ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(33)

by Hla Soewai - Aug 10 2026

စီးပွားရေးစွမ်းဆောင်ရည်၏ အဓိကညွှန်းကိန်းများအရ တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်လွန်နှစ်များတွင် လုံးဝဥဿုံ အောင်မြင်မှုများကို ရရှိခဲ့သည်။ ပြည်တွင်းပြုပြင်ပြောင်းလဲမှုများနှင့် ကမ္ဘာ့စီးပွားရေးနှင့် ပေါင်းစည်းဝင်ရောက်လာမှုတို့မှတစ်ဆင့် ၁၉၄၉ ခုနှစ်နောက်ပိုင်း အကောင်းဆုံး တိုးတက်မှုနှုန်းများကို ရယူ နိုင်ခဲ့သည်။ 

 

၁၉၇၈ ခုနှစ်တွင် တရုတ်ယွမ်ငွေ ၃၁၅ ယွမ်ရှိခဲ့သော တဦးချင်းဝင်ငွေသည် ၁၉၈၉ ခုနှစ်တွင် ၁,၁၈၉ ယွမ်သို့ မြင့်တက်လာခဲ့သည်။ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းတွက်ချက်ပြီးနောက်၊ ထိုကာလအတွင်း တဦးချင်း အမှန်တကယ် ဝင်ငွေ (Real per capita income) မှာ သုံးဆနီးပါး မြင့်တက်လာခဲ့သည်။ (ဂျီဒီပီ၏ အနီးစပ်ဆုံး တိုင်းတာချက်ဖြစ်သော) စုစုပေါင်း ထုတ်ကုန်တန်ဖိုးမှာ ၁၉၇၈ ခုနှစ်တွင် ယွမ်ငွေ ၆၇၇.၆ ဘီလီယံ ရှိရာမှ ၁၉၈၉ ခုနှစ်တွင် ယွမ်ငွေ ၃.၄၆ ထရီလီယံအထိ မြင့်တက်လာခဲ့ပြီး၊ ၎င်းမှာ ငွေကြေးဖောင်းပွမှုကို ထည့်သွင်းညှိနှိုင်းပြီးနောက် ၃,၆၀၀ ရာခိုင်နှုန်း တိုးတက်လာခြင်းကို ကိုယ်စားပြုနေသည်။ 

 

၁၉၈၈-၁၉၈၉ ခုနှစ်များတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခဲ့သော်လည်း၊ ၁၉၇၉ နှင့် ၁၉၈၉ ကြားတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ တနှစ်လျှင် ပျမ်းမျှ ၆.၈ ရာခိုင်နှုန်းသာရှိခြင်းဖြင့် တရုတ်နိုင်ငံသည် မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ယေဘုယျအားဖြင့် ထိန်းသိမ်းနိုင်ခဲ့သည်။ စီးပွားရေးဖွဲ့စည်းပုံလည်း တိုးတက်ကောင်းမွန်လာခဲ့သည်။ ပြည်သူလူထုတစ်ရပ်လုံးက နေ့စဉ်လူနေမှုဘဝအတွက် ဝယ်ယူသုံးစွဲကြသည့် စားသောက်ကုန်၊ အဝတ်အထည်၊ နေထိုင်ရေးနှင့် အခြားသော ကိုယ်ပိုင်အသုံးအဆောင် ကုန်စည်နှင့် ဝန်ဆောင်မှုများ ပမဏ သည် နိုင်ငံတော်၏ စုစုပေါင်း ပြည်တွင်းသုံးစွဲမှု ၏ ၆၅ ရာနှုန်းသာ ရှိသည်။

 

ထိုအချက်သည် မျှတမှုရှိသော စီးပွားရေးစနစ်တခုကို ထင်ဟပ်ပြသနေသည်။ ၁၉၇၈ ခုနှစ်တွင် စက်မှုထုတ်လုပ်မှု၌ နိုင်ငံပိုင်ကဏ္ဍ၏ ရှယ်ယာပမာဏမှာ ၇၈ ရာနှုန်း ရှိခဲ့ရာမှ ၁၉၈၉ ခုနှစ်တွင် ၅၆ ရာနှုန်းသို့ ကျဆင်းသွားသည်က ကြည့်မည်ဆိုက နိုင်ငံတော်မဟုတ်သော ကဏ္ဍ (ပုဂ္ဂလိကနှင့် အခြားကဏ္ဍများ) ၏ လျင်မြန်သော တိုးတက်မှုနှုန်းက စီးပွားရေးတွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို လျော့ပါးစေခဲ့သည်။

 

တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးနှင့် အလွန်လျင်မြန်သောနှုန်းဖြင့် ပေါင်းစပ်ဝင်ရောက်လာခဲ့သည်။ နိုင်ငံခြားကုန်သွယ်မှုမှာ ၁၉၇၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀.၆ ဘီလီယံ ရှိခဲ့ရာမှ ၁၉၈၉ ခုနှစ်တွင် ၁၁၁.၆ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး၊ နှစ်စဉ် ပျမ်းမျှတိုးတက်မှုနှုန်းမှာ ၄၉ ရာခိုင်နှုန်း ရှိခဲ့သည်။ ထိုကာလအတွင်း ပို့ကုန်ပမာဏသည်လည်း ၉.၇၅ ဘီလီယံမှ ၅၂.၅ ဘီလီယံသို့ တိုးတက်လာခဲ့သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်လာမှုမှာလည်း ထိုဆယ်စုနှစ်အတွင်း စုစုပေါင်း ဒေါ်လာ ၁၅.၄ ဘီလီယံ ရှိခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ယခုထက် ပိုမိုများပြားစွာ ဆွဲဆောင်နိုင်ခဲ့မည်ဖြစ်သော်လည်း ဤပမာဏသည်ပင်လျှင် တိန့်ရှောင်ဖိန် ၏ စီးပွားရေး တော်လှန် ပြောင်းလဲလာမှု အပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်အားကိုးမှုကို ဖော်ပြနေခြင်း ဖြစ်ပေသည်။

 

တိုင်းတာ၍ရနိုင်သော ထိုကဲ့သို့ အောင်မြင်မှုများအပြင် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံရေးနှင့် အဖွဲ့အစည်းဆိုင်ရာ အခင်းအကျင်းများတွင်လည်း အဓိကကျသော အောင်မြင်မှုများကို ဖော်ဆောင်နိုင်ခဲ့သည်။ ထင်ရှားသည်မှာ တိန့်ရှောင်ဖိန်နှင့် သူ၏ထောက်ခံအားပေးသူများသည် ပြုပြင်ပြောင်းလဲရေး၏ အသီးအပွင့်များကို "စောစီးစွာ ရိတ်သိမ်းရယူနိုင်ခဲ့ခြင်း" ကြောင့် နောက်ထပ်ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ရန်အတွက် ၎င်းတို့၏ ရပ်တည်ချက်ကို ခိုင်မာ‌ အောင် အားဖြည့်ပေးနိုင်မည့် ကြီးမားလှသော နိုင်ငံရေး အရင်းအနှီးများကို ရရှိခဲ့ကြသည်။ ထို့ကြောင့် ၁၉၈၀ ပြည့်လွန်နှစ်များ၏ အရေးအပါဆုံး နှင့် အအောင်မြင်ဆုံး ရလဒ်မှာ နောက်လာမည့် ဆယ်စုနှစ်နှစ်ခုအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန်ဖြင့် တက်လှမ်းနိုင်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်များကို ချမှတ်ပေးနိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။

 

ဤအခန်းတွင် ဖော်ပြခဲ့သည့်အတိုင်း တိန့်ရှောင်ဖိန် ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒသည် စီမံကိန်းစီးပွားရေးစနစ် ကို စီမံကိန်းဘောင်ပြင်ပမှ တိုးတက်‌ အောင် ပြုလုပ်နိုင်ခဲ့ခြင်းဖြင့် ဆယ်စုနှစ်အတွင်း သိသိသာသာ အားနည်းသွားစေခဲ့သည်။ ကျေးလက်ဒေသများတွင် ဘုံ စိုက်ပျိုးရေးစနစ်ကို ဖျက်သိမ်းခြင်း သည် မော်ဝါဒီ စီးပွားရေးစနစ်၏ အဓိကမဏ္ဍိုင်ကြီး တရပ်ကို ဖြိုဖျက်လိုက်ရုံသာမက နှစ်ပေါင်းများစွာ အုပ်မိုးချုပ်နှောင်ခံထားရသော လုပ်ငန်းရှင်စိတ်ဓာတ် စွမ်းအားများကိုပါ ပွင့်ထွက်လာစေခဲ့၍၊ တက်ကြွလှုပ်ရှားမှုအသစ်နှင့် ပြည့်စုံသော ပုဂ္ဂလိကကဏ္ဍသစ်တခု ပေါ်ထွန်းလာမှူကို ကြီးထွားလာစေရန် လည်ပတ် လှုပ်ရှားနိုင်မည့် ရပ်ဝန်း တရပ်ကို ဖန်တီးပေးခဲ့သည်။ 

 

တစ်ချိန်တည်းမှာပင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် တရုတ်နိုင်ငံအား ကမ္ဘာ့စီးပွားရေးစနစ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းပေးခြင်းက တချိန်က ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်နေခဲ့သော စီးပွားရေးစနစ်ကို ၎င်း၏ ဈေးချိုသော လုပ်အား ဖြင့် အသာစီးရနိုင်မှု ကို အသုံးချနိုင်စွမ်းရှိလာစေရန် စွမ်းဆောင်ပေးခဲ့သည်။ စွမ်းဆောင်ရည်ပြည့်ဝသော ပြည်တွင်းပုဂ္ဂလိကကဏ္ဍနှင့်အတူ ကမ္ဘာ့စီးပွားရေးစနစ်အတွင်း ပေါင်းစည်းပါဝင်လာမှုတို့သည် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် အဓိက မောင်းနှင်ပေးသည့် အင်ဂျင်စက်ကြီး ဖြစ်လာခဲ့တော့သည်။

 

အမှန်စင်စစ် ဤအစီအစဉ်မှ တဆင့် ကြီးထွား လာခြင်း ကြောင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) ပြုပြင်ပြောင်းလဲရေးဟူသော ခက်ခဲနက်နဲသည့် ပြဿနာကို ရှောင်ရှားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ အမှန်စစ်စစ် ၌ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အာဏာရှင်စနစ်၏ ဧရာမ ဒေါက်တိုင် ကြီးများကို ပြုပြင်ပြောင်းလဲရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းချက်များသည် သိသိသာသာ အောင်မြင်မှု မရှိခဲ့ပေ။ 

 

ပါတီအနေဖြင့် အဓိကကျသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲမှုကို အကောင်အထည် ဖော်ရန် သတ္တိမွေးထုတ်နိုင် ရေး အတွက် နောက်ထပ် ဆယ်စုနှစ်တစုနှင့် ဖြစ်လာတော့မည့် ဘဏ်လုပ်ငန်း အကျပ်အတည်းတခု ထပ်မံ လိုအပ်ခဲ့သည်။ သို့သော် ထိုကဲ့သို့ ကျရှုံးမှုကို ထိုခေတ်ကာလ၏ နိုင်ငံရေးနောက်ခံ အခြေအနေအရပ်ရပ်အတွင်းမှသာ နားလည်ရပေမည်။ ချန်ယွမ် ဦးဆောင်သော အင်အားကြီးမားသည့် ရှေးရိုးစွဲအုပ်စုများ ပါတီခေါင်းဆောင်ပိုင်း၏ ထိပ်ဆုံးနေရာများတွင် အခိုင်အမာ ရပ်တည် နေချိန်၌၊ တိန့်ရှောင်ဖိန်နှင့် ၎င်း၏ ပြုပြင်ပြောင်းလဲရေးသမား လုပ်ဖော်ကိုင်ဖက်များသည် ပိုမိုပြင်းထန်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ပြုပြင်ပြောင်းလဲမှုများ (၁၉၉၀ ပြည့်လွန်နှစ်များအကုန်တွင် ပါတီနောက်ဆုံး လက်ခံကျင့်သုံးခဲ့သည့် နည်းလမ်းဖြစ်သော အစုလိုက် အပြုံလိုက် ကုမ္ပဏီ များ ဒေဝါလီ ခံစေခြင်းနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း စသည်တို့ကဲ့သို့သော) ကို ပြဋ္ဌာန်းနိုင်ရေးအတွက် ထိပ်တိုက်ရင်ဆိုင်ရန် အန္တရာယ်ကို လုံးဝ လုပ် ဝံ့ကြလိမ့်မည် မဟုတ်ပေ။ 

 

၁၉၈၀ ပြည့်လွန်နှစ်များတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို မည်သို့ ပြုပြင်ပြောင်းလဲရမည်ဟူသော အသိအမြင် လုံးဝမရှိခြင်းနှင့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကဲ့သို့သော ပိုမိုထိရောက်သည့် စီးပွားရေး အင်အားစုအသစ်များကို မွေးမြူခြင်းဟူသော ပိုမိုသာလွန်ကောင်းမွန်သည့် အခြားရွေးချယ်စရာ ရှိနေခြင်းတို့ကြောင့်၊ ကိုယ်တိုင်ပြုပြင်ပြောင်းလဲခြင်းထက် ထို ရွေးချယ် မှု များ မှတဆင့် ကြီးထွားလာခြင်းကို ဦးစားပေးခြင်းသည် နိုင်ငံရေးအရရော စီးပွားရေးအရပါ လုံးဝ အဓိပ္ပာယ်ပြည့်ဝနေပေသည်။

 

သို့သော်လည်း ဆယ်စုနှစ်အတွင်း ကြီးထွားလာအောင် ရုန်းထွက်နိုင်ခဲ့သည့် အောင်မြင်မှုမှာ တပါတီအာဏာရှင်စနစ်၏ စီးပွားရေးအခြေခံအုတ်မြစ်များကို တကြိမ်တည်းနှင့် အပြီးအပြိုင် ဖြိုဖျက်ပစ်ရန် ပျက်ကွက်ခဲ့ရခြင်း၏ တန်ဖိုးဖြင့် ပေးဆပ် ရယူခဲ့ခြင်းဖြစ်သည်။ ထိုအခြေခံအုတ်မြစ်မှာ ပါတီ-နိုင်ငံတော်က စီးပွားရေး၏ "အရေးပါဆုံး အမြင့်ပိုင်းနေရာများ" ကို ထိန်းချုပ်ထားခဲ့သည့် နိုင်ငံပိုင်လုပ်ငန်းများ (SOEs) ပင် ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍ၏ ထွက်ကုန်ပမာဏမှာ အဆိုပါ ကုမ္ပဏီများ၏ ထွက်ကုန်ပမာဏထက် နောက်ပိုင်းတွင် ကျော်လွန်လာခဲ့သော်လည်း၊ ၎င်းတို့သည် အထူးသဖြင့် ငွေကြေး၊ စွမ်းအင်၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့် စီးပွားရေး၏ အရေးအပါဆုံး ကဏ္ဍအချို့ကို ဆက်လက် လွှမ်းမိုးထားဆဲ ဖြစ်သည်။

 

ပါတီ-နိုင်ငံတော်က ဤကုမ္ပဏီများကို ထိန်းချုပ်ထားခြင်းကြောင့် အစိုးရအနေဖြင့် ပေါများကြွယ်ဝသော စီးပွားရေးအရင်းအမြစ်များကို ရရှိပိုင်ဆိုင်စေခဲ့ရုံသာမက၊ ဈေးကွက်ကို ကမောက်ကမဖြစ်စေပြီး စီးပွားရေးထိရောက်မှုကို ကျဆင်းစေခဲ့သည့် အဆိုပါကုမ္ပဏီများအတွက် ကြီးမားလှသော ကုန်ကျစရိတ် များ ကိုလည်း မလွှဲမရှောင်သာ စိုက်ထုတ် ကျခံ ပေးခဲ့ရသည်။ ၁၉၈၀ ပြည့်လွန်နှစ်များတွင် စီးပွားရေးမူဝါဒကို တာဝန်ယူကွပ်ကဲခဲ့ရသည့် ပြုပြင်ပြောင်းလဲရေးသမား ကျောက်ကျိယန် သည် ပုဂ္ဂလိကကဏ္ဍ အမြန်နှုန်းဖြင့် ကြီးထွားလာပြီး စီးပွားရေးကဏ္ဍကြီး၏ အရေးပါသော အစိတ်အပိုင်းအများစုတွင် နိုင်ငံတော်က ဆက်လက်လွှမ်းမိုးထားသည့် "နှစ်လမ်းသွား" (dual-track) အကူးအပြောင်းစနစ်၏ ရေရှည်အန္တရာယ်ကို ကြိုတင် မြင်တွေ့ခဲ့သည်။

 

"စနစ်နှစ်ရပ်နဲ့ လမ်းကြောင်းနှစ်ခု ရေရှည်မှာ အတူယှဉ်တွဲနေထိုင်ခြင်းဟာ နောက်ဆုံးမှာ ကြီးမားတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။ အစပိုင်းမှာ တဖြည်းဖြည်းချင်း အကူးအပြောင်းလုပ်တာက မှန်ကန်ပေမဲ့ ဒီနည်းလမ်းကို ရေရှည်မှာ ဆက်ကျင့်သုံးလို့တော့ လုံးဝမဖြစ်ပါဘူး" ဟု ၁၉၉၀ ပြည့်လွန်နှစ်များတွင် သူက သတိပေးခဲ့သည်။ ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် အဆိုပါ ဝန်ကြီးချုပ်ဟောင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်သည် နှစ်လမ်းသွားအကူးအပြောင်း၏ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကုန်ကျစရိတ်များကို လျှော့တွက်ခဲ့ပုံရသည်။ ဤနှစ်လမ်းသွား အကူးအပြောင်းစနစ်သည် နောက်ဆုံးတွင် အရှိန်အဟုန် ကုန်ဆုံးသွားသည့် အခါတွင်‌ တော့၊ ပါတီ-နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကကဏ္ဍကို ထိခိုက်နစ်နာ ခံပြီး စွမ်းဆောင်ရည် လွန်စွာ ညံ့ဖျင်းလှသော နိုင်ငံပိုင်ကဏ္ဍကို ထောက်ပံ့ရန်အတွက် ၎င်းတို့၏ အာဏာကို အသုံးပြုရန် တွန်းအားပေးခံရလိမ့်မည် ဖြစ်သည်။

 

**********