"ဒေါ်လာ နှစ်သောင်း ဟုတ်လား?” ထိုကိုယ်စားလှယ်၏ မျက်ခုံးများမှာ သိသိသာသာ မြင့်တက်သွားပြီး ယခင် တည်ငြိမ် အေးဆေးသည့် မျက်နှာတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။ “သြော်... ကျွန်တော် သိသလောက် အာမခံ တွက်ချက်မှု ပုံစံကို ပြောရမယ်ဆိုရင်! ဒေါ်လာ နှစ်သောင်းဆိုတာက လက်ချောင်းတချောင်းလောက် ဒါမှမဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်း ကြီးကြီးမားမား တခုခု ဆုံးရှုံးမှ ရနိုင်တဲ့ပမာဏဗျ။ အကယ်၍ မမြင်သာတဲ့ ပျက်စီးမှုမျိုးဆိုရင်တော့ ကိုယ်တွင်းအင်္ဂါတခုခု သို့မဟုတ် အာရုံခံစားမှုတခုခု ပျက်စီးသွားမှ ဖြစ်မှာပါ။
အကယ်၍ ကျွန်တော်တို့က မမြင်သာတဲ့ ကိစ္စ မျိုး ဆိုဝာာက အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တဲ့ အင်္ဂါတခုခု၊ ဒါမှမဟုတ် ခင်ဗျားရဲ့ အာရုံခံစားမှု ငါးပါးထဲက တပါးပါးဆိုရင် အဆင်ပြေပါတယ်။”
တကယ်တော့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျွန်တော် သတိပြန်လည်လာချိန်ကတည်းက တစုံတခုက ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ အမည်တပ်၍ မရနိုင်သော၊ ရုပ်ပိုင်းဆိုင်ရာမျိုး မဟုတ်ဘဲ စိတ်ထဲတွင်သာ တရစပ် ယားယံနေသလိုမျိုး ဖြစ်နေခဲ့သည်။
ယခုတော့ ထိုအရာက ဘာလဲဆိုတာ ကျွန်တော် သိလိုက်ရပြီ—ကျွန်တော် တစုံတခုကို မေ့သွားခဲ့သည်။ ဒါပေမဲ့ အဲဒီ ‘တစုံတခု’ က ဘာလဲဆိုတာကိုတော့ ကျွန်တော် မသိပေ။ မေ့လျော့ခြင်း သုံးမျိုးရှိသည့်အထဲတွင် ဤအမျိုးအစားသည် အဆိုးရွားဆုံးပင် ဖြစ်သည်။ မေ့သွားသည့်အရာက ဘာလဲဆိုတာကို သိထားခြင်းသည် သမိုင်းရက်စွဲများ၊ သင်္ချာဖော်မြူလာများနှင့် လူတို့၏ အမည်များကို မေ့သည်ကဲ့သို့ပင် ဖြစ်ရိုးဖြစ်စဉ် တခုဖြစ်သည်။
မိမိမေ့သွားမှန်းပင် မသိဘဲ မေ့နေခြင်းသည် ပို၍ပင် ဖြစ်နိုင်သည် (သို့မဟုတ် ဖြစ်နိုင်ချေ နည်းကောင်းနည်းမည်)၊ သို့သော် ၎င်းသည် သက်သာရာရစေသည်—အဘယ်ကြောင့်ဆိုသော် ထိုအခြေအနေတွင် မိမိဘာဆုံးရှုံးသွားသည်ကို ကိုယ်တိုင် မသိနိုင်သောကြောင့် ဖြစ်သည်။ သို့သော် မိမိ မေ့သွားသည့်အရာမှာ ဘာမှန်းမသိဘဲ၊ မေ့သွားမှန်း သိနေရခြင်းသည် ကျွန်တော့်ကို တုန်လှုပ်ချောက်ချားစေသည်။
“ကျွန်တော် တစုံတခုကို ဆုံးရှုံးလိုက်ရပြီ” ဟု ကျွန်တော် ပြောလိုက်သည်။ နာကျင်မှုသည် ကျွန်တော့်ကို ဖိစီးလာပြီး ကျွန်တော့်အသံတွင် ထိုနာကျင်မှုများ ထင်ဟပ်လာသည်။ “ကျွန်တော့်ရဲ့ စိတ်အမှတ်အသား တစိတ်တပိုင်းကို ဆုံးရှုံးလိုက်ရတာ။”
ဗိုင်အိုလက်နှင့် ကိုယ်စားလှယ်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။ “ကျွန်တော် နားမရှင်းဘူး” ဟု သူက ဆိုသည်။
“ကျွန်တော့်မှတ်ဉာဏ်ရဲ့ တစိတ်တပိုင်းက ပေါက်ကွဲမှုဖြစ်တဲ့အချိန်ကစလို့ အခုအချိန်အထိ အကုန်လုံး ပျောက်ဆုံးသွားခဲ့တာ” ဟု ကျွန်တော်က ပြောသည်။
"စိတ်မကောင်းပါဘူး၊ ဒါပေမယ့် အဲဒါကို ခင်ဗျား သက်သေပြဖို့ဆိုတာ ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။”
တစုံတယောက်ကို မိမိမေ့သွားပြီဟု သက်သေပြဖို့၊ သို့မဟုတ် တစုံတခုကို သိခဲ့ပြီး ယခုအခါ မသိတော့ကြောင်းကို ပြသဖို့ဆိုသည်မှာ မည်သို့ပင် နည်းလမ်းရှာရပါမည်နည်း။ သို့တိုင်အောင်ပင် ကျွန်တော်သည် ကိုယ်စားလှယ်နှင့် ဆက်လက်ညှိနှိုင်းခဲ့သည်။
ကုတင်ပေါ်မှာ လဲလျောင်းနေရသည့်တိုင် အရင်ကအကျင့်စရိုက်များက ရှိနေဆဲပင်။ ကိုယ်တိုင်ဆေးလိပ်လိပ်တတ်ခြင်း၊ သို့မဟုတ် "R" အသံကို လိပ်၍ထွက်တတ်ခြင်းတို့ကဲ့သို့ပင်၊ လိမ်ညာခြင်းဆိုသည်မှာ မေ့ပစ်ရန် မလွယ်ကူသည့် ကျွမ်းကျင်မှုတခုနှင့် အလေ့အကျင့်တခု ဖြစ်သည်။
ဤအချက်သည် ကျွန်တော်နှင့် စိတ်သဘောထားချင်း ကိုက်ညီသည့် ထိုကိုယ်စားလှယ်အတွက်လည်း မှန်ကန်ပေသည်။ ညှိနှိုင်းမှုများတွင်ဖြစ်စေ၊ စစ်ဆေးမေးမြန်းမှုများတွင်ဖြစ်စေ၊ လိမ်ညာခြင်းသည် လက်ခံနိုင်ရုံသာမက မျှော်လင့်ထားသည့်အရာပင် ဖြစ်သည်။ လက်ခံနိုင်ဖွယ်ရှိသော အမှန်တရားတစ်ခုသို့ ရောက်ရှိရန်အတွက် လိမ်ညာရသည့် အခြေအနေမျိုးစုံ ရှိနေပြီး၊ ကျွန်တော်တို့နှစ်ဦးကြားတွင်လည်း တူညီစွာ လက်ခံနိုင်မည့် ဒေါ်လာတသောင်းဟူသော ပမာဏကို သဘောတူညီမှု ရရှိသည်အထိ စကား ဆက်လက် ပြောဆိုခဲ့ကြရသည်။
ကျွန်တော်တောင်းဆိုထားသည့် ပမာဏ၏ ထက်ဝက်သာရှိသော်လည်း၊ သူတို့၏ မူလကမ်းလှမ်းချက်ထက် နှစ်ဆပိုများသည်။ ကိုယ်စားလှယ်က ချက်လက်မှတ်အသစ်ကို ရေးပြီးနောက်တွင် ကျွန်တော်သည် စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးလိုက်သည်။ ထို့နောက် ကျွန်တော်တို့နှစ်ဦးသည် အမည်မသိ ဘေ့စ်ဘောကစားသမားများ၏ ကတ်ပြားများကဲ့သို့ပင် တန်ဖိုးမရှိလှသော နှုတ်ဆက်စကားများကို အပြန်အလှန် ပြောဆိုခဲ့ကြသည်။
တံခါးဝအရောက်တွင် ဗိုင်အိုလက် သည် တံခါးလက်ကိုင်ကို ကိုင်ရင်း ခေတ္တရပ်လိုက်ပြီး ကျွန်တော့်ဘက်သို့ လှည့်ကြည့်သည်။ ထိုသို့သော အမျိုးသမီးမျိုးတွင် ထိုထက်ပို၍ ရိုမန်တစ် ဆန်သော အမူအရာမျိုး ရှိပါဦးမလား။ သူမက “ဒီရုပ်ရှင်ကို ရှင်မပါဘဲနဲ့ ကျွန်မတို့ မလုပ်နိုင်ခဲ့ဘူးဆိုတာ ရှင်သိပါတယ်” ဟု ပြောလိုက်သည်။
သူမ စကားကို ယုံကြည်ခြင်းဆိုသည်မှာ အမျိုးသမီးများ ဆွဲဆောင်မှုရှိသည် ကို ယုံကြည်ခြင်း၊ ရွေးကောက်တင်မြှောက်ခံ အရာရှိကို ယုံကြည်ခြင်း၊ အာကာသလောကမှ အစိမ်းရောင် လူပုလေးများကို ယုံကြည်ခြင်း၊ ရဲတပ်ဖွဲ့၏ စေတနာကို ယုံကြည်ခြင်း၊ ခြေအိတ်မှာ အပေါက်တွေ ရှိနေသည် သာမက စိတ်ဝိညာဉ်ထဲ တနေရာတွင် အပေါက်တပေါက်ရှိနေတတ်သည့် ကျွန်တော့်ဖခင်ကဲ့သို့သော သာသနာ ဝန်ထမ်းတို့ကို ယုံကြည်ခြင်းတို့နှင့် အတူတူပင်ဖြစ်သည်။
သို့သော်လည်း ကျွန်တော်က ယုံကြည်ချင်နေခဲ့သည်၊ သူမ၏ မဆိုစလောက်သော အဖြူထည် လိမ်ညာမှုကို ယုံကြည်လိုက်ခြင်းက ဘာများ ထိခိုက်သွားနိုင်မှာမို့လို့လဲ။ ဘာမှမဖြစ်ပါ။ ကျွန်တော့်ခေါင်းထဲတွင် အဆင့်အတန်းမရှိသော ဒစ်စကိုကလပ်တစ်ခု၏ တီးလုံးသံများသာ ကျန်ရစ်ခဲ့ပြီး၊ ကျွန်တော်သည် အသက်ရှင်နေသည်ထက် သေဆုံးသွားလျှင် ပို၍တန်ဖိုးရှိသည့် လူတယောက်ဖြစ် နိုင်ကြောင်း သက်သေပြနေသည့် အစိမ်းရောင်ချက်လက်မှတ်တခုသာ ကျန်ခဲ့သည်။
သူတို့သာ မလိမ်ခဲ့ကြဘူးဆိုလျှင်၊ ကျွန်တော်ပေးဆပ်လိုက်ရသည်မှာ ခေါင်းပေါ်တွင် ရခဲ့သည့် အဖုတစ်ခုနှင့် ကျွန်တော့်မှတ်ဉာဏ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်၊ ထိုအရာများမှာလည်း ကျွန်တော့်အတွက် ပိုလျှံနေသည့်အရာများပင်။ သို့ပါလျက်နှင့်၊ ကျွန်တော် မူးယစ်နေစဉ်အတွင်း ခွဲစိတ်မှုတခုကို ပြုလုပ်ခဲ့ပြီး နာကျင်မှုထက် ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေသော ထုံကျဉ်မှုမျိုးကို ချန်ရစ်ခဲ့သလားဟု ကျွန်တော် ဘာကြောင့် သံသယဖြစ်မိပါသလဲ။ မှတ်ဉာဏ်၏ မရှိတော့သည့် အစိတ်အပိုင်းတစ်ခုကို—ကျွန်တော် ဆက်လက်အားပြုနေမိသည့် လစ်ဟာနေသော အရာတခုကို—ဘာကြောင့်များ ကျွန်တော် ခံစားနေရပါသလဲ။
ဤမေးခွန်းများအတွက် အဖြေမရဘဲ ကယ်လီဖိုးနီးယားသို့ ပြန်ရောက်လာသောအခါ ကျွန် တော်သည် ရလာသောချက်လက်မှတ်ကို ငွေထုတ်လိုက်ပြီး ထက်ဝက်ကို ယခင်က ငွေမရှိသလောက်ဖြစ်နေသော ဘဏ်စာရင်းထဲ ထည့်လိုက်သည်။
ဗိုလ်ချုပ်နှင့် ဇနီးဖြစ်သူထံ ကျွန် တော် သွားရောက်လည်ပတ်သည့်နေ့တွင် ကျန်ရှိသောငွေတဝက်မှာ ကျွန်ုပ်၏အိတ်ကပ်ထဲရှိ စာအိတ်ထဲတွင် ရှိနေသည်။ ထိုနေ့မွန်းလွဲပိုင်းတွင် ကျွန် တော် သည် မွန်တရီပန်းခြံသို့ ကားဖြင့်မောင်းထွက်လာခဲ့သည်။
တိုဖူးကဲ့သို့ နူးညံ့ပျော့ပျောင်းသော ထိုမြို့၏ ဆင်ခြေဖုံးရပ်ကွက်များကြားတွင် အရက်သမားဗိုလ်မှူး၏ မုဆိုးမ ဇနီးနှင့် ချိန်းဆိုထား၍ ဖြစ်သည်။ ကျွန် တော်သည် အိတ်ကပ်ထဲရှိ ငွေများကို သူမအားပေးရန် စီစဉ်ထားကြောင်း ဝန်ခံရမည် ဖြစ်သည်။ ထိုငွေများသည် တော်လှန်ရေးအတွက် သုံးနိုင်သည်ကို မသိ ၍ တော့ မဟုတ်။
သို့သော် ရန်သူနှင့် သူ့မိသားစုအား ကူညီခြင်းထက် ပို၍တော်လှန်ရေးဆန်သောအရာ ရှိပါဦးမည်လော။ ခွင့်လွှတ်ခြင်းထက် ပို၍အစွန်းရောက်သောအရာ ရှိပါဦးမည်လော။ ဟုတ်ပါသည်၊ သူကို ကျွန် တော့်အား ခွင့်လွှတ်ရန် တောင်းဆိုခြင်းမဟုတ်။ ကျွန် တော် သာလျှင် သူ့အပေါ် ပြုမူခဲ့မိသည်များအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။
ကားထားသည့်နေရာတွင် ကျွန် တော် ကျုးလွန် ခဲ့သည့် ခြေရာ လက်ရာများ မ တွေ့ရတော့သလို၊ တိုက်ခန်းအဆောက်အအုံ၏ ပတ်ဝန်းကျင်တွင်လည်း သူ့ဝိညာဉ်၏ လှုပ်ရှားမှုမျိုး လုံးဝမရှိပေ။ ကျွန်ုပ်သည် ဘုရားသခင်ကို မယုံကြည်သော်လည်း ဝိညာဉ်များကိုမူ ယုံကြည်သည်။ ကျွန် တော် သည် ဘုရားသခင်ကို မကြောက်သော်လည်း ဝိညာဉ်များကို ကြောက်သည်။ ဘုရားသခင်သည် ကျွန် တော့် ရှေ့သို့ ဘယ်တော့မှ ပေါ်လာမည်မဟုတ်သော်လည်း အရက်သမားဗိုလ်မှူး၏ ဝိညာဉ်ကမူ ပေါ်လာခဲ့ဖူးသည်။ ထို့ကြောင့် တံခါးပွင့်လာသည့်အခါ တံခါးလက်ကိုင်ပေါ်တွင် သူ့လက်များ ရှိနေမည်ကို စိုးရိမ်ပြီး ကျွန်ုပ် အသက်အောင့်ထားမိသည်။ သို့သော် တံခါးဝတွင် ကြိုဆိုနေသူမှာ ကွယ်လွန်သူ ဗိုလ်မှုး၏ ဇနီး မုဆိုးမသာ ဖြစ်နေသည်။ သူမသည် ဝမ်းနည်းပူဆွေးမှုကြောင့် ပိန်လှီသွားသည်မဟုတ်ဘဲ ပို၍ပင် ထွားကျိုင်းလာပုံ ရှိသော်လည်း သနားစရာအမျိုးသမီးတဦး သာ ဖြစ်သည်။