၁၉၉၁ အဆုံးပိုင်းတွင် ဆိုဗီယက်ပြည်ထောင်စု ဖျက်သိမ်းခံရမှုကို တိန်ရှောင်ဖိန် ကိုယ်တိုင် မည်သို့ တုံ့ပြန်ခဲ့သည်ကို မသိရပေ။ သို့သော် ဂေါ်ဘာချော့ဗ်က ဆိုဗီယက်ပြည်ထောင်စုကို ဖျက်သိမ်းကြောင်း လက်မှတ်ရေးထိုးပြီး သုံးပတ်အကြာတွင် တိန်ရှောင်ဖိန်သည် တီယန်မင် အရေးအခင်းအပြီး ကာလသစ်ကို စတင်ဖော်ဆောင်ပေးမည့် သမိုင်းဝင် တောင်ပိုင်းခရီးစဉ်ကို စတင်ခဲ့သည်။
ထိုစဉ်က အသက် ၈၇ နှစ်ရှိပြီဖြစ်သော တိန်ရှောင်ဖိန် အဖို့ တောင်ပိုင်းရှိ မြို့ကြီးအချို့သို့ သွားရောက်ခဲ့သည့် ရက်ပေါင်း ၃၆ ရက်ကြာ ခရီးစဉ်မှာ တချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို မိသားစု အားလပ်ရက်ခရီးစဉ်သဖွယ် ဖြစ်ခဲ့သည်။
၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သူ၏ ရထား ဘီဂျင်း မြို့မှ မထွက်ခွာမီအထိ တီယန်မင်ဖြိုခွဲမှုအပြီး ဖြစ်ပေါ်နေသော နိုင်ငံရေး အကြပ်အတည်းကြီး မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို အရိပ်အယောင်မျှ ပင် ထွက်ပေါ်မလာခဲ့သေးပေ။ သို့သော် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တိန်ရှောင်ဖိန် ဘီဂျင်းသို့ ပြန်ရောက်လာချိန်၌ တစ်ပါတီ အုပ်ချုပ်မှုအောက်တွင် အရင်းရှင် ဆန် ဆန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းကတည်းက ၎င်း အစဉ်တစိုက် ထောက်ခံအားပေးခဲ့သော ခေတ်မီတိုးတက်ရေး လမ်းစဉ်ဟူသည့် စနစ်သစ်တခုကို တည်ထောင်ပေးမည့် စီးပွားရေး တော်လှန်ရေးကြီးကို ပြန်လည်စတင်ရန် နီးစပ်လာပြီ ဖြစ်သည်။
ပြန်လည်ရောက်ရှိပြီး တပတ်အတွင်းမှာပင် တိန့်ရှောင်ဖိန် ၏ အမြင်များကို ထောက်ခံသည့်အနေဖြင့် ပါတီက ၎င်း၏ ခရီးစဉ်အတွင်း ပြောကြားခဲ့သော မိန့်ခွန်းများ၏ အနှစ်ချုပ်များကို ဖြန့်ဝေခဲ့သည်။ မတ်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ပေါ်လစ်ဗျူရို အစည်းအ ဝေး အား ပုံမှန်အားဖြင့် တရက်သာ ကျင်းပလေ့ရှိရာမှ ရှားရှားပါးပါး နှစ်ရက်ကြာ ကျင်းပခဲ့ပြီး တိန်၏ မိန့်ခွန်းများပါ "အနှစ်သာရ" ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုနောက်ပိုင်းတွင် နိုင်ငံတွင်းရှိ နိုင်ငံရေးလေထုမှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။ တိန်ရှောင်ဖိန်အနေဖြင့် ဩဇာအာဏာကို ပြန်လည်ရရှိသွားပြီ ဖြစ်ကြောင်း ထင်ရှားလာပြီးနောက် ပြည်နယ်ခေါင်းဆောင်များသည် ပိုမိုမြန်ဆန်သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တဦးနှင့်တဦး အပြိုင်အဆိုင် ကြိုးပမ်းလာကြသည်။
ကြီးထွားမှုနှုန်းမှာ ချက်ချင်းပင် မြင့်တက်လာခဲ့သည်။ (၁၉၉၂ ခုနှစ်တွင် ဂျီဒီပီ (GDP) သည် ၁၄ ရာခိုင်နှုန်းအထိ တက်လာခဲ့သည်)။ ၁၉၉၂ ခုနှစ် အောက်တိုဘာလတွင် တိန်သည် သူ၏ ခေတ်သစ် အာဏာရှင်ဆန်သော အမြင်သစ်ကို ခံယူထားကြသည့် ခေါင်းဆောင်အသစ်များဖြင့် လွှမ်းမိုးထားသော ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည် (သဘောထား တင်းမာသူ ဟူ၍ ဝန်ကြီးချုပ် လီပင်း တဦးတည်းသာလျှင် ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် ကျန်ရှိနေတော့သည်။)
ထိုအချိန်က "တရုတ် ဘရစ်ခ်ျ (ကတ် ဖဲ ကစားနည်း) အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ" ဟူသော ဘွဲ့တံဆိပ်တခုတည်းသာရှိပြီး အသက် ၈၇ နှစ် အရွယ်ရှိပြီဖြစ်သော အနားယူသွားခဲ့သည့် ခေါင်းဆောင်တဦး၏ တလတာ ကြာမြင့်သည့် "မိသားစုခရီးစဉ်" က တရုတ်နိုင်ငံ၏ သမိုင်းလမ်းကြောင်းကို မည်သို့ပြောင်းလဲစေခဲ့သလဲဟူသော မေးခွန်းအတွက်မူ တိကျသေချာသည့် အဖြေတခုတည်း ဟူ၍ မရှိပေ။
ထိတ်တန်း အာဏာရ အသိုက်အဝန်း အတွင်း တိန့်ရှောင်ဖိန် ၏ တောင်ပိုင်းခရီးစဉ်မှ ထွက်ပေါ်လာသော အရေးအပါဆုံး ရိုက်ခတ်ခဲ့မှုမှာ ၁၉၈၉ ခုနှစ် ဇွန်လတွင် ပါတီခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပိုမိုရှေးရိုးဆန်သော လမ်းစဉ်ကို လိုက်နာခဲ့သည့် ကျန်းဇီမင် အား တိန့်ရှောင် ဖိန်၏ မူဝါဒများကို အပြည့်အဝ လက်ခံကျင့်သုံးလာစေရန် တွန်းအားပေးလာခြင်းပင် ဖြစ်သည်။ တိန့်ရှောင်ဖိန်၏ ခရီးစဉ်အတွင်း ပြောကြားခဲ့သော ဆွေးနွေးချက် အနှစ်ချုပ်များအနက် တရားဝင်မဟုတ်သော်လည်း စစ်မှန်ပုံရသည့် ဗားရှင်းတခုအရ တိန့်ရှောင်ဖိန်သည် တီယန်အန်မင် အရေးအခင်းအပြီး ခေါင်းဆောင်ပိုင်းအပေါ် ၎င်း၏ မကျေနပ်ချက်များကို အနည်းငယ်မျှပင် မဖုံးကွယ်နိုင်ခဲ့ဘဲ ကျန်းဇီမင်အား ရာထူးမှ ဖယ်ရှားပစ်မည်ဟု သွယ်ဝိုက်၍ ခြိမ်းခြောက်ခဲ့သည်။
ထို့အပြင် တိန့်ရှောင်ဖိန်သည် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲရမှုအကြောင်းကိုလည်း ရှည်ရှည်လျားလျား ဆွေးနွေးခဲ့သည်။ "ဒီရက်ပိုင်းတွေမှာ ကျွန်တော် အများဆုံး စဉ်းစားမိနေတာကတော့ ဆိုဗီယက်ပြည်ထောင်စုပါပဲ" ဟု ရှန်ကျန်းမြို့ရှိ ပရိသတ်များအား တိန့်ရှောင်ဖိန်က ပြောကြားခဲ့သည်ဟု ဆိုသည်။ "ဒီနိုင်ငံဟာ သဘာဝသယံဇာတတွေ အလွန်ကြွယ်ဝပြီး နက်နဲတဲ့ ယဉ်ကျေးမှု တွေ ရှိသလို၊ အင်အားကြီးတဲ့ နိုင်ငံလည်း ဖြစ်တဲ့အပြင် ဧရာမ ကွန်မြူနစ်ပါတီကြီးလည်း ရှိပါတယ်။ ဒါပေမဲ့ တညတည်းနဲ့ ပြိုလဲသွားခဲ့တယ်" ဟု ဆိုသည်။ (သံသရာ တပတ် ပြန်လည်လာသကဲ့သို့ပင် ဆယ်စုနှစ် နှစ်ခုအကြာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ပါတီခေါင်းဆောင် ရာထူးကို ရယူပြီးနောက် ရှီကျင့်ဖျင် သည်လည်း ဆိုဗီယက်ပြိုလဲမှုနှင့် ပတ်သက်၍ ယခုကဲ့သို့သော စကားလုံးမျိုးဖြင့်ပင် ပြန်လည်သုံးသပ်လာခဲ့သည်။)
ဆိုဗီယက်ပြိုလဲရခြင်းအကြောင်းရင်းနှင့် ပတ်သက်၍ တိန့်ရှောင်ဖိန်၏ သုံးသပ်ချက်မှာ ၎င်းတို့၏ စီးပွားရေး ကျဆင်းပျက်စီးမှုပင် ဖြစ်သည် ("ပြည်သူတွေရဲ့ ဗိုက်တောင် မဝအောင် မကျွေးနိုင်ခဲ့ဘူး" ဟု ၎င်း၏ ထင်ရှားသော စကားပုံဖြင့် ဖော်ပြခဲ့သည်)။ အကယ်၍ တရုတ်နိုင်ငံသာ စီးပွားရေးအရ ကျရှုံးခဲ့မည်ဆိုပါက "ယနေ့ ဆိုဗီယက်ပြည်ထောင်စုသည် နက်ဖြန်ခါ၏ တရုတ်နိုင်ငံ ဖြစ်လာလိမ့်မည်" ဟု တိန့်ရှောင်ဖိန်က သတိပေးခဲ့သည်။
၁၉၉၂ ခုနှစ် အစောပိုင်းတွင် ကျန်ဇီမင်း ကို ရာထူးမှ ဖယ်ရှားမည်ဟု တိန့်ရှောင်ဖိန် ခြိမ်းခြောက်ခဲ့ခြင်းမှာ ယုံကြည်ဖွယ်ရာ ရှိနေပေသည်။ တရုတ်နိုင်ငံရေး အသိုင်းအဝန်း နှင့် အဆက်အသွယ် ရှိသော သတင်းစာဆရာ ရန်ကျီရှင်း ၏ ရေးသားချက်အရ တိန့်ရှောင်ဖိန်သည် ကျန်ဇီမင်းအပေါ် စိတ်ပျက်ခဲ့ပြီး၊ အကယ်၍ သူသာ ပြုပြင်ပြောင်းလဲရေးကို ပိုမိုပြတ်သားစွာ မထောက်ခံခဲ့ပါက ရာထူးမှ ဆင်းပေးသင့်ကြောင်း သွယ်ဝိုက်ပြောဆိုခဲ့သည်ဟု ဆိုသည်။
နောက်ပိုင်းတွင် တိန့်ရှောင်ဖိန်သည် ကျန်ဇီမင်းကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်း မရှိတော့ပေ။ သို့ရာတွင် ဤသို့ မလုပ်ဖြစ်ခဲ့ခြင်းမှာလည်း တော်လှန်ရေး ဝါရင့်ပုဂ္ဂိုလ်ဖြစ်သည့် ဗို ရိဘိုး ဟု ခေါ်သည့် ရင်းနှီးသော မိတ် ဆွေ တဦးက ဝင်ရောက်တားမြစ်ခဲ့သောကြောင့်သာ ဖြစ်သည်။ အီဇရာ ဗိုဂယ်ကလည်း ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျန်ဇီမင်းအနေဖြင့် အကယ်၍သာ ပြုပြင်ပြောင်းလဲရေးကို မထောက်ခံခဲ့ပါက သူ့အား ရာထူးမှ ထုတ်ပယ်ရန် တိန့်ရှောင် ဖိန်က "ယတိပြတ် ဆုံးဖြတ်ချက်ချထားကြောင်း" ကောင်းစွာ သိရှိထားခဲ့သည်ဟု ဖော်ပြခဲ့သည်။
ရာထူး မှ လျောကျ တော့မည့် အခြေအနေကို ရင်ဆိုင်နေရသော ဂျန်စီမင်း သည် တိန့်ရှောင်ဖိန် ၏ မူဝါဒ ကို အပြည့်အဝ ထောက်ခံရန် ဆုံးဖြတ်လိုက်သည်။ ၁၉၉၂ ခုနှစ်တွင် ဂျန်စီမင်း သည် အာဏာကို အပြည့်အဝ စုစည်းခိုင်မာထားနိုင်ခြင်း မရှိသေးသော်လည်း၊ အခြေအနေကို စောင့်ကြည့်၍ မည်သည့်ဘက်ကိုမဆို လိုက်နိုင်သည့် ခြံစည်းရိုး ခွထိုင် နေသည့် အခွင့်အရေးသမား အဖြစ် ရပ်တည်နေရာမှ တိန့်ရှောင်ဖိန် မှ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပြန်လည်အရှိန်မြှင့်ရန် တောင်းဆိုချက်အား ထောက်ခံသူအဖြစ် ရပ်တည်ချက် ပြောင်းလဲလိုက်ခြင်း ကြောင့် ထိပ်တန်းခေါင်းဆောင်ပိုင်း အတွင်း အာဏာချိန်ခွင်လျှာသည် တိန့်ရှောင်ဖိန် ၏ မူဝါဒ များ အဆုံးအဖြတ်ပေးနိုင်လောက်အောင် ပြောင်းလဲသွားစေခဲ့သည်။
ထို့အပြင် ၁၉၉၂ ခုနှစ်အစောပိုင်းတွင်ပင် အရွယ်ရလာပြီဖြစ်သော အဓိက ရှေးရိုးစွဲဝါဒီ ခေါင်းမာသူများသည် ကျန်းမာရေးမကောင်းဖြစ်နေကြခြင်း သို့မဟုတ် သေဆုံးလုနီးပါး ဖြစ်နေကြခြင်းများ ဖြစ်လာနေခဲ့သည်။
တိန့်ရှောင်ဖိန် ၏ ထိုးစစ်ဆင်မှုကို ခုခံတားဆီးနိုင်လောက်သည့် အင်အားရှိနိုင်သူ၊ ရှေးရိုးစွဲအုပ်စု၏ ခေါင်းဆောင်ဖြစ်သူ အသက် ၈၆ နှစ်အရွယ် ချန်ယွန်း သည်လည်း ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး နိုင်ငံရေးအရ တက်ကြွစွာ ပါဝင်ခြင်းမရှိတော့ဟု သိရသည်။ (ချန်ယွန်း သည် ၁၉၉၅ ခုနှစ် ဧပြီလတွင် ကွယ်လွန်သွားခဲ့သည်။)