နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(49)

by Hla Soewai - Aug 24 2026

သက်သေအားလုံးထဲတွင် တရားလိုဘက်၏ အမှု အရှုံး အနိုင် ကို အဆုံးအဖြတ်ပေးနိုင်သည့် အဓိက အရေးပါဆုံး သက်သေမှာ CII ကုထုံးပညာရှင် ကီး မက်ဖာလိန်း ပင် ဖြစ်သည်။ မက်ဖာလိန်း သည် တရားခွင်တွင် သက်သေ ထွက် ဆိုရမည့် ခုံ ပေါ်သို — ငါးပတ် အတွင်း ရေတွက်ကြည့်မည် ဆိုက — ငါးကြိမ် တိုင်တိုင် ထိုင်ခဲ့ရသည်။ 

 

တရားလိုပြ သက်သေကို ပြန်လှန်မေးမြန်းသည့်အခါတွင် ရှေ့နေ ဒန်နီယယ် ဒီဗစ် က သူမ၏ အငြင်းပွားဖွယ်ရာ မေးမြန်းစစ်ဆေးသည့် နည်းလမ်းများကို အပြင်းအထန် ထိုးနှက်မေးမြန်းခဲ့သည်။ မက်ဖာလိန်း သည် အဝတ်အစားမပါသော ရုပ်သေးရုပ်များနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း အတိအကျပါရှိသော အရုပ်များကို အသုံးပြုခဲ့ခြင်းနှင့် ပတ်သက်၍ ဒီဗစ်က စစ်မေးခဲ့သည်။ သူမ စစ်မေးခဲ့ရသည့် ကလေးများကို အခြားကလေးများကလည်း လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရကြောင်း တိုင်ကြားပြီး ဖြစ်သည်ဟု အဘယ်ကြောင့် စကားဦးသန်း ပြောခဲ့ရသနည်းဟုတင်းတင်းကျပ်ကျပ် မေးမြန်းခဲ့သည်။ 

 

ဤကဲ့သို့ လုပ်ဆောင်ခြင်းက ကလေးများအပေါ် အချင်းချင်း ဖိအားပေးသကဲ့သို့ ဖြစ်စေပြီး ၎င်းတို့၏ ဖြေဆိုချက်များသည် ဘက်လိုက်မှု ဖြစ်သွား စေနိုင်သည် မဟုတ်ပါလော။ မက်ဖာလိန်း ၏ သက်သေထွက်ဆိုချက်များ ပြီးဆုံးသွားချိန်တွင် တရားသူကြီး ပေါင်ဒါးစ် ကိုယ်တိုင်ပင်လျှင် သူမ စစ်ဆေးခဲ့သည့် နည်းလမ်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့သည်။

 

 တရားခွင်အတွင်း ဂျုရီများ မရှိသည့်အချိန်၌ ပေါင်းဒါးစ်က "ကျွန်တော့်အမြင်အရဆိုရင် သူမ သက်သေခံလေလေ၊ သူမ အပေါ် ယုံကြည်ကိုးစားခံရမှုက ပိုပြီး ပြဿနာဖြစ်လာလေလေပါပဲ" ဟု ကြေညာခဲ့သည်။ တရားခံ ဘက်မှလည်း စိတ်ရောဂါ ဗေဒ ပညာရှင် ပါမောက္ခတစ်ဦးကို ကျွမ်းကျင်သူသက်သေအဖြစ် တင်သွင်းခဲ့ပြီး ၎င်းက မက်ဖာလိန်း၏ မေးမြန်းစစ်ဆေးသည့် နည်းလမ်းများကို တိုက်ခိုက် ပြောဆိုခဲ့သည်။ 

 

ထိုပါမောက္ခက မက်ဖာလိန်း သည် ကလေးများအား "၎င်းတို့ ဘာသာ အလိုလို ပြောဆိုလာမည့် အချက်အလက်များ" ကို ဟန့်တားစေသည့် "ဇာတ်ညွှန်း" တခုဖြင့် လမ်းညွှန်ပြသခဲ့ကြောင်း ဝေဖန်ခဲ့သည်။ သူမ၏ နည်းလမ်းများသည် ကလေးများအား "အဖေနှင့်အမေ စိတ်ကျေနပ်စေမည့်" အဖြေများကို ပေးရန်နှင့် မိမိတို့ကိုယ်ကို "စုံထောက်ကောင်းများ" ဖြစ်ကြောင်း ပြသရန်အတွက် တွန်းအားပေးနေသကဲ့သို့ ဖြစ်စေသည်ဟု ၎င်းက ဆိုခဲ့သည်။

 

တရားခွင်တွင် အထူးဆန်းဆုံး သက်သေထွက်ဆိုချက်တစ်ခုမှာ ရေဘတ်ကီ ၏ အကျဉ်းခန်းအဖော်ဖြစ်သူ အကျဉ်းထောင်သတင်းပေး ဂျော့ခ်ျဖရီမန် ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဖရီမန်သည် ရာဇဝတ်မှု ကိုးကြိမ်ကျူးလွန်ဖူးသူဖြစ်ပြီး မိမိကိုယ်တိုင် ဝန်ခံထားသည့် မုသား ပြောသူတဦးလည်း ဖြစ်သည်။ သူသည် သာမန်အားဖြင့် "အကျဉ်းထောင်သတင်းပေး" ဟု ခေါ်ခံရသူတဦးလည်း ဖြစ်သည်။ 

 

ဆိုလိုသည်မှာ သူ၏ စွဲချက်များကို ပယ်ဖျက်ပေးခြင်း သို့မဟုတ် အကျဉ်းထောင်မှ စောစီးစွာ လွတ်မြောက်ခွင့်ရရှိရေးစသည့် အထူးအခွင့်အရေးများ ရရှိရန်အတွက် တရားလိုဘက်မှ အားနည်းချက်များကို ဖြည့်ဆည်းပေးရန် ထွက်ဆိုလေ့ရှိသော အကျဉ်းသားတဦးပင်တည်း။

 

 ရာဇဝတ်မှု တရားခွင်များရှိ သက်သေအားလုံးထဲတွင် အကျဉ်းထောင်သတင်းပေးများ၏ အပြောကို ယုံကြည်စရာ မရှိလောက်ဟု ယူဆကြ သော်လည်း ရှေ့နေချုပ်များနှင့် တရားလိုဘက်မှ အမှုတွင် အခက်အခဲများ ကြုံလာရတိုင်း ၎င်းတို့ကို ဆက်လက် အားကိုးနေရဆဲဖြစ်သည်။

 

ဖရီမန်က မက်မာတင်ကျောင်းတွင် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခဲ့ကြောင်း ဘာကီက သူ့အား ဝန်ခံပြောဆိုခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ ထို့အပြင် ဘာကီက သူ့အား လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရုပ်ပုံစာပေများ ကို ဒိန်းမတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်းနှင့် သူကိုယ်တိုင် ကလေးငယ်များနှင့် ကျုးလွန် နေသည့် ဓာတ်ပုံများကို တောင်ဒါကိုတာ တွင် မြှုပ်နှံခဲ့ကြောင်း ပြောပြခဲ့သည်ဟု ဖရီမန်က ထွက်ဆို ခဲ့သည်။ 

 

အကယ်၍ မှန်ကန်ခဲ့ပါက ၎င်းသည် အလွန်အားကောင်းသည့် သက်သေအထောက်အထား ဖြစ်လာမည်ဖြစ်သော်လည်း ဖရီမန်တွင် ယုံကြည်စိတ်ချရမှု လုံးဝမရှိသလောက် နည်းပါးကြောင်း တရားခံဘက်မှ အောင်မြင်စွာ‌ ချေပ နိုင်ခဲ့သည်။

 

ယခု ပိရမစ်များအကြောင်း အနည်းငယ် တင်ပြလိုပါသည်။ ရေဘတ်ကီသည် ပိရမစ်စွမ်းအင်ကို ယုံကြည်သူတစ်ဦးဖြစ်ပြီး ၎င်းသည် "သက်ရှိအားလုံးအပေါ် အလွန်ပြင်းထန်သော သက်ရောက်မှုရှိသည်" ဟု ပြောကြားခဲ့ဖူးသည်။ တရားလိုဘက်မှ ဂျုရီ များကို ဘာကီ၏ ပိရမစ်အပေါ် စွဲလမ်းနှစ်သက်မှုကို သိစေလိုခဲ့ကြသည်။

 

ဘာကီသည် လော့အိန်ဂျဲလိစ် မြို့တွင်း ပိရမစ်ပုံစံ ဦးထုပ်ဆောင်းပြီး ကားမောင်းသွားလာတတ်သလို၊ သူအိပ်သည့် ကုတင်ပေါ် တွင်လည်း ပိရမစ်တခုကို ချိတ်ဆွဲထားသည် ဆိုသည်တို့ကို ပါ သိစေချင်၍ ဖြစ်သည်။

 

တရားလို ဘက်ကတော့ ပိရမစ်နှင့် ပတ်သက်သည့် အထောက်အထားများ တင်ပြခြင်းဖြင့် မက်မာတင် မူကြိုကျောင်းမှာ အရည်အချင်းမပြည့်မီသည့် ဆရာ/ဆရာမ တယောက်ကိုမျှ ဘယ်တော့မှ အလုပ်ခန့်မှာမဟုတ်ဘူး ဆိုသည့် ပက်ဂီ ဘာကီ ၏ ထွက်ဆိုချက်ကို အားနည်းသွားစေမည်ဟု ဆိုသည်။

 

ပိရမစ်များ၏ အစွမ်းအာနိသင်ကို ယုံကြည်သည့် ဆရာမတယောက်ကို ကိုယ့်ကလေးတွေကို စောင့်ရှောက်ပေးဖို့ သင် လက်ခံချင်ပါ့မလား။

 

တရားလိုဘက်က ဆက်လက်ပြီး ပိရမစ်အပေါ် အလွန်အမင်း စွဲလမ်းနေခြင်းက ရေး ဘာကီ သည် ဆေတန်ကိုးကွယ်မှုလိုမျိုး အခမ်းအနားများတွင် ပါဝင်ခဲ့သည် ဆိုသော ကလေးတဦး၏ ထွက်ဆိုချက်ကိုလည်း ပိုမိုယုံကြည်လက်ခံနိုင်စေသည်ဟု လျှောက်လှဲခဲ့ကြသည်။

 

တရားသူကြီး ပေါင်ဒါးစ် ကတော့ ပိရမစ်နှင့် ပတ်သက်သည့် အထောက်အထားများကို ဂျူရီအဖွဲ့အား ကြားနာခွင့်ပြုခဲ့သည်။

 

ပိရမစ်နှင့် ဆက်နွှယ်သည့် အကြောင်းအရာကို ချပြဖို့ တရားလိုဘက်တွင် နောက်ထပ် ရည်ရွယ်ချက်တခု လည်း ရှိ‌ နေပြန် သည်။ တရားလိုဘက်က ဘာကီ သည် အမျိုးသမီးများနှင့် ပုံမှန်လိင်ဆက်ဆံရေး မရှိသူဖြစ်ကြောင်း ပြသလိုခဲ့သည်။ ထိုအချက်ကြောင့်ပင် သူသည် ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားသူ ဖီဒိုဖိုင်း ဖြစ်နိုင်ခြေ ပိုများသည်ဟု တရားလိုဘက်က စောဒကတက်ခဲ့သည်။

 

ခရိုင်ရှေ့နေ (DA) ရုံးမှ စုံစမ်းစစ်ဆေးသူများသည် လွန်ခဲ့သော ခုနစ်နှစ်က Reno မြို့တွင် ကျင်းပခဲ့သည့် ပိရမစ် အဖွဲ့အစည်းဆိုင်ရာ အစည်းအဝေးတခု၌ ဘာကီ နှင့် တွေ့ဆုံခဲ့ဖူးသော မွန်တာနား ပြည်နယ်မှ အမျိုးသမီးတဦးကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုအမျိုးသမီးက စုံစမ်းစစ်ဆေးသူများအား မိမိသည် ဘာကီ ကို အတူ အိပ်ဖို့သွေးဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ပြောပြခဲ့သည်။

 

သို့သော် တရားလိုဘက်အတွက် ကံမကောင်းစွာဖြင့် ထိုနည်းဗျူဟာသည် မိမိတို့အပေါ် ပြန်လည်ထိခိုက်လာခဲ့သည်။ အမျိုးသမီးဖြစ်သူ ဘာဘရာ ဂိုးစ် သည် တရားခံရှေ့နေများနှင့် ဆွေးနွေးပြီးနောက် သူမ၏ ယခင် ထွက်ဆို ချက်ကို ပြောင်းလဲခဲ့သည်။

 

သူမကို တရားခံဘက်မှ သက်သေအဖြစ် ခေါ်ယူခဲ့ရာ ဂိုးစ်က စုံစမ်းစစ်ဆေးသူများအား မိမိသည် “ကိုယ့်ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် လိမ်ပြောခဲ့တာပါ” ဟု ထွက်ဆိုခဲ့သည်။

 

ထိုအချိန်က သူမသည် လက်ထပ်တော့မည့်အခြေအနေတွင် ရှိနေပြီး မိမိ၏ စေ့စပ်ထားသူနှင့် အနာဂတ်တွင် ရရှိလာမည့် သားသမီးများအကြောင်းကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဂိုးစ် က ပြောသည်။

 

ထို့နောက် ဂိုးစ် က တရားသူကြီးများရှေ့တွင် သူမသည် ဘာကီ နှင့် South Lake Tahoe ရှိ Fantasy Inn ဟိုတယ်တွင် လိင်ဆက်ဆံခဲ့သည်မှာ အမှန်ပင် ဖြစ် ကြောင်း ထွက်ဆိုခဲ့သည်။

 

ထို့အပြင် ဘာကီ သည် ကလေးငယ်များနှင့် ဆက်ဆံပြောဆိုနေသည်ကို ကိုယ်တိုင်မြင်တွေ့ပြီးနောက် သူသည် ကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့နိုင်သည့် “ဖြစ်နိုင်ခြေ လုံးဝမရှိဘူး” ဟု မိမိယုံကြည်ကြောင်းလည်း သူမက သက်သေထွက်ဆိုခဲ့သည်။

 

ဂိုးစ် ၏ ထွက်ဆိုချက်အပြီးတွင် တရားလိုဘက်မှ အစိုးရရှေ့နေ Lael Rubin အလွန်ဒေါသထွက်သွားခဲ့သည်။ သူမက သတင်းထောက်များအား—

 

“လိမ်နေတာပါ။ ဒီအမျိုးသမီးက ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့ လူရွေးတဲ့အချိန် တိုက်ရိုက်ခေါ်သုံးလို့ရမယ့် ဇာတ်ကောင်မျိုးပါပဲ”ဟု ပြောဆိုခဲ့သည်။

 

တရားခံကိုယ်တိုင် သက်သေ ထွက်ဆိုရန် စင်ပေါ်တက်လာချိန်တွင် တော့ မီဒီယာများ၏ အာရုံစိုက်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ “အဲဒီကလေးတွေကို ခင်ဗျား ဘယ်တုန်းကမှ မကျူးလွန်ခဲ့ဖူးဘူးလား” ဟု မေးမြန်းသည့်အခါ ပက်ဂီ က “ဘယ်တော့မှ မကျူးလွန်ခဲ့ပါဘူး” ဟု ဖြေကြားခဲ့သည်။ ရေး ဘာကီကလည်း တရားလိုဘက်မှ စွဲချက်တင်ထားသမျှ အားလုံးကို ငြင်းဆိုခဲ့သည်— ၎င်းတို့အနက် တရားခံဘက်မှ အဓိပ္ပာယ်မရှိဟု မြင်သည့် စွဲချက်များလည်း ပါဝင်သည်။

 

ဥပမာအားဖြင့် ကလေးတဦးက ထွက်ဆိုခဲ့သလို ဘေ့စ်ဘော ရိုက်တံ ဖြင့် မြင်းတကောင်ကို သတ်ခဲ့ဖူးသည်ဆိုသော စွဲချက်ကို သူ လုံးဝငြင်းဆိုခဲ့သည်။ ကလေးငယ်များကို အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံရသော အချိန်ကာလအများစုတွင် သူသည် ကျောင်း၌ စာပြနေခဲ့ ခြင်း မရှိကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့သည်။ ပြန်လှန် စစ်မေးမှုများ ပြုလုပ်ရာတွင် တရားလိုရှေ့နေ ဖြစ်သူ လေး ရူဘင် က ဘာကီ ကို မေးခွန်းများဖြင့် ဒလစပ် တိုက်ခိုက်မေးမြန်းခဲ့သည်။ အချို့သော မေးခွန်းများမှာ မဆိုင်လှဟု လူအချို့ မြင်ခဲ့ကြသည့် မေးခွန်းမျိုး ပင် ဖြစ်သည်။ 

 

သူမသည် ဘာကီကို အောက်ခံဘောင်းဘီ ဝတ်ဆင်လေ့မရှိသည့် အကြောင်းများနှင့် အရွယ်ရောက်ပြီးသူများအတွက် လိင်ပိုင်း ဆိုင်ရာ ညစ်ညမ်း မဂ္ဂဇင်းစာစောင်များစွာကို ပိုင်ဆိုင်ထားကြောင်း ဝန်ခံလာစေရန် လုပ်ဆောင်နိုင်ခဲ့သည်။

 

ထို့အပြင် ဘာကီသည် ကလေးများအပေါ် စိတ်ဝင်စားမှုကို ဖုံးကွယ်ရန်အတွက် ဂိုးစ် နှင့် ဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို ကိုယ်တိုင် "ဖန်တီးယူခဲ့သည်" ဟုလည်း လေး အူဘင်က စွပ်စွဲပြောဆိုခဲ့သည်။