ချေ ၏ ပြောက်ကျားစစ် လက်စွဲ(46)

by Hla Soewai - Jul 19 2026

တော်လှန်ရေး အလွန် ကျူးဘား၏ လက်ရှိနှင့် အနာဂတ် အခြေအနေအပေါ် ခွဲခြမ်းစိတ်ဖြာချက် (၅)

 

လက်ဝါးကြီးအုပ်စနစ်သည် ၎င်းတို့၏ တိုင်လုံးများ မည်သို့တုန်လှုပ်သွားသည်ကိုလည်းကောင်း၊ ၎င်းတို့၏ သတင်း အလိမ်အညာ များဖြင့် တည်ဆောက်ထားသော ပိုက်ကွန်အိမ်သည် တချက်မှုတ်လိုက်ရုံဖြင့် လွင့်စင်သွားမည့် အရေးကို၎င်း မြင်တွေ့လာရ ပေတော့မည်။ အကယ်၍ စိုးရိမ်တကြီးဖြင့် ၎င်းတို့သည် ကမ္ဘာတဝန်းမှ ပြည်သူလူထု၏ ဒေါသအမျက်ကို ဆန့်ကျင်ရဲကြမည်ဆိုပါက၊ အဘယ်သို့ ဖြစ်လာ နိုင်‌ ပေသနည်း။ 

 

လက်နက်ကြီး ဟူ၍လည်းမရှိ၊ လေတပ်နှင့် ရေတပ်ကလည်း ကနော်နီ က‌ နော်နဲ့၊ ထို့ပြင် ကျွန်း၏ အနေအထားကလည်း လွန်စွာမှ ပင် အကာအကွယ်မဲ့ နေသည်။ ထို အချက်များကို ထည့်သွင်းစဉ်းစားပါက—ပထမဆုံးအနေဖြင့် ကျွနုပ်တို့သည် အမျိုးသားကာကွယ်ရေးအတွက် တိုက်ပွဲဝင်ရာတွင် ပြောက်ကျားစစ်ဆင်ရေးဆိုင်ရာ သဘောတရားကို ကျင့်သုံးရန် လိုအပ်လာပြီ ဆိုသည်ကို အသိအမှတ်ပြုရ ပေမည်။

 

ကျွန်ုပ်တို့၏ မြေပြင်တပ်ဖွဲ့ဝင်များသည် နိုင်ငံ သမိုင်း၏ ဂုဏ်ယူဖွယ်ကောင်းသော နှစ်ကာလများအတွင်း ကျူးဘားတော်လှန်ရေး၏ သားကောင်းများ စွမ်းဆောင်နိုင်ခဲ့သည့် အရှိန်အဟုန်၊ ကတိကဝတ်နှင့် စိတ်အားထက်သန်မှု အပြည့်ဖြင့် တိုက်ပွဲဝင်ကြပါလိမ့်မည်။ သို့သော် အဆိုးရွားဆုံး အခြေအနေ ဖြစ်လာခဲ့လျင်ပင်၊ ရှေ့တန်းစစ်မျက်နှာ၌ ကျွန်ုပ်တို့၏ တပ်မတော်ဖွဲ့စည်းပုံ ပျက်စီးသွားပြီးနောက်ပိုင်းတွင်လည်း ဆက်လက်တိုက်ပွဲဝင်ရန် အသင့်ရှိနေပါသည်။ 

 

တနည်းအားဖြင့်ဆိုရသော် ကျွန်ုပ်တို့၏ တပ်မတော်ကို ဖျက်ဆီးနိုင်ခဲ့သည့် ရန်သူ့တပ်ဖွဲ့ အင်အားစုကြီးများနှင့် ရင်ဆိုင်ရသည့်အခါ၊ ကျွန်ုပ်တို့သည် ချက်ချင်းပင် လှုပ်ရှားမှုနယ်ပယ် ကျယ်ပြန့်သော ပြောက်ကျားတပ်ဖွဲ့အဖြစ် ပြောင်းလဲသွားပါလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့၏ စစ်ကြောင်းမှူးများသည် အကန့်အသတ်မရှိသော အခွင့်အာဏာကို ရရှိကြမည်ဖြစ်ပြီး၊ နိုင်ငံအတွင်း တနေရာရာတွင် တည်ရှိနေမည့် ဗဟိုကွပ်ကဲမှုဌာနချုပ်က လိုအပ်သည့် အမိန့်များကို ပေးအပ်ကာ အလုံးစုံသော မဟာဗျူဟာကို ချမှတ်ပေးသွားပါလိမ့်မည်။

 

တောင်တန်းများသည် ပြည်သူတို့၏ စနစ်တကျ လက်နက်ကိုင် ရှေ့ပြေးတပ်ဦးဖြစ်သည့် 'သူပုန်တပ်မတော်' ၏ နောက်ဆုံးခံစစ်စည်း ဖြစ်လာလိမ့်မည်။ သို့သော် ပြည်သူလူထု၏ အိမ်တိုင်း၊ လမ်းတိုင်း၊ တောအုပ်တိုင်းနှင့် ကျွန်ုပ်တို့ အမျိုးသားနယ်မြေ၏ အစိတ်အပိုင်းတိုင်း၌ တိုက်ပွဲများကို 'နောက်တန်းတပ်မတော်ကြီး' ဖြစ်သည့် တမျိုးသားလုံးက တိုက်ခိုက်ကြပါလိမ့်မည်။ ထိုလူထုကြီးမှာ ယခုဖော်ပြမည့်ပုံစံအတိုင်း လေ့ကျင့်ပေးထားပြီး လက်နက်တပ်ဆင်ထားသည့် ပြည်သူ တရပ်လုံး ပင် ဖြစ်ပေသည်။

 

ကျွန်ုပ်တို့၏ ခြေလျင်တပ်ဖွဲ့များတွင် လက်နက်ကြီး များ မရှိကြသည့်အတွက် တင့်ကားဖျက်နှင့် လေယာဉ်ပစ်ကာကွယ်ရေးကိုသာ အဓိကထား လုပ်ဆောင်သွားမည်ဖြစ်သည်။ မိုင်းများကို အမြောက်အမြားသုံးခြင်း၊ ဘဇူကာ သို့မဟုတ် တင့်ကားဖျက်လက်ပစ်ဗုံးများ၊ အလွန်လျင်မြန်စွာ ရွေ့လျားနိုင်သော လေယာဉ်ပစ်အမြောက်များနှင့် မော်တာ တပ်ဖွဲ့များသည် ကျွန်ုပ်တို့၏ တခုတည်းသော ထိရောက်သည့် အားကောင်းသော လက်နက်များ ဖြစ်လာလိမ့်မည်။ ဝါရင့်ခြေလျင် တပ်သားများသည် အော်တိုမက်တစ် ရိုင်ဖယ် များ ကိုင်ဆောင်ထားကြသော်လည်း ကျည်ဆန်၏ တန်ဖိုးကို သိရှိနားလည်ကြပြီး ဖြစ်၍ အလွန်တန်ဖိုးထား စောင့်ရှောက်သွားကြမည်။ ကျည်ခွံများကို ပြန်လည်ဖြည့်သွင်း ပေးကြမည့် သူများသည် တပ်ဖွဲ့တိုင်းနှင့်အတူ လိုက်ပါသွားမည်ဖြစ်ပြီး၊ ဤသို့သော ခက်ခဲကျပ်တည်းသည့် အခြေအနေများတွင်ပင် အရန် ကျည် များကို ဆက်လက် ဖြည့်တင်း ပေးသွားကြမည်ဖြစ်သည်။

 

ဤသို့သော ကျူးကျော်စစ်မျိုး စတင်ဖြစ်ပွားသည့် ပထမဆုံးအချိန်များတွင် လေတပ်မှာ ဆိုးရွားစွာ ထိခိုက်ပျက်စီးသွားဖွယ်ရှိသည်။ ကျွနူပ် တို့၏ တွက်ချက်မှုများမှာ နိုင်ငံကြီးတနိုင်ငံက ကျူးကျော်လာခြင်း သို့မဟုတ် ထိုနိုင်ငံကြီး၏ လျှို့ဝှက်စွာဖြစ်စေ၊ ပွင့်လင်းစွာဖြစ်စေ အကူအညီပေးခြင်းကို ခံထားရသည့် ကြေးစားတပ်ဖွဲ့တခုက ကျူးကျော်လာခြင်းကို အခြေခံထားသည်။ 

 

ကျွနုပ် ပြောခဲ့သည့်အတိုင်း အမျိုးသားလေတပ်မှာ ပျက်စီးသွားလိမ့်မည်၊ သို့မဟုတ် ပျက်စီးလုနီးပါး ဖြစ်သွားလိမ့်မည်။ ထောက်လှမ်းရေးလေယာဉ်များ သို့မဟုတ် ဆက်သွယ်ရေးလေယာဉ်များ၊ အထူးသဖြင့် အသေးစားတာဝန်များအတွက် အသုံးပြုသည့် ရဟတ်ယာဉ်များသာ ကျန်ရစ်လိမ့်မည်။ ရေတပ်ကိုလည်း ဤရွေ့လျားစစ်နည်းဗျူဟာအတွက် ပြင်ဆင်ဖွဲ့စည်းထားရမည်ဖြစ်သည်။ အသေးစား စက်လှေငယ်များသည် ရန်သူအတွက် ပစ်မှတ်ဖြစ်နိုင်ခြေ အနည်းဆုံးဖြစ်စေပြီး အမြင့်ဆုံးရွေ့လျားနိုင်စွမ်းကို ထိန်းသိမ်းထားနိုင်လိမ့်မည်။ 

 

ထိုသို့သော အခြေအနေမျိုးတွင် ရန်သူ့တပ်မတော်သည် ၎င်းတို့၏ ထိုးစစ် ဆင်ရမည့် ပစ်မှတ်ကို ရှာမတွေ့ဘဲ အကျပ်ရိုက် သွားလိမ့်မည်။ ၎င်းတို့ တွေ့ရသမျှမှာ ဆုတ်ခွာသွားတတ်ပြီး ခိုင်မာသည့် ရှေ့တန်းမျက်နှာစာမျိုး မတွေ့ရတော့ဘဲ၊ အရပ်မျက်နှာပေါင်းစုံမှ ၎င်းတို့အား ဒုက္ခ ‌ပေးနေ နိုင်သည့် ရွေ့လျားနိုင်သော၊ ဖောက်ထွင်း၍မရသော၊ ဂျယ်လီကဲ့သို့ ပျော့ပျောင်းပြောင်းလဲနေသည့် တပ်ဖွဲ့တခုသာ ဖြစ်နေလိမ့်မည်။

 

ပွဲဦးထွက်တွင် ရှုံးနိမ့်သွားနိုင်သော်လည်း ဆက်လက်ရပ်တည်ရန် အသင့်ရှိနေသည့် ပြည်သူ့တပ်မတော်တခုကို အနိုင်ယူရန် မလွယ်ကူပါ။ ပြည်သူလူထုကြီး နှစ်ရပ်သည် ယင်းတပ်မတော် နှင့် အတူ စုစည်းညီညွတ်နေကြသည်၊ ၎င်းတို့မှာ လယ်သမားများနှင့် အလုပ်သမားများ ဖြစ်ကြသည်။ ပီနာဒဲလ်ရီယို နယ်မြေတွင် လူဆိုးသူခိုးများအဖြစ် လှည့်လည်ရမ်းကား နေသည့် အဖွဲ့ငယ်လေးကို ဖမ်းဆီးရာ၌ လယ်သမားများသည် ၎င်းတို့၏ ထိရောက်မှုကို ပြသခဲ့ပြီး ဖြစ်သည်။ 

 

ဤလယ်သမားများကို ၎င်းတို့၏ ဒေသအသီးသီးတွင် အဓိကထား လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး၊ တပ်ခွဲမှူးများနှင့် အဆင့်မြင့်အရာရှိများကိုမူ လက်ရှိလုပ်ဆောင်နေသည့်အတိုင်း ကျွန်ုပ်တို့၏ စစ်အခြေစိုက်စခန်းများတွင် လေ့ကျင့်ပေးသွားမည် ဖြစ်သည်။ ထိုမှတစ်ဆင့် ၎င်းတို့ကို နိုင်ငံ၏ ပထဝီဝင်အသစ် ပြန်လည်ဖွဲ့စည်းပုံအရ သတ်မှတ်ထားသော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုဇုန် ၃၀ သို့ ဖြန့်ခွဲချထားပေးမည် ဖြစ်သည်။ 

 

ဤဇုန်များသည် လယ်သမားတို့၏ တိုက်ပွဲဝင်ရာ ဗဟိုဌာန ၃၀ ဖြစ်လာမည်ဖြစ်ပြီး၊ ၎င်းတို့၏ မြေယာများ၊ လူမှုရေးဆိုင်ရာ အောင်ပွဲများ၊ အိမ်သစ်များ၊ ဆည်မြောင်းများနှင့် တူးမြောင်းများ၊ ရိတ်သိမ်းရန် အသင့်ရှိနေသော သီးနှံများ၊ လွတ်လပ်ရေး၊ တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းတို့၏ အသက်ရှင်သန်ခွင့်ကို နောက်ဆုံးအချိန်အထိ ခုခံကာကွယ်သွားကြမည် ဖြစ်သည်။

 

အစပိုင်းတွင် ရန်သူ၏ မည်သည့်ထိုးစစ်ကိုမဆို ပြင်းပြင်းထန်ထန် ခုခံကြလိမ့်မည်။ သို့သော် ရန်သူ့အားသာချက်က မိမိတို့ထက် လွန်စွာ သာလွန် နေပါက ခုခံမှုသည် လူစုကွဲသွားကြမည်။

 

 တောင်သူလယ်သမားတဦးချင်းစီသည် နေ့အချိန်တွင် ငြိမ်းချမ်းစွာ မြေယာစိုက်ပျိုးသူများ ဖြစ်လာကြပြီး၊ ညအချိန်တွင်မူ ရန်သူ့တပ်ဖွဲ့များအတွက် အကြီးမားဆုံးသော ဘေးအန္တရာယ်ဖြစ်စေသည့် ကြောက်မက်ဖွယ်ကောင်းသော ပြောက်ကျားတိုက်ခိုက်ရေးသမားများ ဖြစ်လာကြလိမ့်မည်။ အလုပ်သမားများကြားတွင်လည်း အလားတူပင် ဖြစ်ပျက်လာမည်ဖြစ်သည်။ အလုပ်သမားများအနက် အကောင်းဆုံးသူများကို ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များအတွက် ခေါင်းဆောင်များအဖြစ် ဆောင်ရွက်နိုင်ရန် လေ့ကျင့်ပေးမည်ဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာ အခြေခံသဘောတရားများကို သင်ကြားပေးမည်ဖြစ်သည်။ သို့သော် လူမှုအတန်းအစား တစ်ခုချင်းစီတွင် တာဝန်ကိုယ်စီရှိကြသည်။ တောင်သူ လယ်သမားသည် ပြောက်ကျားတိုက်ခိုက်ရေးသမား၏ ထုံးစံအတိုင်း တိုက်ပွဲဝင်ရမည်။ 

 

သူသည် ပစ်ခတ်မှုကျွမ်းကျင်သူတစ်ဦးဖြစ်လာရန်၊ မြေပြင်အနေအထား၏ အခက်အခဲအားလုံးကို အခွင့်ကောင်းယူရန်နှင့် မိမိမျက်နှာကို အထင်အရှားမပြဘဲ လျှို့ဝှက်စွာ ပျောက်ကွယ်သွားတတ်ရန် သင်ယူရမည်။ အလုပ်သမားများမှာမူ ခံတပ်ကြီးတခုလို ဖြစ်နေသည့် ခေတ်မီမြို့ကြီးတခုအတွင်း လှုပ်ရှားရသည့် အားသာချက်ရှိသည်။ တချိန်တည်းမှာပင် ၎င်းတို့၏ ရွေ့လျားနိုင်မှု အားနည်းချက်သည် အခက်အခဲတခု ဖြစ်နေပေလိမ့်မည်။

 

အလုပ်သမား ပြည်သူ များသည် လမ်းမများကို ရနိုင်သမျှသော ယာဉ်များ၊ ပရိဘောဂများ သို့မဟုတ် အိမ်သုံးပစ္စည်းများဖြင့် အလွယ်တကူ ပိတ်ဆို့နည်းကို ဦးစွာ သင်ယူကြရမည်ဖြစ်သည်။ ရပ်ကွက်တိုင်းကို ခံတပ်တစ်ခုအဖြစ် အသွင်ပြောင်းကာ အိမ်နံရံများအတွင်း ဖောက်ထွင်း၍ ဆက်သွယ်ရေးလမ်းကြောင်းများ ဖန်တီးရမည်ဖြစ်သည်။ ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော ခုခံကာကွယ်ရေးလက်နက်ဖြစ်သည့် 'မိုလိုတော့ဗ် ကော့တေး' ဗုံးများကို အသုံးပြုနည်းနှင့် ခေတ်မီမြို့ပြအိမ်များ၏ အပေါက်အကြားများမှနေ၍ ပစ်ခတ်တိုက်ခိုက်မှုများကို စနစ်တကျ ပေါင်းစပ်ဆောင်ရွက်နည်းတို့ကိုလည်း သင်ယူရမည်ဖြစ်သည်။ 

 

လုပ်သားထုအတွင်းမှ အမျိုးသားရဲတပ်ဖွဲ့နှင့် မြို့တော်ကို ကာကွယ်ရန် တာဝန်ရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များ ပူးပေါင်းပါဝင်လာသောအခါ အင်အားကြီးမားသည့် တပ်ပေါင်းစုတခု ဖြစ်ပေါ်လာလိမ့်မည်ဖြစ်သော်လည်း ကြီးမားသော ဆုံးရှုံးမှုများကိုလည်း ရင်ဆိုင်ကြုံတွေ့ရရန် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။

 

ဤသို့သော အခြေအနေမျိုးတွင် မြို့ပြစစ်ဆင်ရေးသည် ကျေးလက်ဒေသကဲ့သို့ အလွယ်တကူ နှင့် ပျော့ပျောင်းမှုမျိုး ရှိမည်မဟုတ်ပေ။ ဤပြည်သူ့တိုက်ပွဲအတွင်း၌ ခေါင်းဆောင်အများအပြားအပါအဝင် လူအများအပြား ကျဆုံးကြလိမ့်မည်။ ရန်သူက တင့်ကားများကို အသုံးပြုလာလိမ့်မည်ဖြစ်ပြီး၊ ပြည်သူများအနေဖြင့် ၎င်းတို့၏ အားနည်းချက်များကို သိရှိနားလည်ပြီး ကြောက်ရွံ့ခြင်းမရှိတော့သည့်အချိန်တွင် ယင်းတင့်ကားများကို လျင်မြန်စွာ ဖျက်ဆီးနိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့မဖြစ်မီအထိ တင့်ကားများကြောင့် ကျဆုံးရသူများ၊ ထိခိုက်ရသူများစွာ ရှိနေဦးမည် ဖြစ်သည်။