၁၈၁၀ မေလ ၁၈ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ၊ ဗျူနိုအေးရိစ် တွင် "မေလတော်လှန်ရေး" ဟု သမိုင်းတွင်မည့် သူပုန်ထမှုတခု ဖြစ်ပွားခဲ့သည်။ စပိန်တို့၏ ဖိနှိပ်မှုနှင့် ကိုလိုနီပြုမှုအောက်တွင် ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီးနောက် အာဂျင်တီးနားပြည်သူတို့သည် လွတ်လပ်ရေးကို တောင်းဆိုလာကြသည်။ အုပ်ချုပ်နေသော စပိန်ရေတပ် ဘုရင်ခံချုပ် ကို ဖြုတ်ချခဲ့ပြီးနောက် "ပရီမီရာ ဟွန်တာ" Primera Junta ဟုခေါ်သည့် ဒေသခံအုပ်ချုပ်ရေးအဖွဲ့သစ်ဖြင့် အစားထိုးခဲ့သည်။ အာဂျင်တီးနားနိုင်ငံ အမှန်တကယ် လွတ်လပ်ရေး ရရှိရန်အတွက် နှစ်ပေါင်းများစွာ ထပ်မံစောင့်ဆိုင်းရဦးမည်ဖြစ်သော်လည်း၊ ထိုစိတ်လှုပ်ရှားဖွယ် မေလ တပတ်သည် နိုင်ငံ၏ အမျိုးသားသမိုင်းတွင် အရေးပါသော အလှည့်အပြောင်းတခု ဖြစ်ခဲ့သည်။
တော်လှန်ရေး နှစ် ၁၅၀ မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားများကို ၁၉၆၀ ၊ မေလ ၂၀ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်တို့သည် အာဂျင်တီးနားတဝှမ်း လွှမ်းခြုံလာ နေသည်။ ထိုအခါသမယကို အတူဆင်နွှဲရန် ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီးသို့ ဖိတ်ကြားချက်များ ပေးပို့ထားသည်။ အံ့အားသင့်စရာကောင်းသည်မှာ အစ္စရေးနိုင်ငံကိုပါ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းရှိ အဆက်အသွယ်များမှတဆင့် အစ္စရေးသံတမန်များ တက်ရောက်ရန် စီစဉ်ထားကြောင်း အစ်ဆာ ဟာရယ် သိရှိသွားသည်။
ဟာရယ်က ထို အခွင့် အရေးက်ို လက်လွှတ်ခံ၍ မဖြစ်ဟု ဆုံးဖြတ်လိုက်သည်။ သံသယမဖြစ်စေရန် သတိထား၍ ထိုသံတမန်များ လေယာဉ်ဖြင့် ခရီးသွားဖို့ ရှိကြ သလားဟု သူက စုံစမ်းမေးမြန်းခဲ့သည်။
အမှန်တကယ်လည်း ထိုသို့သွားရန် စဉ်းစားနေကြသည်။ အစ္စရေးနိုင်ငံ၏ လက်တင်အမေရိကရေးရာဌာနက လေကြောင်းခရီးဖြင့် သွားလာခြင်းသည် သင်္ဘောဖြင့် ရှည်လျားစွာ ခရီးနှင်ရသည်ထက် များစွာဂုဏ်ရှိသည်ဟု ယူဆထားသည်။
ကိုယ်စားလှယ်တစ်ဦးကပင် ဟာရယ်လ် အား အစ္စရေးလေယာဉ်တစ်စင်း ဗျူနိုအေးရိစ် သို့ ဆိုက်ရောက်လာခြင်းသည် “နိုင်ငံ၏ ဂုဏ်သိက္ခာကို ပိုမိုမြှင့်တင်ပေးလိမ့်မည်၊ အထူးသဖြင့် တောင်အမေရိကရှိ ဂျူးလူမျိုးအသိုင်းအဝိုင်း၏ အမြင်တွင် ပို၍ပင် ဂုဏ်တက်စေလိမ့်မည်” ဟု ပြောခဲ့သည်။
ဤအချက်ကို သိရှိသွားသည့်အခါ ဟာရယ်လ်သည် အယ်လ်အေ (El Al) လေကြောင်းလိုင်းဆီသို့ နောက်တကြိမ် ပြန်၍ စုံစမ်းကြည့်လိုက်သည်။ မော့ဆက် ဒါရိုက်တာသည် လေကြောင်းလိုင်း၏ ဒုတိယဒါရိုက်တာဖြစ်သူ မော်ဒီချိုင်း ဘင်-အာရီ အား ၎င်း၏ ရုံးချုပ်သို့ လာရောက်ရန် ဖိတ်ခေါ်လိုက်သည်။ အစ်ဆာ ဟာရယ်လ် ၏ အမှန်တကယ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ အစ္စရေးနိုင်ငံသား အများစု မသိရှိနိုင်သော ကိစ္စဖြစ်သော်လည်း ဘင်-အာရီမှာမူ ပါးနပ်သူ တယောက် ဖြစ်သည်။
မော့ဆက် ရုံးခန်းများသည် သာမန်ရိုးကျဖြစ်ပြီး ဟာရယ်လ်၏ ရိုးရှင်းသော အခန်းတွင်လည်း သူသည် သူလျှိုတစ်ဦးဖြစ်ကြောင်း အရိပ်အယောင် လုံးဝ မတွေ့ရ ပေ။ သို့သော် အီဆာ ဟာရယ်လ်သည် သံတမန်အဖွဲ့များအတွက် လေကြောင်းခရီးစဉ် စီစဉ်ပေးနေသူ မဟုတ်ကြောင်း ဘင်အာရီ သိသည်။ သို့ရာတွင် ဟာရယ်လ်က လေယာဉ်အမှုထမ်းများကို သူကိုယ်တိုင် ရွေးချယ်ရမည်ဟု ပြောသောအခါ၌ပင် ဘင်အာရီမှာ ကန့်ကွက်စကား မဆိုခဲ့ပေ။
မော်ဒက်ချိုင်း ဘင်အာရီသည် ငွေကြေးဆိုင်ရာ ထိခိုက်နစ်နာမှုများ ဖြစ်လာမည့် အရေး အတွက် ရင်ထဲတွင် လှုပ်ရှားနေသော်လည်း ဟာရယ်လ်၏ တောင်းဆိုချက်ကို လိုက်လျောခဲ့သည်။ အယ်လ်အေ (El Al) လေကြောင်းလိုင်းသည် ကုမ္ပဏီသစ်သာ ဖြစ်သေးပြီး အမြတ်ပင် မရသေးပေ။ လေယာဉ်အချိန်ဇယားများကို ရုတ်တရက် ပြောင်းလဲခြင်းနှင့် လေယာဉ်လက်မှတ်ခများကို ပြန်အမ်းခြင်းမှာ လုပ်ငန်းအတွက် ကောင်းလှသည်တော့ မဟုတ်။
သို့သော်လည်း သူက သဘောတူလိုက်ပြီး ပြန်ရန် ထလိုက်သည်။ တံခါးပေါက်အထိ ရောက်သွားပြီး လက်ကို တံခါးလက်ကိုင်ပေါ် တင်လိုက်ချိန်တွင် သူသည် ဟာရယ်လ်ဆီသို့ လှည့်ကြည့်သည်။ ဘင်အာရီသည် ခဏမျှ တုံ့ဆိုင်းနေပြီး မျက်နှာတွင် စိုးရိမ်တကြီး အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဟာ အိုက်ခမန်း နဲ့ ပတ်သက်နေတာလား" ဟု သူက မေးလိုက်သည်။ အီဆာ ဟာရယ်လ် ခေတ္တ နှုတ်ဆိပ်သွားသည်။ သူသည် ထိုမေးခွန်းကို အတည်ပြုရန် သို့မဟုတ် ငြင်းပယ်ရန် ခွင့်မရှိပေ။ အကယ်၍သာ လျှို့ဝှက်ချက်ပေါက်ကြားသွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ ကြီးမားလှပေမည်။ ဟာရယ်လ်ကိုယ်တိုင်ပင် ဤသို့သော တာဝန်မဲ့မှုအတွက် ရာထူးမှ အထုတ်ခံရနိုင်သည်။ သို့သော် သူသည် မော်ဒက်ချိုင်း ဘင်အာရီ၏ အကူအညီကို အသည်းအသန် လိုနေပြီး အယ်လ်အေ (El Al) သည် သူ့ ကြောင့် မည်မျှအထိ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်လာမည်ကို ကောင်းစွာ သိရှိထားသည့် အတွက် ဟာရယ်လ်က ခေါင်းညိတ်ပြလိုက်သည်။
*****************
၁၉၆၀ ပြည့်နှစ်၊ မေလ ၁၀ ရက်
ဗျုနိုစ် အေရီစ် မြို့
မော့ဆက် လျို့ဝှက် တိုက်ခန်း
အချိန် - ညဉ့်နက်ပိုင်း
အရာရာ အဆင်ပြေချောမွေ့သွားခဲ့မည်ဆို က အဒေါ့ချ် အိုက်ခ်မန်း အဖို့ လွတ်လပ်စွာ နေထိုင်ခွင်သည် ၂၄နာရီပင် မကျန်တော့ပေ။
"ဒီအတွက် ဂုဏ်ပြု ထိုက်သူက တော့ ဇဗီ အာဟာရိုနီ ပဲ ဖြစ်ပါတယ်" ဟု မော့ ဆက် အကြီးအကဲ အစ္စဟာ ဟာရယ် က မနက်ဖြန်ည လုပ်ဖို့ ရှိ လူ ပြန်ပေးဆွဲရေး အစီအစဉ်အတွက် ယနေ့ည အပြီးသတ် ဇာတ်တိုက်စစ်ဆေးမှုကို စတင်လိုက်ရင်း ပြောကြားခဲ့သည်။ "သူသာ မရှိခဲ့ရင် ကျုပ်တို့တွေ ဒီမှာ ထိုင်နေကြရလိမ့်မယ် မဟုတ်ဘူး။"
အာဟာရိုနီမှာ အံ့အားသင့်သွားခဲ့ပြီး အနည်းငယ်လည်း ရှက်ရွံ့သွားလေသည်။လက်အောက်ငယ်သား အားလုံးက "လူကြီးလူကောင်း" ဟု ခေါ်ဆိုနေကြသည့် ဟာရယ်သည် ချီးမွမ်းစကား အလွယ်တကူ ပြောတတ်သူ တဦးတော့ မဟုတ်ပေ။ အာဟာရိုနီသည် ၎င်း၏ အစ္စရေး တော်လှန်ရေး လုပ်ဖော်ကိုင်ဖက် အချင်းချင်း ပြည့်နှက်နေသော အခန်းထဲတွင် ဘယ် ဖက်မှ လှည့်မကြည့်ရဲ တော့ဘဲ၊ မျက်နှာ မထားတတ် ဖြစ် နေ၍ ရှေ့တည့်တည့်သို့သာ စိုက်ကြည့်နေတော့သည်။
ဟားရယ်က လုပ်မည့် အစီအစဉ်များကို ဆက်လက် ရှင်းပြနေသည်– ပြန်ပေးဆွဲမှုကို ည ၇ နာရီ ၄၀ မိနစ်အိုက်ခ်မန်း ၂၀၃ ဘတ်စ်ကား မှ ဆင်းလာသည့်အချိန်၌ စတင်မည် ဖြစ်သည်။ မှတ်တိုင် သည် လူသူကင်းရှင်းသည့် ကျေးလက်လမ်းမ ပေါ်တွင် ရှိနေ၍ ပြဿနာ တစုံတရာမရှိဘဲ သူ့ကို ဖမ်းဆီးနိုင်မည့် အခွင့်အလန်း ပိုများ နေသည်။
အိုက်ခ်မန်၏ နေအိမ်မှ သွားရောက်ဆွဲထုတ်ဖို့က အန္တရယ် အလွန်များပြားလွန်းသည် — ၎င်းအိမ်ကို ကျူးကျော်သူများ ဝင်မလာနိုင်အောင် ဒီဇိုင်းဆွဲထားရုံသာမက အိုက်ခ်မန်၏ ဇနီး သို့မဟုတ် သားများ လက်နက်ကိုင် ထားနိုင်ခြေလည်း ရှိနေသည်။
အဖွဲ့သား များသည် ကားနှစ်စီးကို အသုံးပြုမည်ဖြစ်သည်။ တစီးမှာ ပြဿနာတက်နေဟန်ဖြင့် မော်တော်ကား ရှေ့ဖုံးကို ပင့်တင်ကာ လမ်းဘေးတွင် ရပ်ထားမည်ဖြစ်သည်။ ကားရှေ့မီးများကို ဆက်ဖွင့်ထားမည်ဖြစ်ပြီး၊ ပြန်ပေးဆွဲမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေ ထွက်ဆိုနိုင် ခြေရှိသည့် တဖက်လာမည့် ယာဉ်မောင်းများ၏ မျက်စိကို ကျိမ်း သွားစေရန် လမ်းပေါ်သို့ တည့်တည့် ထိုးထားမည်ဖြစ်သည်။
ဒုတိယ ကား ထဲတွင် တော့ အိုက်ခ်မန်း အိမ်သို့ပြန်လာစဉ် လမ်းမှ ဆီး၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် အစ္စရေး အေးဂျင့်များ စောင့်ဆိုင်းနေမည်ဖြစ်သည်။ "ဖမ်းဆီးသည့် အခိုက်အတန့်တွင်" ဟု ဇဗီ အာဟာရိုနီ က နောင်တွင် ရေးသားခဲ့သည် - "[အိုက်ခ်မန်း] အနေဖြင့် ကျွန်ုပ်တို့လူတွေထဲက နှစ်ဦးကိုသာ မြင်တွေ့ရလိမ့်မည်။ ယာဉ်မောင်းဘက်ခြမ်း ပွင့်နေသော မှန်ပြတင်းပေါက်နားတွင် ရပ်နေသည့် ဇဗီကာနှင့် ယာဉ်မောင်းဖြစ်ပုံရသော ကျွန်ုပ်တို့နှစ်ဦးတည်းသာ ဖြစ်သည်... ရာဖီက နောက်ခန်းကြမ်းပြင်ပေါ်တွင် လဲလျောင်းနေရမည်။ ဇဗီကာနှင့် ဇီးဗ်တို့က အိုက်ခ်မန်းကို ချုပ်နှောင်လိုက်သည်နှင့် ရာဖီ က နောက်တံခါးကို ဖွင့်ပြီး ကျွန်ုပ်တို့၏ အကျဉ်းသားကို ကားတွင်းသို့ ဝိုင်း ကူညီ ဆွဲသွင်း ပေးရမည်။ ထို့နောက် ကျွန်ုပ်တို့သည် သူ့အား ကြိုးတုပ်ကာ စောင်အောက်တွင် ဝှက်ထားရန် ရည်ရွယ်ထားသည်။ ထိုသို့ လုပ်ဆောင်ပြီးသည်နှင့် ကျွနုပ်တို့၏ လုံခြုံသည့် တည်းခိုရာ နေရာ သို့ မောင်းထွက်နိုင်ပြီ ဖြစ်သည်။"
အစီအစဉ်မှာ ရဲတင်းပြတ်သားလှသော်လည်း၊ လျှို့ဝှက်စစ်ဆင်ရေးတခုတွင် မ အောင်မမြင် ဖြစ်ပျက်လာနိုင်သည့် အကြောင်းရင်းပေါင်း ရာနှင့်ချီ ရှိနေပေသည်။ ဟာရယ်လ် သည် အခန်းထဲရှိ ၎င်း လက်ရွေးစင် ရွေးထားသော အေးဂျင့် များကို တချက် ဝေ့ကြည့်လိုက်သည်။ သူတို့အားလုံးမှာ အမျိုးသားများချည်းသာ ဖြစ်ပြီး၊ ဤအချက်က ဟာရယ်လ်ကို စိတ်ဘဝင်မကျ ဖြစ်လာသဖြင့် စပိုင်များထဲမှ တဦး၏ ဇနီးအဖြစ် ဟန်ဆောင်ရန် မော့ဆက် အမျိုးသမီး အေးဂျင့်တစ်ဦးကို တယ်လ်အဗစ်မှ လေယာဉ်ဖြင့် ခေါ်ယူနေရသည်။ အမျိုးသားများခြည်း မဟုတ်ဘဲ အမျိူးသမီး တယောက် ရှိ နေခြင်းက ၎င်းတို့ ပုန်းအောင်းေနမည့် အိမ်အပေါ် လူများ အာရုံစိုက်မှု နည်းသွားမည်ဟု ဟာရယ်လ်က ခံယူထားသည်။
ယေဟူဒစ် ဖရစ်ဒ်မန် အား သူမ၏ တာဝန်ဝတ္တရားများကို စစ်ဆင်ရေး မစမီ လေးရက်ကမှသာ အသိပေးခဲ့သည်။ သို့သော်လည်း လျှို့ဝှက်စစ်ဆင်ရေးတခုတွင် မှားယွင်းနိုင်သမျှ အရာရာတိုင်းသည် မှားယွင်းတတ်သည်ဟူသော သာဓကတခု အနေဖြင့် သူမသည် စပိန်နိုင်ငံရှိ လေယာဉ်ချိတ်ဆက်စီးနင်းရမည့် အချိန်ကို လွတ်သွားခဲ့ပြီး မနက်ဖြန်ညကျမှသာ ရောက်ရှိလာတော့မည် ဖြစ်သည် - ထိုအချိန်သို့ ရောက်သည့်အခါတွင်မူ အိုက်ခမန်း ကို ဖမ်းဆီး မည့် စစ်ဆင်ရေး သည် အောင်မြင်သွားသည်ဖြစ်စေ၊ ကျရှုံးသွားသည်ဖြစ်စေ တခုခု တော့ ဖြစ်နှင့်ပြီး ဖြစ် ပေလိမ့်မည်။