ဂေါ်ကီ ၏ အမေ(75)

by Hla Soewai - Aug 17 2026

"ဘူမိဗေဒတဲ့လား—အဲဒါ ဘာကြီးလဲ" ဟု ရီဖင်က ရေရွတ် လိုက်၍ ပါဗယ်က ရှင်းပြလိုက်သည်။

 

"ကျွန်တော် တို့အတွက် အဲဒါတွေ မလိုပါဘူး!" ဟု 

ရီဖင်က စာအုပ်ကို စင်ပေါ်သို့ ပြန်တင်ရင်း ပြောလိုက်သည်။

 

ရိုင်ဘင်က အသံကျယ်ကျယ်ဖြင့် သက်ပြင်းချလိုက်ရင်းက - "လယ်သမားတွေအတွက်က မြေကြီးက ဘယ်ကရောက်လာသလဲဆိုတာထက် ဘယ်ကိုရောက်သွားသလဲ၊ မြေပိုင်ရှင်တွေက သူတို့ခြေ ထောက် အောက် ကနေ ဘယ်လိုလုယူသွားကြသလဲဆိုတာကိုသာ ပိုပြီး စိတ်ဝင်စားကြတယ်။ ကမ္ဘာကြီးက ငြိမ်နေသလား၊ လည်နေသလားဆိုတာ သူတို့အတွက် အရေးမကြီးပါဘူး— ကြိုးမှာဆွဲထားချင်လည်း ဆွဲထားလိုက်၊ ကောင်းကင်မှာ သံနဲ့ရိုက်ချိတ်ထားချင်လည်း ချိတ်ထားလိုက်ပေါ့— လူတွေကို ဝမ်းဝအောင် ကျွေးမွေးနိုင်ဖို့သာ လိုတာပါပဲ၊ ဝမ်းဝအောင်သာ ကျွေးနိုင်ရင် ကျန်တာ ဘာဖြစ်ဖြစ် အရေးမကြီးပါဘူး။"

 

"ကျွန်ုပ်တို့၏ သမိုင်း" ဟု ဆိုပါလားဟု ရီဖင်က အသံထွက်ဖတ်လိုက်ပြီး ပါဗယ်အားအား "ဒါ ကျွန်တော် တို့အကြောင်းလား" ဟု မေးလိုက်သည်။

 

"ဒီမှာက ရုရှား မြေယာ ကျွန် စနစ်အကြောင်း ရေးထားတာ ပါတယ်" ဟု ပါဗယ်က စာအုပ်တအုပ်ကို ထပ်ပေးရင်း ပြောသည်။ ရီဖင်က စာအုပ်ကိုယူ၍ လက်ထဲတွင် လှည့်ပတ်ကြည့်ပြီးနောက် ဘေးသို့ ဖယ်ချလိုက်ကာ အေးအေးလူလူပင် "ဒါတွေက ခေတ်ကုန်သွားပြီဗျ" ဟု ဆိုသည်။

 

"ခင်ဗျား တို့မှာ မြေယာခွဲဝေမှုနဲ့ ပတ်သက်ပြီး သတ်မှတ်ထား တာမျိုး ကော ရှိလား" ဟု ပါဗယ်က မေးလိုက်သည်။

 

"ကျွန်တော် တို့မှာလား။ အင်း ရှိတယ်။ ကျွန်တော် တို့က ညီအစ်ကို သုံးယောက် ရှိ‌ တော့ ဝေစုက ၁၀ ဧကခွဲလောက် ရှိတယ်— အားလုံး သဲမြေတွေချည်းပဲ— ကြေးဝါတိုက်ဖို့တော့ ကောင်းပေမဲ့ ပေါင်မုန့် စားရဖို့အတွက်တော့ အသုံးမကျပါဘူ ဗျာ"

 

ရီဖင်သည် စကား ကို ခဏ ရပ်လိုက်ပြီးနောက် ဆက်ပြောပြန် သည်–

"ကျွန်တော် မြေကြီးနဲ့ ကင်းအောင် ရုန်းထွက်ခဲ့ပြီ။ ဘာအသုံးကျလို့လဲ။ အဲဒါက မကျွေးမမွေးနိုင်ဘဲ လူကို ခြေချုပ် မိစေတယ်။ အခုဆိုရင် ကျွန်တော် သူရင်းငှားဘဝနဲ့ အလုပ်လုပ်နေတာ လေးနှစ်ရှိပြီ။ ဒီဆောင်းဦးမှာ စစ်မှုထမ်းရတော့မယ်။ 

 

အန်ကယ် မီခေးလ်က တော့ 'မသွားနဲ့' တဲ့၊ အခုဆို လူထုကို နှိမ်နင်းဖို့ စစ်သားတွေ လွှတ်နေတယ်' လို့ ပြောတယ်။ ဒါပေမဲ့ သွားမယ်လို့ပဲ ကျွန်တော် စဉ်းစားထားတယ်။ စစ်တပ်ဆိုတာ စတီပန် တီမိုဖယ်ယဲ့ဗ် ရာဇင်နဲ့ ပူဂါချော့တို့ လက်ထက်ကတည်းက ရှိခဲ့တာပဲ။ အခုတော့ အဲဒါတွေကို အဆုံးသတ်ရမယ့် အချိန်တန်ပြီ။ ခင်ဗျားရော အဲဒီလို မထင်ဘူးလား" ဟု ပါဗယ်ကို စူးစူးစိုက်စိုက် ကြည့်ရင်း သူက မေးလေသည်။

 

"အင်း၊ အချိန်တန်ပြီပေါ့" ပါဗယ်က ပြုံးပြီး ပြန် ဖြေ လိုက်သည်။

 

"ဒါပေမဲ့ ခက်တယ်။ စစ်သားတွေကို ဘာပြောရမယ်၊ ဘယ်လိုပြောရမယ်ဆိုတာ ခင်ဗျား သိဖို့လိုလိမ့်မယ်။"

 

"ကျွန်တော်တို့ သင်ယူကြမှာပေါ့၊ ဘယ်လိုပြောရမလဲဆိုတာလည်း သိလာမှာပါပဲ" ဟု ရီဖင်က ဆိုသည်။

 

"တကယ်လို့ အထက်လူကြီးတွေသာ ခင်ဗျားကို မိသွားရင် ပစ်သတ် ကြလိမ့်မယ်" ဟု ပါဗယ်က ရီဖင်ကို အကဲခတ် ‌သော အကြည့်ဖြင့် ဆက်ပြောလိုက်သည်။

 

"ဟုတ်တယ်၊ သူတို့ကတော့ ဘယ်လိုမှ ညှာကြမှာ မဟုတ်ဘူး" ဟု ထိုလယ်သမားက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောရင်း က စာအုပ်များကို ဆက် ကြည့်နေသည်။

 

"ဟေ့ ရီဖင် လက်ဖက်ရည်လာ သောက်၊ ငါတို့ မကြာခင် သွားရတော့မှာ၊" ဟု ရိုင်ဘင်က ပြောသည်။

 

"လာပြီ" ဟု ပြောရင်းက "တော်လှန်ရေးဆိုတာ သူပုန်ထတာပဲ မဟုတ်လား" ဟု ထပ်‌ မေး လိုက်ပြန်၏။ 

 

ထိုအချိန်တွင် အန်ဒရေသည် မျက်နှာနီမြန်းလျက်၊ ချွေးတလုံးလုံး ဖြင့် ဝင်လာသည်။ သူ့ကြည့်ရသည်မှာ စိတ်ဓါတ် ကျနေပုံရသည်။ ဘာစကားမှ မပြောဘဲ ရီဖင်ကို လက်ဆွဲနှုတ်ဆက်ကာ ရိုင်ဘင်၏ဘေးတွင် ထိုင်လိုက်ပြီး သူ့ကိုကြည့်၍ ပြုံးပြလိုက်သည်။

 

"ဘာပြဿနာရှိလို့လဲ။ ဘာလို့ ဒီလောက်တောင် စိတ်ညစ်နေရတာလဲ" ဟု ရိုင်ဘင်က သူ၏ဒူးကို ပုတ်၍ မေး၏။ 

 

"ဘာမှမဟုတ်ပါဘူး။" 

 

"ခင်ဗျားကလည်း အလုပ်သမားတစ်ယောက်ပဲလား" ဟု ရီဖင်က ရုရှား လေးကို ခေါင်းညိတ်ပြရင်း မေးလိုက်သည်။

 

 "ဟုတ်ပါတယ်၊" ဟု အန်ဒရေက ဖြေသည်။ 

 

"ဘာဖြစ်လို့လဲ။" 

 

"သူက စက်ရုံအလုပ်သမား ဆိုတာကို ခုမှ တွေ့ဖူးလို့လေ၊" ဟု ရိုင်ဘင်က ရှင်းပြသည်။ "သူတို့က တခြားလူတွေနဲ့ မတူဘူးလို့ သူက ပြောနေတာ။" 

 

"ဘယ်လို မတူတာတဲ့လဲ" ဟု ပါဗယ်က မေး၏။

 

ရီ ဖင်သည် အန်ဒရေးကို စေ့စေ့စပ်စပ် ကြည့်ပြီးနောက် - "ခင်ဗျား ရဲ့ အရိုးတွေက ငေါ ထွက် နေတယ်။ လယ်သမားတွေရဲ့ အရိုးကျတော့ ပိုဝိုင်းကြတယ်" ဟု ပြောလိုက်သည်။

 

"လယ်သမားက မြေပေါ်မှာ ပိုပြီး တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်တယ်" ဟု ရိုင်ဘင်က ဖြည့်စွက်ပြောသည်။ "သူက မြေယာကို မပိုင်ဆိုင်ပေမဲ့ မြေကြီးကို ခံစားသိရှိနိုင်တယ်။ ဒါပေမဲ့ စက်ရုံအလုပ်သမားကတော့ ငှက်တကောင်လိုပဲ။ သူ့မှာ အိမ်ရာဆိုတာ မရှိဘူး။ ဒီနေ့ ဒီမှာ၊ မနက်ဖြန် ဟိုမှာပေါ့။ သူ့ မိန်းမ တောင် သူ့ကို တနေရာတည်းမှာ စွဲစွဲမြဲ မြဲနေအောင် မလုပ်နိုင်ဘူး။ အကြောင်းအနည်းငယ် ရှိတာနဲ့ - နှုတ်ဆက်ပါတယ် မိတ်ဆွေရေ! ဆိုပြီး ပိုကောင်းတဲ့ နေရာ ရှာဖို့ ထွက်သွားရော။ ဒါပေမဲ့ လယ်သမားကတော့ ဘယ်မှမရွှေ့ဘဲ သူရှိတဲ့နေရာမှာတင် သူ့ကိုယ်သူ တိုးတက်အောင် လုပ်ချင်တယ်။ ကဲ... မောင်ရင့် အမေ ပြန်လာပြီ!" ဟု ပြောရင်း ရိုင်ဘင်သည် မီးဖိုချောင်ဘက်သို့ ထွက်သွားလေသည်။

 

ရီဖင်သည် ပါဗယ် နား ရောက်လာပြီး အားနာပုံရသည့် လေသံဖြင့် — "ကျွန်တော့် ကို စာအုပ်တအုပ်လောက် ပေးလို့ရမလား" ဟု မေး၏။

 

"ရတာပေါ့" ဆို၍ ထို လယ်သမား၏ မျက်လုံးများ အရောင်လက်သွားပြီး ကမန်းကတမ်း ပင် — "ကျွန် တော် ပြန်ပေးပါ့မယ်။ ဒီနားတဝိုက်ကို ကျွန်တော် တို့လူတွေ ကတ္တရာစေး လာပို့ကြတယ်။ သူတို့နဲ့ ပြန်ထဲ့ ပေးလိုက်မယ်။ ကျေးဇူးတင်ပါတယ်ဗျာ! ဒီခေတ်မှာ စာအုပ်တအုပ်ဆိုတာ ကျွန်တော် တို့အတွက်တော့ ညအချိန်မှာ ထွန်းထားတဲ့ ဖယောင်းတိုင် တတိုင်လိုပါပဲ"

 

အဝတ်အစားများ အသင့်ဝတ်ဆင်ပြီး ခါးပတ်ကို တင်းတင်းကြပ်ကြပ် ချည်ထားသော ရိုင်ဘင် ဝင်လာပြီး ရီဖင်အား — "လာ၊ ငါတို့ သွားဖို့အချိန်ကျပြီ" ဟု ပြော၏။

 

"ကဲ၊ အခုတော့ ကျွန်တော် မှာ ဖတ်စရာ ရှိသွားပြီ!" ဟု ရီဖင်က စာအုပ်ကို လက်ညှိုးထိုးပြကာ ပြုံးစိစိဖြင့် ပြောရင်း ထွက်သွားကြသည်။

 

"အဲ့ လူတွေကို မင်း သတိထားမိရဲ့လား"

 

"အ-အမ်း!" ဟု ရုရှားလေးထံက အသံထွက်လာသည်။ "နေဝင်ချိန် တိမ်တိုက်တွေလိုပဲ... ထူထဲမည်းမှောင်ပြီး ဖြေးဖြေး လေး ရွေ့လျားနေကြတယ်။"

 

"မိခေးလ်!" ဟု အမေက အာမေဍိတ်သံဖြင့် ဆိုလိုက်သည်။ "သူ့ကိုကြည့်ရတာ စက်ရုံထဲမှာ ဘယ်တုန်းကမှ မလုပ်ခဲ့ရဖူးတဲ့အတိုင်းပဲ! လယ်သမား တယောက်ပြန်ဖြစ်သွားတာများ။ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက် သလဲ!"

 

"မင်းဒီမှာ မရှိလိုက်တာ ငါစိတ်မကောင်းဘူး" ဟု ပါဗယ်က လက်ဖက်ရည်ခွက်ကို မျက်နှာမူကာ လေးလံ ထိုင်မှိုင်းစွာ ငေးကြည့်နေသော အန်ဒရေးကို ပြောလိုက်သည်။ 

 

"မင်းသာဆိုရင် နှလုံးသားတွေရဲ့ ကစားကွက်ကို မြင်တွေ့ခဲ့ရမှာပဲ။ မင်းက နှလုံးသားအကြောင်း အမြဲပြောနေတတ်တာကိုး။ ရိုင်ဘင်က အားတက်သရော ပြောဆိုသွားတာပဲ။

 

 သူ့ စကားတွေ က ငါ့ အတွက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်၊ ခြေမကိုင်မိလက်မကိုင်မိ အောင် တောင် ဖြစ်သွားတယ်။ ငါသူ့ကို ပြန်တောင် မပြောနိုင်ခဲ့ဘူး။ သူဟာ လူတွေအပေါ် ဘယ်လောက်တောင် သံသယဝင်တတ် နေသလဲ၊ လူတွေကို ဘယ်လောက်တောင် ဈေးပေါပေါနဲ့ သတ်မှတ်‌ နေလဲ! အမေပြောတာ မှန်တယ်။ အဲဒီလူမှာ ကြောက်စရာ ကောင်းတဲ့ အစွမ်းသတ္တိတွေ ရှိနေတယ်"

 

"ငါသတိထားမိပါတယ်" ဟု ရုရှား လေးက မျက်နှာငယ်ဖြင့် ပြန်ပြောသည်။ "သူတို့က လူတွေရဲ့ ရင်ထဲကို အဆိပ်ခတ်ထားကြတာ။ တောင်သူလယ်သမားတွေသာ ထကြွလာကြပြီဆိုရင် ဘာတခုမှ မကျန်အောင် အကုန်လှန်လှောပစ်ကြလိမ့်မယ်! သူတို့လိုချင်တာက ဟင်းလင်း ဖြစ်နေတဲ့ မြေလွတ်မြေရိုင်း တွေပဲ၊ အဲဒီလိုမြေမျိုးဖြစ်အောင် အရာရာကို အစအနမကျန်အောင် ဖျက်ဆီးပစ်ကြလိမ့်မယ်။"

 

သူက စကားကို နှေးကွေးစွာ ပြောဆိုနေပြီး သူ၏စိတ်အစဉ်မှာ အခြား တနေရာရာသို့ ရောက်နေကြောင်း ထင်ရှား‌ နေသည်။