ညစာစားနေစဉ် ပါဗဲလ်က သူ့ဇွန်းကို ရုတ်တရက် ချလိုက်ပြီး "ဒါကိုပဲ ငါနားမလည်နိုင်တာ!" ဟု ရုတ်တရက် အော်ပြောလိုက်သည်။ "ဘာကိုလဲ" ဟု ငြိမ်သက်ပြီး စိတ်ဓာတ်ကျနေသည့် ရုရှားလေး က မေးသည်။
"အစာစားချင်တဲ့အတွက် အသက်ရှိသမျှကို သတ်ပစ်တယ်ဆိုတာ ရွံစရာကောင်းလောက်အောင် အရုပ်ဆိုးလွန်းတယ်။ တိရစ္ဆာန်တကောင်... သားကောင်ကို ဖမ်းစားတဲ့ တိရစ္ဆာန်တကောင်ကို သတ်တာမျိုးဆိုရင်တော့ ငါနားလည်ပေးနိုင်တယ်။ လူသားတွေကို ပြန်ဖျက်ဆီးနေတဲ့ လူယုတ်မာမျိုးဆိုရင် ကိုယ်တိုင်တောင် သတ်ပစ်မိလိမ့်မယ်လို့ ငါထင်တယ်။ ဒါပေမဲ့ ဒီလို ရွံစရာကောင်းပြီး သနားစရာကောင်းတဲ့ သတ္တဝါမျိုးကို သတ်ပစ်ဖို့အတွက် လူတယောက်က ဘယ်လိုလုပ်ပြီး လက်ပါနိုင်ရတာလဲဆိုတာ ငါတကယ်နားမလည်နိုင်ဘူး!"
ရုရှားလေး သည် ပခုံးကို ပင့်လိုက်ရင်းက "သူဟာ တိရစ္ဆာန်တကောင်လို လူ့ကျင့်ဝတ် ကင်းမဲ့နေတဲ့ အဆိပ်အတောက်ပဲ" ဟု ပြောသည်။
"ငါသိပါတယ်။"
"ငါတို့သွေးကို နည်းနည်းလေး စုပ်ရုံနဲ့တင် ခြင်တစ်ကောင်ကို သတ်ပစ်ကြသေးတာပဲ" ဟု ရုရှားလေးက အသံတိုးတိုးဖြင့် ထပ် ပြောသည်။
"အေးလေ၊ ငါက ဘာမှ မပြောပါဘူး။ ဒါပေမဲ့ ဒါက အရမ်းရွံစရာကောင်းလွန်းတယ်လို့ ပြောတာပါ။"
"ဘယ်တတ်နိုင်မလဲ" ဟု အန်ဒရေက ပခုံးတွန့်လိုက်ရင်း ပြန်ပြောလိုက်သည်။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ပါဗယ်က "အဲဒီလိုလူမျိုးကို မင်း ဆို သတ်မလား" ဟု မေးလိုက်သည်။
ရုရှား လေး သည် သူ၏ ဝိုင်းစက်သော မျက်လုံးများဖြင့် အမေဖြစ်သူဘက်သို့ တချက်လှည့်ကြည့်ပြီးနောက် ဝမ်းနည်းနေပုံရသော်လည်း လေသံပြတ်ပြတ်ဖြင့် ယခုလို ပြောလိုက်သည်။
"ကျွန်တော့် အနေနဲ့ ဆိုရင်တော့ အသက်ရှိတဲ့ ဘယ်အရာကိုမှ ထိခိုက်နာကျင် အောင် လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရဲဘော်တွေအတွက်၊ တော်လှန်ရေး လုပ်ငန်းစဉ်အတွက်ဆိုရင်တော့ ကျွန်တော် ဘာမဆို လုပ်ရဲတယ်။ ကျွန်တော် လူသတ်ရမယ် ဆိုရင်လည်း သတ်ရဲတယ်။ ကိုယ့်သားကိုတောင် သတ်ရမှာဆိုရင် သတ်ပစ်မယ်။"
"အို... အန်ဒရီယူရှာ" ဟု အမေဖြစ်သူက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူက ပြုံးလျက် "ဘာတတ်နိုင်မှာလဲဗျာ။ ကျွန်တော်တို့ရဲ့ ဘဝက ဒီလိုမျိုးပဲလေ" ဟု ပြောလိုက်သည်။
"ဟုတ်တယ်..." ဟု ပါဗယ်က ရှည်လျားစွာ ညည်းညူလိုက်သည်။ "ကျွန်တော်တို့ရဲ့ ဘဝက ဒီလိုပါပဲ။"
အန်ဒရေသည် အတွင်းစိတ်၏ လှုံ့ ဆော်လာမှုကြောင့် ရုတ်တရက် စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး လက်ကို ဝှေ့ယမ်းက ယခု လို ပြောလိုက်သည်။
"လူတစ်ယောက်က ဒါကို ဘယ်လိုများ ရှောင်လွှဲနိုင်ပါ့မလဲ။ တနေ့နေ့မှာ တယောက်နဲ့တယောက် ဝမ်းမြောက်ဝမ်းသာ ရှိနိုင်ကြဖို့အတွက် အခုလောလောဆယ်မှာ တချို့လူတွေကို ရွံမုန်းနေဖို့ လိုအပ်တယ်ဆိုတဲ့ အဖြစ်မျိုးတွေ ရှိတတ်ပါတယ်။ ဘဝရဲ့ တိုးတက်မှုကို အဟန့်အတားဖြစ်စေတဲ့သူ၊ ကိုယ်ကျိုးအတွက်၊ ဂုဏ်သိက္ခာအတွက် လူ့အသက်တွေကို ရောင်းစားနေတဲ့သူတွေကို ဖျက်ဆီးပစ်ရမယ်။
အကယ်လို့ ယုဒလိုလူမျိုးက ရိုးသားတဲ့သူတွေရဲ့ လမ်းကြောင်းမှာ ပိတ်ဆို့နေပြီး သစ္စာဖောက်ဖို့ ချောင်းမြောင်းနေမယ်ဆိုရင်၊ ကျွန်တော်သာ သူ့ကို မဖျက်ဆီးခဲ့ဘူးဆိုရင် ကျွန်တော်ကိုယ်တိုင်ကပဲ ယုဒတယောက် ဖြစ်သွားမှာပေါ့။ ဒါဟာ အပြစ်လို့ ခင်ဗျားတို့ ပြောကြမလား။ ဒါဆိုရင်ရော အဲဒီ ဘဝကို စေစား နိုင်သူ တွေလို့ ခေါ် နေတဲ့ လူတွေက သူတို့ရဲ့ ငြိမ်းချမ်းမှုနဲ့ သက်သောင့်သက်သာရှိမှုကို ထိန်းသိမ်းဖို့အတွက် စစ်သားတွေ၊ ငရဲသားတွေ၊ အရက်ဆိုင်တွေ၊ ထောင်တွေ၊ အကျဉ်းစခန်းတွေ၊ ဒီလို စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အရာတွေကို မွေးမြူထားပိုင်ခွင့်ရှိနေကြတာလား။
သူတို့ရဲ့ တုတ်ကို ကိုယ့်လက်ထဲ ကိုယ်ပြန်ကိုင်ပြီး တုံ့ပြန်ရမယ့် အခြေအနေမျိုး ကြုံလာရရင် ကျွန်တော် ဘာလုပ်ရမလဲ။ ဟုတ်တယ်၊ ကျွန်တော် အဲဒီတုတ်ကို ကိုင်လိုက်မှာပဲ။ ကျွန်တော် ငြင်းဆန်မှာ မဟုတ်ဘူး။ သူတို့က ကျွန်တော်တို့ကို ရာနဲ့ချီ၊ ထောင်နဲ့ချီပြီး သတ်ဖြတ်နေကြတယ်။ ဒါဟာ ရန်သူတွေထဲက ကျွန်တော်နဲ့ အနီးကပ်ဆုံးဖြစ်ပြီး၊ ကျွန်တော့်ဘဝရဲ့ ရည်မှန်းချက်ကို အခြားသူတွေထက် ပိုပြီး အဟန့်အတားဖြစ်စေတဲ့သူကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကျွန်တော့်ကို အခွင့်အရေး ပေးလိုက်တာပါပဲ။
ဒါဟာ ယုတ္တိရှိတဲ့ စကားပဲ။ ဒါပေမဲ့ ဒီတခါတော့ ကျွန်တော် ယုတ္တိကို မေ့ထားလိုက်တော့မယ်။ ကျွန်တော် အခု ယုတ္တိတွေ မလိုတော့ဘူး။ သူတို့ရဲ့ သွေးတွေက ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ရဲ့ သွေးတွေဟာ အချည်းနှီး၊ အကျိုးမရှိတဲ့ သွေးတွေပါ။ အမှန်တရားဆိုတာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ သွေးတွေနဲ့ ရေလောင်းပေါင်းသင်ထားမှသာ ရှင်သန်ကြီးထွားလာမှာပါ။
သူတို့ရဲ့ ပုပ်သိုးနေတဲ့ သွေးတွေကတော့ ဘာအရာမှ ကျန်ရစ်ခဲ့မှာ မဟုတ်ဘူး။ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီအပြစ်ကို ကိုယ့်တာဝန် ကိုယ် ယူပါ့မယ်။ လိုအပ်တယ်လို့ ထင်ရင် ကျွန်တော် သတ်မှာပဲ။ ဒါဟာ ကျွန်တော့်အကြောင်းပဲ ပြောတာနော်၊ သတိထားပါ။ ကျွန်တော့်ရဲ့ ပြစ်မှုဟာ ကျွန်တော်နဲ့အတူတူပဲ သေဆုံးသွားမှာပါ။ ဒါဟာ အနာဂတ်အတွက် အမည်းစက်တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ဘယ်သူ့ကိုမှ မညစ်ညမ်းစေရဘူး၊ ကျွန်တော့်ကိုပဲ ညစ်ညမ်းစေလိမ့်မယ်။ ကျွန်တော့်ကိုပဲ..."
သူသည် အခန်းထဲတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေရင်း၊ သူ့ ရှေ့တွင် ပိတ်ဆို့နေသည့် တစုံတခုကို ဖယ်ရှားနေသကဲ့သို့ လက်များကို ဝေ့ရမ်းနေသည်။ မိခင်ဖြစ်သူက သူ့ကို ဝမ်းနည်းပူဆွေးပြီး စိုးရိမ်တကြီးဖြင့် ငေးကြည့်နေသည်။ အမျိုးအမည် မခွဲခြားတတ် သော တစုံတခုက သူ့ကို ရိုက်ခတ်သွား၍ နာကျင်နေရသကဲ့သို့ မိခင်ဖြစ်သူ ခံစားလိုက်ရသည်။
လူသတ်မှုနှင့်ပတ်သက်သည့် စိုးရိမ်ဖွယ် အတွေးများမှာ သူမ၏ စိတ်ထဲမှ ပျောက်ကွယ်သွားသည်။ အကယ်၍ ဗိုင်ဆိုဗ်ရှီကော့ဗ် သည် အိုင်ဆေး ကို မသတ်ခဲ့ပါက၊ ပါဗယ် ၏ ရဲဘော်များထဲတွင် မည်သူမျှ ထိုလုပ်ရပ်မျိုးကို လုပ်ကြလိမ့်မည်မဟုတ်ပေ။ ပါဗယ်သည် ခေါင်းကို ငုံ့လျက် ရုရှားလေး ပြောသည်ကို နားထောင်နေသည်။
အန်ဒရေသည် လေသံ ပြတ်ပြတ် ဖြင့် တဇွတ်ထိုး ဆက်ပြောလိုက်ပြန်သည်။
"ရှေ့ကို ချီတက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုတောင် ဆန့်ကျင်ရမယ့် အခြေအနေမျိုးတွေနဲ့ ကြုံလာရတတ်တယ်။ မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်ရမယ်။ တော်လှန်ရေးအတွက် အသက်ပေးရတာ၊ သေရတာလောက်ကတော့ လွယ်ပါတယ်။ အဲဒီထက် ပိုပြီး ပေးဆပ်ရမယ်! မင်းရဲ့ အသက်ထက်တောင် ပိုပြီး တန်ဖိုးထားရတဲ့ အရာတွေအတွက် စွန့်လွှတ်လိုက်ပါ။ အဲဒီအခါမှာ မင်းအမြတ်နိုးဆုံးအရာဖြစ်တဲ့ 'မင်းရဲ့ အမှန်တရား' ဟာ ဘယ်လောက်တောင် အားမာန်အပြည့်နဲ့ ကြီးထွားလာတယ်ဆိုတာကို မင်းတွေ့ရလိမ့်မယ်။"
သူသည် ပြောရင်း အခန်းအလယ်တွင် ရပ်လိုက်သည်။ သူ့မျက်နှာမှာ အရောင်ကင်းမဲ့သွားပြီး မျက်လုံးတို့ကို တဝက်တပျက် မှေးစင်းထားလိုက်သည်။
"တချိန်ချိန်မှာ လူအချင်းချင်း ပျော်ရွှင်ချစ်ခင်ကြမယ့်အချိန် ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ အဲဒီအခါမှာ လူတယောက်ဟာ အခြားသူတယောက်အတွက် ကြယ်ပွင့်လေးတွေလို ဖြစ်နေလိမ့်မယ်။ တယောက်နဲ့တယောက် ပြောဆိုသမျှကိုလည်း ဂီတသံစဉ်တွေကို နားထောင်သလိုပဲ ခံစားနားဆင်ကြလိမ့်မယ်။ လွတ်လပ်တဲ့သူတွေဟာ ဒီကမ္ဘာမြေပေါ်မှာ လွတ်လပ်ခြင်းရဲ့ ကြီးမြတ်မှုတွေနဲ့ လျှောက်လှမ်းကြလိမ့်မယ်။ သူတို့ဟာ ပွင့်လင်းတဲ့ နှလုံးသားတွေနဲ့ လျှောက်လှမ်းကြမှာဖြစ်ပြီး၊ သူတို့ရဲ့ စိတ်နှလုံးတွေဟာလည်း မနာလိုမှုတွေ၊ လောဘတွေ ကင်းစင်နေလိမ့်မယ်။ ဒါကြောင့်လည်း လူသားအားလုံးဟာ အငြိုးအတေးတွေ ကင်းစင်နေကြမှာဖြစ်ပြီး၊ နှလုံးသားနဲ့ အသိဉာဏ်ကို ကွဲကွာသွားစေမယ့် ဘာအရာမှ ရှိတော့မှာ မဟုတ်ဘူး။
အဲဒီအခါမှာ ဘဝဆိုတာ လူသားတို့အတွက် ကြီးမြတ်တဲ့ ဝန်ဆောင်မှုတခု ဖြစ်လာလိမ့်မယ်! လူသားရဲ့ ပုံရိပ်ဟာလည်း အမြင့်ဆုံးနေရာကို ရောက်ရှိသွားလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ လွတ်လပ်တဲ့သူတွေအတွက်ဆိုရင် ဘယ်လို အမြင့်ဆုံးနေရာကိုမဆို အရောက်လှမ်းနိုင်လို့ပါပဲ။ အဲဒီအခါမှာ ကျွန်တော်တို့ဟာ အမှန်တရား၊ လွတ်လပ်မှု၊ ပြီးတော့ အလှတရားတွေနဲ့ အတူတူ နေထိုင်ကြရလိမ့်မယ်။
ကမ္ဘာကြီးကို ကိုယ့်နှလုံးသားနဲ့ ပိုမိုကျယ်ပြန့်စွာ ဖက်တွယ်နိုင်သူ၊ ကမ္ဘာကြီးအပေါ်မှာ အနက်ရှိုင်းဆုံး ချစ်မြတ်နိုးနိုင်သူတွေကို အကောင်းဆုံးလူသားတွေအဖြစ် သတ်မှတ်ကြလိမ့်မယ်။ အဲဒီလို လွတ်လပ်တဲ့သူတွေဟာ အကောင်းဆုံးလူသားတွေပဲ၊ ဘာကြောင့်လဲဆိုတော့ သူတို့ဆီမှာ မြတ်နိုးစရာ အကောင်းဆုံး အလှတရားတွေ ရှိနေလို့ပါပဲ။ အဲဒီအခါမှာ ဘဝဟာ ကြီးမြတ်လာလိမ့်မယ်။ အဲဒီလိုဘဝမျိုးနဲ့ ရှင်သန်ကြတဲ့ လူတွေဟာလည်း ကြီးမြတ်တဲ့သူတွေ ဖြစ်လာကြလိမ့်မယ်။
သူသည် စကားရပ်ပြီးနောက် မတ်မတ်ရပ်လိုက်သည်။ ထို့နောက် ကိုယ်ကို ရှေ့တိုးနောက်ဆုတ် လုပ်ရင်း ရင်ထဲက ပေါက်ဖွားလာသည့် လေသံဖြင့် ပြတ်သားစွာ ထပ်ပြောလိုက်ပြန်သည်။
"ဒါကြောင့် ဒီလိုဘဝမျိုးကို ရရှိဖို့အတွက်ဆိုရင် ဘာမဆို လုပ်ဖို့ ကျွန်တော် အဆင်သင့်ပဲ! လိုအပ်မယ်ဆိုရင် ကျွန်တော့်နှလုံးသားကို ဆွဲထုတ်ပြီးတော့တောင် ကျွန်တော့်ခြေထောက်နဲ့ နင်းခြေပစ်ဖို့ ဝန်မလေးဘူး!"
သူ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေပြီး၊ မျက်ရည်များလည်း တတွေတွေ စီးကျလာလေသည်။