၁၉၉၉ ခုနှစ် တွင် Northeastern တက္ကသိုလ်ရှိ ကျောင်းခန်းထဲတွင် ထိုင်နေသော ရှောင် ဖန်နင်းသည် ကမ္ဘာကြီးကို ပြောင်းလဲပစ်တော့မည့် လူငယ်လေးဟု မည်သူမျှ ထင်မှတ် မထားခဲ့။
ထို ၁၈ နှစ်အရွယ် ပထမနှစ်ကျောင်းသားသည် ကွန်ပျူတာရှေ့တွင် စာရိုက်ရင်း လူအချင်းချင်း တေးဂီတဖိုင်များကို အပြန်အလှန် မျှဝေနိုင်ကြပါက မည်သို့ဖြစ်လာမည်နည်းဟု တွေးတော နေခဲ့သည်။ ထို အတွေးများဖြင့် ဖန်နင်းသည် အသံသွင်းလုပ်ငန်းကြီးကို ပြင်းထန်သော ထိုးနှက်ချက်တခု ဖြစ်လာတော့မည့် နက်စတာ (Napster) ကို တီထွင်ဖန်တီးနိုင်ခဲ့သည်။ သို့သော် သူသည် ဤတိုက်ပွဲကို ရှေ့တန်းမှ ဦးဆောင်သူမဟုတ် — တိုက်ပွဲတစ်ခုလုံးကို တေးဂီတမျှဝေကြသည့် ဆယ်ကျော်သက်များ၊ တက္ကသိုလ်ကျောင်းသားများနှင့် နောက်ပိုင်းတွင် iPod ကိုင်ဆောင်ထားကြသော စီးပွားရေးသမားများပါဝင်သည့် လူအုပ်ကြီးက ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ၏ အခြားတဖက်ခြမ်းတွင် အိုဆားမား ဘင်လာဒင် သည် ဆော်ဒီအာရေဗျနိုင်ငံမှ ထွက်ခွာပြီး အာဖဂန်နิစ္စတန် သို့ ခရီးနှင်ခဲ့စဉ်ကဆိုလျှင်၊ နောင် နှစ် အနည်းငယ် အတွင်း သူသည် ကမ္ဘာပေါ်ရှိ ထောက်လှန်းရေး အဖွဲ့အစည်းတိုင်း၏ အလိုအရှိဆုံးလူသား ဖြစ်လာလိမ့်မည်ဟု မည်သူမျှ သဘောမပေါက်ခဲ့ကြပေ။
ထိုအချိန်က သူ့တွင်ရှိသော အာဏာမှာ အကန့်အသတ်ရှိပုံပေါ်ခဲ့သည်။ အဆုံးသတ်တွင် ကျောက်ဂူတခုထဲမှနေ၍ လှုပ်ရှားနေသော လူတဦးသည် အမှန်တကယ်လည်း ဘာများလုပ်နိုင်မည်နည်း။ သို့သော် အယ်လ်ကိုင်းဒါး အဖွဲ့သည် ဘင်လာဒင်အနေဖြင့် သမားရိုးကျ ခေါင်းဆောင်မှုကဏ္ဍမျိုးကို တနေရာ မှ မယူခဲ့ခြင်းကြောင့်လည်း အင်အားကြီးမားလာခဲ့ခြင်း ဖြစ်သည်။
၁၉၉၅ ခုနှစ်တွင် ရှက်တတ် ရွံ့တတ်သော အင်ဂျင်နီယာတဦးက ဆန်ဖရန်စ္စကို ဘေး ဒေသတွင် ကျင်းပမည့် ပျော်ပွဲ ရွှင်ပွဲ များကို အွန်လိုင်းတွင် တင်ခဲ့သည်။ ခရိတ် နျူးမတ် Craig Newmark သည် သူစတင်ခဲ့သော ဝက်ဘ်ဆိုက်သည် သတင်းစာ လောကကို ထာဝစဉ် ပြောင်းလဲပစ် အောင် လုပ်နိုင် လိမ့်မည်ဟု လုံးဝထင်မထားခဲ့ ပေ။ ၂၀၀၁ ခုနှစ်တွင် အငြိမ်းစားစတော့ရှယ်ယာ အရောင်းအဝယ် သမား တဦးက ကမ္ဘာတဝန်းရှိ ကလေးငယ်များအတွက် အခမဲ့ ကိုးကား နိုင်မည့် အချက်အလက် များကို ပံ့ပိုးပေးရန် စတင်လုပ်ဆောင်ခဲ့သည်။ ၎င်း၏ ကြိုးပမ်းမှုများက တနေ့သောအခါတွင် သန်းပေါင်းများစွာသော လူများကို "ဝီကီ" (wiki) ဟုခေါ်ဆိုသည့် ဝက်ဆိုဒ် ကို အသုံးပြု၍ ကျွန်ုပ်တို့ခေတ်၏ အချက်အလက်များ သိုလှောင်ရာ ဧရာမ စဂို ထောင်ကြီးတခုကို ဖန်တီးနိုင်လိမ့်မည်ဟု သူ လုံးဝမတွေးထင်ခဲ့ဖူးပေ။
ဓာတ်ပြားလုပ်ငန်းအပေါ် ကျရောက်ခဲ့သော ထိုးနှက်ချက်များ၊ 9/11 တိုက်ခိုက်ခဲ့မှုများနှင့် အွန်လိုင်းကြော်ငြာများနှင့် ပူးပေါင်းဖန်တီးထားသော စွယ်စုံကျမ်းတို့၏ အောင်မြင်မှုဟူသမျှသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတခုတည်းကြောင့်သာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဤစွမ်းအားကို သင် တိုက်ဖျက်ဖို့ ကြိုးစား လေလေ၊ ပို၍ အားကောင်းလာလေလေ ဖြစ်သည်။ ဖွဲ့စည်းမှု သည် ပို၍ ရှုပ်ထွေးပုံပေါ်လေလေ၊ ပို၍ ခံနိုင်ရည်ရှိလေလေ ဖြစ်သည်။ ၎င်းကို ထိန်းချုပ်ရန် သင် ကြိုးစားလေလေ၊ ဘယ်ကစရမှန်း မသိအောင် ပို၍ ခန့်မှန်းရခက်လာလေလေပင် ဖြစ်သည်။
ဗဟိုချုပ်ကိုင်မှုလျှော့ချရေးစနစ်သည် လွန် လေပြီးသော နှစ် ထောင် ပေါင်းများစွာ ကတည်းက တိတ်တဆိတ် ကိန်းအောင်းနေခဲ့သည်။ သို့သော် အင်တာနက်ပေါ်ထွန်းလာခြင်းက ဤစွမ်းအားကို ပေါက်ကွဲထွက်လာစေခဲ့ပြီး အစဉ်အလာ လုပ်ငန်းများကို ပြိုလဲစေခြင်း၊ စက်မှုလုပ်ငန်း တခုလုံးကို ပြောင်းလဲပစ်ခြင်း၊ လူအချင်းချင်း ဆက်ဆံပုံကို သက်ရောက်စေခြင်းနှင့် ကမ္ဘာ့နိုင်ငံရေးကို လွှမ်းမိုးခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။
တချိန်က အားနည်းချက်တခုအဖြစ် ရှုမြင်ခံခဲ့ရသော ဖွဲ့စည်းပုံ၊ ခေါင်းဆောင်မှုနှင့် တရားဝင်အဖွဲ့အစည်း ကင်းမဲ့ခြင်းတို့သည် ယခုအခါတွင် အဓိက အားသာချက်တစ်ခု ဖြစ်လာခဲ့သည်။ ဖရိုဖရဲ ဖြစ်နေပုံရသော အုပ်စုများသည် တည်ထောင်ပြီးသား အဖွဲ့အစည်းများကို စိန်ခေါ်ကာ အနိုင်ယူခဲ့ကြသည်။ ကစားပွဲ၏ စည်းမျဉ်းများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဤအချက်သည် အမေရိကန်ပြည်ထောင်စု တရားရုံးချုပ်၏ လှေကားထစ်များပေါ်တွင် ပိုမိုထင်ရှားလာမည်ဖြစ်ပြီး၊ ထိုနေရာတွင် အများ၏အာရုံစိုက်မှုကို ခံရမည့် အမှုတွဲတခုသည် အံ့သြစရာကောင်းလောက်အောင် ထူးဆန်းလာတော့မည့် အခြေအနေတွင် ရှိနေပေသည်။
ဆက်လက် တင်ပြသွားပါမည်။