စစ်ပြေငြိမ်းရေး အစ လော
စက်တင်ဘာလတွင် ကမ်းဘဲလ်သည် မြန်မာစစ်ဌာနချုပ်ဆီသို့ စာရေးသားပေးပို့ခဲ့ရာတွင်၊ စစ်ပွဲကို ဆက်လက်ဆွဲထားပါက ရွှေနန်းရှင်ဘုရင်အတွက် "ပျက်စီးဆုံးရှုံးစေမည့် ဆိုးရွားသော နောက်ဆက်တွဲဆိုးကျိုးများ" ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ကာ ၎င်းကမ်းလှမ်းသည့် သက်ညှာသော ငြိမ်းချမ်းရေး အခြေအနေများကို စဉ်းစားရန် တိုက်တွန်းခဲ့သည်။
ဆက်လက်၍ မကြာမီမှာပင် အင်းဝမှ သံအဖွဲ့တစ်ဖွဲ့သည် ပြည်မြို့သို့ ရောက်ရှိလာပြီး ဘုရင်ကိုယ်တိုင် ငြိမ်းချမ်းရေး လိုလားနေကြောင်း ပြောကြားခဲ့သဖြင့် နှစ်ဖက်စလုံးက ပြည်မြို့နှင့် မြေထဲ အကြားရှိ နောင်ပင်စိတ် (Nëoun-ben-zeik) မြေပြန့်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်ရန် သဘောတူညီခဲ့ကြသည်။
ဗြိတိသျှတို့အနေဖြင့် အင်းဝမြို့ကို အလျှော့ပေးစရာမရှိဘဲ တိုက်ရိုက်ချီတက်လာလိမ့်မည်ဟု မြန်မာတို့က မျှော်လင့်ထားခဲ့ကြပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလာမှုသည် ၎င်းတို့၏ အားနည်းချက် ဖြစ်သော တပ်ဖွဲ့ဝင်များအကြား ဖျားနာမှုများ ဖြစ်ပွားနေခြင်းကြောင့်ဟု ယူဆခဲ့ကြကြောင်း နောင်တွင် သိရှိခဲ့ရသည်။ ဤအချက်ကပင် ဆွေးနွေးပွဲများအပေါ် ၎င်းတို့၏ သဘောထား ပိုမိုတင်းမာ လာစေခဲ့သည်မှာလည်း သဘာဝ ကျပေသည်။
စစ်ရပ်စဲရေး သဘောတူညီချက်တခုကို ပြုလုပ်နိုင်ခဲ့သည်။ လွှတ်တော် ဝန်ကြီး တပါး နှင့် ၎င်း၏အဖွဲ့သည် နောင်တွင် ဆာ အာချီဘော ကမ်ဘဲလ် နှင့် ၎င်း၏ လက်ထောက်များရှိရာမှ တမိုင်အကွာ မြေပြန့်လွင်ပြင်တွင် စခန်းချခဲ့ကြပြီး အဖွဲ့တဖွဲ့လျှင် လူ ၆၀၀ စီဖြင့် လုံခြုံရေး ယူထားကြသည်။
ထိုဝန်ကြီး၏ ရာထူးအဆင့်အတန်းအရ ဤမျှထက် ငယ်သော အစောင့်အရှောက်အဖွဲ့ဖြင့် ခရီးသွားလာခွင့် မရှိပေ။ ထို့နောက် အုပ်စုနှစ်စုစလုံးသည် ၎င်းတို့၏စခန်းများမှ တချိန်တည်းထွက်ခွာခဲ့ကြပြီး အကွာအဝေးတူညီသော ညှိနှိုင်းဆွေးနွေးရေး အဆောက်အအုံ၌ အချင်းချင်း တွေ့ဆုံခဲ့ကြသည်။ လက်ဆွဲနှုတ်ဆက်ခြင်းများ ပြုလုပ်ခြင်း၊ ခင်မင်ရင်းနှီးမှုကို ပြသခြင်းနှင့် ဗြိတိသျှဘုရင်မိသားစု၏ ကျန်းမာရေးအခြေအနေကို မြန်မာတို့က မေးမြန်းခြင်းတို့ ပြုလုပ်ပြီးနောက် အုပ်စုနှစ်စုစလုံးသည် ကုလားထိုင်များတွင် တဖက်နှင့်တဖက် မျက်နှာချင်းဆိုင်ထိုင်ကာ စတင်ဆွေးနွေးကြတော့သည်။
သို့သော် ကင်းမ်ဘဲလ်၏ စစ်ရေးအတွင်းဝန် စနော့ဂရပ်စ် က "စတင်ပြုလုပ်ကတည်းက ဤညှိနှိုင်းဆွေးနွေးမှုများသည် မည်သည့်အရာမှ ထူးလာမည်မဟုတ်ကြောင်း အလွန်ပင် ထင်ရှားနေခဲ့သည်" ဟု မှတ်တမ်းတင်ခဲ့သည်။ ကမ်းဘဲလ်သည် ဗြိတိသျှတို့၏ တောင်းဆိုချက်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုအထဲတွင် ရခိုင်နှင့် တနင်္သာရီဒေသများကို အပ်နှံရန်၊ စတာလင်ပေါင် တသန်း လျော်ကြေးပေးရန်တို့ ပါဝင်ပြီး စစ်ပွဲဖြစ်ပွားရသည့် အကြောင်းရင်းများကိုလည်း အသေးစိတ် တင်ပြခဲ့သည်။
မြန်မာတို့က နားထောင်ခဲ့ကြပြီး ဘကြီးတော်မင်းတရားကြီးထံ ဤတောင်းဆိုချက်များကို တင်ပြလျှင် ၎င်းတို့၏ အသက်ပင် သေဆုံးသွားနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် အဓိက တောင်းဆိုချက်များကို ပြန်လည်ရုပ်သိမ်းပေးရန် တိုက်တွန်းခဲ့ကြသည်။ နောက်ဆုံးတွင် ဘုရင်မင်းမြတ်၏ အမိန့်တော်ကို ပြန်လည်ခံယူနိုင်ရန်အတွက် အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက်ပေါင်း နှစ်ဆယ် ထပ်မံတိုးပေးရန် တောင်းဆိုလာခဲ့ကြသည်။
ထို တောင်းဆိုချက်ကို ကမ်းဘဲလ် က ခွင့်ပြုပေးခဲ့သော်လည်း နှစ်ရက် သို့မဟုတ် သုံးရက်အတွင်းမှာပင် မြန်မာ့တပ်မတော်၏ စစ်ကြောင်းများသည် ကြားနေ အပစ်အခတ်ရပ်စဲရေး နယ်မြေအတွင်းသို့ ဝင်ရောက်လာကြပြီး ပြည် မြိုအနီးရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လုယက်ခြင်းနှင့် မြေလှန်ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ကမ်းဘဲလ်၏ စစ်တပ်အတွက် မြစ်ကြောင်းမှတဆင့် ရိက္ခာတင်သွင်းမှုများကို ဖြတ်တောက်ခဲ့ကြပြီး ရန်ကုန်မြို့နှင့် ပင်လယ်ပြင်ဆီသို့ ဆက်သွယ်ထားသော ဗြိတိသျှတို့၏ ဆက်သွယ်ရေးလမ်းကြောင်းများကိုပါ ခြိမ်းခြောက်လာခဲ့ကြသည်။
ကမ်းဘဲလ် သည် လွှတ်တော် ဝန်ကြီး ထံသို့ ပြင်းထန်သည့် ကန့်ကွက်စာများကို ပေးပို့ခဲ့သော်လည်း ဝန်ကြီးကမူ ယင်းကိစ္စနှင့်ပတ်သက်၍ လုံးဝမသိရှိကြောင်း ငြင်းဆိုခဲ့သည်။ နောက်ဆုံး ရက်ပေါင်းနှစ်ဆယ် ကုန်ခါနီး တွင်မှ သူ၏ အဆိုပြုချက်များနှင့်ပတ်သက်၍ အောက်ပါအတိုင်း အတိုချုပ် အဖြေစကားကို ရရှိခဲ့သည် -
"သင်တို့ ငြိမ်းချမ်းရေးကို လိုချင်လျှင် ထွက်သွားနိုင်ပါသည်၊ သို့သော် ငွေကြေး သို့မဟုတ် နယ်မြေကို တောင်းဆိုမည်ဆိုပါက ကျွနုပ် တို့နှင့် သင်တို့ကြားတွင် မည်သည့် မိတ်ဆွေဖွဲ့မှု မျိုး မျှ ရှိနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဗမာ့ဓလေ့ထုံးစံ ဖြစ်သည်!"
ဘုရင်၏ အမိန့်အသစ်အရ ပုန်ကန်သူ မျက်နှာဖြူ များကို ဝန်းရံတိုက်ခိုက်ရန် စစ်ချီလာကြသည့် မြန်မာ့တပ်မတော် သည် စစ်ကြောင်းသုံးကြောင်းဖြင့် ပြည်မြို့သို့ ချီတက်လာခဲ့သည်။ ညာဘက်စစ်ကြောင်းမှ တပ်သား ၁၅,၀၀၀ သည် ဧရာဝတီမြစ်ကို ဖြတ်ကူးခဲ့ပြီး ဗြိတိသျှ တို့၏ နောက်တန်းနှင့် ဆက်သွယ်မှုကို ဖြတ်တောက်ရန် ရှေ့သို့ ချီတက်ခဲ့သည်။ အလယ်စစ်ကြောင်းတွင် အင်အား ၃၀,၀၀၀ အထိ ပါရှိပြီး လွှတ်တော် ဝန်ကြီး ကိုယ်တိုင် ကွပ်ကဲကာ စစ်သင်္ဘောအုပ်စုများ၏ အကာအကွယ်ဖြင့် ရိက္ခာနှင့် ထောက်ပံ့ရေးသင်္ဘောများကို ခြံရံလျက် မြစ်အရှေ့ဘက်ကမ်းအတိုင်း ဆင်းလာခဲ့သည်။ ပို၍အရှေ့ဘက်ကျကျ၊ သစ်တောကြိုးဝိုင်းကြီး၏ အခြားတဖက်တွင်မူ ဘကြီးတော်မင်းထံမှ စစ်ရေးဗျူဟာအသစ်ဖြင့် စစ်ဆင်ရေးများကို ကွပ်ကဲရန် နန်းတော်မှ မကြာသေးမီက ရောက်ရှိလာခဲ့သော အတွေ့အကြုံရင့်ကျက်သည့် စစ်သူကြီး မဟာနေမျိုး ကွပ်ကဲသည့် အင်အား ၁၅,၀၀၀ ပါဝင်သော ဘယ်ဘက်စစ်ကြောင်းက ချီတက်ခဲ့သည်။
အလယ်စစ်ကြောင်းနှင့် မိုင်ပေါင်းများစွာထူထဲသော သစ်တောကြီးဖြင့် ခြားနားနေသဖြင့် တကြောင်းနှင့်တကြောင်း အပြန်အလှန် အကူအညီမပေးနိုင်ဘဲ သီးခြားစီ တိုက်ခိုက်ခံရနိုင်သည့် အခြေအနေမျိုးတွင် ဤစစ်ရေးအစီအမံကို မည်သို့လုပ်ဆောင်ကြသည်မှာ နားလည်ရန် ခက်ခဲလှပေသည်။
သို့သော် ဤတပ်ဖွဲ့ကြီး သုံးခုအပြင် အရန်တပ် အင်အား ၁၀,၀၀၀ သည် မင်းလှတွင် ခိုင်မာစွာ ခံတပ်ဆောက်၍ နေရာယူထားခဲ့သည်။ ထို့ပြင် ရခိုင်ဘက်မှ မည်သည့် ရန်သူ့တပ် ချီတက်လာမှုကိုမဆို ခုခံရန် အခြားတပ်တတပ်က အသင့်ရှိနေပြီး၊ ပဲခူးမြို့ ဟောင်း ဒေသဘက်တွင်လည်း ရန်ကုန်မြို့ကို တိုက်ခိုက်ရန် ခြိမ်းခြောက်နေသည့် အခြားတပ်တတပ် ရှိနေသေးသည်။
ရန်သူ့အင်အားမှာ ယခုအခါ တစုတစည်းတည်း စုစည်းလာပြီ ဖြစ်၍ အလွန်တရာ ကြီးမားပြင်းထန်သော အန္တရာယ် တခု ဖြစ်လာခဲ့ပြီး ဗြိတိသျှတို့၏ တန်ပြန်တိုက်ခိုက်နိုင်စွမ်းထက် သိသိသာသာ ပိုမိုအားကောင်းနေပုံရသဖြင့် ကမ်ဘဲလ် ၏ စစ်ပွဲကို အမြန်အဆုံးသတ်လိုသည့် မျှော်လင့်ချက်မှာ ပျက်ပြားသွားလုနီးပါး ဖြစ်ခဲ့ရသည်။
ပြည်မြို့တွင် ကမ်ဘဲလ်၌ ရာထူးအဆင့်ဆင့်ပါဝင်သည့် အင်အားအနည်းငယ်သာရှိသော ဗြိတိသျှတပ်ရင်း (၆) ရင်း (စုစုပေါင်း လူအင်အား ၂,၈၀၀ ခန့်)၊ မဒရပ်ဇာတိ ခြေလျင်တပ်ရင်း (၇) ရင်း (လူအင်အား ၃,၀၀၀ ခန့်)၊ ဘုရင်ခံချုပ်၏ ကိုယ်ရံတော် တပ်ခွဲတခွဲနှင့် အင်အားတောင့်တင်းသည့် ခြေလျင်နှင့် မြင်းစီးအမြောက်တပ်များသာ ရှိခဲ့သည်။
ရန်ကုန်မြို့ကိုမူ အဓိကအားဖြင့် စစ်သည်များပါဝင်သည့် ခံတပ်စောင့်တပ်အင်အား ၃,၀၀၀ ဖြင့်သာ ထိန်းသိမ်းထားပြီး ရှေးဟောင်းပဲခူးမြို့တွင်မူ ၁၀၂ တပ်ရင်းနှင့် စစ်သည်တပ်ရင်း သုံးရင်း ရှိနေခဲ့သည်။ ထို့ကြောင့် ပြည်မြို့အတွက် ခံတပ်စောင့်တပ်များ ချန်လှပ်ထားခဲ့ပြီးနောက် ကမ်ဘဲလ်တွင် မြို့၏မြောက်ဘက်ရှိ ရန်သူကို ရင်ဆိုင်ရန်အတွက် လူအင်အား ၃,၀၀၀ ခန့်သာပါဝင်သည့် စစ်ကူတပ်ဖွဲ့တဖွဲ့ သာ ရှိတော့ရာ၊ ယင်းအထဲတွင် ဗြိတိသျှစစ်သည်မှာ ထက်ဝက်ကျော်ခန့်သာ ပါဝင်လေသည်။ ဤအင်အားသည် လုံလောက်လှသည်တော့ မဟုတ်ပေ။