နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(46)

by Hla Soewai - Aug 03 2026

နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ (၁၀)

───

 

မက်မာတင် မူကြိုကျောင်း ကလေးသူငယ် လိင် အလွဲပြု ကျင့်မှု တရားခွင်

 

၁၉၈၃ ခုနှစ် နွေရာသီတွင် မန်ဟက်တန် ကမ်းခြေ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဂျုဒီ ဂျွန်ဆင်က ရဲတပ်ဖွဲ့ထံသို့ မက်မာတင် မူကြို ကျောင်းမှ ကျောင်းဝန်ထမ်းတဦးသည် သူမ၏ အသက်နှစ်နှစ်ခွဲအရွယ် သားဖြစ်သူအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခဲ့ကြောင်း တိုင်ကြားခဲ့မှု ဖြင့် စတင်လာခဲ့သည်။ 

 

သူမပြောသည့် အဆိုပါ ဝန်ထမ်းမှာ ကျောင်းပိုင်ရှင်၏ အသက် ၂၅ နှစ်အရွယ် သားဖြစ်သူ ရေမွန် ဘပ်ကီ ဖြစ်သည်။ ထိုကလေးငယ်က ဓာတ်ပုံများထဲမှ ဘပ်ကီကို ခွဲခြားမပြနိုင်ခဲ့ခြင်းနှင့် ကလေးငယ်အား ဆေးပညာအရ စစ်ဆေးမှုများတွင်လည်း လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံရသည့် လက္ခဏာတစုံတရာ မတွေ့ရှိရသော်လည်း ရဲတပ်ဖွဲ့က အဆိုပါစွဲချက်ကို အလေးအနက် ထား စုံစမ်းလာခဲ့သည်။ ရဲတပ်ဖွဲ့သည် ဘပ်ကီ၏အိမ်ကို ရှာဖွေခဲ့ပြီး ရာဘာဘဲရုပ်၊ ဘွဲ့ဝတ်စုံ၊ ဝက်ဝံရုပ်နှင့် ပလေးဘွိုင်း မဂ္ဂဇင်းများကဲ့သို့သော “သက်သေခံပစ္စည်းများ” ကို သိမ်းဆည်းခဲ့ပြီး ဘပ်ကီကို ဖမ်းဆီးလိုက်သည်။

 

ဘပ်ကီ ကို ဖမ်းဆီးပြီး နောက်တနေ့တွင် မန်ဟက်တန်ဘိ့ချ် ရဲမှုး ကြီး ဟယ်ရီ ကူးလ်မိုင်ယာ က မက်မာတင် မူကြိုကျောင်းရှိ ကျောင်းသား မိဘနှစ်ရာခန့်ထံသို့ စာတစောင် ပေးပို့ခဲ့သည်။ သူက ရေး ဘပ်ကီ ဆိုသူ သည် ကလေးသူငယ် များ အပေါ် လိင် အလွဲသုံးစားလုပ်မှုဖြင့် သံသယရှိခံနေရကြောင်း အသိပေးထားသည်။ ထိုစာတွင် မိဘများအနေဖြင့် "မိမိတို့၏ ကလေးငယ်များအနေဖြင့် မည်သည့်ရာဇဝတ်မှုမျိုးကိုမဆို မျက်မြင်တွေ့ရှိခဲ့ဖူးခြင်း ရှိမရှိ သို့မဟုတ် ကျူးလွန်ခံရသူတဦး ဖြစ်ခဲ့ဖူးခြင်း ရှိမရှိကို ကလေးများကို မေးမြန်းကြပါရန်" တောင်းဆိုထားသည်။

 

စာတွင် စစ်ဆေးဆဲဖြစ်သော ဖြစ်နိုင်ချေရှိသည့် ရာဇဝတ်မှုများကို မည်သည့်မိဘကိုမဆို အလွန်တရာ တုန်လှုပ်ချောက်ချားသွားစေမည့် ပုံစံမျိုးဖြင့် အောက်ပါအတိုင်း စာရင်းပြုစုဖော်ပြထားသည်-

"ပါးစပ်ဖြင့် လိင်ပိုင်းဆိုင်ရာ ပြုမူခြင်း၊ လိင်အင်္ဂါ၊ တင်ပါး သို့မဟုတ် ရင်ဘတ် များကို ကိုင်တွယ်တို့ထိခြင်းနှင့် စအိုဖြင့် လိင်ဆက်ဆံခြင်းတို့ ပါဝင်ပြီး၊ ၎င်းတို့ကို 'ကလေး၏ အပူချိန်ကို တိုင်းတာသည်' ဆိုသော အကြောင်းပြချက်ဖြင့် ကျူးလွန်ခဲ့ဖွယ်ရှိသည်။ ထို့အပြင် ကလေးများ၏ အဝတ်အစားမပါဘဲ ပုံများကိုလည်း ရိုက်ကူးခြင်းမျိုး။ နေ့လယ်အိပ်ချိန် မျိုး တွင် ရေး ဘပ်ကီ သည် ကလေးတဦးဦး နှင့်အတူ စာသင်ခန်းထဲမှ တယောက်တည်း ထွက်သွားသည်ကို အခြား ကလေးငယ်များ အနေဖြင့် သတိပြုမိခဲ့ဖူးခြင်း ရှိမရှိ သို့မဟုတ် ရေး ဘပ်ကီ က ကလေးငယ်တဦးဦးကို ကြိုးဖြင့်တုတ်နှောင်သည်ကို တွေ့ရှိခဲ့ဖူးခြင်း ရှိမရှိနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်မဆို အရေးကြီးပါသည်။" ဟု ဖေါ်ပြထားသည်။

 

ရဲမှုးက စာအဆုံးသတ်တွင် မိဘများအား “စွဲချက်တင်ထားသည့် သဘောသဘာဝနှင့် မိမိတို့၏ အသိုက်အဝန်းအပေါ် သက်ရောက်နိုင်သည့် အလွန်အမင်း စိတ်ထိခိုက် နိုင်စရာ ရှိနိုင်သည့် အတွက် ကျေးဇူးပြု၍ ဤစုံစမ်းစစ်ဆေးမှုကို တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားပေးကြပါရန်” တောင်းဆိုထားသည်။ “မိမိတို့၏ မိသားစုဝင်ရင်းချာများမှလွဲ၍ အခြားမည်သူ့ကိုမျှ ဤစုံစမ်းစစ်ဆေးမှုအကြောင်း မပြောဆိုကြပါနဲ့။”

 

မက်မာတင် မူကြိုကျောင်း စုံစမ်းစစ်ဆေးမှုအပေါ် သတင်း‌ မှောင်ချ ထားမည် ဆိုက ရေမွန်ဘပ်ကီ ကိုသာမက ယခင်က နာမည်ကောင်းရှိခဲ့သော ထိုကျောင်း၏ တည်ထောင်သူနှင့် ဝန်ထမ်းများကိုပါ တရားစွဲဆိုမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထိုသို့ ဖြစ်လာမည် ဆိုက အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံးနှင့် ကုန်ကျစရိတ်အများဆုံး ရာဇဝတ်မှုဆိုင်ရာ တရားစွဲမှု များ ဖြစ်ပေါ်လာနိုင်ပြီး အခွန်ထမ်း ပြည်သူ များအတွက် အနည်းဆုံး ဒေါ်လာ ဆယ့်ငါးသန်းကျော် ကုန်ကျစေမည် ဖြစ်သည်။ သို့သော် ထိုအထဲမှ မည်သည့်ပြစ်ဒဏ်စီရင်ချက် တခုမျှ ထွက်ပေါ်လာမည် မဟုတ်ပေ။ သို့သော်လည်း မတရား စွပ်စွဲခံရသော တရားခံများ၊ စိတ်ဒဏ်ရာရရှိခဲ့ကြသော ကလေးငယ်များနှင့် ဒေါသထွက်နေကြသော မိဘများစသည့်တို့ ဒု နှင့် ဒေး ရှိလာလိမ့်မည် ဖြစ်သည်။

 

ရဲမှူးကြီး၏ မိဘများထံသို့ ပေးပို့သော လျှို့ဝှက်စာ ထွက်ပေါ်လာပြီးနောက် မက်မာတင် မူကြို ကျောင်းနှင့် ပတ်သက်သူတိုင်း — အမှန်စင်စစ် လော့စ်အိန်ဂျလိစ် မြို့ကြီးတစ်ဝန်းရှိ လူအများစုနီးပါး — ရေးဘတ်ကီ အား စုံစမ်းစစ်ဆေး နေပြီ ဆိုသည့် အကြောင်းကို မကြာမီပင် သိရှိသွားခဲ့ကြသည်။

 

 ထိုစဉ်အတွင်း ဂျူဒီဂျွန်ဆင် က မက်မာတင် မူကြိုကျောင်းတွင် ကျူးလွန်ခဲ့သော မူမမှန်သည့် အပြုအမူများနှင့် ပတ်သက်၍ ထပ်မံတိုင်ကြားချက်များ ပြုလုပ်ခဲ့သည်။ အနည်းဆုံး ထို တိုင်ကြားချက်မှာ အလွန်တရာ ထူးဆန်းလှပေသည်။ ဂျွန်ဆင်က ရေးဘတ်ကီ၏ မိခင်ဖြစ်သူ ပယ်ဂီဘတ်ကီ သည် ဆေတန် ကို ကိုးကွယ်သည့် အလေ့အထများတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခဲ့သည်။ 

 

ဂျွန်ဆင်၏ အဆိုအရ ပယ်ဂီသည် သူမ၏သားကို ဘုရားကျောင်းသို့ ခေါ်သွားခဲ့ပြီး ထိုနေရာတွင် ကလေးငယ်တဦး၏ ခေါင်းဖြတ်သတ်ခံရသည်ကို ကြည့်ရှုစေခဲ့ကာ သွေးများကို အတင်းအကျပ် သောက်ခိုင်းခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ရေးဘတ်ကီသည် သူသားငယ်၏ ခေါင်းကို အိမ်သာခွက်ထဲထည့်ကာ စအိုမှ ကာမ ကျူးလွန်ခဲ့ကြောင်း၊ ဘတ်ကီက ကလေးငယ်ကို ကား ရေဆေးသည့် နေရာသို့ ခေါ်သွားကာ ကားနောက်ဖုံးထဲတွင် သော့ခတ်ပိတ်လှောင်ခဲ့ကြောင်းလည်း သူမက စွပ်စွဲခဲ့သည်။ အခြားဆရာမများသည်လည်း ယုန်များကို အပိုင်းပိုင်းခုတ်ထစ်ခဲ့ကြပြီး "ကြယ်ပုံစံ တမျိုးမျိုး" ကို လုပ်ကာ သားဖြစ်သူ၏ တင်ပါးပေါ်တွင် တင်ထားခဲ့သည်ဟု ပါရှိလာသည်။

 

ဤကဲ့သို့သော စွပ်စွဲချက်မျိုးသည် ရဲတပ်ဖွဲ့နှင့် တရားလိုရှေ့နေများအတွက် အချက်ပြ သတိပေးချက်တခု ဖြစ်သင့်ပေသည်။ သို့သော် သံသယမီးပွားကြီးမှာ တလှိမ့် လှိမ့် ကူးစက် လာခဲ့ပြီဖြစ်သည်။ ရဲမှုးကြီး ကူလ်မိုင်ယာ ၏ မိဘများထံပေးစာကြောင့် အခြားမိဘများထံမှ စွပ်စွဲချက်အသစ်များ ထွက်ပေါ်လာခဲ့သလို၊ မက်မာတင် မူကြို ကျောင်းတွင် ဖြစ်ပျက်ခဲ့သည်များကို အပြည့်အစုံ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုများလည်း ထွက်ပေါ်လာခဲ့သည်။ 

 

ဤဖိအားများကြောင့် ခရိုင်ရှေ့နေရုံးသည် ဆက်လက်စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်း အတော်များများကို ကလေးသူငယ် အလွဲသုံးစားပြုခံရမှုနှင့် ညှဉ်းပန်းနှိပ်စက်ခံရမှု ကုသပေးရန် ဖွဲ့စည်းထားသည့် ကလေးသူငယ်များဆိုင်ရာ နိုင်ငံတကာအေဂျင်စီ (CII) မှ အတိုင်ပင်ခံပုဂ္ဂိုလ် ကီး မက်ဖာလန်း ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

မိဘများအနေဖြင့် မိမိတို့၏ကလေးများကို CII သို့ စစ်ဆေးမေးမြန်းမှု များ ပြုလုပ်နိုင် ရန် ခေါ်လာကြဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းခဲ့သည်။ ကလေးလေးရာခန့် စစ်ဆေးမေးမြန်းမှုခံယူရန် ရောက်ရှိလာခဲ့ကြသည်။ CII တွင် ကလေးတဦးစီကို လိင်ပိုင်း ဆိုင်ရာ အလွဲသုံးစားပြုခံရကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လာစေရန် ရည်ရွယ်၍ ဦးတည်မေးခွန်းများတသီတသန်းကြီး မေးမြန်းခဲ့သည်။ အစပိုင်းတွင် ကလေးများက မည်သည့်အလွဲသုံးစားပြုခံရသည့် လက္ခဏာကိုမျှ မတွေ့ရကြောင်း ငြင်းဆိုလေ့ရှိသည်။ သို့သော် အဆုံးတွင်မူ ကလေးများသည် မက်ဖာလန်းနှင့် အခြားမေးမြန်းသူများ အမှန်တကယ် ကြားချင်နေကြသည့် ဇာတ်လမ်းများကို နောက်ဆုံးတွင် ဝန်ခံပြောဆိုလာကြတော့သည်။ 

 

စစ်ဆေးမေးမြန်းမှု ပြီးဆုံးသောအခါ မက်ဖာလန်းက မိဘများအား ၎င်းတို့၏ ကလေးမှာ အလွဲသုံးစားပြုခံခဲ့ရကြောင်းနှင့် စွပ်စွဲခံရသော အလွဲသုံးစားပြုမှု၏ သဘောသဘာဝကို ပြောပြခဲ့သည်။ ၁၉၈၄ ခုနှစ် မတ်လရောက်ချိန်တွင် မက်မာတင်ကျောင်းဟောင်းမှ ကျောင်းသားဟောင်း ၃၈၄ ဦးသည် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံခဲ့ရသူများအဖြစ် ရောဂါရှာဖွေ သတ်မှတ်ခြင်း ခံခဲ့ရသည်။

 

အင်တာဗျူးများအပြင် ကလေးငယ် တရာ့ငါးဆယ်ခန့်ကိုလည်း ဆေးစစ်ခဲ့ကြသည်။ စစ်ဆေးမှုများပြုလုပ်ရန် CII (Children's Institute International) မှ ငှားရမ်းထားသော ဒေါက်တာ အက်စထရစ် ဟီဂါ ၏ ကောက်ချက်ချချက်အရ ကလေးများ၏ ရာခိုင်နှုန်း ၈၀ မှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံခဲ့ရကြောင်း သိရသည်။ မျှော်လင့်သည့်အတိုင်း ဒေါက်တာဟီဂါသည် သူမ၏ ကောက်ချက်ချမှုကို ရုပ်ပိုင်းဆိုင်ရာ အထောက်အထားများအပေါ် အဓိကအခြေခံခဲ့ခြင်း မရှိပေ။ စစ်ဆေးမှုများအရ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် ရုပ်ပိုင်းဆိုင်ရာ အထောက်အထားကို က‌ လေးငယ် ခြောက်ဦး တွင်သာ တွေ့ရှိခဲ့ရသည်။ (ယင်းသည် အိမ်တွင်ဖြစ်စေ၊ အခြားမည်သည့်နေရာတွင်မဆို လည်း ဖြစ်နိုင်သည်)။ သို့သော် ဟီဂါက "မည်သည့်ကောက်ချက်မဆို ကလေး၏ ဆေးဘက်ဆိုင်ရာ ရာဇဝင်ကို အတည်ပြုပေးနိုင်ရမည်" ဟူ၍ ခိုင်ခိုင်မာမာ ဆိုခဲ့ပြီး— မိဘများနှင့် ကလေးငယ်များသည် သူမနှင့် CII မှ အခြားသူများနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးများတွင် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံရမှုများကို ထုတ်ဖော်ပြောဆိုလာခဲ့ကြသည်။