဲ့သည်။
ဂျူရီအဖွဲ့၏ ဖိုမင် ဖြစ်သူ လူးဝစ် ချန်း က သတင်းထောက်များအား ၎င်းတို့ မဲခွဲဆုံးဖြတ် ခဲ့မှုကို ရှင်းပြခဲ့သည်။ "စစ်ဆေးမေးမြန်းတဲ့ တိပ်ခွေတွေက ဘက်လိုက်မှု အရမ်းများတယ်၊ စကားဦး သန်း မေးမြန်း တာ တွေလည်း အများကြီး ပါဝင်နေတယ်။ အဲဒါက အဓိက အချက်ပါပဲ" ဟု ဆိုသည်။
ဂျူရီအဖွဲ့ဝင် တဦးကလည်း သတင်းထောက်များကို "သူ အမှန်တကယ် ကျူးလွန်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်တာနဲ့ အဲဒါကို သက်သေပြနိုင်ခဲ့တာက လုံးဝကို ကွာခြားပါတယ်" ဟု ပြောကြားခဲ့သည်။
တတိယမြောက် ဂျူရီအဖွဲ့ဝင်တဦးကမူ ဤအတွေ့အကြုံက သူမအား ပိုမိုသတိထားတတ်လာစေရန် သင်ခန်းစာပေးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည် - "ဘာမှမဟုတ်တာတွေကို ပြောဆိုမိရာက အတိုင်းအဆမရှိချဲ့ကားပြောဆိုခံရဖို့ ဘယ်လောက်တောင် လွယ်ကူတယ်ဆိုတာကို ကျမ အခု သဘောပေါက်လာပါပြီ။"
တရားသူကြီး ပေါင်ဒါးစ်ကလည်း ဤဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ၎င်း၏ သုံးသပ်ချက်ကို အောက်ပါအတိုင်း ပြောကြားခဲ့သည် - "ဒီဆုံးဖြတ်ချက်တွေအတွက် ကျွန်တော် မအံ့သြပါဘူး။ ဂျူရီအဖွဲ့ ချမှတ်လိုက်တဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးကိုမဆို ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး။"
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အုပ်စုများနှင့် မိဘများက ရေး ဘာကီ အမှု ကို ပြန်လည်စစ်ဆေးရန် တရားလိုရှေ့နေများကို ဖိအားပေးခဲ့ကြသည်။ မက်မာတင်ကျောင်းသား မိဘများစွာ အပါအဝင် လူငါးရာခန့်သည် မန်ဟက်တန် ဘိခ်ျ လမ်းမများပေါ်တွင် "ကျွန်ုပ်တို့ ကလေးများကို ယုံကြည်ပါသည်" စသည့် စာသားများပါရှိသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။
မက်မာတင်ကျောင်းသား မိဘတဦးကမူ ပထမအကြိမ် တရားခွင်၏ အမိန့်ချမှတ်မှုကို "တရားရုံးအပြင်ဘက်မှာ ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ အတူတူလောက်နီးပါး ဆိုးရွားတဲ့ ရာဇဝတ်မှုတစ်ခုပါပဲ" ဟု ဝေဖန်ပြောဆိုခဲ့သည်။
ရုပ်မြင်သံကြား စစ်တမ်းတခုအရ ဖြေဆိုသူများ၏ ၈၇ ရာခိုင်နှုန်းမှာ ဘာကီတို့ သားအမိ အပြစ်ရှိသည်ဟု ယူဆကြကြောင်း သိရသည်။ ဌာန အတွင်း အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးနောက် ခရိုင် ရှေ့နေ အိုင်ရာ ရိုင်နာ က အမှုကို ပြန်လည် ရုံးတင် စစ်ဆေးရန် ခွင့်ပြုပေးခဲ့သည်။
ဒုတိယအကြိမ် တရားခွင်သည် ယခင်ထက် ပိုမိုစုစည်းမိပြီး ထိရောက်မှု ရှိခဲ့သည်။ ယင်းတွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု အမှုပေါင်း ရှစ်ခုနှင့် ကလေးငယ် သုံးဦးသာ ပါဝင်တော့သည်။ တရားလိုဘက်မှ ၎င်းတို့၏ အမှုတွဲတစ်ခုလုံးကို ပထမအကြိမ် တရားခွင်တွင် လပေါင်း ၁၅ လ အချိန်ယူခဲ့ရ သော်လည်း ယခု တကြိမ်တွင်မူ ရက်ပေါင်း ၁၃ ရက်အတွင်း စုစည်း တင်သွင်းလာနိုင်ခဲ့သည်။
သက်သေများအထဲမှ မိခင်တဦးမှာ တရားခွင်စင်မြင့်ပေါ်တွင် ရေး ဘာကီကို စူးစူးရဲရဲ စိုက်ကြည့်ရင်း "မင်းကို ကြည့်ရင်း ဒေါသထွက်လွန်းလို့ အခုချက်ချင်းတောင် သတ်ပစ်ချင်နေပြီ" ဟု အော်ဟစ် ပြောဆိုခဲ့သည်။ တရားလိုဘက်က ယခု အခါတွင်မူ ကလေးသူငယ်စစ်ဆေးရေးအဖွဲ့ (CII) မှ အင်တာဗျူးလုပ်သူ ကီးမက်ဖာလိန်းကို သက်သေအဖြစ် ခေါ်ယူရန် ရှောင်ရှားခဲ့သည်။ သို့ရာတွင် မက်ဖာလိန်းကို တရားခံ ရှေ့ နေဘက် မှ သက်သေအဖြစ် ပြန်လည်ခေါ်ယူခဲ့ကြသည်။
သုံးလကြာမြင့်ခဲ့သော တရားခွင်အပြီးတွင် ဂျူရီအဖွဲ့၏ ဆွေးနွေးဆုံးဖြတ်မှုများသည် “အလွန်အမင်း စိတ်ပင်ပန်းနာကျင်စရာကောင်းလှသည်” ဟု ဂျူရီအဖွဲ့ဝင်တဦးက ဖော်ပြခဲ့သည်။ နောက်ဆုံးတွင် ဂျူရီအဖွဲ့သည် စွဲချက် ရှစ်ချက်စလုံးအပေါ် သဘောတူညီချက်မရဘဲ အဆုံးသတ်ခဲ့သည်။
စွဲချက် ခြောက်ချက် တွင် ဂျူရီအဖွဲ့ဝင်အများစု၏ သဘောထားမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ရန်ဘက် ကို ယိမ်းယိုင်နေခဲ့သည်။ စွဲချက် တချက် တွင်မူ ထောက်ခံသူနှင့် ကန့်ကွက်သူ အရေအတွက် တိတိကျကျ ထက်ဝက်စီ ခွဲနေခဲ့သည်။ နောက်ဆုံးကျန်သည့် စွဲချက် တခု တွင်တော့ အပြစ်ရှိကြောင်း ဆုံးဖြတ်ရန်ဘက် ကို ဂျူရီအဖွဲ့က အနည်းငယ် ယိမ်းယိုင်နေခဲ့သည်။
တရားခွင် ရပ်ဆိုင်းသွားပြီးနောက် ခရိုင်ရှေ့နေ ရိုင်နာ သည် ရေး ဘာကီ ကို တတိယအကြိမ် ထပ်မံ တရားစွဲဖို့ကို မလုပ်တော့ရန် ဆုံးဖြတ်ခဲ့သည်။ သူနှင့်ပတ်သက်သော စွဲချက်အားလုံးကို ရုပ်သိမ်းခဲ့သည်။ သို့သော် ခရိုင်ရှေ့နေ၏ ဤဆုံးဖြတ်ချက်ကြောင့် ရေး ဘာကကီ သည် စွဲချက်အားလုံးမှ အပြစ်မရှိဟု ဆိုကာ လွတ်ကင်း သွားခြင်းတော့ မဟုတ်ပေ - ဤမေးခွန်းနှင့် ပတ်သက်၍ ဂျုရီ တို့၏ ဆုံးဖြတ်ချက်မှာ ရှေ့လျောက်လည်း ထိုအတိုင်း ဝေခွဲမရ ရှိနေဦးမည်သာ ဖြစ်သည်။
မက်မာတင် မူကြိုကျောင်း ကလေးများအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှု တရားခွင်သည် ကြာမြင့်ခဲ့ပြီး ကုန်ကျစရိတ်လည်း ကြီးမားခဲ့သည်။
တရားခံများအတွက်မူ တရားခွင်၏ ကုန်ကျစရိတ်များတွင် ထောင်ဒဏ်ကာလ ရှည်ကြာစွာ ကျခံခဲ့ရခြင်းများ ပါဝင်သည်။ ရေး ဘာကီသည် နောက်ဆုံးတွင် အာမခံဖြင့် ပြန်လွတ်လာသည်အထိ ထောင်ထဲတွင် ငါးနှစ်တိုင်တိုင် အချိန်ကုန်ဆုံးခဲ့ရသည်။ တရားခံများအတွက် ဤအဖြစ်အပျက်သည် အိမ်ယာများ ဆုံးရှုံးခြင်း၊ အလုပ်အကိုင်များ ဆုံးရှုံးခြင်း၊ ဘဝတစ်သက်တာ စုဆောင်းငွေများ ဆုံးရှုံးခြင်းနှင့် ဘယ်သောအခါမှ ပျောက်ကွယ်သွားမည်မဟုတ်သော လူမှုရေး အသရေပျက်မှု တို့ကို ရင်ဆိုင်ခဲ့ရခြင်းပင် ဖြစ်ပေသည်။
ကလေးများသည် လည်း ယခု အမှုတွင် နစ်နာသူများ ဖြစ်ခဲ့ကြသည်ဟု ရေး ဘာကီ က CBS ရုပ်သံအင်တာဗျူးတခုတွင် ယခုလို ပြောခဲ့သည်။
“ကလေးတွေဟာ သနားစရာ ကောင်းတဲ့အပြင် ငရဲကျသလို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့ခံစားခဲ့ရတဲ့ ဒုက္ခရဲ့ အကြောင်းရင်းက ကျွန်တော် မဟုတ်သလို၊ ကျွန်တော့်အမေလည်း မဟုတ်ပါဘူး။ သူတို့ကို ဒီလိုငရဲမျိုးထဲ ရောက်သွားအောင်လုပ်ခဲ့တာကတော့ ဒီအမှုကို ကိုင်တွယ်ခဲ့ပြီး နောက်ဆုံးမှာ ဒီလိုအခြေအနေမျိုး ဖြစ်လာအောင် လုပ်ခဲ့ကြတဲ့ … လူကြီးမင်းတွေပဲ ဖြစ်ပါတယ်။”
မိဘများသည်လည်း အလွန်အမင်း နစ်နာခဲ့ကြရသည်။ အများစုက တရားစီရင်ရေးစနစ်သည် ၎င်းတို့အပေါ် သစ္စာဖောက်ခဲ့သည်ဟု ခံစားခဲ့ကြသည်။
မက်ဟက်တန် ဘိခ်ျ မြို့ခံအသိုင်းအဝိုင်းသည်လည်း ဒီအမှုနှင့် ပတ်သက်ပြီး နောက်ထပ်နစ်နာရသူ များ ဖြစ်လာခဲ့သည်။ အမှု ပြီးစီးသွားသည့် နောက်တွင်ပင် မြို့တမြို့လုံးမှာ လှုပ်လှုပ်ရွရွ ဖြစ် ကျန်ရစ်ခဲ့ပြီး၊ လူမှုအသိုင်းအဝိုင်းအတွင်း တွင် လည်း အမြင်ကွဲပြားပြီး နှစ်ခြမ်းကွဲသလို ဖြစ်သွားခဲ့ရသည်။
မက်မာတင် မူကြိုကျောင်းအမှု ၏ သက်ရောက်မှုသည် ကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာပင် ရပ်တန့်မသွားခဲ့။ မက်မာတင် အမှုနှင့် ပတ်သက်ပြီး အစောပိုင်း သတင်းမီဒီယာများ၏ ဖော်ပြမှုများ ကြောင့် အခြားဒေသများ တွင်ရှိကလေးထိန်းကျောင်း ဝန်ဆောင်မှုပေးသူများ အပေါ်လည်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု စွပ်စွဲချက်များ အလျင်အမြန် ထွက်ပေါ်လာခဲ့တော့သည်။
စွပ်စွဲချက်များထဲက အများအပြားသည် အထောက်အထားခိုင်လုံမှု မရှိခဲ့ သည်ကို တွေ့လာခဲ့ရသည်။
သို့သော်လည်း အာမခံကုမ္ပဏီများကလည်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုနှင့် ပတ်သက်သည့် တရားစွဲဆိုမှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်လာပြီး အာမခံကြေးနှုန်းထားများကို အလွန်အမင်း မြှင့်တင်လာကြသည့်အတွက် ကလေးထိန်းကျောင်း အများအပြားသည် နောက်ဆုံးတွင် ပိတ်သိမ်းခဲ့ကြရသည်။
မက်မာတင် မူကြို ကျောင်း တရားခွင်မှ သင်ခန်းစာယူစရာများစွာ ရှိပြီး အပြစ်တင်ရမည့်သူများလည်း အများအပြား ရှိနေသည်။ မန်ဟက်တန် ရဲမှူးချုပ်က အဆိုပါကျောင်းတွင် ကလေး များ အပေါ် လိင် ကိစ္စ အလွဲသုံးစားလုပ်မှုများ ရှိနိုင်ကြောင်း သတိပေးစာ ပေးပို့ခဲ့ခြင်းကြောင့် လူထုစိုးရိမ်ပူပန်မှု အလွန်အမင်း မြင့်တက်လာမည့် အရေး၊ မီဒီယာများက အကြီးအကျယ် အာရုံစိုက်လာမည့် အရေး နှင့် မည်သည့်နည်းလမ်းဖြင့်မဆို အပြစ်ရှိကြောင်း အမိန့်ချမှတ်စေရန် ဖိအားပေးမှုများ နောက်ဆက်တွဲ ပေါ်ပေါက်လာမည် အရေး တို့ကို ၎င်း အနေဖြင့် သတိထားသင့်ပေသည်။
ဤအမှုက ရဲနှင့် တရားလိုရှေ့နေများအနေဖြင့် အလျင်စလို ကောက်ချက် ချမိသောအခါ ကြုံတွေ့ရတတ်သည့် ပြဿနာများကိုလည်း ပုံဖော်ပြသနေပါသည်။ အမြင်များ ကျဉ်းမြောင်းသွားတတ်ကြပြီး၊ မိမိတို့၏ မှားယွင်းသော ယူဆချက်များကို ပြန်လည်စစ်ဆေးသုံးသပ်စေသင့်သည့် အထောက်အထားများကို လျစ်လျူရှုပစ်ကြသည်။
မီဒီယာများအတွက်လည်း သင်ခန်းစာယူစရာများ ရှိနေပါသည်။ မက်မာတင်အမှုသည် တရားလိုဘက်သို့ အလွန်အမင်း ယိမ်းယိုင်နေသော သတင်းများကို ထုတ်လွှင့်ခဲ့ကြသည့် “အုပ်စုဖွဲ့ သတင်းထောက်များ” ကြောင့် ပုံစံပျက်ယွင်းခဲ့ရသည်။ သတင်းထောက်များသည် နေ့စဉ်ရက်ဆက် Sensational ခေါ် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြီးကြီးကျယ်ကျယ် ခေါင်းစဉ်တပ်ကာ သတင်းများကို ထုတ်လုပ်ခဲ့ကြပြီး စွပ်စွဲချက်များကို တခါမျှပင် စူးစူးစိုက်စိုက် မေးခွန်းထုတ်ခဲ့ကြခြင်း မရှိပေ။ ၎င်းတို့၏ လုပ်ရပ်များသည် မက်မာတင်တရားခွင်ကြီးကို ငွေကြေးအမြောက်အမြား ကုန်ကျစေကာ အဆုံးတွင် ရစရာမရှိအောင် ပျက်စီးချို့ယွင်းသွားသည့် ဘေးဥပဒ်ဆိုးကြီးတစ်ခု ဖြစ်လာစေရန် အဓိက အထောက်အကူ ဖြစ်စေခဲ့သည်။
နောက်ဆုံးအနေဖြင့် မက်မာတင် တရားခွင် နောက်ပိုင်း နိုင်ငံတဝှန်း အလားတူ အမှုများ ထွက်ပေါ် လာပြီးနောက် တနိုင်ငံလုံးရှိ မူကြိုကျောင်း အများအပြားသည် မူဝါဒအသစ်များကို ကျင့်သုံးလာကြပြီး ဆရာ/ဆရာမများနှင့် ကလေးများအကြား ကိုယ်ထိလက်ရောက် ထိတွေ့ဆက်ဆံမှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်လိုက်သည်။ အထိအတွေ့များကို အလွဲသုံးစားလုပ်သည်ဟု မှားယွင်းစွာ အဓိပ္ပာယ်ကောက်ယူခံရမည်ကို မူကြိုကျောင်းများက စိုးရိမ်ခဲ့ကြသည်။ ကလေးတဦး ပွေ့ဖက် နှစ်သိမ့်ပေးဖို့ လိုအပ်သည့် အချိန်မျိုးရှိသည်ကို မိဘတိုင်း သိကြသည်— သို့သော် မက်မာတင် တရားခွင်၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့် ထိုသို့ ပွေ့ဖက် မှုမျိုး မရှိတော့ပေ။
တရားရုံး အတွင်း လုံးဝ ခြေမချ ခဲ့ကြဖူးသော သူများကိုပင် သားကောင်ဖြစ်စေရန် တရားခွင်တခုက ဖန်တီးပေးနိုင်ပေသည်။