အခန်း (၃)
တခေတ်ဆန်း အာဏာရှင် ဝါဒ တည်ဆောက်လာခြင်း (၁၉၉၂-၂၀၀၂)
တီယန်မင် အကျပ်အတည်းအား သွေးထွက်သံယိုဖြင့် အဆုံးသတ် ခဲ့မှုသည် မကြာမီကာလအတွင်း တရုတ်နိုင်ငံ၏ ပိုမိုပွင့်လင်းပြီး လွတ်လပ်သော လူ့အဖွဲ့အစည်းဆီသို့ ဦးတည်မည့်လမ်းကြောင်းကို အနည်းဆုံးတော့ ပိတ်ပင်တားဆီးခဲ့သည်။ သို့သော် တပါတီအုပ်ချုပ်မှုအောက်တွင် ကနဦးအရွေ့ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်သည့် တခေတ်ဆန်း အာဏာရှင်စနစ် (neo-authoritarian order) မှာမူ ထိုနှိမ်နင်းမှုကြီး ဖြစ်ပွားပြီးချင်းချင်း ပေါ်ပေါက်လာခဲ့ခြင်း မဟုတ်ပေ။ အမှန်စင်စစ်တွင် ပါတီအတွက် ဖြစ်တန်ချေရှိသော လမ်းကြောင်းနှစ်ခု ကျန်ရှိနေသေးသည်။
ပထမလမ်းကြောင်းမှာ ၁၉၈၀ ပြည့်လွန်နှစ်များက စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပြောင်းပြန်လှန်ရန်၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအပေါ် ပါတီ၏ ထိန်းချုပ်မှုကို ပြန်လည်သက်ရောက်စေရန်နှင့် ၁၉၅၀ ပြည့်လွန်နှစ်များအစောပိုင်း၏ အဖွဲ့အစည်း လက္ခဏာများအများစု ပါဝင်သော စနစ်တစ်ခုကို ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။
ဒုတိယလမ်းကြောင်းမှာမူ အာဏာရှင်စနစ် ကို တခေတ် ဆန်း ပြီး ဖွံ့ဖြိုးတိုးတက်ရေးဝါဒကို အပြည့်အဝ လက်ခံကျင့်သုံးရန် ဖြစ်သည်။
ကနဦးအနေဖြင့် ၁၉၈၉ ခုနှစ် အလယ်ပိုင်းမှ ၁၉၉၁ ခုနှစ် အဆုံးပိုင်းအထိ နှိမ်နင်းမှုအပြီးတွင် အာဏာရလာခဲ့ကြသော စိတ်မာခက်ထန်သူများက ဟောင်းနွမ်းနေပြီဖြစ်သော ကွန်မြူနစ်စနစ်ကို အသက်ပြန်သွင်းရန် ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့၏ ကြိုးပမ်းချက်မှာ များသော အားဖြင့် မအောင်မြင်ခဲ့သော်လည်း၊ အစိုးရ အာဏာပိုင်စနစ်သည် အကူးအပြောင်းကာလ၏ မရေရာသော နယ်မြေအလယ်တွင် တဝဲလည်လည်ဖြစ်ကာ နိုင်ငံရေး အရ မလူးသာ မလွန့်သာ အခြေအနေမျိုး ဖြစ်လာနိုင်ခြေ များနေခဲ့သည်။
ပါတီ၏ ခေတ်သစ်အာဏာရှင်ဆန်သော ဖွံ့ဖြိုးတိုးတက်ရေးဝါဒ (neo-authoritarian developmentalism) ကို အပြည့်အဝ ထောက်ခံလာစေရန် လှုံ့ဆော်ပေးခဲ့သည့် အဖြစ်အပျက်မှာ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲကျဆုံးသွားခြင်းပင် ဖြစ်သည်။ တလမပြည့်သော ကာလအတွင်းတွင် တိန့်ရှောင်ဖိန်သည် တရုတ်နိုင်ငံတောင်ပိုင်း ခရီးစဉ်ကို စတင်ခဲ့ပြီး၊ ယင်းခရီးစဉ်သည် အနှစ်သာရအားဖြင့် တီယန်မင် အရေးအခင်းအပြီး ခေတ်သစ်အာဏာရှင်အုပ်ချုပ်ရေး ကာလကို စတင်လာခဲ့ခြင်း ဟု ဆိုရမည် ဖြစ်သည်။
၁၉၈၉ ခုနှစ်တွင် ပါတီအတွင်းမှ လစ်ဘရယ်အုပ်စုများကို ဖယ်ရှားရှင်းလင်းခဲ့ခြင်းနှင့် ဆိုဗီယက်ပြည်ထောင်စု ဖျက်သိမ်းခံရမှုကြောင့် ရှေးရိုးစွဲဝါဒီများ စိတ်ဓာတ်ကျဆင်းခဲ့ရခြင်းတို့ကြောင့် ပါတီခေါင်းဆောင်ပိုင်းသည် အတွေးအခေါ်ပိုင်းဆိုင်ရာတွင် ပို၍ တသားတည်း ဖြစ်လာခဲ့သည်။ ရှေးရိုးစွဲဝါဒီများသည် ယခင်က ဤလမ်းကြောင်းကို ဆန့်ကျင်ခဲ့ကြသော်လည်း တပါတီအာဏာရှင်စနစ်အောက်တွင် အရင်းရှင်စနစ် စီးပွားရေးအရ ခေတ်မီတိုးတက်စေမည့် တိန့်ရှောင်ဖိန်၏ အမြင်ကို တနည်းနည်းလက်ခံလာခဲ့ကြရသည်၊ အဘယ်ကြောင့်ဆိုသော် ဤဝါဒသည်သာလျှင် ပါတီရှင်သန်ရပ်တည်ရေးအတွက် ဖြစ်နိုင်ချေရှိသည့် တခုတည်း သော မဟာဗျူဟာ ဖြစ်နေသောကြောင့်ပင်။
၁၉၉၂ ခုနှစ် ဆောင်းဦးရာသီတွင် ပါတီကို ၎င်း၏ ခေတ်သစ် အာဏာရှင် အယူအဆဖြင့် စုစည်းပေးပြီး ခေါင်းဆောင်မှုအဖွဲ့သစ်တခုကို တင်မြှောက်ခဲ့ပြီးနောက်တိန့်ရှောင်ဖိန်သည် နိုင်ငံရေးဇာတ်ခုံမှ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။ တီယန်မင် အကျပ်အတည်းကာလအတွင်း ပါတီအကြီးအကဲများ အပေးအယူ မျှမျှတတ ဖြင့် ရွေးချယ်ခဲ့သည့် ကျန်ဇီမင်း သည် တိန်ရှောင်ဖိန်၏ အာဏာရှင် လက်သစ် မဟာဗျူဟာကို ထိရောက်စွာ အကောင်အထည်ဖော်သူ ဖြစ်လာခဲ့သည်။
ကျန်ဇီမင်း၏ ဦးဆောင်မှုအောက်တွင် ပါတီသည် လျင်မြန်စွာပြောင်းလဲနေသော လူ့အဖွဲ့အစည်းအပေါ် အာဏာချုပ်ကိုင်မှုကို ဆက်လက်ထိန်းသိမ်းရန် ဆန်းသစ်သောနည်းဗျူဟာများကို ကျင့်သုံးရင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အထူးအာရုံစိုက်ခဲ့သည်။ စွမ်းဆောင်ရည်အပေါ် အခြေခံသည့် တရားဝင်မှု၊ အထက်တန်းလွှာများအကြား သွယ်ဝိုက်သော လုံခြုံရေးဆိုင်ရာ သဘောတူညီချက်၊ အမျိုးသားရေးဝါဒ၊ လူမှုရေးအရ စည်းရုံးသိမ်းသွင်းမှုနှင့် ရွေးချယ်နှိပ်ကွပ်မှုစသည့် ပါတီ၏ ရှင်သန်ရပ်တည်ရေး မဟာဗျူဟာ၏ တစိတ်တပိုင်းချင်းစီသည် ၁၉၈၉ နောက်ပိုင်း နီယို-အာဏာရှင်စနစ်၏ အဓိကမဏ္ဍိုင်များ ဖြစ်လာခဲ့ကြသည်။
တီယန်မင် အရေးအခင်း အလွန် ၁၉၉၂–၂၀၁၂ အတွင်း ထိပ်တန်းခေါင်းဆောင်ပိုင်းနှင့် လူထုအလွှာနှစ်ရပ်စလုံးတွင် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေး တိုးတက်မှုနှုန်းနှင့် နိုင်ငံရေး တည်ငြိမ်အေးချမ်းမှုကို တိုင်းတာကြည့်လျှင် တီယန်မင် အရေးအခင်း၏ ထိုးနှက်ချက်များနှင့် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲမှုတို့၏ ရိုက်ခတ်မှုများကို အစိုးရအဖွဲ့ ကို အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်စေရန် စွမ်းဆောင်ပေးခဲ့သည်။ ထိုသို့ ပါတီ၏ ရွှေ ရောင်လွှမ်း သော ခေတ်ကာလကို ဖန်တီးပေးခဲ့ခြင်းကို ကြည့်မည် ဆိုလျှင် တိန့်ရှောင်ဖိန်၏ အာဏာရှင်လက်သစ် ဖွံ့ဖြိုးရေး ဝါဒ ကြောင့်ဟု အသိအမှတ်ပြုရမည် ဖြစ်သည်။
သို့သော် တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှုဟူသော ရုပ်ဝတ္ထုမျက်နှာစာ၏ နောက်ကွယ်တွင် အန္တရာယ်အသစ်များ စတင်ပေါ်ပေါက်လာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုကို အခြေခံသည့် တိုးတက်မှုပုံစံဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် ပါတီက အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ဤပုံစံသည် မကြာမီမှာပင် အကျိုးအမြတ် လျော့ပါးလာမည့် သဘောရှိနေသဖြင့် ပိုမိုနက်ရှိုင်းပြီး ခက်ခဲသော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် လှုံ့ဆော်အားများကို လျော့ကျစေခဲ့သည်။
တချိန်တည်းမှာပင် ပါတီက ကြီးမားပြီး လျင်မြန်စွာ ကြီးထွားလာနေသော စီးပွားရေးအရင်းအမြစ်များကို ချုပ်ကိုင်ထားနိုင်ခြင်းက အဂတိလိုက်စားမှုကို အားပေးအားမြှောက်ပြုရာရောက်ခဲ့ပြီး တိန့် ရှောင်ဖိန်၏ အာဏာရှင်ဆန်ဆန် ဖွံ့ဖြိုးရေးစနစ်၏ အခြေခံကျသော အားနည်းချက်များကို ထင်ရှားပေါ်လွင်စေခဲ့သည်။