ချီကာဂို ရှစ်ဦး၏ တရားခွင် (နိဂုံး)
အလွန်ပြင်းထန်သော ပြစ်ဒဏ်များဖြစ်သော်လည်း ထိုတရားရုံးကို မထီမဲ့မြင်ပြုမှုအတွက် ချမှတ်ထားသည့် ပြစ်ဒဏ်များမှာ တည်မြဲမနေခဲ့ပေ။ သတ္တမအကြိမ်မြောက် အယူခံတရားရုံးချုပ် (Seventh Circuit Court of Appeals) က ထိုပြစ်ဒဏ်များအားလုံးကို ပယ်ဖျက်ပေးခဲ့သည်။ တရားရုံးကို မထီမဲ့မြင်ပြုမှုအတွက် ထောင်ဒဏ် ခြောက်လထက် ပိုမိုချမှတ်ရမည်ဆိုပါက တရားသူကြီးတစ်ဦးတည်းက ဆုံးဖြတ်ခြင်းမပြုဘဲ ဂျူရီ အဖွဲ့ဖြင့် စစ်ဆေးရန် လိုအပ်သည်ဟု အမိန့်ချမှတ်ခဲ့သည်။
ဂျူရီအဖွဲ့သည် ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချခဲ့ကြရသည်။ အစပိုင်းတွင် ဂျူရီအဖွဲ့ဝင်များထဲတွင် အားလုံးကို အပြစ်ရှိသည်ဟု သတ်မှတ်သူ ရှစ်ဦးနှင့် စွဲချက်အားလုံးမှ ကင်းလွတ်ခွင့်ပေးရမည်ဟု သတ်မှတ်သူ လေးဦးဟူ၍ ကွဲပြားနေခဲ့သည်။
ဂျူရီအဖွဲ့ခေါင်းဆောင်က အဖွဲ့မှာ သဘောထားကွဲလွဲနေကြောင်း (စွဲချက်ကို အတည်မပြုနိုင်ကြောင်း) တင်ပြသည့်အခါ တရားသူကြီး ဟော့ဖ်မန်း က ဆက်လက်၍ ဆွေးနွေးတိုင်ပင်ရန် အမိန့်ပေးခဲ့၍ အဖွဲ့နှစ်ဖွဲ့ကြား အပေးအယူလုပ်၍ သဘောတူညီမှု ရယူခဲ့ကြသည်။
ဤသို့ဖြင့် ဂျူရီအဖွဲ့သည် စက်ဆုပ်ဖွယ်ရာ ပူးပေါင်းကြံစည်မှု စွဲချက်များအားလုံးမှ တရားခံများအားလုံးကို ကင်းလွတ်ခွင့် ပေးလိုက်သည်။ သို့သော် ပြည်နယ်နယ်နိမိတ်များကို ဖြတ်ကျော်စဉ်အတွင်း အဓိကရုဏ်းဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိခဲ့သည်ဟု စွဲချက်တင်ထားသော တရားခံငါးဦးကိုမူ အပြစ်ရှိကြောင်း ဆုံးဖြတ် ခဲ့သည်။ ထို့အပြင် မီးလောင်စေသော ပစ္စည်းကိရိယာများ အသုံးပြုပုံကို သင်ကြားပြသခဲ့သည်ဆိုသည့် စွဲချက်မှ ဖရွိုင်နက်စ် နှင့် ဝိုင်နာ တို့ကိုမူ ဂျူရီအဖွဲ့က အမှု မှ ကင်းလွတ်ခွင့် ပေးလိုက်သည်။
၁၉၇၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တရားသူကြီး ဟော့ဖ်မန်းသည် ဂျုရီ အဖွဲ့က အပြစ်ရှိကြောင်း တွေ့ရှိရသည့် လူငါးဦးအား ပြစ်ဒဏ်စီရင်ခဲ့သည်။ ပြစ်ဒဏ်မချမှတ်မီ တရားခံတဦးစီက ထွက်ဆိုချက်အသီးသီး ပြောကြားခဲ့ကြသည်။
ဒေးဗစ် ဒယ်လင်ဂါက တရားသူကြီး "ဟော့ဖ်မန်းသည် နှစ်ပေါင်းများစွာ လူအများအပြားအပေါ် အာဏာအလွန်အကျွံ သုံးစွဲခဲ့သူ” ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း တရားသူကြီး၏ “ရဲရင့်မှု” ကိုမူ လေးစားကြောင်း ဆိုခဲ့သည်။ ရင်နီ ဒေးဗစ်က သူထောင်မှ လွတ်လာသည့်အခါ “ရှေ့နေချုပ် တွမ်ဖိုရန်၏ အိမ်ဘေးတွင် ပြောင်းရွှေ့နေထိုင်ပြီး ရှေ့နေချုပ်၏ သားသမီးများကို တော်လှန်ရေးထဲ ခေါ်ဆောင်သွားမည်” ဟု ပြောကြားခဲ့သည်။
တမ် ဟေဒင်ကလည်း “ကျွန်တော်တို့ကို ချီကာဂိုလမ်းမတွေပေါ်မှာ အေးအေးဆေးဆေး လွှတ်ပေးထားခဲ့ရင် ကျွန်တော်တို့ဟာ ဒီလောက်တောင် နာမည်ကျော်ကြားတဲ့ လူတွေ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။ သို့သော် ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုကြောင့် “ကျွန်တော်တို့ဟာ အစိုးရကို ဖြုတ်ချဖို့ လျို့ဝှက် ကြံစည်တဲ့ သူတွေ၊ စီစဉ်သူတွေနဲ့ ပါရမီရှင်တွေ ဖြစ်လာခဲ့ရတာပါ၊ ဒါ ကျွန်တော်တို့ကို ဖန်တီးလိုက်တာပါပဲ” ဟု ဟေဒင်က ပြောခဲ့ပြန်သည်။
အက်ဘီ ဟော့ဖ်မန်းကမူ တရားသူကြီး ဟော့ဖ်မန်းအား LSD မူးယစ်ဆေးကို စမ်းသပ်သုံးစွဲကြည့်ရန် အကြံပြုခဲ့သည်။ “ကျွန်တော် ဆေးရောင်းတဲ့ လူကို ကောင်းကောင်း သိတယ်၊ တရားသူကြီး မင်း အတွက် စီစဉ်ပေးလို့ရတယ်” ဟု သူက ဆိုသည်။ ဂျယ်ရီ ရူဘင်ကမူ တရားသူကြီးအား သူ၏စာအုပ်သစ်ဖြစ်သော Do It! ကို လက်ဆောင်ပေးခဲ့သည်။ စာအုပ်အတွင်းဘက်တွင် “ဂျူးလိယက်၊ တရားသူကြီးမင်းဟာ ကျွန်တော်တို့ထက်တောင် လူငယ်တွေကို ပိုပြီး တော်လှန်ရေးစိတ်ဓာတ် သွင်းပေးနိုင်ခဲ့တယ်။ ဒီနိုင်ငံရဲ့ ထိပ်တန်း ယစ်ပီ (Yippie) တယောက်ပါပဲ!” ဟု ရေးသားထားသည်။ တရားသူကြီး ဟော့ဖ်မန်းသည် ထွက်ဆိုချက် တခုစီကို နားထောင်ပြီးနောက် တရားခံတဦးစီအား ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။
ချီကာဂိုအစွန်းရောက်ဝါဒီများသည် ၎င်းတို့ချမှတ်ခံထားရသည့် ပြစ်ဒဏ်များကို တရက်မျှပင် ကျခံခဲ့ရခြင်း မရှိပေ။ ၁၉၇၂ ခုနှစ်၊ နိုဝင်ဘာလတွင် အယူခံတရားရုံးက ပြစ်ဒဏ်အားလုံးကို ပယ်ဖျက်ပေးခဲ့သည်။ အယူခံတရားရုံးသည် ဂျူရီလူကြီးလောင်းများအား ရွေးချယ်ရာတွင် ယဉ်ကျေးမှုပိုင်း တွင် ဘက်လိုက်တတ်သည့် သဘောထား ရှိမရှိ ကို စုံစမ်းခွင့် မပြုခဲ့သည့် တရားသူကြီး ဟော့ဖ်မန်း၏ ဆုံးဖြတ်ချက်အပေါ် အခြေခံ၍ ယခုကဲ့သို့ ပယ်ဖျက်သည့်စီရင်ချက် ကို ချခဲ့ခြင်းဖြစ်သည်။
ထို့အပြင် တရားရုံးက တရားသူကြီး ဟော့ဖ်မန်း၏ “ခုခံချေပသူများအပေါ် အထင်သေးပြီး ရန်လိုသည့် သဘောထား” ကိုလည်း ထောက်ပြခဲ့သည်။ နောက်ဆုံးအနေဖြင့်၊ အယူခံဝင်ပြီးနောက် ပေါ်ပေါက်လာသည့် တုန်လှုပ်ဖွယ်ရာ အဖြစ်အပျက်တစ်ခုကိုလည်း တရားရုံးက မှတ်တမ်းတင်ခဲ့သည်။
FBI သည် တရားသူကြီး ဟော့ဖ်မန်းနှင့် တရားလိုရှေ့နေများ မည်မျှအထိ သိရှိထားသည်၊ ပါဝင်ပတ်သက် နေသည်ကို သိရှိရန် ချီကာဂိုရှိ ၎င်းတို့၏ ရုံးခန်းများကို တိတ်တဆိတ် အသံဖမ်း နားထောင်ခြင်း ပြုလုပ်ခဲ့သည်ကို ဗူးပေါ်သလို ပေါ်သွားခဲ့သည်။ အယူခံတရားရုံးက “FBI အေးဂျင့်များ၏ မမှန်မကန် လုပ်ရပ်များသည် စွဲချက်တင်ထားသည့် အဓိကပြစ်မှုများအတွက် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးရန် လိုအပ်ကြောင်းမှာ သံသယဖြစ်စရာမလိုပါ” ဟု ပြောကြားခဲ့သည်။
ရှီကာဂို ရှစ်ဦး တရားခွင်နှင့် ပတ်သက်၍ ဆန္ဒပြသူများ၏ အရပ်ဖက် လူ့ အခွင့်အရေးများကို ချိုးဖောက်သည်ဟု စွဲချက်တင်ခံရသော ရဲအရာရှိ ရှစ်ဦးစလုံးမှာ စွဲချက်များ ပယ်ချခံရခြင်း သို့မဟုတ် တရားသေ လွတ်မြောက်သွားကြသည်။ ရစ်ချတ် ရှုဇ် က အဆိုပါ အမိန့်ချမှတ်ချက်များနှင့် ပတ်သက်ပြီး ရှင်းပြရာတွင် “ဒီမြို့က တရားရုံးတွေမှာ ထိုင်တဲ့ လူကြီးမင်းတွေအနေနဲ့ ရှီကာဂို ရဲတပ်ဖွဲ့ဝင်တဦးကို အပြစ်ရှိကြောင်း အမိန့်ချဖို့အတွက် လုံးဝ အသင့်မဖြစ်သေးပါဘူး” ဟု ဆိုသည်။
၁၉၆၈ ခုနှစ်က ရှီကာဂိုမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှု၌ ရှီကာဂို တရားခံများအနေဖြင့် ဆူပူအကြမ်းဖက်ရန် ရည်ရွယ်ချက် ရှိခဲ့သလောဟူသော မေးခွန်းအတွက် ရိုးရှင်းလွယ်ကူစွာ ဖြေနိုင်မည့် “ဟုတ်ပါတယ်” သို့မဟုတ် “မဟုတ်ပါ” ဟူသည့် အဖြေ မရှိပေ။ အဘယ်ကြောင့်ဆိုသော် အက်ဘီ ဟော့ဖ်မန်း ကိုယ်တိုင်က “ကျွန်တော် ကိုယ်တိုင်တောင် အပြစ်ကင်းတယ် ဒါမှမဟုတ် အပြစ်ရှိတယ်ဆိုတာ မသိပါဘူး” ဟု ပြောကြားခဲ့ဖူးသည်။
နော်မန် မေလာ က တရားခွင်အတွင်း ထောက်ပြခဲ့ဖူးသကဲ့သို့ ဤသို့ ရှုပ်ထွေး ဝေ၀ါးရခြင်း၏ အကြောင်းရင်းမှာ စွပ်စွဲခံထားရသော ကြံရာပါများအနေဖြင့် “ရဲတိုက်ကြီးကို ထပ်ပြီး တိုက်ခိုက်စရာ မလိုတော့ဘူးဆိုတာကို နားလည် သဘောပေါက်ထားကြလို့” ဖြစ်သည်။ ၎င်းတို့ လုပ်ရမည့်အရာမှာ “ဝိုင်းထားလိုက်မယ်၊ အတွင်းမှာ ရှိတဲ့လူတွေကို လှောင်ပြောင်ပြမယ်၊ ကြာလာရင် သူတို့ကိုယ်တိုင် စိတ်ဓါတ်တွေ ပြိုလဲပြီး သူတို့ဖာ သူတို့ ပျက်စီးကုန်ကြတဲ့ အဖြစ် ရောက်သွားလိမ့်မယ်" သဘော ယူဆထားကြသည်။
ချီကာဂို တရားခွင်သည် အမေရိကန်သမိုင်းတွင် အထူးဆန်းဆုံး တရားရင်ဆိုင်မှု တခု ဖြစ်ခဲ့သည်မှာ သံသယ ဖြစ်စရာပင် မလိုပေ။ မိမိတို့၏ ကမ္ဘာကြီး ပြိုလဲပျက်စီးနေပြီဟု စိုးရိမ်နေသည့် လက်တွေ့ဆန်သော တရားသူကြီးတဦးနှင့် ထိုတရားသူကြီးကို မိမိတို့ တိုက်ထုတ်နေခြင်းသည် အရာရာကို ကိုယ်စားပြုသည်ဟု မြင်ကြသော တရားခံအုပ်စုတစုတို့ကို စုစည်းပေးခဲ့သည်။
ဤသို့ဖြင့် ဘေးဥပဒ်ကျရောက်ရန် ဖန်တီးထားသည့် ဟင်းချက်နည်းတမျိုး ဖြစ်လာခဲ့သည်။ တရားရုံး၏ အချိန်များကို အလွန်အမင်း အလဟဿ ကုန် စေခဲ့သည့် ဟင်းချက်နည်းတခု ဖြစ်သည်။ ၎င်းသည် အဆန်းကြယ်ဆုံး ရာဇဝတ်မှု တခုကို စီရင်သည့် တရားခွင်လည်း ဖြစ်ပေသည်။
ရန်ပွဲတခု စတင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ်နယ်နိမိတ်ကို ဖြတ်ကျော်ခဲ့သည့် ရာဇဝတ်မှုပင်တည်း။ တရားခံ၏ စိတ်ထဲတွင် ယခင်ကတည်းက ရန်လို နေလား သို့မဟုတ် ရာဇဝတ်မှုကျူးလွန်လိုသည့် ဆန္ဒ အမှန်တကယ် ရှိခဲ့ပါသလားဆိုသည်ကို သက်သေအထောက်အထားများဖြင့် ခြုံငုံသုံးသပ် အကဲဖြတ်ရခြင်းမှာ တရားသူကြီးများအတွက် မဖြစ်နိုင်သလောက်ပင် ခက်ခဲသော တာဝန် မျိုး ဖြစ်သည်။
၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းက ချီကာဂိုရှစ်ဦး အဖွဲ့ ၏ တရားခွင်သည် အမေရိကန်ပြည်ထောင်စု၏ ကွဲပြားခြားနားမှုများကို ပုံဖော်ပြသနေသည့် သင်္ကေတတခုပင်ဖြစ်သည်။ တရားခံများ၏ အတွေးအခေါ်နှင့် တရားသူကြီး ဂျူးလီးယပ်စ် ဟော့ဖ်မန်း ၏ အတွေးအခေါ်တို့ကြားတွင် ကြီးမားလှသော ကွာဟချက်ကြီး တည်ရှိနေခဲ့ပြီး ၎င်းကွာဟချက်သည် ဗီယက်နမ်စစ်ပွဲ ရှည်ကြာလာသည်နှင့်အမျှ အမေရိကန် လူ့အဘောင်အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော အက်ကြောင်းကို ထင်ဟပ်စေခဲ့သည်။
ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူ၊ အာဏာပိုင်စနစ်နှင့် အစွန်းရောက်၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် ဆန့်ကျင်ပုန်ကန်မှုတို့မှာ ထိုတရားခွင်တွင် ပေါ်လွင်နေသည့် ဆန့်ကျင်ဘက် အစွန်းနှစ်ဘက် ဖြစ်ကြပြီး ၎င်းတို့သည် လူမျိုးရေး၊ လူမျိုးဆက်နှင့် လိင်ပိုင်းဆိုင်ရာ တင်းမာမှုများကြောင့် အပိုင်းပိုင်းပြဲထွက်လုနီးပါးဖြစ်နေသော နိုင်ငံတနိုင်ငံ၏ အခြေအနေကို ပုံဖော်ပြသနေခြင်း ဖြစ်ပေသည်။
ဤသို့သော ကွဲပြားခြားနားမှုများ ရှိနေသည့်အတွက်ကြောင့် တရားခံများသည် စွဲချက်အားလုံးမှ လွတ်ငြိမ်းချမ်းသာခွင့် (အပြစ်မရှိကြောင်း အမိန့်ချမှတ်ခံရခြင်း) ကို ရရှိရန် လုံးဝလမ်းမရှိခဲ့ဟု အတိအကျ ပြော၍ ရပေသည်။ ဂျူရီ အဖွဲ့ဝင် အချို့မှာ တရားခံများအပေါ် သို့မဟုတ် ၎င်းတို့၏ ရပ်တည်ချက်များအပေါ် လုံးဝစာနာမှု မရှိခဲ့ကြပေ။
တရားခွင်ပြီးဆုံးသွားသောအခါ ဂျူရီ အဖွဲ့ဝင် အမျိုးသမီးတဦးက တရားခံများသည် “သူတို့ရဲ့ ရုပ်အသွင်အပြင်၊ စကားပြောဆိုပုံနဲ့ လူနေမှုပုံစံတွေအတွက်နဲ့တင် အပြစ်ပေးခံရသင့်တယ်” ဟု ပြောကြားခဲ့သည်။
ဂျူရီ အဖွဲ့ ခေါင်းဆောင် ကလည်း သတင်းထောက်တဦးကို “ဒီတရားခံတွေဟာ တရားသူကြီး ဝင်လာတဲ့အခါမှာတောင် မထရပ်ကြဘူး။ လေးစားမှုဆိုတာ မရှိတော့ဘူးဆိုရင်တော့ အမေရိကန်ပြည်ထောင်စုကြီးကို စွန့်လွှတ်လိုက်တာနဲ့ အတူတူပါပဲ” ဟု ညည်းတွားပြောဆိုခဲ့သည်။
နောက်ထပ် ဂျူရီ တဦးဆိုလျှင် ပို၍ပင် ဒေါသထွက်ခဲ့သည်။ ၎င်းက သတင်းထောက်တဦးအား တရားခံများသည် “ရဲတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရသင့်တာ” ဟု ပြောကြားခဲ့ဖူးသည်။ ကျေးဇူးတင်စရာကောင်းသည်မှာ တတိယအယူခံတရားရုံး ရှိနေ၍ ပင် ဖြစ်သည်။
**********