အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(40)

by Hla Soewai - Aug 31 2026

ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကမ်းဘဲလ်၏ တပ်ဖွဲ့သည် ရှေ့သို့ဆယ်မိုင်ခန့် ချီတက် ရောက်ရှိလာခဲ့ပြီးနောက် ငြိမ်းချမ်းရေးအလံဖြူ ကိုင်ဆောင်လာကြသော သံတမန်များကို တွေ့လာခဲ့သည်။ ၎င်းတို့က ဘကြီးတော်ဘုရားက ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် အာဏာအပ်နှင်း၍ စေလွှတ်လိုက်သော ကိုယ်စားလှယ်များ မင်းလှမြို့သို့ ရောက်ရှိ‌ နေပြီဖြစ်ကြောင်း သတင်းစကား ကို ယူဆောင်လာကြသူ များ ဖြစ်သည်။

 

သို့သော် အရာရှိနှစ်ဦးနှင့် ၎င်းတို့အား တွေ့ဆုံဆွေးနွေး‌ စေ ပြီးနောက် ကမ်းဘဲလ် က ထိုလုပ်ရပ်သသည် အချိန်ဆွဲရန်အတွက် စီမံလာ‌ သော လှည့်ကွက်တခုသာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ရေတပ်နှင့် ပူးပေါင်းမိပြီးနောက် ဆွေးနွေးမှု ကို ရပ်စဲပစ်ခဲ့ ပြီး မြစ်၏ အနောက်ဖက်ကမ်း တွင် ရှိသော မင်းလှမြို့ကို မျက်နှာမူလျက်ရှိသည့် ပတ္တနဂိုရ်သို့ ဆက်လက်ချီတက်ခဲ့သည်။

 

ထိုအချိန်တွင် ကမ်းဘဲလ်၏ တပ်သည် ပြည်မြို့မှ မိုင် ၁၄၀ အကွာအဝေးအထိ ချီတက်ခဲ့ပြီးဖြစ်ကာ မြန်မာတို့ဘက်ကလည်း ချီတက်ရာလမ်းကြောင်းတလျှောက်ကို အစွမ်းကုန် ဖျက်ဆီးထားခဲ့ကြသည်။ ထို့ကြောင့် ဗြိတိသျှတို့သည် မြစ်ကြောင်း တလျှောက် လူနေ ထူထပ်လှသည့် ဒေသများတွင် လမ်းလျှောက်နေသည့် လူတဦးတစ်ယောက်ကိုမျှ မတွေ့ရတော့ပေ။ ထို့ပြင် ကျွဲ နွား တိရစ္ဆာန် ပေါများသော ထိုဒေသမှ အနည်းဆုံး ရိက္ခာ တရက်စာ အသား ဟူ၍ အစအနပင် မတွေ့ခဲ့ရပေ။

 

ဘကြီးတော်မင်း သည် ၎င်း၏ ရာဇဌာနီဖြစ်သော အင်းဝမြို့မှသည် နိုင်ငံ၏ အစွန်ဆုံး မြောက်ဘက်နယ်နိမိတ်များအထိ ထိုကဲ့သို့ ဆက်လက် ကျင့်သုံးရန် ရည်ရွယ်ထားခြင်း ရှိ မရှိကို ကင်းမ်ဘဲလ် သည် စိုးရိမ်ပူပန်လာ နေပြီ ဖြစ်သည်။ အကယ်၍သာ ဘကြီးတော်ဘက်က ထိုသို့လုပ်ဆောင်ခဲ့မည်ဆိုပါက ဗြိတိသျှတို့၏ စစ်ရေးအောင်ပွဲများသည် အချည်းနှီး ဖြစ်သွားမည်ဖြစ်ပြီး၊ စစ်တပ်၏ ရိက္ခာထောက်ပံ့မှုများလည်း ရှေ့လျောက် ပြတ်လပ်ကုန်မည်ဖြစ်ကာ ၎င်း၏ တပ်ဖွဲ့ဝင်များသည် အငတ်ဘေးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ 

 

ဆိုးရွားစွာ ရှုံးနိမ့် တော့မည့် အ ရေး က ရှေ့တွင် စောင့်ကြိုနေပေသည်။ ထို့ကြောင့် သူသည် အမြန်ဆုံး ဆက်လက်ချီတက်ခဲ့သည်။

 

ချက်ခြင်းလို မင်းလှမြို့ကို ကင်းထောက်စစ်ဆေးကြည့်ရာ မြစ်ကမ်းတစ်လျှောက်တွင် အလျား နှစ်မိုင်ခန့်နှင့် အနံ မိုင်ဝက်ခန့်ရှိသော ကြီးမားလှသည့် တပ်စခန်းကြီးတစ်ခုကို တွေ့ရှိရသည်။ စခန်းအတွင်းပိုင်းတွင် ရွှေရောင်တဝင်းဝင်း တောက်နေသော ဘုရားစေတီတဆူ ထင်ရှားစွာ တည်ရှိနေပြီး၊ ဘုရင်မင်းမြတ်က ဗန္ဓုလအတွက် အမှတ်တရ တည်ပေးခဲ့. သည့် ဘုရား ဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိခဲ့ရသည်။ 

 

မြန်မာ့တပ်ဖွဲ့ဝင်များသည် ခံစစ်အကာအကွယ်များကို ဆက်လက် တည်ဆောက် နေဆဲဖြစ်ပြီး၊ ရင်တားတံတိုင်းများ တလျှောက်တွင် ကြေးအမြောက်ကြီးများ၏ ပြောင်းဝများ တလက်လက် တောက်ပနေကာ၊ ၎င်းတို့အောက်ရှိ မှန်ကဲ့သို့ ကြည်လင်နေသော ရေပြင်ပေါ်တွင်မူ စစ်လှေကြီးများစွာက ကျောက်ချရပ်နားလျက် ရှိကြသည်။

 

မကြာမီမှာပင် ရေယာဉ်စုကြီး ရောက်ရှိလာခဲ့ပြီး၊ "ဒိုင်ယာနာ" စစ် သင်္ဘောကြီးက ဦးဆောင်ကာ ရန်သူ့ခံတပ်၏ အနီးနားမှ ဖြတ်သန်းသွားခဲ့သည်— သို့သော် ရန်သူ့ဘက်မှ တချက်မျှ ပစ်ခတ်ခြင်း မရှိခဲ့ပေ။ ထို့နောက် အံ့သြဖွယ်ကောင်းစွာပင် ရွှေရောင်ခြယ်သထားသော စစ်လှေကြီးနှစ်စင်းက လှော်တက်များကို အထက်သို့မြှောက်လျက် ဂါရဝပြုလျက် "ဒိုင်ယာနာ" စက်လှေကို ကြိုဆိုခဲ့ကြပြီး၊ မြစ်ကြောင်းအတိုင်း အနည်းငယ်ပို၍ အထက်ဘက်ကျသော ဆိုက်ကပ်ရာနေရာအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ 

 

ထိုနေရာသည် မြန်မာတို့ ရေကြောင်းမှ ဆုတ်ခွာလာဖွယ်ရှိသမျှကို အလွယ်တကူ ထိန်းချုပ်ပစ်ခတ်နိုင်သည့် နေရာတခု ဖြစ်သည်။ ကမ်းဘဲလ် က ထိုသို့ ယဉ်ကျေးစွာ ကြိုဆိုမှုကို ကြည့်၍ မြန်မာတို့အနေဖြင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားလိုတော့သည့် သဘော အဖြစ် ရှုမြင်ခဲ့သည်။ 

 

ထိုနေ့ မွန်းလွဲပိုင်းတွင် သူသည် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီး နက်ဖြန်တွင် စာချုပ်ပါ အကြောင်းအရာများကို စတင်ဆွေးနွေးရန် စီစဉ်ခဲ့သည်။ ငြိမ်းချမ်းရေးနှင့် သူ၏ စိုးရိမ်ပူပန်မှုများ ကင်းစင်လာ‌ တော့မည့် အချိန်သည် လက်တကမ်းအလိုသို့ ရောက်ရှိလာပြီဟု ထင်မှတ်လာခဲ့သည်။ ထိုအချိန်သည် အကောင်းမြင်စိတ်ဖြင့် သုံးသပ်ရမည့် အချိန်အခါ လည်း ဖြစ်ပေသည်။ "အင်းဝစစ်ပွဲနှင့် ပတ်သက်ပြီး ကျွန်ုပ်ရေးသားရမည့် နောက်ဆုံးသော စစ်ရေးသတင်းပို့ချက် ဖြစ်လိမ့်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်ပါသည်" ဟု ကမ်းဘဲလ်က ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရေးသားခဲ့သည်။

 

နောက်တနေ့တွင် နှစ်ဖက်စလုံးသည် စစ်တပ်နှစ်ခုကြား မြစ်လယ်တွင် ကျောက်ချရပ်နားထားသော အရိပ်ကောင်းမွန်သည့် မိုးကာများပါရှိသည့် သင်္ဘောကြီးတစင်းပေါ်တွင် တွေ့ဆုံခဲ့ကြသည်။ နန်းရင်းဝန်၊ ဘုရင်၏ ဒုတိယကိုယ်စားလှယ် ကုက္ကိုင်း မင်းကြီးနှင့် ခေါင်းဆောင်များစွာတို့ မြန်မာဘက်မှ ကိုယ်စားပြု တက်ရောက်ကြသည်။ ကမ်းဘဲလ် နှင့်အတူ ဗိုလ်ချုပ် ကော်တွန်၊ ရေတပ်အကြီးအကဲ ဘရစ်ဘိန်း ၊ စနော့ဂရပ်စ် နှင့် အခြားသော ဦးစီးအရာရှိများ လိုက်ပါလာကြသည်။

 

"နှစ်ဖက်စလုံး သင်္ဘောပေါ်တွင် ထိုင်ပြီးနောက်ပိုင်းတွင် ကုက္ကိုင်း မင်းကြီး၏ ပါးစပ်ထဲတွင် ကွမ်းရွက်နှင့် ကွမ်းသီးများ နှင့် ပလုပ်ပ‌ လောင်း ဖြစ်နေသဖြင့် စကားတခွန်းကိုပင် လေးလုံးကွဲ အောင် မပြောနိုင်ခဲ့ဘဲ ကွမ်းရည်များမှာ မြန်မာမှူးမတ်အားလုံး ဂုဏ်ဒြပ် တခု အဖြစ် ထားရှိကြသော မုတ်ဆိပ် ရှည်များ ပေါ်သို့ စီးကျလာကာ စိုစွတ် နီရဲသွားသည်အထိ ဖြစ်နေခဲ့သည်" ဟု စနော့ဂရပ်စ်က မှတ်တမ်းတင်ခဲ့သည်။

 

ဗြိတိသျှအစိုးရ၏ သတ်မှတ်ချက် စည်းကမ်းချက်များကို ပြည်မြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများ ကတည်းက မြန်မာဘက်သို့ ပေးအပ်ပြီး ဖြစ်သည်။ ၎င်းတို့တွင် ရခိုင်နှင့် တနင်္သာရီ နယ်မြေဒေသများကို ဗြိတိသျှအစိုးရထံ အပြီးအပိုင် ပေးအပ်ရန်၊ အာသံ၊ ကာချာနှင့် မဏိပူရတို့အပေါ် ဝင်ရောက်စွက်ဖက်ခွင့် မှန်သမျှကို အင်းဝဘုရင်က စွန့်လွှတ်ရန်နှင့် မဏိပူရ၏ ရှေးဟောင်းမင်းမျိုး မဏိပူရရာဂျာ ဆန္ဒရှိပါက ၎င်း၏ မင်းနေရာကို ပြန်လည်ခန့်အပ်ခြင်းအား အသိအမှတ်ပြုရန်တို့ ပါဝင်သည်။

 

နောက်ဆုံးအနေဖြင့် အင်းဝဘုရင်သည် ဗြိတိသျှတို့အား လျော်ကြေးငွေ ကျပ်သိန်းတရာ (ရူပီးတကုဋေ) ကို ပေးဆောင်ရမည်ဖြစ်ပြီး ယင်းမှာ စတာလင်ပေါင် တသန်း နှင့် ညီမျှသော များပြားလှသည့် ပမာဏပင် ဖြစ်ပေသည်။

 

ထို့ကြောင့် မြန်မာတို့သည် ၎င်းတို့၏ ပင်လယ်ကမ်းရိုးတန်း တခုလုံးနီးပါးကို လက်လွှတ်ဆုံးရှုံးရမည့်အပြင် ယနေ့ခေတ်ငွေကြေးတန်ဖိုးဖြင့် အလွန်အကျွံ များပြားလှသည့် ငွေကြေးပမာဏ ကိုလည်း လျော်ကြေးအဖြစ် ပေးအပ်ရတော့မည် ဖြစ်သည်။ ဤအချက်များနှင့် စာချုပ်ပါ အခြားတောင်းဆိုချက်များ၊ အပိုဒ်များကြောင့် မြန်မာသံတမန်များကို တင်းမာသော အနေအထားဆီသို့ တွန်းပို့သကဲ့သို့ ဖြစ်စေခဲ့သည်။ ထိုဆွေးနွေးပွဲများတွင် ဘုရင်၏ ကိုယ်စားလှယ်ဖြစ်သူ ကုက္ကိုင်း မင်းကြီး က အဓိကနေရာမှ ပါဝင်ဆွေးနွေးခဲ့သည်။ (မူရင်းစာ တွင် Kolein Minghi ဟု ရေးသားထား၍ အဖြစ်နိုင်ဆုံး ကုက္ကိုင်း မင်းကြီးဟု ရေးခဲ့ရပါသည်။ အမှန် သိရှိသူများက ရှိက ပြင်ဆင်ပေးပါရန်။)

 

၎င်းက "စစ်ပွဲတပွဲ ဖြစ်လာရင် ကုန်ကျစရိတ်ဆိုတာ တဖက်တည်းတင် ရှိနေတာ မဟုတ်ပါဘူး" ဟု စတင် ငြင်းခုံ ပြောဆိုလာမှု ကို စနော့ဂရပ်စ် က အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့သည် -

 

"ကျွန်ုပ်တို့ဘက်ကလည်း ကြီးမားလှတဲ့ ငွေကြေးအမြောက်အမြားကို သုံးစွဲခဲ့ရတာကြောင့် လက်ရှိအချိန်မှာ ဘဏ္ဍာတိုက်ကြီးဟာ ဆိတ်သုဉ်းခေါင်းပါးသွားခဲ့ပါပြီ။ ခင်ဗျားတို့ဘက်က ရန်သူ့နယ်မြေထဲကို ရောက်လာပြီးနောက်ပိုင်း စစ်သည်အင်အား လေးငါးဖွဲ့လောက်ကို တဖွဲ့ပြီးတဖွဲ့ ဆက်တိုက် အသစ်ဖွဲ့စည်း တာဝန်ပေးခဲ့ရသလို၊ နိုင်ငံတော်ရဲ့ ဘဏ္ဍာဝင်ငွေ အများအပြားလည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။ တိုင်းပြည်ထဲကို ခင်ဗျားတို့ ရောက်လာကတည်းက ဘုရင်ရဲ့ဘဏ္ဍာငွေကို သုံးစွဲပြီး မရေမတွက်နိုင်အောင် များပြားလှ တဲ့ လူအုပ်ကြီးကို အမြဲတမ်း ထိန်းကျောင်းကျွေးမွေးနေခဲ့ရတာကြောင့် ကျွန်ုပ်တို့ရဲ့ ကုန်ကျစရိတ်တွေဟာ ခင်ဗျားတို့ထက် အဆပေါင်းများစွာ အများကြီး ပိုများခဲ့မယ်ဆိုတာ ထင်ရှားပါတယ်။ ခင်ဗျားတို့ကျတော့ စည်းကမ်းကောင်းမွန်မှုနဲ့ စီမံခန့်ခွဲမှုကောင်းမွန်မှုတို့ကြောင့် စစ်သည်အင်အား အများကြီး အမြဲတမ်း မလိုအအပ်ခဲ့သလို၊ ထောက်ပံ့ပေးဖို့နဲ့ လစာပေးဖို့အတွက် လူအင်အား အနည်းငယ်မျှသာ ရှိခဲ့တာဖြစ်ပါတယ်" ဟု တင်ပြပြောဆိုခဲ့သည်။

 

ဗြိတိသျှ တို့ဖက်မှ အင်္ဂလိပ်စစ်သားတဦးသည် လက်ရှိရောက်ရှိနေသော စစ်မှုထမ်းအဆင့်အတန်းသို့ မရောက်မီအထိ အစိုးရအနေဖြင့် ပေါင် ၂၀၀ နီးပါး ကုန်ကျခဲ့ရကြောင်း၊ ထို့အပြင် ရန်ကုန်သို့ ရောက်ရှိလာသည့် သင်္ဘောအများအပြားအနက် သင်္ဘောတစင်းစီအတွက်လည်း အလွန်များပြားသော ငွေကြေးကုန်ကျခဲ့ကြောင်း ပြောပြသောအခါ သူက—

“ကျွန်ုပ်လည်း ကုန်သည်တစ်ဦး ဖြစ်ခဲ့ဖူးပြီး ကုန်သွယ်မှုလုပ်ငန်းများစွာ ကို လုပ်ကိုင်ခဲ့ဖူးပါသည်။ သို့သော် ကျွန်ုပ်ပိုင်ဆိုင်ခဲ့ဖူးသော သင်္ဘောတစင်းမျှ သင်တို့ပြောသည့် ငွေပမာဏမျိုး မည်သည့်အခါမျှ ကုန်ကျခဲ့ခြင်း မရှိပါ။ ကုန်ကျစရိတ် အမှန်တကယ် ထိုမျှများသည်ဖြစ်စေ၊ မများသည်ဖြစ်စေ—ကျွန်ုပ်တို့ မပေးဆပ်နိုင်သည့် ငွေပမာဏကို တောင်းခံခြင်းမှာ ရက်စက်ရာကျပါသည်။

 

ကျွန်ုပ်တို့၏ သစ်တောများတွင် အရည်အသွေးကောင်းမွန်သော သစ်ပင်များ အများအပြားရှိပါသည်။ သင်တို့အနေဖြင့် ၎င်းတို့ကို ခုတ်ယူနိုင်ပါသည်။ ကျွန်ုပ်တို့သည် စရိတ်စကများကို ချွေတာစီမံနိုင်ပါက တနှစ်အတွင်း ဆန်တင်း တသန်း ခန့် ပေးနိုင်ကောင်း ပေးနိုင်ပါလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် ရူပီးငွေကို စိုက်ပျိုးထုတ်လုပ်၍ ရနိုင်သည်မျိုး မဟုတ်၍ သင်တို့တောင်းဆိုနေသည့် ထိုမျှကြီးမားသော ငွေပမာဏကို ပေးဆပ်နိုင်ရန်လည်း ကျွန်ုပ်တို့တွင် မည်သည့်နည်းလမ်းမျှ မရှိပါ။”