ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(45)

by Hla Soewai - Aug 24 2026

စောင့်ဆိုင်း နေရခြင်းမှာ ရင်နှင့်မမျှအောင် ဆင်းရဲပင်ပန်းလှသည်။ အယ်လ်အယ်လ် (El Al) လေယာဉ်ထွက်မည့်ရက်ကို လက်ချိုး ရေတွက်နေရင်း အီဆာ ဟာရယ် သည် အိုက်ခမန်းကို ဖမ်းခေါ်လာမှု နှင့် ပတ်သက်သည့် သတင်းများ ပါလာနိုး ဖြင့် သတင်းစာ မှန်သမျှ လိုက်လံရှာဖွေ ဖတ်ရှူနေသည်။

 

ခင်ပွန်း ဖြစ်သူ အိမ်ပြန် ရောက်မလာ၍ ဗီးရာ အိုက်မန် စိုးရိမ်ပူပန်လာခဲ့လိမ့်မည်ဟု သူ အသေအချာ ယုံကြည်ထားသော်လည်း သူမ၏ ပထမဆုံး ပေါ်လာသော အတွေးထဲတွင်မူ ပြန်ပေးဆွဲ ခံရနိုင်သည်ဟူ၍ ပေါ်လာချင်မှ ပေါ်လာပေမည်။ တနေရာရာတွင် မတော်တဆ ထိခိုက်ဒဏ်ရာရကာ ဆေးရုံရောက်နေသည်ဟုသာ ပို၍ တွေးထင်မိပေလိမ့်မည်။ သူမသည် ရဲစခန်းသို့ ချက်ချင်းသွားလိမ့်မည်ဟုလည်း သူ မယုံကြည်ပေ။

 

"ကလဲမင့် က မကြာခဏ မူးတတ်လား" ဟု ရဲစုံစမ်းစစ်ဆေးသူတဦးဖက်မှ မေးလာမည့် အမေးမျိုးကို ဝင်ရောက်ခံစားကာ "ရန်ပွဲတွေ ဖြစ်ဖူးတာလား။ အငြင်းပွားစရာတွေ ရှိခဲ့သလား။ တခြားအမျိုးသမီးတယောက်ယောက်နဲ့ ပတ်သက်နေတာများလား။" အစရှိသဖြင့် ဟာရယ်က ထွက် ပေါ်လာနိုင်သည့်မေးခွန်းများကို စဉ်းစားရင်း ဗီးရာကြောင့် စိုးရိမ်စရာမရှိဟု ဟာရယ်က ဆုံးဖြတ်လိုက်သည်။

 

သူမအနေဖြင့်လည်း ရဲအဖွဲ့အား မိမိခင်ပွန်း တကယ်တမ်း ဘယ်သူဘယ်ဝါ ဖြစ်သည် ဆိုသည့် အတိတ်သမိုင်းကို ထုတ်ဖော်ပြသဝံ့မည် မဟုတ်ပေ။ ထိုသို့လုပ် မည် ဆိုက သူမဖက်မှ ခင်ပွန်းဖြစ်သူအား ရှာဖွေပေးပါရန် မေတ္တာရပ်ခံချက်မှာ လုံးဝဥဿုံ လျစ်လျူရှုခံရမည်မှာ သေချာသလောက် ရှိနေသည်။

 

လူပျောက် တ်ိုင်ခံရသည့် အခါတိုင်း ကမ္ဘာတဝှမ်းရှိ ရဲများ ပြောလေ့ပြောထ ရှိသလိုပင် ယောက်ျားဆိုသည်က ထိုကဲ့သို့ ပျောက်ကွယ်သွားတတ်ပြီး ပြန်‌ ရောက် လာတတ်ကြသည်ဖြစ်ရာ အိမ်ကိုလွမ်းဆွတ်သည့်စိတ်ကြောင့် သူပြန်လာမည့်အချိန်အထိ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေရန်သာ သူမအား နောက်ဆုံးတွင် ပြောဆိုကြလိမ့်မည်။" 

 

ထို့အပြင် ဗီးရာ အိုက်ခ်မန်း က သူမ၏ခင်ပွန်းသည် နာမည်ဆိုးဖြင့်ကျော်ကြားသော စစ်ရာဇဝတ်ကောင် အဒေါ့ဖ် အိုက်ခမန်း ဖြစ်ကြောင်း သာ အာဏာပိုင်များကို မိုက်ရူးရဲ ဆန်ဆန် သွားရောက်ပြောပြခဲ့ပါက ထိုသတင်းသည် တမဟုတ်ချင်း ကမ္ဘာတဝှမ်းသို့ ပျံ့နှံ့သွားလိမ့်မည်။

 

 ခင်ပွန်းဖြစ်သူကို ကယ်တင်ပေးမည့်အစား သူသည် အာဂျင်တီးနားနိုင်ငံတွင် အသက်ရှင်လျက် ရှိနေကြောင်းကို တကြိမ်တည်းနှင့် အပြီးအပိုင် အတည်ပြုပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုသို့ တွေးလာမိ၍ ဟာရယ်လ် က အာဂျင်တီနား ရဲ အဖွဲ့က အပူတပြင်း လိုက်လံ ရှာ‌ ဖွေ ဖို့က မည်သို့မျှ မဖြစ်နိုင်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဗီးရာ အိုက်ခ်မန်း သည် ရဲစခန်းသို့လည်း ဘယ်သောအခါမျှ သွားရောက်မည် မဟုတ်ပေ။ သို့သော် ဒေသတွင်းရှိ နာဇီအုပ်စုများကမူ အဒေါ့ဖ် အိုက်ခ်မန်းကို ကယ်တင်ရန်အတွက် ၎င်းတို့တတ်စွမ်းသမျှ အရာရာကို လုပ်ဆောင်ကြ ပေ လိမ့်မည်။

 

အီဆာ ဟာရယ်သည် ထိုကဲ့သို့ သော အတွေးများ နှင့် အယ်လ်အယ်လ် (El Al) လေကြောင်းလိုင်း၏ အမှတ် ၆၀၁ လေယာဉ် ဆိုက်ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေချိန်တွင်ပင် အက်စ်အက်စ် (SS) လျှို့ဝှက်တပ်ဖွဲ့ဝင်ဟောင်းများ၏ ကွန်ရက်တစ်ခုက စတင် လှုပ်ရှား နေပြီဖြစ်သည်။ 

 

ဗီးရာ အိုက်ခမန်း နှင့် သူမ၏ အငယ်ဆုံးသား ရီကာဒို တို့ကို ဂါရီဘယ်ဒီလမ်းရှိ အိမ်မှ ခေါ်ထုတ်သွားကြပြီး စိတ်ချရအောင် လျှို့ဝှက်နေရာတခုတွင် ထားခဲ့ကြသည်။

 

"အဖေရဲ့ အခြားမိတ်ဆွေတယောက်လည်းဖြစ်၊ အက်စ်အက်စ် (SS) လည်းဖြစ်တဲ့သူက ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေအားလုံးမှာ စောင့်ကြည့်ရမယ့် ကွန်ရက်တခုကို စီစဉ်ဖွဲ့စည်းပေးခဲ့တယ်။ ဘယ်လေဆိပ်မှ၊ ဘယ်ဆိပ်ကမ်းမှ၊ ဘယ်မီးရထားဘူတာရုံမှ၊ ကျွန်ုပ်တို့လူတွေ မစောင့်ကြည့်ဘဲနဲ့ ချန်ထားခဲ့တဲ့ နေရာ ဆိုလို့ ဘာမှမရှိဘူး" ဟု နစ်ခ် အိတ်ချ်မန် က နောက်ပိုင်း ငါးနှစ် အကြာတွင် ဂျာမန်သတင်းထောက်တဦးအား ခပ်ကြွား ကြွားပြောဆိုခဲ့သည်။

 

အာဂျင်တီးနားနိုင်ငံရှိ လက်ယာစွန်း လူမျိုးရေးဝါဒဖြန့်၊ တိုက်ခိုက် နေသည့် အဖွဲ့အစည်းတခုဖြစ်သည့် တာကူရာ ထံမှလည်း အကူအညီများ ရရှိလာခဲ့သည်။ ၎င်းတို့၏ အဖွဲ့ဝင်များသည် နာဇီတို့ နှုတ်ဆက်သည့် ပုံစံဖြင့် တဦးကိုတဦး နှုတ်ဆက်ကြပြီး အဒေါ့ဖ် ဟစ်တလာနှင့် သူ၏ ဖက်ဆစ်ဝါဒများကို ကိုးကွယ်ကြသည်။ အဖွဲ့ဝင်များမှာ ကတ်သလစ်ဘာသာဝင်များနှင့် ကွန်မြူနစ်ဆန့်ကျင်ရေးသမားများသာ ဖြစ်ကြပြီး အာဂျင်တီးနားနိုင်ငံအား "နိုင်ငံရေးသမားများ ကင်းစင်သော၊ လူထုကို သွေးထိုးလှုံ့ဆော်သူများ ကင်းစင်သော၊ နှင့် ဂျုး လူမျိုးများ ကင်းစင်သော" နိုင်ငံတခုအဖြစ် ပြန်လည်ဖန်တီးရန် ရည်မှန်းချက်ထားကြသူများ ဖြစ်သည်။

 

ထို့အပြင် အစ္စရေးကို ကမ္ဘာမြေပုံပေါ်ကနေ ပျောက်ကွယ်သွားအောင် ဖယ်ရှားပစ်ဖို့ စိတ်ပိုင်းဖြတ်ထားကြသည့် အဖွဲ့အစည်းတခုဖြစ် သော ဗျုနိုအေရိစ် ရှိ အာရပ်လိဂ်နှင့်လည်း မဟာမိတ်ဖွဲ့ထားကြသည်။ ရောမမြို့က ပုပ်ရဟန်းမင်းကြီး ပိုင်းယပ်စ် ကလည်း တာကူအာရာ အဖွဲ့ ပျံ့ပွားအောင် လုပ်နေသည့် လူမျိုးရေးမုန်းတီးမှုများကို သိရှိသွားခဲ့ပြီးကက်သလစ် ဂိုဏ်းဝင် ဘုန်း တော် ကြီးတပါးကို ဂျူးလူမျိုးရေးဆန့်ကျင်သည် ၎င်းတို့၏ စကားအသုံးအနှုန်းများကို လျှော့ချဖို့ အမိန့်ပေးခဲ့သည်။ 

 

ထို့ကြောင့်လည်း ဒီယက်တာ နှင့် နစ်ခ် အိုက်ခမန်း တို့သည် ဖခင်ကို ရှာဖွေဖို့အတွက် အက်စ်အက်စ် (SS) တပ်ဖွဲ့နှင့် တာကူအာရာ အဖွဲ့တို့နှင့် ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ ဖခင်အား ဗျုနိုအေရိစ် တနေရာရာ၊ အထူးသဖြင့် ဂျုး ဘုရား ဝတ်ကျောင်းတခု၏ မြေအောက်ခန်းထဲတွင် ဝှက်ထားကြလိမ့်မည်ဟု ယုံကြည်နေကြသည်။ ညစဉ်လိုလို အိပ်ချိန်အနည်းငယ်သာ ချန်လှပ်ပြီး တမြို့လုံး အနှံ့ အသည်းအသန် လိုက်လံစုံစမ်း ရှာဖွေခဲ့ကြသည်။

 

မြို့‌ တော် ဗျုနိုအေရိစ် တွင်တော့ နှစ် ၁၅၀ မြောက် လွတ်လပ် ရေး နေ့ နှစ်ပတ်လည် အထိမ်းအမှတ် ပွဲတော်ကျင်းပရေး အခမ်းအနားများ နှင့် ရှုပ်ထွေးနေချိန်ဖြစ်၍ စိတ်အားထက်သန်စွာ နှင့် ဖခင် ဖြစ်သူအား အသည်းအသန် ရှာဖွေနေသည့် လူငယ် လေးများကို မည်သူကမှ သတိမထားမိခဲ့ကြ‌ ပေ။ “သူ အာဂျင်တီးနားနိုင်ငံကနေ ထွက်မသွားသေးဘူးဆိုတာကို ကျွန်တော်တို့ အသေအချာ သိခဲ့ကြတယ်” လို့ နစ်ခ် အိုက်မန်က နှစ်ပေါင်းများစွာ ကြာတဲ့အခါ ၎င်းတို့ ရှာဖွေခဲ့ပုံ ကို ပြန်ပြောင်း ပြောပြခဲ့ကြသည်။

 

**************

 

၁၉၆၀ ပြည့်နှစ် မေလ ၁၉ ရက် ညနေခင်းအချိန်တွင် အစ္စရေး လေကြောင်းလိုင်း (El Al) ၏ တီးတိုးပြောဆိုနေသော လူ့ဘီလူးကြီး ဟု နာမည် ပြောင် ပေးထားသော လေယာဉ်ခရီးစဉ်အမှတ် ၆၀၁ ပါ ဗစ်တေးနီးယား turboprop လေယာဉ်သည် ဗျုနို အေရိစ် မြို့ရှိ အီဇီဇာ လေဆိပ်သို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။ အဆိုပါ လေယာဉ် သည် အစ္စရေးနိုင်ငံ တယ်လ်အဗီမြို့မှ ထွက်ခွာလာကာ ရောမမြို့၊ ထိုမှတဆင့် ဆီနီဂေါနိုင်ငံ ဒါကာမြို့၊ ထို့နောက် အာဖရိကတိုက်မှ အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်၍ ဘရာဇီးနိုင်ငံ ကမ်းရိုးတန်းလေဆိပ်ဖြစ်သော ရာဆီဖီ မြို့ရှိရာ အနောက်ဘက်သို့ ဦးတည်ပျံသန်းလာခဲ့ခြင်း ဖြစ်သည်။

 

ယခုခရီးစဉ်သည် လေယာဉ်အဖွဲ့သားများ အားလုံး တောင်အမေရိကတိုက်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ ခေါင်းဆောင် လမ်းကြောင်းပြ ရှောလ် ရှောလ်အသုံးပြုရန် အတွက် လမ်းကြောင်းပြမြေပုံများကို ဤခရီးစဉ်အတွက် သီးသန့်ရည်ရွယ်၍ နယူး ယောက်တွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ 

 

ရာဆီဖီမြို့တွင် လေယာဉ်ဆီဖြည့်ရန် ရပ်နားချိန်အတွင်း လေယာဉ်မှူးနှစ်ဦးမှာ တောင်အမေရိက ဗျူရိုကရေစီယန္တရား၏ ထူးဆန်း အံ့သြဖွယ်ရာများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပျံသန်းခွင့် ပါမစ် လိုင်စင်ကိစ္စအားလုံးကို စနစ်တကျစီစဉ်ထားခဲ့သော်လည်း လေကြောင်းထိန်းသိမ်းရေး အရာရှိတဦးက ဘရာဇီးလေပိုင်နက်ကို ဖြတ် ကျော် ပျံသန်းခွင့်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့သဖြင့် ခဏတာမျှ ရပ်နားရမည့် ကိစ္စလေးမှာ စိတ်ပျက်စရာကောင်းလောက်အောင် ကြန့်ကြာသွားခဲ့ရသည်။

 

သုံးနာရီကြာမြင့်ပြီး ငွေကြေး အမြောက်အမြား လာဒ် ထိုး ခဲ့ရပြီး နောက်တွင်မှ အစ္စရေးလေယာဉ်သည် ကောင်းကင်ယံသို့ ပြန်တက်လာ နိုင်ခဲ့သည်။

 

ဗျူနို အေရိစ် မြို့ သို့ ဆင်းသက်စဉ် လေယာဉ်အဖွဲ့သားများသည် တောင်အမေရိကတိုက်သားတို့၏ စဉ်းစားတွေးခေါ်ပုံနှင့် ပတ်သက်၍ ဒုတိယ အကြိမ် မြောက် သင်ယူ ခွင့် ရခဲ့ကြပြန် သည်။ အာဂျင်တီးနား လေကြောင်းထိန်းသိမ်းရေးစခန်းက ၎င်းတို့အား ဆင်းသက်ရန် ညွှန်ကြားချက်များကို ပေ (feet) အစား မီတာ (meters) ဖြင့် ပေးခဲ့သည်။ “အမြင့် ၂,၀၀၀ သို့ ရောက်သောအခါ” လေယာဉ်ကို အလျှားလိုက် အနေအထားဖြင့် တန်းတန်းမတ်မတ် ထိန်းပျံရန် ညွှန်ကြားခံရသဖြင့် လေယာဉ်အဖွဲ့သားများမှာ တိမ်တိုက်များကြားတွင် သစ်ပင်ထိပ်ဖျားကို မြင်လိုက်ရမှသာ အံ့သြထိတ်လန့်သွားကြသည်။

 

ချက်ချင်းဆိုသလို အသက်အန္တရာယ်က စက္ကန့်ပိုင်းသာ လိုတော့သည်။ ထိတ်လန့်နေကြသော လေယာဉ်မှူးများက အမြင့်ပေကို ပြန်လည်ရယူရန်အတွက် လေယာဉ်ခေါင်းကို အမြန်ဆွဲတင်လိုက်ကြရာမှ ပျက်ကျမည့်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။ ထို့ကြောင့် အယ်လ်အယ်လ် (El Al) လေယာဉ် အမှတ် ၆၀၁ သည် ဗျူနို အေရိစ်မြို့သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီးနောက် ပင်ပန်းနွမ်းနယ်နေသော လေယာဉ်အဖွဲ့သားများသည် ၎င်းတို့အတွက် မဖြစ်မနေ အနားယူရမည့် ၂၄ နာရီကာလကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြတော့သည်။

 

သူတို့အတွက် အနားယူဖို့ အမှန်တကယ် လိုအပ် ပေလိမ့်မည်— ဗျူနို အေရိစ် မြို့သို့ ပျံသန်းရခြင်းက ခက်ခဲပင်ပန်းသကဲ့သို့ မနက်ဖြန်ညတွင် တဲလဗစ် မြို့သို့ ပြန်ရမည့်ခရီးက ပို၍ပင် ခက်ခဲနေဦးမည် ဖြစ်သည်။

 

***********