မက်မာတင် မူကြိုကျောင်း ကလေးသူငယ် လိင် အလွဲပြု ကျင့်မှု တရားခွင် (၃)
ကလေးငယ်များ၏ ထွက်ဆိုချက်များအရ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများသည် လယ်ယာခြံများ၊ ဆပ်ကပ် အိမ်များ၊တစိမ်းတရံစာ များ၏ အိမ်များ၊ ကားဆေးကြောသည့် နေရာများ၊ ပစ္စည်းသိုလှောင်ခန်းများနှင့် ဥမင်လိုဏ်ခေါင်းမှတဆင့် သွားလာနိုင်သည့် မက်မာတင် ကျောင်းရှိ “လျှို့ဝှက်ခန်း” တို့တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ကလေးငယ် တဦးက ဒေသတွင်း အင်္ဂလီကန်ဘုရားကျောင်းတခု၌ ဖယောင်းတိုင်ထွန်းညှိထားသော အခမ်းအနားတခုတွင် ဝတ်ရုံများနှင့် မျက်နှာဖုံးများ ဝတ်ဆင်ထားကြသော မက်မာတင် ကျောင်းဆရာများက တိရစ္ဆာန်များကို ယဇ်ပူဇော်နေသည်ကို ကြည့်ရှုခဲ့ရကြောင်း ပြောပြခဲ့သည်။ အဆိုပါ ကလေးသည် တရားလိုဘက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဘုရားကျောင်း အခမ်းအနားရှိ ကလေးများကို ယဇ်ပူဇော်ခံရသည့် တိရစ္ဆာန်များ၏ သွေးများကို သောက်သုံးခိုင်းခဲ့သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုအထဲတွင် အဆန်းကြယ်ဆုံးမှာ အခြား ကလေးငယ် တဦး၏ ထွက်ဆိုချက်ဖြစ်ပြီး၊ မက်မာတင် ကျောင်းဆရာများသည် ကျောင်းသားများကို သုဿန်တခုသို့ ခေါ်သွားခဲ့ကြပြီး ကလေးများအား ခက်ရင်းနှင့် ဂေါ်ပြားများကို အသုံးပြု၍ အခေါင်းများကို တူးဖော်ခိုင်းခဲ့ကြသည်ဟု ဆိုသည်။ ထိုကလေး၏ အဆိုအရ အခေါင်းများကို ဖွင့်ကာ မက်မာတင် ဆရာများက အလောင်းများကို ဓားများဖြင့် ခုတ်ထစ်ခဲ့ကြသည်။
ပဏမ စစ်ဆေးကြားနာပွဲတွင် ထူးဆန်းလွန်းလှ သော ထွက်ဆို ချက် များ ကြောင့် တရားလိုဘက် မှ ရှေ့ နေအချို့ပင်လျှင် ၎င်းတို့၏ အမှုနှင့်ပတ်သက်၍ သံသယများ ဖြစ်ပေါ်လာခဲ့ကြသည်။ တရားလိုရှေ့နေတစ်ဦးက “ကီ မက်ဖာလိန်း က ခြောက်လသားအရွယ် ကလေးတယောက်ကို သူ့အား လိင်အင်္ဂါ ပိုင်း အစော်ကားခံခဲ့ရတယ်လို့ ပြောတတ်အောင် လုပ်နိုင်တယ်” ဟု ပြောသည်ဟု သတင်းစာများက ကိုးကားဖော်ပြခဲ့ကြသည်။
နောက်ဆုံးတွင် ၎င်းတို့ ရှေ့လျောက်ကျင့်သုံးမည့် မဟာဗျူဟာကို ဆွေးနွေးရန် အစည်းအ ဝေး ခေါ်ယူခဲ့ရသည်။ ခရိုင်ရှေ့နေ (DA) ရုံးမှ အဖွဲ့ဝင် တဒါဇင်ကျော် တက်ရောက်ခဲ့ကြပြီး သက်သေအထောက်အထားများနှင့် ပတ်သက်သည့် အငြင်းပွားမှုများကို နားထောင်ခဲ့ကြသည်။ အဆုံးတွင် ခရိုင်ရှေ့နေရုံးသည် ရေး ဘပ်ကီ နှင့် ပက်ဂီ ဘပ်ကီ တို့မှလွဲ၍ ကျန်ရှိသော တရားခံအားလုံးအပေါ် စွဲဆိုထားသော စွဲချက်များကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။
ထိုအမှုအတွက် လော့စ်အိန်ဂျလိစ် ခရိုင်အနေဖြင့် ဒေါ်လာ လေးသန်း ခန့် ကုန်ကျခဲ့ပြီးဖြစ်သော်လည်း တရားရုံးတင် စစ်ဆေးခြင်းပင် မစတင်နိုင်သေးဘဲ ဖြစ်နေသည်။
တရားရုံးတွင် တရားစွဲဆိုမှု မစတင်မီ တရားသူကြီး ဝီလျံ ပေါင်း ဒါစ် ၏ တရားခွင်တွင် ပြဿနာ ကြီး တခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ မက်မာတင် အမှုနှင့် ပတ်သက်၍ မှတ်တမ်းတင်ဇာတ်ကား ရိုက်ကူးနေသည့် လွတ်လပ်သော ရုပ်ရှင်ထုတ်လုပ်သူတဦးကြောင့် ဖြစ်သည်။ ရုပ်ရှင်ထုတ်လုပ်သူများသည် ကယ်လီဖိုးနီးယားပြည်နယ် ရှေ့နေချုပ် ရုံးနှင့် တရားလို ဘက်မှ ရှေ့နေများထံသို့ မက်မာတင် အမှုစွဲဆိုသူ ရှေ့နေ ဂလင်း စတီဗင်စ် နှင့် ပြုလုပ်ခဲ့သည့် ဗီဒီယို အင်တာဗျူးခွေ မိတ္တူများကို ပေးအပ်ခဲ့သည်။ ထိုအင်တာဗျူးတွင် စတီဗင်စ်က ကလေးငယ်များသည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရသည့် ၎င်းတို့၏ ဖြစ်ရပ်များကို ချဲ့ကားပြောဆိုနေကြကြောင်း ဝန်ခံခဲ့သည်။ စတီဗင်စ်ကပင် "ကျွန်တော်တို့တရားရုံးမှာ ရှိနေစရာ တောင် လုံးဝ မလို တော့ဘူး" ဟုပင် ပြောခဲ့သည်။
ထို့အပြင် တရားလိုရှေ့နေများသည် အမှုတွင် တရားစွဲခံရသူများအတွက် အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖွယ်ရှိသော အချက်အလက်များကို ခုခံချေပမည့် ရှေ့နေများအား မပေးဘဲ ဖုံးကွယ်ထားခဲ့ကြောင်း သူက တိပ်ခွေပေါ်တွင် ဝန်ခံခဲ့သည်။ ၎င်းပြောသည့် သက်သေအထောက်အထားမှာ အမှု၏ မူလတရားလိုဖြစ်သူ ဂျူဒီ ဂျွန်ဆင် ၏ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှု အခြေအနေဆိုးကြီးနှင့် သက်ဆိုင်နေသည်။ ဖုံးကွယ်ထားခဲ့သော အထောက်အထားများအရ ဂျွန်ဆင်၏သားဖြစ်သူမှာလည်း ရဲတပ်ဖွဲ့၏ လူရွေးထုတ်ပြသရာတွင် ရေးဘက်ကီ ကို မှတ်မိခြင်းမရှိခဲ့ကြောင်း ဖော်ပြနေပြီး၊ ဤအချက်ကို ခုခံချေပမည့် ရှေ့နေများအနေဖြင့် လုံးဝ မသိရှိခဲ့ကြပေ။
အဆိုပါ ပေါ်ပေါက်လာသည့် အချက်အလက်များကို အခြေခံ၍ တရားခံဘက်မှ ရှေ့နေများသည် ရေးဘက်ကီနှင့် ပက်ကီဘက်ကီ တို့အပေါ် စွဲဆိုထားသော စွဲချက်အားလုံးကို ပ လပ် ပေးရန် တရားရုံးတွင် လျှောက်ထားခဲ့သည်။
တရားသူကြီးက တရားလိုဘက်မှ ရှေ့နေများကို ပြင်းပြင်းထန်ထန် ဆူပူ ကြိမ်း မောင်း ခဲ့သော်လည်း အဆိုပါ လျှောက်ထားမှုကို ပယ်ချခဲ့သည်။
ဂျူရီလူကြီး ရွေးချယ်ရေးသည်လည်း ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် ရွေးချယ်ခံရသော ဂျူရီလူကြီး ၁၂ ဦးတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၄ ဦး ပါဝင်သည်။ ဂျူရီလူကြီး နှစ်ဦးမှလွဲ၍ ကျန်ရှိသူအားလုံးသည် အနည်းဆုံး ကောလိပ်အထိ ပညာ သင်ကြားခဲ့ကြသူများ ဖြစ်ကြသည်။ ခုခံချေပမည့် ရှေ့နေများက ယခုရွေးချယ်လိုက်သော ဂျူရီလူကြီးအဖွဲ့အပေါ် စိတ်ကျေနပ်မှု ရှိကြောင်း ပြောဆိုခဲ့သည်။
ဤတရားခွင်သည် ပဏမ ကြားနာစစ်ဆေးမှု ကို အကျဉ်းချုပ်ပြန်လည်ဖော်ပြထားသည့် ပုံစံမျိုး ဖြစ် နေသည်။ တရားလိုဘက်က မက်မာတင် မိသားစုက ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုများ ကျယ်ကျယ်ပြန့်ပြန့် ကျုးလွန် ခဲ့ကြောင်း သက်သေပြရန် ကြိုးပမ်းခဲ့သည်။ တရားခံဘက်ကမူ ဖြစ်ရပ်တစ်ခုလုံးသည် CII မှ ကလေးများကို စိတ်အားထက်သန်လွန်းစွာနှင့် ဦးတည်ချက်ရှိရှိ လိုချင်သည့် အဖြေ ရအောင် စိတ်ကုထုံးပညာရှင်များ၏ မေးမြန်းသည့် နည်းစနစ်များ ကျင့်သုံးခဲ့ကြခြင်း ကြောင့် ထွက်ဆို လာခဲ့ခြင်းသာဖြစ်ကြောင်း သက်သေပြရန် ကြိုးပမ်းခဲ့သည်။
သို့သော် ယခုအကြိမ်တွင် တရားခံ ခုနစ်ဦးအစား နှစ်ဦးသာ ရှိတော့သည်။ စွဲချက်အရေအတွက်လည်း လျော့နည်းသွားခဲ့ပြီး ရှေ့နေများနှင့် သက်သေများလည်း နည်းပါးလာခဲ့သည်။ သို့ရာတွင် မည်သည့်စံနှုန်းဖြင့် တိုင်းတာကြည့်စေကာမူ ဤတရားခွင်သည် အလွန်ကြီးမားသော တရားစီရင်မှုတရပ် ဖြစ်နေဆဲပင်။
တရားခွင်မပြီးဆုံးမီ တရားလိုဘက်က သက်သေ ၆၁ ဦးကို တင်သွင်းခဲ့သည်။ ထိုသက်သေများတွင် ကလေးသက်သေ ၉ ဦး၊ အကျဉ်းထောင်အတွင်းမှ သတင်းပေးတဦး၊ မိဘများ၊ ဆေးဘက်ဆိုင်ရာ အထူးကုများ၊ ကုသပညာရှင်များနှင့် ရေး ဘတ်ကီ နှင့် အတူ ပိရမစ်များကို နှစ်သက်သည့် ဝါသနာတူ အမျိုးသမီးတဦးပင် ပါဝင်ခဲ့သည်။
မက်မာတင် တရားခွင်၏ အဖွင့်လျှောက်လဲချက်များကို ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စတင်လာခဲ့သည်။
ခရိုင်ရှေ့နေ လက်ထောက် လေး-အဲလ် ရူးဘင် က ဤတရားခွင်၏ အဓိကအကြောင်းအရာမှာ ယုံကြည်မှုကို သစ္စာဖောက်ခံရခြင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ပက်ဂီ ဘတ်ကီ၏ ရှေ့နေ ဒင်း ဂစ် ကမူ ဂျူရီအဖွဲ့ဝင်များအနေဖြင့် မက်မာတင် မူကြိုကျောင်းသည် နှစ်ပေါင်း ၂၀ ကျော်ကြာ လည်ပတ်ခဲ့သော်လည်း မည်သည့်တိုင်ကြားချက်မျှ မရှိခဲ့သည်ဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစားကြရန် ပြောကြားခဲ့သည်။
သူက ဆက်လက်ထောက်ပြခဲ့သည်မှာ တရားလိုဘက်သည် လျှို့ဝှက်မြေအောက်လိုဏ်ခေါင်းများ၊ ညစ်ညမ်းရုပ်ပုံများ၊ သုတ်ရည်များနှင့် မြှုပ်နှံထားသည့် တိရစ္ဆာန်များကို ရှာဖွေရန် အစွမ်းကုန် ကြိုးပမ်းခဲ့သော်လည်း မည်သည့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ဖြစ်ပွားခဲ့ကြောင်း ခိုင်လုံသည့် တိကျသော သက်သေအထောက်အထားကိုမျှ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခြင်း ဆိုသည်ပင် ဖြစ်သည်။
ရေး ဘတ်ကီ ၏ ရှေ့နေ ဒင်နီယယ် ဒေးဗစ် ကမူ မိမိ၏အမှုသည် သည် ကလေးများအား ဦးတည်ချက်ရှိရှိ မေးမြန်းစစ်ဆေးခဲ့သည့် နည်းစနစ်များနှင့် အခြေအမြစ်မရှိသည့် စုန်းမ လိုက်ဖမ်း သည့်သဖွယ် စွပ်စွဲရှာဖွေမှုတရပ်၏ သားကောင်ဖြစ်ခဲ့ကြောင်း သက်သေပြမည့် “သာမန်အသိဉာဏ်ကို အခြေခံသော ကာကွယ်ချေပမှု” common sense defense ကို တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။
တရားလိုဘက်မှ မိဘအချို့ကို သက်သေအဖြစ် စစ်ဆေးရန် ခေါ်ယူခဲ့သည်။ မိဘတိုင်းက မိမိတို့၏ကလေးများ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံခဲ့ရသည်ဟု အခိုင်အမာ ယုံကြည်နေကြသည်။ မိဘများက ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တိကျမှန်ကန်စွာ ရေးဆွဲထားသည့် အနုပညာလက်ရာများ နှင့် ကိုယ်လက်အင်္ဂါ များကို တပ်မက်စွာ အလွဲသုံးစားပြုခံရသည့် သက်သေအထောက်အထားများအဖြစ် အမျိုးမျိုး ယူဆပြောဆိုကြသည်။
မိဘအချို့ကမူ ၎င်းတို့၏ ကလေးများကို လာရောက်ခေါ်ယူခွင့်မပြုသည့် နေ့လယ်ခင်း အိပ်စက်ချိန်တွင် ထိုသို့ အမှု များ ဖြစ်ပွားခဲ့သည်ဟု ထင်မြင်ချက် ပေးခဲ့ကြသည်။ တရားလိုဘက်မှ ကလေးသက်သေများမှာ ယခုအခါ အသက် ၈ နှစ်မှ ၁၅ နှစ်ကြားအရွယ်များ ဖြစ်ကြသည်။ ၎င်းတို့သည် ပဏမ ကြားနာစစ်ဆေးမှုမှ ဇာတ်လမ်းအချို့ကို ပြန်လည်ပြောပြခဲ့ကြသည်။
တရားသူကြီးများနှင့် ကျမ်းသစ္စာကျိန်ဆိုထား သောဂျူရီလူကြီးများ သည် "ကိုယ်တုံးလုံး ရုပ်ရှင်မင်းသား ကစားနည်း" အကြောင်းနှင့် ရေးဘတ်ကီ သည် ကြောင်တကောင်ကို ဓားဖြင့်သတ်ပြကာ ကလေးများကို ကြောက်လန့်တကြား တိတ်ဆိတ်နေအောင် ခြိမ်းခြောက်ခဲ့သည်ဆိုသော ဖြစ်ရပ်တို့ကို ကြားသိခဲ့ရသည်။ ထို့အပြင် ကလေးများသည် ရေးဘတ်ကီနှင့် ပက်ဂီဘတ်ကီ တို့ နှစ်ဦးစလုံး၏ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုများနှင့် ပတ်သက်သည့် ရုပ်လုံးပေါ် အောင် ထွက်ဆိုခဲ့ကြသည်။
ပြန်လှန် စစ်ဆေးမေးမြန်းမှု ပြုလုပ်စဉ်တွင် တရားခံ အကျိုး ဆောင် ရှေ့နေများ ဘက်က ဗီဒီယိုမှတ်တမ်းများကို အသုံးပြုခဲ့သည်။ CII တွင် ရိုက်ကူးထားသော ဗီဒီယိုအင်တာဗျူးများကို ဖွင့်ပြခဲ့ရာ၊ ထိုဗီဒီယိုထဲတွင် ကလေးငယ်များက ၎င်းတို့ အလွဲသုံးစားလုပ်ခံခဲ့ရခြင်း မရှိကြောင်း အစပိုင်းတွင် ငြင်းဆိုထားသည်ကို တွေ့ရှိရသည်။ ထို့နောက် ရှေ့နေဘက်က CII မှ ကုထုံးပညာရှင်များသည် ၎င်းတို့ လိုချင်သော အဖြေများထွက်လာစေရန် လမ်းညွှန်သင်ပြပေးခဲ့သည်၊ ဆုလာဘ်များပေးကာ သွေးဆောင်ခဲ့သည် ဆိုသည်တို့ကို ထောက်ပြခဲ့သည်။ ထိုနေရာတွင် "၎င်းတို့ လိုချင်သော" အဖြေ" ဆိုသည်မှာ အခြားမဟုတ်၊ ၎င်းတို့ အလွဲသုံးစားလုပ်ခံခဲ့ရသည်ဟူသော အဖြေပင်တည်း။
ထို့အပြင် ၎င်းတို့ဘက်မှ ကလေးသက်သေတဦးကိုပါ စစ်ဆေးရန် ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့က ဤ အမှု ကို စတင်ဖော်ထုတ်ခဲ့သည့် ဂျူဒီဂျွန်ဆင် ၏ သားဖြစ်သူ ကလေး ငယ်ကို စစ်ဆေးလိုကြခြင်း ဖြစ်သည်။ သို့သော် တရားခွင် စတင်ချိန်ရောက်သည့်အခါတွင် ဂျူဒီ ဂျွန်ဆင်မှာ ကွယ်လွန်သွားပြီဖြစ်ပြီး၊ ကလေးငယ်၏ ဖခင်ကမူ သူ့သားအနေဖြင့် သက်သေထွက်ဆိုရမည်ဆိုပါက "ကျုပ် သေမှ" ဖြစ်လိမ့်မည်ဟု ကြေညာခဲ့သည်။ တရားသူကြီးကလည်း ဤတရားခွင်တွင် သက်သေထွက်ဆိုရခြင်းသည် ငယ်ရွယ်သေးသည့် ကလေးအတွက် စိတ်ဖိစီးမှု အလွန်ကြီးမားစေနိုင်သည်ဟူသော ဖခင်ဖြစ်သူ၏ တင်ပြချက်ကို လက်ခံသဘောတူခဲ့သည်။ သို့ဖြစ်၍ ကလေးငယ်အနေဖြင့် သက်သေထွက်ဆိုရန် မလိုအပ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။