စစ်ရေးအခြေအနေ တ ဖန် ပြန်လည် ဦးမော့လာစေရန် မျှော်လင့်ချက်ဖြင့် စစ်သူကြီး မဟာ နေမျိုး သည် ဗျူဟာအသစ်ကို စတင်အကောင်အထည်ဖော်ကာ ပြည်မြို့၏ အရှေ့မြောက်ဘက် ၁၆ မိုင်အကွာရှိ ဝတ္ထုဂုံ (ဝက်ထီးကန် ဖြစ်နိုင်ခြေ ရှိသည်) သို့ ချီတက်လာခဲ့ပြီး၊ ထိုနေရာမှနေ၍ ကမ်းဘဲလ် ၏ တောင်ပိုင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်မည်ဟု ကြုံးဝါးခဲ့သည်။
ထို့ကြောင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကမ်ဘဲလ်သည် ဗိုလ်မှူးကြီး မက်ဒေါဝဲလ် နှင့် မဒရပ်စ် ဌာနေတပ်ရင်း သုံးရင်းတို့ကို စေလွှတ်၍ ရန်သူ့ဘယ်ဘက် တောင်ပံကို တိုက်ခိုက်စေခဲ့ပြီး တပ်ရင်းတရင်းကမူ ရှေ့မှနေ၍ ဟန့်တားထားခဲ့သည်။
သို့သော် မဟာ နေမျိုး ၏ ကင်းထောက်များက ဗြိတိသျှတို့ ၏ လှုပ်ရှားမှုများကို ကြိုတင် တင်ပြခဲ့ပြီး ဖြစ်သည်။ မြန်မာတို့၏ သာမန် ခံတပ်စစ်ဆင်ရေးနည်းဗျူဟာများနှင့် လုံးဝဆန့်ကျင်ဘက်အနေဖြင့် သူသည် တိုက်ခိုက်ခံရသည်အထိ စောင့်မနေဘဲ မိမိတပ်များကို ရန်သူ့ဘက်သို့ စေလွှတ်ခဲ့ပြီး လမ်းတဝက်တွင် ဆီးကြိုတိုက်ခိုက်စေခြင်း၊ မြေပြန့်လွင်ပြင်များတွေ့သည့်အခါ မြင်းတပ်များ၏ အကူအညီဖြင့် တောတွင်း၌ လိုက်လံတိုက်ခိုက်သော စစ်ပွဲကို စတင်ဆင်နွှဲခဲ့သည်။
ဤနည်းဖြင့် စစ်သူကြီး မဟာနေမျိုး သည် မက်ဒေါဝဲလ်၏ တပ်ဖွဲ့များ အချင်းချင်း ပူးပေါင်းသွားမည့် အရေးကို လုံးဝ ဟန့်တားနိုင်ခဲ့သည်။ ယင်းတပ်ဖွဲ့များမှ တပ်ရင်းနှစ်ရင်းသည် ဝက်ထီးကန် တပ်စခန်းဆီသို့ သီးခြားစီ ရောက်ရှိလာခဲ့ကြသော်လည်း တိုက်ခိုက်မှုနှစ်ခုစလုံး အောင်မြင်ခြင်း မရှိခဲ့ပေ။ မက်ဒေါဝဲလ်သည် စခန်းကို လှည့်လည် ကင်းထောက်နေစဉ် သေနတ်မှန်၍ ကျဆုံးသွားခဲ့ပြီး ဆုတ်ခွာရန် အမိန့်ပေးခဲ့ရသည်။ စစ်ကြောင်းတကြောင်းမှာ မိုင် ၁၆ မိုင်ခန့်အကွာအဝေး တလျှောက်လုံး တောတွင်းမှ ဝင်ရောက်တိုက်ခိုက်မှုများကို ခုခံတိုက်ခိုက်ခဲ့ရသည်။ စုစုပေါင်း အရာရှိ ၁၂ ဦးနှင့် တပ်သား ၁၈၈ ဦး ကျဆုံးဒဏ်ရာရရှိခဲ့သည်။
ကမ်းဘဲလ်အတွက် စိတ်ဓါတ် ကျဆင်းစရာ ဖြစ်လာခဲ့ သည်နှင့် အမျှ စစ်ဗိုလ်ချုပ်ကြီး မဟာ နေမျိုး အဖို့ ပိုမိုရဲတင်းလာစေခဲ့သည်။ သူသည် ပြည်မြို့ ရှိ ဗြိတိသျတပ်များကို စတင်ချီတက်တိုက်ခိုက်ခဲ့ပြီး, တမိုင် ရှေ့တိုးလာတိုင်း ခံတပ်များကို သတိကြီးစွာဖြင့် တည်ဆောက်ခဲ့ကာ တဖက်တွင်လည်း မြစ်တဖက်ကမ်းရှိ ဗဟိုတပ်ခွဲနှင့် ညာဘက်တပ်ခွဲတို့ကို ရှေ့သို့ ရွှေ့ပြောင်းလာခဲ့သည်။ မကြာမီမှာပင် ပြည်မြို ရှိ ဗြိတိသျ တပ်များသည် ၎င်းတို့နှင့် ငါးမိုင်အကွာရှိ နဝတ္ထ တောင်ကြော ထိပ်တွင် ခံတပ်များ ဆောက်လုပ်နေသည်ကို လှမ်း မြင်ခဲ့ရသည်။ "နေ့တိုင်းလိုလိုပင် မြန်မာ့တပ်မျက်နှာစာတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေပြီး နေ့ရောညပါ အနားမယူဘဲ အလုပ်လုပ်နေကြသည်" ဟု စနော့ဂရပ်စ် က ယခုလို မှတ်တမ်းတင်ခဲ့သည်။
"မနေ့ညနေက ရှေ့တန်းကင်းစခန်းများ ချထားခဲ့သည့် နေရာများရှေ့တွင် နံနက်တိုင်း အသစ်ဆောက်လုပ်ထားသော ခံတပ် အသစ်များကို ကျွန်ုပ်တို့ တွေ့ရှိရသည်။ အတွေ့အကြုံရင့်ကျက်သော တပ်မှူးကြီး၏ ရည်မှန်းချက်မှာ... စစ်ရေးတွင် အဆင်အခြင်မဲ့စွာ အမြန် တိုက်ခိုက်ခြင်းဖြင့် အရှုံးမခံလိုပေ။ မိမိ၏ ဂုဏ်သိက္ခာနှင့် အသက်အန္တရာယ်ကို မထိခိုက်စေရန် သတိကြီးစွာထားကာ၊ ဗြိတိသျ တပ်များကို အနီးကပ်ဆုံးအထိ ချဉ်းကပ်သွားပြီးမှ ဘက်ပေါင်းစုံမှ အပြင်းအထန် ဝိုင်းဝန်းတိုက်ခိုက်ရန် ရည်ရွယ်ထားပုံရသည်။ လာမည့် လကြတ်ချိန် သည် တိုက်ခိုက်မှုကို စတင်ရန်အတွက် အလွန်ကောင်းမွန်သော အချိန်အခါကောင်းတခု ဖြစ်လာမည်ဖြစ်ကြောင်း သူ၏ နက္ခတ်ဆရာများက ဟောကိန်းထုတ်ထားခဲ့ကြသည်။"
ဗြိတိသျှတို့နှင့် တိုက်ပွဲဝင်ဖူးခြင်းမရှိသော်လည်း အကြမ်းခံနိုင်လိမ့်မည်ဟု မျှော်လင့်ရသော ရှမ်း တောင်တန်းဒေသများမှ ရှမ်းတပ်သား ရှစ်ထောင်သည် မြန်မာ့တပ်မတော်သို့ အင်အားဖြည့်တင်းပေးခဲ့ကြသည်။ ၎င်းတို့ကို လူမှုအဆင့်အတန်း မြင့်မားကြပြီး ငယ်ရွယ်၍ ရုပ်ရည်ချောမောကြသော ရှမ်းအမျိုးသမီး သူတော်စင်သုံးဦးက အားပေးတိုက်တွန်းခဲ့ကြသည်။ ထိုအမျိုးသမီးများသည် ရန်သူတို့၏ ကျည်ဆံနှင့် ဗုံးဆန်များကို လွှဲဖယ်ပစ်နိုင်သည့် အံ့ဖွယ်စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်ဟု ယုံကြည်ကြသည်။
အမေဇုန် စစ်သည်တော်တို့ကဲ့သို့ ဝတ်စားဆင်ယင်ထားကြပြီး ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီးသုံးဦးသည် မြင်းများကို စီးကာ တပ်သားများကြားတွင် လှည့်လည်သွားလာခဲ့ကြပြီး အမြန်ဆုံး အနိုင်ရရှိတော့မည်ဖြစ်ကြောင်း ဟောပြောကြကာ တော်လှန်ပုန်ကန်နေသော မျက်နှာဖြူ လူစိမ်းများကို ချေမှုန်းကြရန် စိတ်အား ထက်သန်စွာ တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။ ဤအမျိုးသမီးများသည် မြန်မာဘုရင်၏ လှည့်ဖြားရေး ယန္တရား၏ တစိတ်တစ်ပိုင်း ဖြစ်သလော၊ သို့မဟုတ် ရှေးဟောင်း လူမျိုးဗေဒဆိုင်ရာ အဓိပ္ပာယ်တစုံတရာ ရှိသလောဆိုသည်ကို ပြောရန် ခက်ခဲပေသည်။
မြစ်အရှေ့ဘက်ရှိ မြန်မာ စစ်တပ် ၏ တပ်မနှစ်ခုမှာ အချင်းချင်း အလွန်ဝေးကွာနေသဖြင့် အပြန်အလှန် အကူအညီပေးနိုင်ခြင်း မရှိကြကြောင်း ကမ်းဘဲလ် နှင့် သူ၏စစ်ဦးစီးအဖွဲ့တို့က ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြသည်။ ဤအချက်သည် ထိုတပ်များကို တတပ်ချင်းစီ အနိုင်ယူတိုက်ခိုက်နိုင်ရန် ကမ်းဘဲလ် အတွက် အလွန်ပင် အခွင့်သာသွားစေခဲ့ပြီ ဖြစ်သည်။
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရေတပ်ဗိုလ်မှူးချုပ် ဆာ ဂျိမ်းစ် ဘရစ်စဘိန်း က ရန်သူ့ အနောက်ပိုင်းနှင့် အလယ်ပိုင်း စစ်ကြောင်းများအပေါ် အမြောက်ကြီးများဖြင့် အပြင်းအထန် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ၎င်းမှာ ကမ်းဘဲလ် က အိန္ဒိယ စစ်ဗာရီ တပ်ရင်းလေးရင်းအား ပြည်မြို့ကို ဆက်လက်ထိန်းသိမ်းထားရန် ချန်ထားခဲ့ပြီးနောက်၊ မဟာ နေမျိုး ၏ ဆင်ဘိတ် (Simbike) ရှိ တပ်မကို တိုက်ခိုက်ရန် မိမိကိုယ်တိုင် ဦးဆောင်သော စစ်ကြောင်းတ ကြောင်း နှင့် ကော်တွန် ဦးဆောင်သော စစ်ကြောင်းတ ကြောင်း ဟူ၍ နှစ်ကြောင်းခွဲကာ ချီတက်နိုင်ရန် ရန်သူ့အာရုံကို လွှဲပြောင်းပေးသည့် စစ်ရေးလှည့်ကွက်တစ်ခုသာ ဖြစ်သည်။
တချိန်တည်းမှာပင် ထိုစစ်ရေးလှည့်ကွက်၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် စစ်ဗာရီ တပ်ဖွဲ့ တဖွဲ့သည် နာပဒီ ရှိ လွှတ်တော် ဝန် မင်း ၏ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မည့်ဟန်ဖြင့် ချီတက်လှုပ်ရှားခဲ့ကြသည်။
ကော်တွန် ၏ တပ်ဖွဲ့သည် ဆင်ဘိတ် ဘက်သို့ လမ်းအတိုင်း တည့်တည့် ချီတက်ခဲ့သည်။ လွှတ်တော် ဝန်ကြီး ၏ တပ်ဖွဲ့ နောက်သို့ ဆုတ်ခွာမည့်လမ်းကို ဖြတ်တောက်ကာ ကျောဘက်မှ တိုက်ခိုက်နိုင်ရန်အတွက် ကမ်းဘဲလ် ၏ တပ်ဖွဲ့မှာမူ နဝင်းမြစ်ကို ဖြတ်ကူးပြီးနောက် မြစ်ကမ်းတလျှောက် တတ်နိုင်သမျှ တိတ်တဆိတ် ချီတက်ခဲ့သည်။
ထို စီမံချက် သည် ရှုပ်ရှုပ် ထွေး ထွေး နိုင်လှသော်လည်း ပညာသာ ပါပြီး လက်တွေ့အကောင်အထည်ဖော်ရာတွင် ကောင်းမွန်သည် ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရန်သူ့ ကင်းစခန်းများအားလုံး ရုပ်သိမ်းသွားခဲ့ကြပြီး၊ တပ်အင်အားကို ဒုက္ခရောက်နေသော အလယ်ဗဟို စစ်ကြောင်းဘက်သို့ စေလွှတ်ဖွယ်ရှိသဖြင့် ဆင်ဘိတ် ရှိ မဟာနေမျိုး ၏ နေရာသည် ရုတ်တရက် တိုက်ခိုက်ခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်လာခဲ့ရသည်။
ကော်တွန် သည် ထိုနေရာသို့ ပထမဆုံးရောက်ရှိလာပြီး ၎င်း၏ တပ်ဖွဲ့ကို အုပ်စုနှစ်စု ခွဲကာ ရန်သူ့ ခံတပ်များကို နေရာနှစ်ခုမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မဟာ နေမျိုးသည် အသက်အရွယ် ရနေ လင့် ကစား ရွှေစင်ရွှေပြားများ ကွပ်ထားသော ဝေါ် စီးလျက် နေရာအနှံ့ သွားကာ တိုက်တွန်းအားပေးမှုကြောင့် ရှမ်းတို့သည် ကောင်းစွာ တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ဗြိတိသျှ တပ်များက ခံတပ်ကာကွယ်ရေး ကတုတ် များကို ကျော်ဖြတ်ကာ ပြင်းပြင်းထန်ထန် ပစ်ခတ်လာသော အမြှောက်သံများ နှင့် အတူ ညီညာစွာ ချီတက်လာကြသောအခါတွင်မူ ဆုတ်ခွာပေးခဲ့ကြရသည်။
‘မြင်းများနှင့် လူတို့သည် သေစေနိုင်သော ကျည်ဆံမီးတောက်များကို ရှောင်ရှားရန် တဖက်နှင့်တဖက် ရောထွေးကာ ဝရုန်းသုံးကား ဖြင့် ပြေးလွှားနေကြသည်’ ဟု စနော့ဂရပ်စ် က ရေးသားခဲ့သည်။ ‘အချို့အုပ်စုများမှာ ခံတပ်ကာကွယ်ရေးများကို ဖျက်ဆီးပြီး ဖောက်ထွက်ရန် ကြိုးစားနေကြသည်၊ ထွက်ပြေးရန် ဝန်လေးကြသည့် ရဲစွမ်းသတ္တိရှိသူများကမူ ချီတက်လာသည့် တပ်များကို အားနည်းစွာဖြင့် အရာမထင်သော ခုခံမှုကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်’။