အခန်း (၁၇)
တံခါးသည် ဖြည်းညင်းစွာ ပွင့်လာပြီးနောက် ခေါင်းငုံ့၍ ဝင်လာသူမှာ ရိုင်ဘင်ဖြစ်သည်။ သူသည် လေးလံသော ခြေလှမ်းများဖြင့် လျှောက်လာကာ "ကျွန်တော် ရောက်လာပြီ" ဟု ခေါင်းကိုမော့၍ ပြုံးလျက် ပြောလိုက်သည်။ သူသည် ကတ္တရာစေးများ စွန်းထင်းနေသော သားမွေးအင်္ကျီတိုကို ဝတ်ဆင်ထားပြီး၊ ခါးပတ်တွင် လက်အိတ်တစုံကို ချိတ်ထားကာ၊ ခေါင်းတွင်မူ သားမွေးဦးထုပ်အမွှေးပွကြီးကို ဆောင်းထားသည်။
"နေကောင်းကြရဲ့လား။ ပါဗယ်၊ မင်းကို ထောင်ကနေ လွှတ်ပေးလိုက်ပြီပေါ့လေ။ နေကောင်းလား နီလော့ဗ်နာ"
"အို... ရိုင်ဘင်ပါလား။ မင်းကိုတွေ့ရတာ ဘယ်လောက်တောင် ဝမ်းသာလိုက်သလဲ ဆိုတာ ပြောမပြ တတ် အောင်ပါပဲ"
သူ့အပေါ်အင်္ကျီကို ဖြည်းဖြည်းချင်း ချွတ်ရင်း ရိုင်ဘင်က ပြောလိုက်သည်။
"ဟုတ်တယ်၊ ကျွန်တော် ပြန်ပြီး လယ်သမားပဲ ဖြစ်သွားပြီ။ အားလုံး ကတော့ တဖြည်းဖြည်းနဲ့ လူကုံထံတွေ ဖြစ်လာကြပါလား၊ ကျွန်တော် ကတော့ တခြားလမ်းကို လျှောက်နေပြီ။ ဒါပါပဲ"
သူသည် အခန်းထဲ လမ်းလျှောက် ဝင်လာရင်က အကဲခတ်ကြည့်ရှု လိုက် ပြီးနောက်..
"ပစ္စည်း ပစ္စယ တွေကလည်း တိုးမလာပါလား၊ ဒါပေမဲ့ စာအုပ်တွေတော့ ပိုများလာတာပဲ။ အေးလေ! ဒါက တန်ဖိုးအရှိဆုံး ပစ္စည်းဥစ္စာတွေပဲ၊ စာအုပ်တွေဆိုတာ ဟုတ်တယ်လေ။ ကဲ၊ မင်းတို့ဆီမှာ အခြေအနေတွေ ဘယ်လိုရှိကြသလဲ ပြောစမ်းပါဦး။"
"အခြေအနေတွေကတော့ ရှေ့ကိုပဲ တိုးတက်နေပါတယ်" ဟု ပါဗယ်က ပြန်ပြောသည်။
"ဟုတ်ပါပြီ" ဟု ရိုင်ဘင်က တုံ့ပြန်လိုက်သည်။
"ကျုပ်တို့က တူးဆွစိုက်ပျိုး၊ အထက်အောက်မရွေးလို့ပေါ့၊
ကြွားလုံးထုတ်ဖို့ကလွယ်တယ်၊ ခူးဆွတ်ရမယ့် ကောက်ရိတ်သိမ်းချိန်မှာတော့၊
စားပွဲတော်ကြီး တည်ကြမယ်၊ ပြီးရင်တော့ အနားယူကြမယ်။"
"လက်ဖက်ရည် သောက်ပါဦးလား" ဟု အမေက မေး၏။
"သောက်တာပေါ့ လက်ဖက်ရည်လည်း သောက်မယ်၊ ဗျစ် တခွက်လည်း မော့လိုက်ဦးမယ်၊ ပြီးတော့ စားစရာ ချကျွေးရင်လည်း ငြင်းမှာမဟုတ်ဘူး။ လူကြီးမင်းတို့နဲ့ တွေ့ရတာ ဝမ်းသာပါတယ်၊ တကယ်ပြောတာဗျို့!"
"မစ်ခေးလ် အီဗာနစ်ချ်၊ လောကကြီးနဲ့ ခင်ဗျား ဘယ်လိုများ လည်ပတ်နေပါလိမ့်ဗျာ" ဟု ပါဗယ်က ရိုင်ဘင်၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ မေးလိုက်သည်။
"အင်းလေ၊ ဒီလိုပါပဲ။ အတော်အသင့် ပေါ့ လေ။ ကျွန်တော်က အီဒီလ်ဂီယက်မှာ အခြေချလိုက်တယ်။ အီဒီလ်ဂီယက်ဆိုတာကို ခင်ဗျား ကြားဖူးသလား။ ကောင်းတဲ့ရွာတရွာပါ။ တနှစ်ကို ပွဲတော်နှစ်ကြိမ် ကျင်းပတယ်။ လူဦးရေက နှစ်ထောင်ကျော်ရှိတယ်။ လူတွေကတော့ ခပ်ဆိုးဆိုး တွေပဲ။ မြေယာဆိုလို့ ဘာမှမရှိဘူး။ ကွက်စိတ်တွေခွဲပြီး အငှားချထားတာ။ မြေဆီလွှာကလည်း ညံ့တယ်!"
"ခင်ဗျားကော သူတို့နဲ့ စကားပြော ဖြစ်ရဲ့လား" ဟု ပါဗယ်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
"ငါကတော့ ပါးစပ်ပိတ် မနေပါဘူး။ မင်းတို့ရဲ့ လက်ကမ်းစာစောင်တွေ အားလုံးကို တပါတည်း ယူသွားတာ ဆိုတော့။ ဒီကနေ အနည်းဆုံး အစောင်သုံးဆယ့်လေး တော့ ပါသွားတယ်။ ဒါပေမဲ့ ငါကတော့ သမ္မာကျမ်းစာကို အဓိက ထားပြီး ဝါဒဖြန့်တယ်။ အဲဒီထဲကနေ တခုခု ထုတ်ယူလို့ရတယ်။ အဲဒါက ထူထဲတဲ့ စာအုပ်ကြီးဗျ။ အစိုးရထုတ် စာအုပ်လေ။ သန့်ရှင်းသော ဆိုင်နော့ စာအုပ်တိုက် က ထုတ်ဝေထားတာ။ ယုံကြည်ရ လွယ်တယ်!"
သူက ပါဗယ် ကို မျက်စိတစ်ဖတ်မှိတ်ပြလိုက်ရင်းက ရယ်ပြီး ဆက်ပြောပြန်သည်–
"ဒါပေမဲ့ အဲဒါချည်းသက်သက်နဲ့ မလုံလောက်သေးဘူး! စာအုပ်တွေ ထပ်လာယူဖို့ မင်းတို့ဆီကို ငါ ရောက်လာတာ။ ယေဖင်လည်း ရောက်နေတယ်။ ငါတို့က ကတ္တရာစေး သယ်လာကြတာလေ၊ ဒါကြောင့် မင်းတို့အိမ်ကို ဝင်လာခဲ့တာ။ ယေဖင် မရောက်လာခင် ငါ့ကို စာအုပ်တွေ အရင်ထုတ်ပေးထား။ အဲ့ဒါတွေ သူ သိစရာ မလိုဘူး!"
"အမေ..." ဟု ပါဗယ် က ပြောလိုက်သည်၊ "သွားပြီး စာအုပ်တွေ ယူခဲ့ပေးပါ။ ဘာတွေပေးရမယ်ဆိုတာ သူတို့ သိတယ်။ ကျေးလက်ဒေသအတွက်လို့ သာ ပြောလိုက်ပါ"
"ကောင်းပြီလေ။ ခဏနေရင် လက်ဖက်ရည်ကြမ်းအိုး တည်လို့ ပြီးတော့မှာ၊ ပြီးရင် အမေ သွားလိုက်မယ်"
"နီလိုဗ်နာလည်း ဒီလှုပ်ရှားမှုထဲ ပါလာပြီပေါ့လေ?" ဟု ရိုင်ဘင်က ပြုံးရင်း မေးလိုက်သည်။ "ဒါလည်း ကောင်းတာပဲလေ။ စာအုပ်လိုချင်တဲ့ စိတ်အားထက်သန်သူတွေ ကျွန်တော်တို့ဆီမှာ အများကြီးရှိတယ်။ အဲဒီမှာ ဆရာတစ်ယောက်ရှိတယ်၊ သူက စာအုပ်ဖတ်ချင်စိတ်ကို ပျိုးထောင်ပေးတယ်။ သူဟာ ဘာသာရေး လူတန်းစားထဲက ဖြစ်ပေမဲ့ တော်တဲ့လူတယောက် လို့ ပြောကြတယ်။ ကျွန်တော်တို့ဆီမှာ အမျိုးသမီးကျောင်းဆရာမတစ်ယောက်လည်း ရှိသေးတယ်၊ ရွာကနေ ခုနစ်ဗာရ်စ် (မိုင် ခုနစ်မိုင်ခွဲခန့်) လောက်ဝေးတယ်။ ဒါပေမဲ့ သူတို့က တရားမဝင်စာအုပ်တွေနဲ့ မလုပ်ကြဘူး။ အဲဒီဘက်က လူတွေက 'ဥပဒေနဲ့ အမိန့်' ကို တသသလုပ်နေကြတဲ့ လူအုပ်စုတွေ၊ သူတို့က ကြောက်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ပိတ်ပင်ထားတဲ့စာအုပ်တွေကို လိုချင်တယ်—စူးရှထက်မြက်တဲ့ စာအုပ်မျိုးပေါ့။ သူတို့ကြားထဲ ဝင် လျှိုပြီး ဖြန့်ပစ်မယ်။ ရဲကော်မရှင်နာတွေ ဒါမှမဟုတ် ဘုန်းကြီးတွေက ဒါတွေဟာ တရားမဝင်စာအုပ်တွေမှန်း သိလာကြတဲ့အခါ ကျောင်းဆရာတွေပဲ ဖြန့်ဝေနေကြတယ်လို့ ထင်သွားလိမ့်မယ်။ အဲဒီအချိန်မှာတော့ ကျွန်တော်က နောက်ကွယ်ကပဲ တိတ်တိတ်လေး မသိချင်ယောင် ဆောင်နေလိုက်ယုံဘဲ"
သူ့ရဲ့ ကြမ်းတမ်းပြီး လက်တွေ့ကျတဲ့ ဉာဏ်ပညာကို သူကိုယ်တိုင် သဘောကျကျေနပ်နေကာ ကျေနပ်စွာ ပြုံးလိုက်လေသည်။
"အင်း!" ဟု အမေက တွေးမိသည်။ "သူ့ပုံစံက ဝံပုလွေလို ကြမ်းတမ်းပြီး၊ အကျင့်ကတော့ မြေခွေးလို ကောက်ကျစ်ပါလား။"
ပါဗယ်သည် ထရပ်လိုက်ပြီး အခန်းထဲ ခေါက်တုံ့ ခေါက်ပြန် လျှောက်လိုက်ရင်းက အပြစ်တင်သောလေသံဖြင့် – “ကျုပ်တို့က ခင်ဗျားကို စာအုပ်တွေ ထုတ်ပေးပါ့မယ်၊ ဒါပေမဲ့ ခင်ဗျားလုပ်ချင်တဲ့ ပုံစံကတော့ မမှန်ဘူး၊ မီခါအေးလ် အီဗန်နိုဗစ်” ဟု ပြောသည်။
“ဘာလို့ မမှန်ရတာလဲ” ဟု ရိုင်ဘင်က အံ့အားသင့်စွာ မျက်လုံးကြီး အဝိုင်းသား နှင့် မေးလိုက်သည်။
“ခင်ဗျားလုပ်တဲ့အလုပ်အတွက် ခင်ဗျားကိုယ်တိုင် တာဝန်ယူသင့်တယ်။ ခင်ဗျားလုပ်ရပ်ကြောင့် တခြားလူတွေပါ ထိခိုက်သွားအောင် စီစဉ်တာက ဘယ်လိုမှ မမှန်ကန်ဘူး” ဟု ပါဗယ်က တည်ကြည်တင်းမာသော လေသံဖြင့် ပြောလိုက်သည်။
“မင်း ပြောတာကို ငါ နားမလည်ဘူး။”
“ဆရာတွေမှာ တရားမဝင်စာအုပ်တွေ ဖြန့်ဝေတယ်လို့ သံသယရှိခံရရင်၊ အဲဒီအတွက် သူတို့ ထောင်ကျသွားနိုင်တယ်လို့ ခင်ဗျား မထင်ဘူးလား” ဟု ပါဗယ်က ရိုင်ဘင်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်ရင်း ပြောလိုက်သည်။
“ဟုတ်တယ်လေ။ အဲဒါမှ ဘာဖြစ်လဲ”
“ဒါပေမဲ့ စာအုပ်တွေဖြန့်နေတာက ခင်ဗျားတို့လေ၊ ဆရာတွေ မဟုတ်ဘူး။ အဲဒီတော့ ထောင်ထဲကို သွားရမယ့်သူက ခင်ဗျားတို့ ဖြစ်သင့်တာပေါ့”