အိုက်ခမန်း ပါမလာသည်ကို တွေ့လိုက်ရ၍ အဖွဲ့သားများမှာ စိတ်ဓာတ်ကျဆင်းကုန်ကြသည်။ အချိန်အကြာကြီး ဆက်လက်စောင့်ဆိုင်းနေခြင်းဖြင့် မစ်ရှင်ကို အန္တရာယ်မဖြစ်စေရန်အတွက် ည ၈:၀၀ နာရီကို နောက်ဆုံးအချိန်အဖြစ် သတ်မှတ်ထားကြသည်။ အကယ်၍ ဤအချိန်အတွင်း အိုက်ခ်မန်းကို မဖမ်းဆီးနိုင်ခဲ့ပါက နက်ဖြန်ညတွင် ထပ်မံကြိုးပမ်းကြမည်ဖြစ်သည်။
သို့သော် ည ၈:၀၀ နာရီ ကျော်လွန်သွားခဲ့ပြီဖြစ်သော်လည်း နာဇီကို အရိပ်အယောင်မျှပင် မတွေ့ရသေးပေ။ မော့ဆက် ကားနှစ်စီးစလုံးမှာလည်း မူလနေရာများတွင် ဆက်လက်ရပ်တန့်နေဆဲပင်။ "ငါတို့ ပြန်ကြမှာလား၊ ဒါမှမဟုတ် ဆက်စောင့်မှာလား" ဟု ရာဖီ အီတန် ကို အာဟာရိုနီက တိုးတိုးလေး မေးလိုက်သည်။ ရာဖီ အီတန်မှာ အိုက်ခမန်းအားဖမ်းဆီးရေး လုပ်ငန်းစဉ်ကို တာဝန်ယူဆောင်ရွက်နေသူဖြစ်သည်။ "ဆက်စောင့်မယ်။" ငါးမိနစ်ခန့် ထပ်ကြာသွားသည်။ ဇဗီ အာဟာရိုနီ သည် သူ့မျက်လုံးများဆီသို့ မှန်ဘီလူးကို မြှောက်တင်လိုက်ပြီး နောက်လာမည့် ဘတ်စ်ကားပေါ်မှ အိုက်ခ်မန်း ဆင်းလာမည့် အရိပ်အယောင်ကို စောင့်ကြည့် နေတော့သည်။
ဇာတ်တိုက်ထားသည့်အလား မော့ဆက်၏ ဒုတိယမြောက် ကား က ၎င်းတို့၏ ရှေ့မီးများကို ဖွင့်လိုက်ရာ အဒေါ့ဖ် အိုက်ခ်မန်း သည် ကားမီးရောင်အောက်တွင် မိသားစုရှိရာသို့ ညစဉ်ပုံမှန်လမ်းလျှောက်ပြန်လာနေကျ အတိုင်း ကား ပေါ်မှ ခြေလှမ်းကျဲဖြင့် ဆင်းလာသည်ကို ထင်ထင်ရှားရှား တွေ့လိုက်ရသည်။
"လက်နက်ပါမပါ သတိထားကြည့်ကြ" ဟု အာဟိုရိုနီ က ကားစက်ဖုံးပေါ်တွင် ကိုယ်ကိုညွတ်လျက်သား ရှိနေဆဲဖြစ်သော မာလ်ကင် အား တိုးတိုးပြောလိုက်သည်။ အိုက်ခ်မန်းသည် ကားဆီသို့ နောက်ဘက်မှ လျှောက်လာနေသည်။ အာဟိုရိုနီ သည် ကားနောက်ကြည့်မှန်မှတစ်ဆင့် စောင့်ကြည့်နေ၏။
အိုက်ခ်မန်းသည် ဆီဒန်ကား၏ နောက်ဘက် ဆယ်ကိုက်ခန့်အကွာသို့ ရောက်လာသောအခါ အစ္စရေးတို့က ကားကို စက်နှိုးလိုက်သည်။ အိုက်ခ်မန်းသည် အာဟိုရိုနီ ၏ ကားမှန်ဘေးမှ ဖြတ်သွားသည်။ ပီတာ မာလ်ကင် သည် ကားစက်ဖုံးကို စစ်ဆေးနေရာမှ မတ်တပ်ရပ်လိုက်ပြီး အိုက်ခ်မန်း၏ လမ်းကို ပိတ်ရပ်လိုက်သည်။ "ခဏလောက်ပါ ခင်ဗျား" ဟု စပိန်စကားဝဲဝဲဖြင့် သူက ပြောလိုက်သည်။
ပီတာ မာလ်ကင်သည် ကိုယ်ခံပညာနှင့် ဖောက်ခွဲရေးပညာတို့တွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူ၏မိသားစုမှာ စစ်ပွဲမစတင်မီက ဥရောပမှ လွတ်မြောက်ခဲ့ကြသော်လည်း နှမ ဖြစ်သူ ကလေးများနှင့် ဆွေမျိုးနီးစပ် တရာကျော်မှာ နာဇီတို့၏ လူသတ်ကုန်းများတွင် အသတ်ခံခဲ့ရသူများ ဖြစ်ကြသည်။
အသက် ၃၂ နှစ်ရှိပြီဖြစ်ကာ ဆံပင်ညိုညိုနှင့် စူးရှထက်မြက်သည့် အညိုရောင်မျက်လုံးများကို ပိုင်ဆိုင်ထားသော ရုပ်ရည်ချောမောသည့် ပိုလန်နွယ်ဖွား မာလ်ကင်သည် တနေ့သောအခါတွင် အနုပညာရှင်တဦးပမာ သိမ်မွေ့နူးညံ့သူတစ်ဦးအဖြစ် လူသိလာပေလိမ့်မည်။ သို့သော် ယခုညတွင်မူ ထိုသို့သော ထိုကဲ့သို့ လက္ခဏာ တစုံတရာမျှ ပေါ်လွင်နေခြင်း မရှိပေ။
သူသည် အာဟာရိုနီ၏ အဆိုအရ အသင်း၏ "အားကိုးရဆုံး လူကြမ်း" ဟု သတ်မှတ်ခံထားရသူဖြစ်ပြီး၊ တာဝန်ကျေပြွန်ရန် လိုအပ်လာပါက မည်မျှပင် ရက်စက်ကြမ်းကြုတ်ရပါစေ လုပ်ရဲသူ ဖြစ်သည်။
သူသည် သမဂ္ဂအစည်းအဝေးတခုအတွက် အလုပ်ပြန်ရန် နောက်ကျနေခဲ့၍ အိမ်သို့အမြန်ပြန်ကာ စပျစ်ဝီိုင်နီတစ်ခွက်ကို အေးအေးလူလူ သောက်ပစ် လိုက်မည်ဟု တွေးရင် ပြန်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် အတွင်းစိတ်၏ လှုံ့ဆော်မှု က သူ့ကို လွှမ်းမိုးသွားပုံရသည်။ အိုက်ခ်မန်းသည် လမ်းတဝက်တွင် ရပ်တန့်သွားသည်။ နာဇီလူသတ်သမားတွင် အိတ်ကပ်ထဲ၌ သေနတ်တလက်ပါလာနိုင်သည်ဟု ယူဆကာ မာလ်ကင်က သူ့ထံသို့ အရှိန်အဟုန်ဖြင့် ခုန်အုပ်လိုက်ပြီး လက်နှစ်ဖက်ကို ချုပ်ထားရန် ကြိုးစားလိုက်သည်။ အိုက်ခ်မန်းမှာ အော်ဟစ်လိုက်ရင်း လျင်မြန်စွာပင် နောက်သို့ ဆုတ်သွားလေသည်။
အိုက်ခ်မန်း ၏ စူးစူးဝါးဝါး အော်သံ ကို ဖုံးလွှမ်းသွားစေရန် အာဟိုရို နီ သည် ကားစက်ကို နှိုးလိုက်သည်။ ယခုအခါ မာလ်ကင် သည် ထိုနာဇီကို အမိအရ ချုပ်ကိုင် နိုင် လိုက် သော်လည်း နှစ်ဦးစလုံး လမ်းဘေးရှိ မြောင်းတခုအတွင်းသို့ လိမ့်ကျသွားကြသည်။ မာလ်ကင်၏ လက်အိတ်စွပ်ထားသော လက်များသည် ကန်ကြောက်၍ အော်ဟစ်နေသော အိုက်ခ်မန်းကို ချုပ်ကိုင် နိင်ရန် အပြင်းအထန် ကြိုးပမ်းသည်။
အေးဂျင့် ဇီဗ် ကာရန်လည်း အိုက်ခ်မန်း၏ ခြေထောက်များကို လှမ်းဆွဲကိုင်ရင်း ထိုရုန်းရင်းဆန်ခတ် ဖြစ်နေသည့်နေရာသို့ ဝင်ရောက်လာသည်။ "သူတို့ကို ထွက်ကူကြဦး!" ဟု အာဟိုရိုနီ က ကားနောက်ခန်းတွင် ပုန်းအောင်းနေဆဲဖြစ်သော ရာဖီ အီတန် အား အော်ပြောလိုက်သည်။
"အကျအန စီစဉ်ပြီး အပိုင် လုပ်ခဲ့တဲ့ စစ်ဆင်ရေး" သည် ရုပ်ရုပ်သဲသဲ" အဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်း အာဟိုရိုနီက နောင်တွင် ရေးသားခဲ့သည်။ ထို့နောက် အီတန်ပါ မြောင်းထဲသို့ ခုန်ဆင်းကာ အဒေါ့ဖ် အိုက်ခ်မန်းကို ဝင်ရောက် လုံးထွေးဖမ်းဆီးလိုက်ချိန်တွင်မူ စစ်ဆင်ရေးသည် မူလလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
အော်ဟစ် နေသော နာဇီကို ကားထဲသို့ ပစ်တင်လိုက်ကြသည်။ ပြင်းပြင်းထန်ထန် လုံးထွေးသတ်ပုတ်ခဲ့ရ၍ မောပန်းနွမ်းနယ်နေကြသော အစ္စရေး အေးဂျင့်များသည် အသက်ကို ခက်ခက်ခဲခဲ ရူရှိုက်နေကြရလေသည်။
"ခင်ဗျား ရုန်းကန် အော်ဟစ် နေမယ်ဆိုရင်တော့ ပစ်သတ်ရလိမ့်မယ်" ဟု အာဟိုရိုနီက အိုက်ခ်မန်းကို ဂျာမန်ဘာသာဖြင့် အော်ပြောလိုက်သည်။ ၎င်းထံမှ တုံ့ပြန် ပြောဆိုသံ ထွက်မလာပေ။ အာဟိုရိုနီက ထပ်ပြောလိုက်ပြန်သည်။ သုံးမိနစ်ခန့် ကြာာ ငြိမ်သက်သွားပြီးနောက် အဒေါ့ဖ် အိုက်ခ်မန်းသည် ဌာန်ကရိုဏ်း ကျလှသော ဂျာမန်စကားဖြင့်- "ကျွန်တော်ကတော့ ကံကြမ္မာကို လက်ခံပြီးသားပါပဲ" ဟု ပြောလိုက်သည်ကို အစ္စရေး အေးဂျင့်များ ပထမဆုံးအကြိမ် ကြားလိုက်ကြရသည်။
********************
အခန်း (၁၃)
၁၉၆၀ ပြည့်နှစ်၊ မေလ ၁၁ ရက်၊ ည ၉:၀၀ နာရီ -
ဗျူနို အေရိစ်
မော့ဆက် ခို အောင်းနေရာ တီယာ အိမ်
ထိတ်လန့်တုန်လှုပ်နေသော အဒေါ့ဖ် အိုက်မန် ကို ဆိုင်ကယ်မျက်မှန်ဖြင့် မျက်လုံးများကို ဖုံးအုပ်လျက် ကားဂိုဒေါင်မှ မီးဖိုချောင် ရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။ အဖွဲ့ဝင်နှစ်ဦးက ဘေးတစ်ဖက်တစ်ချက်မှ ထိန်းကိုင် ထားပေးစဉ် သူ၏ ခန္ဓာကိုယ်သည် တောင့်တင်း နေသည်ကို သတိထားမိသည်။ ၎င်း၏ လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ဘဲ အိုက်မန်သည် ကြွက်တက်သကဲ့သို့ လက်သီးများကို ဆုပ်လိုက်ဖြည့်လိုက် လုပ်နေသည်။
သူ့ကို ဖမ်းဆီးသွားသူများမှာ မော့ဆက် အဖွဲ့ဟု သံသယရှိသော်လည်း မျက်မှန် မှန်သား များကို တိပ်များဖြင့် ကာထားသဖြင့် ဖမ်းဆီးသူများကို လုံးဝမမြင်ရဘဲ မည်သူမည်ဝါမှန်း သေချာပေါက် မသိနိုင် ဖြစ်နေသည်။
ပထမတွင် အိုက်ခ်မန်းကို ဖမ်းဆီးပြီးပြီးချင်း စိတ်ငြိမ်ဆေးထိုးပေးရန် ရည်ရွယ်ထားခဲ့သော်လည်း အဖွဲ့၏ဆရာဝန်က အလွန်အန္တရာယ်များလွန်းသည်ဟု ယူဆခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အိုက်ခ်မန်းသည် အဖမ်းမခံရမီကအစာ စားထားခြင်း သို့မဟုတ် အရက်သောက်ထားခြင်း မျိုး ရှိခဲ့က ဆေးထိုးဆေးသွင်းခြင်းသည် ဓာတ်ပြုမှုဆိုးရွားကာ အကျဉ်းသားကို ဖျားနာစေနိုင်သည် သို့မဟုတ် အသက်ပင် အန္တရာယ်ရှိနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အိုက်ခ်မန်ကို ကြိုးဖြင့်တုတ်နှောင်ကာ မျက်လုံးကို စည်းနှောင်ခဲ့ကြသည်။
ဗျူနိုအေးရိစ် မြို့၊ ကွီလ်မက်စ် ဒေသရှိ ၎င်းအား ဖမ်းဆီးခဲ့ရာနေရာမှ ချုပ် နှောင်ထားမည့် အိမ်ရှိရာ နှစ်ဆယ့်ငါးမိုင်ခရီးကို မည်သည့်အခက်အခဲမှ မရှိဘဲ မောင်းနှင်လာနိုင်ခဲ့ပြီး နာဇီလူသတ်သမားမှာ ခရီးစဉ်တလျှောက်လုံး အသံတသံမျှ မထွက်ဘဲ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။ ကားနောက်ခန်းထဲသို့ အတင်းအကျပ် ဆွဲသွင်းခံရပြီးနောက်ပိုင်း အိုက်ခ်မန် ကြားခဲ့ရသည့် တခုတည်းသော အသံမှာ ဇဗီ အာဟာရိုနီ ၏ ကျွမ်းကျင်ပိုင်နိုင်လှသော ဂျာမန်စကားသံပင် ဖြစ်သည်။ ယခုအခါ အစ္စရေးအေးဂျင့်များက နာဇီ၏ အကျဉ်းစခန်းအဖြစ် အသံလုံအောင် ပြုလုပ်ထားသော ဒုတိယထပ်ရှိ အိပ်ခန်းဆီသို့ အိုက်ခ်မန်အား နောက်ဘက်လှေကားအတိုင်း ခေါ်လာခဲ့သည်။
ဗျူနို အေရိစ် မှ တယ်လ်အဗီ သို့ အယ်လ်အယ်လ် (El Al) လေယာဉ် ထွက်ခွာရန် ကိုးရက်သာ လိုတော့သည်။ ထိုအချိန်ထိ အိုက်ခ်မန်း အား ဤအခန်းထဲတွင်ပင် ထားရှိမည် ဖြစ်သည်။ ထိုသို့ ကြာရှည်စွာ ဖမ်းဆီးထားရခြင်းက စစ် ကြောရေး တွင် အတွေ့အကြုံ ရင့်ကျက် နေပြီ ဖြစ် သော အာဟာရိုနီ အနေဖြင့် အိုက်ခမန်းအား အသေးစိတ် စစ်ဆေးမေးမြန်းရန် အခွင့်အလမ်းများ ထွက်ပေါ်လာခဲ့သည်။
ထို့ပြင် အာဂျင်တီးနား ရဲတပ်ဖွဲ့အနေဖြင့်လည်း ကိုးရက် ဆိုသည်က ၎င်းတို့ ခိုအောင်း နေရာ အိမ်ကို ရှာဖွေတွေ့ရှိရန် အချိန်အလုံအလောက် ရှိနေသဖြင့် အေးဂျင် များ အထူး သတိဝိရိယ ဖြင့် ရှိနေကြရသည်။ ထိုကဲ့သို့ ရဲတပ်ဖွဲ့က ဝင်ရောက်စွက်ဖက်လာမည့် အခြေအနေမျိုးတွင် အိုက်ခမန်းကို အမြန်ဆုံး နေရာ ရွှေ့ပြောင်းရဖို့ ဖြစ်လာသည့်အခါ အသံလုံးဝ မထွက်စေရန် အတွက် အိမ်တွင်းရှိ သေးငယ်သော ပုန်းခိုရာနေရာနှစ်ခု စီမံထားရသည်။ — တခုမှာ ဝရန်တာအောက်ရှိ မြေအောက်နေရာဖြစ်ပြီး၊ နောက်တခုမှာ အမိုးစွန်းအထက်ရှိ သိုလှောင်ခန်းနေရာတို့တွင် ခေါင်းအုံးများကို ကျပ်သိပ် အောင် ထည့်ထားသည်။ အိုက်ခမန်း သူ၏ အာဂျင်တီးနားတွင် နောက်ဆုံး နေထိုင်သွားရမည့်ရက်များကို ကုန်လွန်စေမည့် ဒုတိယထပ် အိပ်ခန်းထဲတွင်မူ ပြတင်းပေါက် များကို မွေ့ရာများဖြင့် ဖုံးအုပ်ထားပြီး နံရံများတွင် ထူထဲသော သိုးမွှေးစောင်များကိုလည်း သံဖြင့်ရိုက်ကပ်ထားသောကြောင့် ၎င်း၏ အော်သံများကို မည်သူမျှ ကြားနိုင်မည် မဟုတ်ပေ။