The Starfish and Spider (4)

by Hla Soewai - Aug 24 2026

MGM ရဲ့ အမှား နှင့် အပါချီ တို့၏ နက်နဲဆန်းကြယ်မှု

 

တရားရုံးချုပ် အဝင် စကျင်ကျောက်လှေကားထစ်များပေါ်မှာတင် ဒွန် ဗီရယ်လီ က ရှန်ပိန်ပုလင်းကို ဖောက်လိုက်ချင် နေမိသည်။ — သူ့ဖက်က လျှောက်လဲချက်ပေးရတော့မည့် အမှုက နိုင်ဖို့ သေချာနေ၍ ဖြစ်သည်။ 

 

အချိန်ကား ၂၀၀၅ ခုနှစ် မတ်လနှောင်းပိုင်း ဖြစ်ပြီး၊ ဗီရယ်လီတယောက် ကမ္ဘာပေါ်တွင် အပျော်ဆုံးလူသား ဖြစ်လာ‌ ပေတော့မည်။ ဗီရယ်လီ အား လူတိုင်းက ဘေးတွင် အမြဲရှိစေချင်ကြသည့် ရှေ့နေမျိုး ဖြစ်သည်။ သူသည် နာမည်ကျော် Columbia Law Review ၏ အယ်ဒီတာချုပ်ဟောင်းတစ်ဦး ဖြစ်သလို တရားသူကြီး ဝီလျံ ဘရန်နန် ၏ လက်ထောက်ရှေ့နေလည်း ဖြစ်ခဲ့သည်၊ တရားရုံးချုပ်သို့ တက်လာသည့် အမှုကြီး များကို ရှုံးပွဲ မရှိ အနိုင်ယူတတ်သူတဦး ဖြစ်သည်။ 

 

တကယ်လည်း ထူးချွန်ပြောင်မြောက်သူတဦး ဖြစ်သည်။ သူ၏ အဖွဲ့ထဲတွင် ကလင်တန် သမ္မတရာထူးမှ အရေးယူခံရမှုနှင့် မွန်နီကာ လီဝင်စကီး အရှုပ်တော်ပုံတို့နှင့် ဟိုးလေး တကျော်ကျော် ဖြစ်လာသည့် ကန် စတား နှင့် ကလင်တန်ဘက်ကနေ ခုခံကာကွယ်ပေးခဲ့သည့် ဒေးဗစ် ကန်ဒေါလ် တို့လို ထိပ်သီးပုဂ္ဂိုလ်များ ပါဝင် နေသည်။ ထိုကဲ့သို့သော ရှေ့ နေများ ပါဝင်သည့် အဖွဲ့နှင့် မည်သူကများ ထိတ်တိုက် ရင်ဆိုင် တွေ့လို ကြပေမည်နည်း။

 

ဗီရယ် လီနှင့် အဖွဲ့အား ဧရာမ ရုပ်ရှင် ကုမ္ပဏီကြီးတခုဖြစ်သည့် MGM မှ ငှားရမ်းထားခြင်း ဖြစ်သည်။ ကိုလံဘီယာ၊ ဒစ္စနီ၊ ဝါနာဘရားသားစ်၊ အတ္တလန်တစ် ဓါတ်ပြား ကုမ္ပဏီ၊ ကပ္ပီတို ဓါတ်ပြား ကုမ္ပဏီ၊ အာစီအေ၊ ဘီအမ်ဂျီ၊ ဆိုနီနှင့် ဗာဂျင်း ဓါတ်ပြား ကုမ္ပဏီကြီးများပါ MGM နှင့် ပူးပေါင်းလာခဲ့ကြသည်။ 

 

၎င်းတို့သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ရှေ့နေများ ထုတ်သုံးလာရ၍ ပြဿနာက မည်မျှ ကြီးမား နေသည် ဆိုသည်ကို သဘောပေါက် နိုင်ပေသည်။ ထိုသို့သော ကုမ္ပဏီကြီးများက အတော်ဆုံး ရှေ့နေ များကို စုစည်း၍ နိုင်ငံ၏ အမြင့်ဆုံး တရားရုံးတော် တွင် လာရောက် စုဝေးကြသည်က ကျွန်ုပ်တို့ အများစု တခါမျှ မကြားဖူးကြသည့် ကုမ္ပဏီငယ်လေးတစ်ခုဖြစ်သော ဂရော့စတာ (Grokster) ကို တိုက်ခိုက်ဖို့ပင် ဖြစ်သည်။

 

Grokster ဆိုသည်မှာ P2P (ပီးယာ-တူး-ပီးယား) ဝန်ဆောင်မှုဟု ခေါ်ဆိုကြသည့် စနစ်တခု ဖြစ်ပြီး သုံးစွဲ သူတို့အား အင်တာနက်ပေါ်မှတစ်ဆင့် ဂီတနှင့် ရုပ်ရှင်ဖိုင်များကို ခိုးယူ မျှဝေရန် ခွင့်ပြုထားသည်။ အဆိုပါဝန်ဆောင်မှုသည် အသုံးပြုရ လွယ်ပြီး လုံးဝအခမဲ့ ဖြစ်နေခြင်း တို့ကြောင့် တကမ္ဘာလုံးရှိ လူအများ သည် ဘရစ်တနီ စပီးယား ၏ နောက်ဆုံးထွက် အယ်ဘမ်မှစ၍ ရုပ်ရှင်ရုံတင်ဇာတ်ကား အသစ်စက်စက်များအထိ အရာရာကို ပျော်ပျော်ရွှင်ရွှင် မျှဝေကုန်ကြသည်။ Star Wars Episode III: Revenge of the Sith ရုပ်ရှင်ရုံများတွင် တင်ဆက်သည့်နေ့ချင်းပင် P2P ကွန်ရက်များပေါ်၌ အခမဲ့ ပေါ်ထွက်လာခဲ့သည်။

 

တခုတည်းသော အတားအဆီး မှာ ဤပါဝင်သည့် အကြောင်းအရာများ အားလုံးတွင် မူပိုင်ခွင့် လိုင်စင်မရှိခြင်းပင် ဖြစ်သည်။ Groksterကို အသုံးပြုသူများသည် အနှစ်သာရအားဖြင့် ဂီတများကို ခိုးယူနေကြခြင်း ဖြစ်သည်။ 

 

ကျွန်ုပ်တို့သည် တက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာနများ၏ မြေအောက်ခန်း တ နေရာရာ တွင် ထိုင်နေကြသည့် ဟက်ကာအချို့အကြောင်းကို ပြောနေခြင်းမဟုတ်ပေ။ ရပ်ကွက် ထဲ တွင် နေထိုင်ကြသော သာမန်ပြည်သူများအကြောင်းကို ပြောနေခြင်း ဖြစ်သည်။ 

 

တကယ်တမ်းတွင် ကွန်ပျူတာသုံးစွဲခွင့်ရှိသည့် အသက် (၁၈) နှစ်မှ (၂၄) နှစ်ကြား လူငယ်တိုင်းကိုသာ မေးကြည့်မည်ဆိုပါက Grokster ကဲ့သို့ ဝန်ဆောင်မှုမျိုးကို အသုံးပြုဖူးကြလိမ့်မည်မှာ သေချာသလောက်ပင် ရှိသည်။ ၂၀၀၅ ခုနှစ် ဧပြီလ တလတည်းတွင်ပင် အမေရိကန်ပြည်ထောင်စု တနိုင်ငံတည်း တွင်ပင် P2P အသုံးပြုသူ ၈.၆၃ သန်း ရှိခဲ့သည်ဟု ခန့်မှန်းရပေသည်။

 

အမေရိကန်နိုင်ငံမှာ လူငယ်တွေကြား ထိုမျှ အထိ အချင်းချင်း အပြန်အလှန် မျှဝေဖလှယ်ကြခြင်းမျိုးအား ၁၉၆၈ ခုနှစ် အတွင်း ဟစ်ပီ တို့၏ “Summer of Love” ကာလကတည်းက မတွေ့ရသလောက် ဖြစ်ခဲ့သည်။ ထိုကဲ့သို့ အပြန်အလှန်မျှဝေမှုများ တဖြည်းဖြည်း ကြီးထွားလာခြင်းသည် ရုပ်ရှင်နှင့် အသံသွင်းတေးဂီတလုပ်ငန်းများအတွက် ပြဿနာကြီး ဖြစ်လာ ခဲ့သည်။

 

MGM နှင့် အခြားရုပ်ရှင်၊ တေးဂီတကုမ္ပဏီများသည် ၎င်းတို့၏ ဂီတနှင့် ရုပ်ရှင် များကို ကမ္ဘာတဝန်း လွတ်လပ်စွာ ပျံ့နှံ့သွားအောင် မဟုတ်၊ အမြတ်အစွန်းရရှိဖို့ ရည်ရွယ် လုပ် ဆောင် နေခြင်းဖြစ်သည်။ ထိုသို့ သီချင်းများကို အပြန်အလှန် ကူးယူမျှဝေကြခြင်း ကြောင့် ၎င်းတို့၏ အမြတ်အစွန်း သည် သိသိသာသာ ထိခိုက်လာခဲ့ပြီ ဖြစ်သည်။

 

မည်မျှ အတိုင်းအတာ အထိ ထိခိုက် နေသည်ကို ဗီရယ်လီ ထံမှ မကြာခင် သိရတော့မည်ဖြစ်သည်။

 

ဗီရယ်လီ သည် အမှုကို ရုံးတော်တွင် လျှောက်လဲနေစဉ် တရားသူကြီး ဘရေယာ က ကြားဖြတ်မေးခွန်းထုတ်လိုက်သည်။ သူ့အမြင်တွင် ဆင်ကြီးတကောင်သည် ကြွက်သေးသေးလေး တကောင်ကြောင့် အပိုင်းပိုင်း ပြတ် ပြိုလဲသွားသလို ဖြစ်နေသည်ဟု မြင်ယောင်နေပုံရသည်။

 

အဓိကအားဖြင့် သူမေးလိုက်တာက—

“ဒီကိစ္စက ဘာများ ဒီလောက်အရေးကြီးနေတာလဲ?”

ဟူသည့်သဘောပင် ဖြစ်သည်။

 

သူက ဗယ်ရီလီ ကို— “ဒါက ဆန်းသစ်တီထွင်မှု မျိုးပဲ။ တေးဂီတလုပ်ငန်းမှာလည်း ပြဿနာတွေ ရှိတယ် ဆိုပေမယ့် ဒီလုပ်ငန်းက ဆက်ပြီး အောင်မြင်နေတာပဲ၊ စီးပွားဖြစ်လည်း ရှင်သန်နေတာပဲ မဟုတ်လား စသဖြင့်…”ပြောဆိုခဲ့သည်။

 

ဗယ်ရီလီ သည် သူ၏ လျှောက်လဲချက် အဆုံးသတ်ပိုင်းအထိ ထို အ ကြောင်းကို ချန်လှပ်ထားခဲ့သည်။ သူကိုယ်တိုင် ကိုယ်စားပြုပြောဆိုနေရသည့် ပြဿနာကြီး မှာ အကြောင်းမဲ့ ထိတ်လန့်နေခြင်းမဟုတ်ကြောင်း သူ ကောင်းကောင်းသိထားသည်။ ထိုသို့ စိုးရိမ်ဖွယ်ကောင်းလောက်အောင် ကြောက်ရွံ့နေရခြင်းအတွက် ခိုင်လုံသော အကြောင်းပြချက်များ ရှိနေပေသည်။ 

 

"တရားသူကြီး ဘရေးယားခင်ဗျား၊" ဟု ဗယ်ရီလီက တောင်းပန်သံပါပါဖြင့် လျှောက်လဲခဲ့သည်— "အမှန်တရားတွေကတော့ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါပြီ၊ ဆိုလိုတာက ဒီလို ခိုးယူမှု တွေ စတင်ပေါ်ပေါက်လာကတည်းက အသံသွင်းလုပ်ငန်းကြီးအနေနဲ့ ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို စံချိန်တင် ဆုံးရှုံးခဲ့ရပါပြီ။"

 

နှစ်ဆယ့်ငါး ရာခိုင်နှုန်း ဆိုသည်ကပင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေရန် လုံလောက်သော အကြောင်းရင်းတခုပင် ဖြစ်ပေတော့သည်။

 

တရားရုံးချုပ်တွင် မရောက်မီ ငါးနှစ်အလိုကတည်းက ထို အရှူပ်အထွေးကြီး စတင်ခဲ့ခြင်းဖြစ်သည်။ အမည်မသိ ကောလိပ်ပထမနှစ် ကျောင်းသားတဦးသည် Tower Records ဆိုင်သို့ သွားရန် ပျင်းရိ နေရာမှ အစပြုခဲ့သည်။ ပျင်းရိသည်ဟု ဆိုရမည်လား၊ မောက်မာသည်ဟု ဆိုရမည်လား၊ သူသည် တေးဂီတများကို ပိုက်ဆံ မပေးရဘဲ အလကား ရယူလိုခဲ့သည်။ 

 

သူငယ်ချင်းများက "နပ်စတာ" Napster ဟု ပြက်လုံးထုတ် ခေါ်ကြသော အသက် (၁၈) နှစ်အရွယ် ရှောင်ဖန်နင်း သည် သူ၏ အဆောင်ခန်းထဲမှနေ၍ ကုမ္ပဏီတခုကို စတင် တည်ထောင်ခဲ့သည်။

 

လူများ သည် ဗဟိုဆာဗာတစ်ခုသို့ အကောင့်ဝင်ရောက်ကာ ကမ္ဘာတစ်ဝန်းရှိ အခြားသူများနှင့် ဖိုင်များကို မျှဝေခြင်းဖြင့် နပ်စတာကို အသုံးပြုခဲ့ကြသည်။ လူတိုင်းက ဤတီထွင်မှုကို အလွန်နှစ်သက်ကြပြီး မနက်ဖြန်ဆိုတာ မရှိတော့သကဲ့သို့ ဖိုင်များကို အပြေးအလွှား လဲလှယ်ဖလှယ်ခဲ့ကြသည်။ သေချာသည်မှာလည်း နပ်စတာအတွက် ရစရာ မနက်ဖြန်ဟူ၍ ကြီးကြီးမားမား မရှိခဲ့ပေ။ တေးသံသွင်း ကုမ္ပဏီကြီးများက နပ်စတာကို တရားစွဲဆိုကာ ချက်ချင်းပင် တုန့်ပြန်လာကြသည်။

 

အမေရိကန် ပြည်သူ့လွတ်မြောက်ရေးသမဂ္ဂ (ACLU) ကဲ့သို့သော အုပ်စုများက ဤတရားစွဲဆိုမှုသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကန့်ကွက်ခဲ့ကြခြင်းမှာ မဆန်းလှသော်လည်း တရားရုံးများကမူ ထိုသို့ ပြောဆိုလာမှုကို လက်မခံခဲ့ကြပေ။ ထို့ပြင် ကျောင်းဝင်းထဲတွင် ရန်ဖြစ်ရာ၌ ရှုံးနိမ့်သွားကြသော ကလေးငယ်များကဲ့သို့ "ငါတို့ မင်းကို လက်စားချေမယ်— မင်းအတွက် ပိုတောင် ဆိုးလာဦးမယ်ဟေ့" ဟု ကြိမ်းဝါးကြသည့် ရေတွက်၍မရနိုင်သော ဒေါသထွက်နေကြသည့် ဟက်ကာ များကိုလည်း မည်သူကမျှ အထူးတလည် အာရုံမစိုက် ခဲ့ ကြပေ။

 

၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တရားရုံးက တရားစွဲဆိုသော ကုမ္ပဏီများ အား အနိုင်ပေးဆုံးဖြတ်ခဲ့သည်။ ၂၀၀၃ ခုနှစ် ဇွန်လတွင် နက်စတာသည် ဒေဝါလီခံကြောင်း ကြေညာခဲ့ရပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ၎င်း၏ ကုန်အမှတ်တံဆိပ်နှင့် ဉာဏပစ္စည်းမူပိုင်ခွင့်များကို Roxio, Inc. ထံသို့ အလွန်ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချခဲ့သည်။