ကပ္ပတိန်ပါလား! တွေ့ရတာ သိပ်ဝမ်းသာလိုက်တာ!" လို့ ဆီးကြို နှုတ်ဆက်လာသည်။ လှုပ်ရှားလိုက်တိုင်း တကျွိကျွိ မြည်နေသည့် ပန်းပွင့်ဒီဇိုင်း ဖေါ်ထားသည့် ပလတ်စတစ်အကြည်အစွပ်ကြီး စွပ်ထားသည့် ဆိုဖာပေါ်မှာ ထိုင်ဖို့ သူမက ကျွန်တော့်ကို ဖိတ်ခေါ်လိုက်သည်။ ဧည့်ခန်းစားပွဲပေါ်တွင်တော့ တရုတ်လက်ဖက်ရည်အိုးတအိုးနှင့် ပြင်သစ် 'လေဒီဖင်ဂါ' ကိတ်မုန့်ပန်းကန်တခုက အဆင်သင့် စောင့်ကြိုနေသည်။
"လေဒီဖင်ဂါလေး စားပါဦး" လို့ သူက အတင်းတိုက်တွန်းသည်။ ဒီမုန့်အမျိုးအစားကို ကျွန်တော် ကောင်းကောင်းသိပြီး ဖြစ်သည်။ ကျွန်တော့် ကလေးဘဝတုန်းက စားခဲ့ဖူးသည့် petit écolier ဘီစကစ်မုန့်များကို ထုတ်လုပ်သည့် ကုမ္ပဏီအမှတ်တံဆိပ် နှင့် ဖြစ်သည်။ စားလိုက်ယုံနှင့် အပြစ်ရှိသလို ခံစားရစေမည့် အရသာမျိုးကို ပြင်သစ်လူမျိုးတွေလောက် ဘယ်သူမှ မလုပ်နိုင်ကြ။
လေဒီဖင်ဂါသည် ကျွန်တော့်အမေ၏ အကြိုက်ဆုံးမုန့်လည်း ဖြစ်ခဲ့သည်။ ကျွန်တော့်အဖေက အမေ့ကို ထိုမုန့် နှငိ့ပင် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ အမေက တော့ ကျွန်တော့်ဆယ်ကျော်သက်အရွယ် ရောက်လာချိန် ဒီအကြောင်းကို ပြန်ပြောပြတော့ "လက်ဆောင်" လို့ပဲ သုံးနှုန်းခဲ့သည်။ လေဒီဖင်ဂါမုန့်ကို ကိုင်ဆောင်ပြီး ကလေးတယောက်ဆီ ချဉ်းကပ်လာသည့် ခရစ်ယာန်ဓမ္မဆရာ တယောက်၏ သဘောထားက ဘာလဲဆိုတာကို နားလည်နိုင်စွမ်းရှိတဲ့ အသိစိတ် ကျွန်တော့်မှာ ရှိနေခဲ့၍ ဖြစ်သည်။ အဖေက အမေ့ကို လာရောက်ပိုးပန်းချိန်မှာ အမေသည် အသက် ၁၃ နှစ်အရွယ် ကလေးတယောက်ပဲ ရှိသေးသည်။
ယနေ့ခေတ် ဒါမှမဟုတ် အတိတ်က အချို့သော ယဉ်ကျေးမှုတွေမှာတော့ အသက် ၁၃ နှစ်ဆိုတာ အိပ်ရာထဲဝင်ဖို့၊ အိမ်ထောင်ပြုဖို့နဲ့ မိခင်ဘဝခံယူဖို့အတွက် လုံလောက်တဲ့အရွယ် ဖြစ်ကောင်းဖြစ်နိုင်သည်။ အချို့သောအခြေအနေတွေမျိုး တွင် ဒီသုံးခုထဲက နှစ်ခုလောက်ပဲ ပြည့်စုံရင်လည်း ဖြစ်နိုင်သည်။ သို့ပေသိ ခေတ်သစ်ပြင်သစ်နိုင်ငံ သို့မဟုတ် ကျွန်တော်တို့၏ မိခင်နိုင်ငံ ဗီယက်နမ် မှာတော့ ဒီလိုမဟုတ်။
ကျွန်တော့်ပါးစပ်ထဲမှာ ယခု လေဒီဖင်ဂါမုန့်လေး အရည်ပျော်သွားသည့် အချိန်မှာ၊ ကျွန်တော့်ကို သန္ဓေတည်စေခဲ့တဲ့အချိန်တုန်းက အဖေ၏ အသက်သည် အခုလက်ရှိ ကျွန်တော့်အသက်ထက်တောင် နှစ်အနည်းငယ် ပိုငယ်သေးတယ်ဆိုတာကို ကျွန်တော် မသိနားမလည်တာတော့ မဟုတ်။ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက်... တခါတရံမှာ အမေရိကန်မိန်းကလေးတွေအကြောင်း စဉ်းစားမိတာကို ကျွန်တော် ဝန်ခံပါသည်။ သူတို့ထဲက တချို့ဆိုရင် အသက် ၁၃ နှစ်မှာတင် ကျွန်တော်တို့ မိခင်နိုင်ငံက ကောလိပ် ကျောင်းသူတွေထက် ပိုပြီး ထွားကြိုင်း ဖွံ့ဖြိုးနေတတ်ကြသည်။ ဒါတွေက စိတ်ကူးသက်သက်သာ ဖြစ်ပြီး လက်တွေ့ကျူးလွန်ခဲ့တာမျိုး တော့မဟုတ်။ ကျွန်တော်တို့သာ ကိုယ့်ရဲ့ အတွေးစိတ်ကူးများ နဲ့တင် အပြစ်စီရင်ခံရမယ်ဆိုရင် ကျွန်တော်တို့အားလုံး ငရဲကျ နေသည်မှာ ကြာလှပြီ ဖြစ်သည်။
လေဒီဖင်ဂါး မုန့်လေး တခုလောက် ထပ်စားပါဦး ဆိုကာ အရက်သမား ဗိုလ်မှူး၏ မုဆိုးမက ပြောရင်း မုန့်တခုကို ကောက်ယူကာ ကျွန်တော့်မျက်နှာဆီသို့ ထိုးပေးလာသည်။ သူမသည် ဖြစ်နိုင်လျှင် မိခင်တဦးကဲ့သို့ စေတနာအပြည့်ဖြင့် ထိုချိုမြိန်သော မုန့်ချောင်းကို ကျွန်တော့်နှုတ်ခမ်းကြားထဲသို့ အတင်းထိုးထည့်လိုက်ပေလိမ့်မည်။ သို့သော် ကျွန်တော်က သူမ၏လက်ကို ကြားဖြတ်ဖမ်းဆုပ်လိုက်ပြီး လက်ချောင်းမုန့်ကို ကိုယ်တိုင်ယူလိုက်သည်။
"အရမ်းအရသာရှိတာပဲ၊ လုံးဝကို အရသာရှိတာပဲ" ဟု ကျွန်တော်က ပြောလိုက်သည်။ "လက်ဖက်ရည်လေး တစ်ငုံလောက် အရင်သောက်ပါရစေဦး။"
ကျွန်တော့် စကား အဆုံးတွင် ထိုအမျိုးသမီးကြီး ထံမှ ငိုသံ ထွက်လာတော့သည်။
"ဘာဖြစ်လို့လဲဗျ?" ဟု ကျွန်တော်က မေးလိုက်သည်။
"အဲဒါ သူ အမြဲပြောနေကျ စကားအတိုင်း အတိအကျပဲ" ဟု သူမက ဆိုသည်။
ထိုစကားက ကျွန်တော့်ကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ လူ့ဘဝဇာတ်ခုံနှင့် ကွယ်လွန်ပြီးနောက်ဘဝ တို့ကို ပိုင်းခြားထားသော ကုလားကာ နောက်ကွယ်မှနေ၍ ထိုဗိုက်ပူ အရက်သမား ဗိုလ်မှူးက ကျွန်တော့်ကို ယခုတိုင် ကြိုးကိုင်လှည့်စားနေသကဲ့သို့ ခံစားလာရသည်။
"ကျမ သူ့ကို အရမ်း သတိရတာပဲ” ဟု ပြောရင်း ရှိူက်ကြီးတငင် ငိုချလိုက်ပြန်သည်။ ကျွန် တော် လည်း သူရှိရာ တိုးသွားပြီး ပခုံးကို ပုတ်ကာ နှစ်သိမ့် ပေးလိုက်သည်။ လူကိုယ်တိုင် နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ပုံစံအတိုင်းပင် နဖူးပေါ်တွင် မျက်လုံးတလုံး ရှိနေသည့် အလား ပွင့်ထက်ကာ ကျန်မျက်လုံးများမှာ ပွင့်လျက်သားဖြင့် အသက်ဝိဉာဉ် ကင်းမဲ့စွာ မှောက်လျက်သားရှိနေသော ဝဝဖိုင့်ဖိုင့် ဗိုလ်မှူးကို ကျွန်တော် မမြင်ဘဲ မနေနိုင်ခဲ့ပေ။
ဘုရားသခင် မရှိပါက ဥပဒေအရ ပြစ်ဒဏ်ပေးမှုလည်း ရှိမည်မဟုတ်ပေ၊ သို့သော် ဤအချက်သည် ဘုရားသခင်ကို မလိုအပ်ကြသည့် တစ္ဆေများအတွက်မူ မည်သည့်အဓိပ္ပာယ်မှ မရှိပေ။ ကျွန်တော် မယုံကြည်သော ဘုရားသခင်ထံတွင် အပြစ်ဝန်ခံရန် မလိုသော်လည်း ဘေးစားပွဲပေါ်ရှိ တရိုတသေ ထောင်ထား သော ဓါတ်ပုံ ထဲမှနေ၍ ယခုတိုင် ကျွန်တော့်ကို စိုက်ကြည့်နေဆဲဖြစ်သော တစ္ဆေတစ်ကောင်၏ ဝိညာဉ်ကိုမူ နှစ်သိမ့်ကျေနပ်စေရန် ပြုလုပ်ပေးရမည်ဖြစ်သည်။
ဓါတ်ပုံထဲတွင် စစ်ကျောင်းသား ဝတ်စုံအပြည့်ဖြင့် လူငယ်ဗိုလ်မှုး၏ ပုံကို တွေ့ရသည်၊ ထိုအချိန်က သူ၏ မေးစေ့များ အရစ်ရစ် ထွက် ပေါ်လာလိမ့်မည်ဟု အိမ်မက်တောင် မမက်ဖူးသေးချိန်က ဖြစ်သည်၊ သူ၏ ကျန်ရစ်သူ မုဆိုးမကို ကျွန်တော် နှစ်သိမ့်ပေးနေစဉ် သူ၏မျက်လုံးမည်းမည်းကြီးများက ကျွန်တော့်ကို စိုက်ကြည့်နေသည်။
သူ၏ဓာတ်ပုံရှေ့တွင် မှိုတက်နေသော လိမ္မော်သီးတလုံး၊ ဖုန်တက်နေသော ဝက်သား စည်သွတ်ဘူး တဘူးနှင့် လိုက်ဖ်ဆေဗာ သရေစာသကြားလုံး တခွေတို့သာလျှင် နောင်တမလွန်ဘဝအတွက် သူ၏ စားစရာ များ ဖြစ်ပြီး၊ စားပွဲ၏ အစွန်းတွင် မှိတ်တုတ်မှိတ်တုတ် လင်းနေသည့် ခရစ္စမတ်မီးများဖြင့် ထွန်းပေးထားသည်။
ချမ်းသာကြွယ်ဝသူတို့၏ တူသားမြေးများကမူ လတ်ဆတ်သော သစ်သီးဝလံများ၊ ရှန်ပိန်ပုလင်းများနှင့် ပါတေး အသားဘူးများဖြင့် ဧည့်ခံကျွေးမွေးတတ်ကြ၍ နောင်တမလွန်ဘဝတောင်မှ မညီမျှမှုများ ကိန်းအောင်းနေဆဲဖြစ်သည်။
စိတ်ထဲက အကြွင်းမဲ့ ရိုသေကိုင်းရှိုင်းသော မြေးမြစ်တို့က သာမန် ကားပုံစံများနှင့် အိမ်ပုံစံ များကိုသာမက ပလေးဘွိုင်း မဂ္ဂဇင်း၏ စာမျက်နှာမျာစ အလယ်က ပုံများကိုပါ မီးရှို့ပူဇော်ပေးကြသည်။ အေးစက်ပြီး ရှည်လျားလှသော နောင်တမလွန်ဘဝတွင် ယောက်ျားတယောက် လိုချင်သည့်အရာမှာ နူးညံ့ပျော့ပျောင်းပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုတဦး၏ ကိုယ်ခန္ဓာဖြစ်၍၊ စိတ်ကူးယဉ်ဆန်ဆန် ဖောင်းကြွလှပသော ဇွန်လ မင်းသမီး ပုံကို ထိုဝဖြိုးသော ဗိုလ်မှူးအတွက် ပူဇော်ပေးမည်ဟု ကျွန်တော် စိတ်ထဲက ကတိပြုခဲ့သည်။
ကျွန် တော်က "အကယ်၍ ဗိုလ်မှုး အကြောင်းတခုခု နဲ့ သေဆုံးသွားခဲ့ရင် ခင်ဗျားနဲ့ ကလေးတွေကို တတ်နိုင်သမျှစောင့်ရှောက်ဖို့ ကတိပေးခဲ့ပြီး ပါပြီ" ဟု ပြောခဲ့သည်။ ကျွန်ုတော် သူမအား ပြောခဲ့သမျှအရာအားလုံးမှာ အမှန်တရားများသာဖြစ်ပြီး၊ ဖိလစ်ပိုင်တွင် ဖြစ်ပျက်ခဲ့သည့် မတော်တဆမှု ထိခိုက်ဒဏ်ရာ ရမှု အကြောင်း ပြောပြပြီး ကျွန် တော် ရရှိခဲ့သည့် လျော်ကြေး ငွေများထဲက တဝက်ကို စာအိတ်ထဲထည့်၍ သူမလက်ထဲသို့ အတင်းထိုးထည့်ပေးခဲ့သည်။ သူမက ယဉ်ကျေးသိမ်မွေ့စွာဖြင့် ငြင်းဆန်ခဲ့သော်လည်း "ကလေးတွေကို စဉ်းစားပါဦး" ဟု ကျွန် တော်ပြောလိုက်သည့်အခါမှာတော့ သူမ အလျှော့ပေးလိုက်ပါတော့သည်။
ထို့နောက် ကလေးများကို ဝင်ကြည့်ရှုသွားဖို့ သူမ၏ တောင်းဆိုမှုကို လိုက်နာရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ကလေးများမှာ အိပ်ခန်းထဲတွင် ရှိနေကြပြီး ကလေးပီပီ ငြိမ်ငြိမ်သက်သက် အိပ်ပျော်နေကြသည်။
"သူတို့လေးတွေက ကျွန်မရဲ့ ရင်နာစရာဘဝအတွက် အားဆေး တွေ လေ" ဟု အမြွှာညီအစ်ကိုနှစ်ဦးကို ငေးကြည့်ရင်း သူမက တိုးတိုးလေး ညည်းတွားပြောဆိုသည်။ "ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်တွေမှာ သူတို့လေးတွေကပဲ ကျွန်မကို အသက်ဆက်ရှင်သန် နိုင်အောင် ထောက်ပံ့ပေးနေတာပါပဲ ကပ္ပတိန်။ သူတို့လေးတွေအကြောင်းကို တွေးနေမိလို့သာ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး မတွေးမိတော့တာပါ၊ ပြီးတော့ ကျွန်မ ချစ်ရတဲ့ ခင်ပွန်းသည်အကြောင်းကို အစွဲအလမ်းကြီးပြီး မတွေးမိတော့တာပါပေါ့။"
ကျွန် တော် ကလည်း "ကလေးတွေက အချော လေးတွေပဲ" ဟု ပြောခဲ့သေး၏။ ဤသည်က အမှန်တရားလည်း ဖြစ်နိုင်သည်၊ လိမ်ညာပြောဆိုခြင်းလည်း ဖြစ်နိုင်ပေသည်။ ကျွန်ုတော် အမြင်တွင်မူ ကလေးများအား လှပသည်ဟု မထင်ရသော်လည်း သူမအတွက်မူ အလွန်လှပနေကြသည်။
ကျွန်ု တော် ကိုယ်တိုင်ကလည်း တချိန်က ကလေးဘဝကို ဖြတ်သန်းခဲ့ဖူးပြီး ကျွန် တော် နှင့် ကျွန်ုတော့် အပေါင်းအသင်းများကိုယ်တိုင်က အသုံးမကျသူများဖြစ်ကြောင်း သိရှိခဲ့သူဖြစ်ရကား ကလေးသူငယ်များကို ရူးသွပ်နှစ်ခြိုက်သူတစ်ဦး မဟုတ်ကြောင်း ဝန်ခံရပေမည်။
အချို့သောသူများကဲ့သို့ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ မတော်တဆဖြစ်စေ မိမိ၏မျိုးဆက်ကို ဆက်ခံရန် စိတ်အားထက်သန်နေသူလည်း မဟုတ်ပေ၊ အကြောင်းမှာ ကျွန်ုပ်ကိုယ်တိုင်ပင်လျှင် ထိန်းကျောင်းရ ခက်ခဲလှသည်ဖြစ်ရာ ကျွန် တော့် ကဲ့သို့သော လူမျိုးနောက်တယောက် ထပ်ပေါ်လာရန် မလိုအပ်တော့သောကြောင့် ဖြစ်သည်။
သို့သော် တနှစ်သားအရွယ်သာ ရှိသေးသော ဤကလေးငယ်များမှာမူ ၎င်းတို့၏ အပြစ်ကင်းစင်မှုကိုပင် မသိရှိသေးပေ။ အိပ်မောကျနေကြသည့် သူတို့ လေး တွေ၏ ထူးဆန်းသော မျက်နှာလေးများကို ကြည့်ခြင်းအားဖြင့် ဤကမ္ဘာလောကကြီးထဲသို့ မကြာသေးမီကမှ အတင်းအကျပ် ပို့ ဆောင် ခံရ၍ လောကဓံ၏ ကြမ်းတမ်းမှုကို ဘာမှ မသိရှာသေးဘဲ အရာရာကို အကာအကွယ်မဲ့စွာ ရင်ဆိုင် ကြရ တော့မည့် ဖြစ်၍ ကြောက်ရွံ့ နေကြသော နိုင်ငံခြားသား ရွှေ့ပြောင်းအခြေချသူ လူသစ်များအဖြစ် ကျွန်တော် မြင်နေမိသည်။