နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(42)

by Hla Soewai - Jul 06 2026

ချီကာဂို ရှစ်ဦး၏ တရားခွင် (၂)

 

လိပ်ဗီလာ အစည်းအဝေးအပြီး တပတ်အကြာတွင် သမ္မတဂျွန်ဆင်သည် သူ၏ပါတီအတွင်းမှ ပြင်းထန်သော ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက်၊ ပြန်လည်ရွေးကောက်ခံရန်အတွက် ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။ ဂျွန်ဆင်၏ ဆုံးဖြတ်ချက်ကြောင့် ရောဘတ်ကနေဒီသည် စစ်ဆန့်ကျင်ရေး ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ကယ်လီဖိုးနီးယား ပါတီတွင်းရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သည့် ည၌ပင် ကနေဒီသည် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး ကွယ်လွန်သွားခဲ့သည်။

 

 ထို့ကြောင့် ပါတီကိုယ်စားလှယ်လောင်း ရွေးချယ်မှုအတွက် တိုက်ပွဲမှာ မင်နီဆိုတာပြည်နယ်သား နှစ်ဦးဖြစ်သည့် အထက်လွှတ်တော်အမတ် မက်ကာသီနှင့် ဒုတိယသမ္မတ ဟူးဘတ်ဟမ်ဖရေးတို့အကြား အားပြိုင်မှုအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ပါတီတွင်း ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း ဟမ်ဖရေးက အသာစီးရနေခဲ့သည်။ 

 

ပါတီခေါင်းဆောင်အများစုက သူ့နောက်တွင် ရပ်တည်ခဲ့ကြသည်။ ထိုအတောအတွင်း ရှီကာဂိုမြို့တော်ဝန် ရစ်ချတ်ဒေးလီက ဒီမိုကရက်တစ်ညီလာခံကို သူ၏မြို့အား ကမ္ဘာကသိအောင် မြှင့်တင်ပေးနိုင်မည့် အခွင့်အရေးကြီးတခုအဖြစ် ယူဆလာခဲ့သည်။ ထို့ စစ်ဆန့်ကျင်ရေး ဆန္ဒပြသူများက သူ၏ အစီအစဉ်များကို ပျက်စီးစေမည်ကို ခွင့်မပြုရန် ဆုံးဖြတ်ထားခဲ့သည်။

 

ယစ်ပီ အဖွဲ့က ပန်းခြံများတွင် အိပ်စက်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း မြို့‌ တော် ဝန် က "ခွင့်မပြုနိုင်ပါ" ဟု ငြင်းပယ်ခဲ့သည်။ ထို့အပြင် ကွန်ဗင်းရှင်းကျင်းပနေစဉ်အတွင်း မြို့ရှိ ပန်းခြံအားလုံးတွင် ည ၁၁ နာရီမှစ၍ ညမထွက်ရအမိန့် ထုတ်ပြန်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

 

မြို့တော်ဝန် ဒေလီ သည် ဆန္ဒပြသူများကို ထိန်းချုပ်ရန်အတွက် မြို့တော်ရဲအရာရှိပေါင်း ၁၂,၀၀၀ ကို ၁၂ နာရီအလှည့်ကျ တာဝန်ချထားခဲ့သည်။ ၎င်းအပြင် ဒေလီ၏ တောင်းဆိုချက်အရ ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းရန်အတွက် စစ်တပ်မှ စစ်သား ၇,၅၀၀ နှင့် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၆,၀၀၀ တို့သည် ချီကာဂိုသို့ ရောက်ရှိလာခဲ့ကြသည်။ 

 

ဟော့ဖ်မန်းနှင့် ရူဘင် တို့သည် မြို့တော်ဝန်နှင့် မြို့အာဏာပိုင်များကို စိတ်လှုပ်ရှားသွားစေရန် အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ကြသည်။ သူတို့သည် "ဘဝအတွက် ပွဲတော်" ကျင်းပရန်အတွက် ပို၍ရူးမိုက်သော အစီအစဉ်များကို ကြေညာခဲ့ကြသည်။ ထိုအစီအစဉ်များတွင် ချီကာဂိုမြို့၏ ရေပေးဝေမှုစနစ်အတွင်းသို့ LSD (စိတ်ကြွဆေး) များ ထည့်သွင်းခြင်း၊ ယစ်ပီအဖွဲ့ဝင်များကို ဟိုတယ်ဝန်ထမ်းများကဲ့သို့ ဝတ်ဆင်စေပြီး ကွန်ဗင်းရှင်း ကိုယ်စားလှယ်များ၏ ဇနီးသည်များကို သွေးဆောင်ခြင်း၊ မြို့တစ်မြို့လုံး အနှံ့ ချောဆီလိမ်းထားသော ဝက်များကို လွှတ်ပေးခြင်း၊ အတုအယောင် တက္ကစီများဖြင့် ကိုယ်စားလှယ်များကို ခေါ်ဆောင်သွားပြီး ဝစ္စကွန်ဆင်ပြည်နယ်သို့ ပို့ဆောင်ခြင်း စသည်တို့ ပါဝင်သည်။ 

 

ဒယ်လင်ဂါ ၊ ဟေဒင်၊ ဒေဗစ် နှင့် အခြားသော MOBE ခေါင်းဆောင်များသည် ကွန်ဗင်းရှင်းရက်သတ္တပတ်အတွက် ပိုမိုလေးနက်သော အစီအစဉ်များ ရှိကြသည်။ သူတို့က ပညာပေးဆွေးနွေးပွဲများ၊ စစ်ဆန့်ကျင်ရေး မိန့်ခွန်းများ ပြောကြားခြင်းနှင့် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ရန် အဆိုပြုခဲ့ကြသည်။

 

ဩဂုတ်လနှောင်းပိုင်းတွင် စစ်ဆန့်ကျင်ရေးနှင့် တန်ပြန်ယဉ်ကျေးမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူ အများစုသည် ရှီကာဂိုမြို့သို့ ရောက်ရှိလာကြသည်။ ဆန္ဒပြပွဲခေါင်းဆောင်များက ဆန္ဒပြသူ တသိန်းခန့် လာရောက်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း၊ အမှန်တကယ် ရောက်လာသူများမှာ တသောင်းခန့်သာ ရှိခဲ့သည်။ 

 

အမျိုးသားညီလာခံမတိုင်မီ သောကြာနေ့တွင် ဖက်ဒရယ်ခရိုင်တရားသူကြီးတစ်ဦးက MOBE ၏ မြို့တွင်းဥယျာဉ်များကို အသုံးပြုခွင့်ပေးရန်နှင့် ည ၁၁ နာရီ ကာဖျုးကို ရုပ်သိမ်းပေးရန် တောင်းဆိုချက်ကို ပယ်ချလိုက်သည်။ နောက်တညတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ပထမဆုံး အဓိက ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားခဲ့ပြီး ရဲများက ဆန္ဒပြသူအချို့ကို မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့သည်။ 

 

ကဗျာဆရာ အလင်ဂင်စဘတ် က ပိုမိုဆိုးရွားသော ပဋိပက္ခမဖြစ်အောင် တားဆီးပေးနိုင်ခဲ့သည်။ ဂင်စဘတ်သည် "အိုမ်" (Ommmmmm) ဟု ရွတ်ဆိုကာ ဆန္ဒပြသူများကို လင်ကွန်းပန်းခြံထဲမှ ဦးဆောင်ခေါ်ထုတ်သွားခဲ့သည်။

 

ဩဂုတ်လ ၂၅ ရက်၊ တနင်္ဂနွေနေ့သည် တီးဝိုင်းများ၊ ပျော်ပွဲရွှင်ပွဲများနှင့်အတူ "Festival of Life" ဟု ကြွေးကြော်ထားသည့် အခမ်းအနား ကျင်းပမည့်နေ့ ဖြစ်သည်။ သို့သော် တီးဝိုင်းတခုသာ ရောက်ရှိလာပြီး၊ ရဲတပ်ဖွဲ့က သူတို့၏ အသံချဲ့စက်များကို ဖျက်ဆီးပစ်လိမ့်မည်ကို စိုးရိမ်သဖြင့် ဖျော်ဖြေရန်ပင် တွန့်ဆုတ်နေခဲ့သည်။ ပန်းခြံအတွင်းရှိ လူငယ်များသည် ပန်းများဝေခြင်း၊ ဆေးခြောက်ရှူခြင်း၊ ချစ်တင်းနှောခြင်းနှင့် ကဗျာရွတ်ဆိုသံများ နားထောင်ခြင်းတို့ဖြင့် အချိန်ကုန်လွန်နေကြသည်။ 

ည ၁၀ နာရီခွဲခန့်တွင် ရဲအရာရှိတဦးက အသံချဲ့စက်ကိုင်ကာ ပန်းခြံထဲ လမ်းလျှောက်၍ "ပန်းခြံကို ပိတ်တော့မှာ ဖြစ်ပါတယ်။ ပန်းခြံထဲမှာ ဆက်နေမယ်ဆိုရင် အဖမ်းခံရပါလိမ့်မယ်" ဟု အော်ဟစ်ပြောဆိုခဲ့သည်။ လူငယ်အချို့က ထိုအမိန့်ကို တုံ့ပြန်သည့်အနေဖြင့် ရဲကားကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ ည ၁၁ နာရီတွင် ရဲတပ်ဖွဲ့သည် ပန်းခြံထဲတွင် ကျန်ရှိနေသေးသူများကို မျက်ရည်ယိုဗုံးများပစ်ကာ တုတ်များဖြင့် ရိုက်နှက်၍ အတင်းဝင်ရောက် ရှင်းလင်းခဲ့သည်။ လူငယ်အချို့ကလည်း တုံ့ပြန်သည့်အနေဖြင့် ကားမှန်များခွဲခြင်းနှင့် အဆောက်အအုံများကို ဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

 

နောက်တစ်ညတွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူ သုံးထောင်ခန့်ကို ဖြိုခွင်း ခဲ့ရာ လူအချို့ ခေါင်း တွင် ဒဏ်ရာများ ရရှိခဲ့ပြီး မျက်ရည်ယိုဗုံးများဖြင့်လည်း ပစ်ခတ်ခံခဲ့ရသည်။ အက်ဘီ ဟော့ဖ်မန်း လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သူက ဆန္ဒပြသူများကို "ပန်းခြံကို လက်မလွှတ်ကြဖို့" တိုက်တွန်းခဲ့ပြီး "ရဲတွေကို အလုပ်ရှုပ်အောင်လုပ်ဖို့နဲ့ ကွန်ဗင်းရှင်းကို ဖျက်ဆီးပစ်ဖို့" ဟော ပြော တောင်းဆိုခဲ့သည်။ ရဲအရာရှိတဦးသည် ရဲကား၏ တာယာ ကို လေလျော့ နေသည့် တမ် ဟေဒင် ကို တွေ့ရှိပြီးနောက် ဖမ်းဆီးခဲ့သည်။ 

 

သန်းခေါင်ကျော် အချိန်အနည်းငယ်အကြာတွင် ရန်နီ ဒေးဗစ် သည် လင်ကွန်းပန်းခြံရှိ အတားအဆီးများနားတွင် မက်ဂါဖုန်းကိုင်၍ လူအများကို "ရဲတွေကို တိုက်ခိုက်ကြ" ဟု တိုက်တွန်းပြောဆိုခဲ့သည်။ အင်္ဂါနေ့မှာတော့ ချီကာဂိုမြို့သည် ပွဲလမ်းသဘင်ကြီးကဲ့သို့ ရှုပ်ထွေးလှုပ်ရှားနေခဲ့သည်။ 

 

လင်ကွန်းပန်းခြံတွင် အလန် ဂင်စဘတ် ဦးဆောင်၍ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဆုတောင်းခြင်းနှင့် တရားမှတ်ခြင်းတို့ဖြင့် နေ့သစ်ကို စတင်ခဲ့သည်။ ချီကာဂို ကော်လီဆီယမ် အားကစားရုံတွင်မူ လူလေးထောင်ခန့် စုဝေးခဲ့ကြပြီး ဒေးဗစ် ဒယ်လင်ဂျာ ၊ တေးသံရှင် ဖီးလ် အုတ်စ် ၊ စာရေးဆရာ ဝီလျံ ဘာရိုး နှင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုမှ ထင်ရှားသူ အများအပြားတို့၏ ဟောပြောသည်များကို နားထောင်ခဲ့ကြသည်။

 

အင်္ဂါနေ့တွင် ချီကာဂိုမြို့၌ ဘက်ပေါင်းစုံ မှ ရှုပ်ထွေးလှသော အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့သည်။ နေ့ခင်းအချိန်တွင် လင်ကွန်းပန်းခြံ၌ အလန် ဂင်စ်ဘတ် ဦးဆောင်သော သီချင်း သံများ၊ ဆုတောင်းပွဲများနှင့် တရားမှတ်ခြင်းများဖြင့် စတင်ခဲ့သည်။ 

 

ချီကာဂို ကော်လီစီယမ် တွင် လူပေါင်း လေးထောင်ခန့် စုဝေးခဲ့ကြပြီး ဒေးဗစ် ဒယ်လင်ဂျာ၊ တေးသံရှင် ဖီးလ် အုတ်စ်၊ ဝတ္ထုရေးဆရာ ဝီလျံ ဘာရိုး နှင့် အခြားသော ငြိမ်းချမ်းရေးလှုပ်ရှားမှုဖက်မှ နာမည်ကျော်ပုဂ္ဂိုလ်များ၏ ဟောပြောချက်များကို နားထောင်ခဲ့ကြသည်။

 

ဘလက်ပန်သာ ခေါင်းဆောင် ဘော်ဘီ စီးလ် က လင်ကွန်းပန်းခြံရှိ လူအုပ်ကြီးအား ဟောပြောခဲ့သည်။ ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့်သာ တုံ့ပြန်ရမည်ဟု စီးလ်က ပြောကြားခဲ့သည်။ အက်ဘီ ဟော့ဖ်မန်းမှာမူ MOBE အဖွဲ့၏ အကြမ်းမဖက်ရေးရပ်တည်ချက်ကို သည်းမခံနိုင်တော့ဘဲ ချီကာဂိုမြို့ရှိ လမ်းပေါ်ဂိုဏ်းတစ်ခုဖြစ်သော ဘလက်စတုန်း ရိန်းဂျားစ် အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ထိုညတွင် လက်နက်များဖြင့် ပန်းခြံသို့ လာရောက်ရန် ဖြစ်နိုင်ခြေရှိမရှိကို သူတို့နှင့် ဆွေးနွေးခဲ့သည်။ ည ၁၁ နာရီကျော်ခန့်တွင် လင်ကွန်းပန်းခြံ၌ ရဲတပ်ဖွဲ့၏ ညစဉ်ပြုလုပ်နေကျအတိုင်း တုတ်ဖြင့် ရိုက်နှက်ခြင်းနှင့် မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းခြင်းတို့ ထပ်မံဖြစ်ပွားခဲ့သည်။

 

ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ဟူးဘတ်ဟမ်ဖရေး အမည်စာရင်းတင်သွင်းခံရသည့် ဩဂုတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် အကြမ်းဖက်မှုများ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ထိုနေ့အား အက်ဘီ ဟော့ဖ်မန်း မနက်စာစားနေစဉ် ဖမ်းဆီးခံရခြင်းနှင့် စတင်ခဲ့သည်။ ဟော့ဖ်မန်းအား သူ၏ နဖူးပေါ်တွင် စာလုံးလေးလုံးပါသည့် ရိုင်းစိုင်း‌ သော အသုံးအနှုန်း တခုကို ရေးသားခဲ့သည့်အတွက် လူအများရှေ့တွင် ယဉ်ကျေးမှုမဲ့စွာပြုမူမှုဖြင့် စွဲချက်တင်ခဲ့သည်။ 

 

ဟော့ဖ်မန်းကမူ သတင်းထောက်များ သူ့ကို ဓာတ်ပုံမရိုက်နိုင်စေရန် ထိုအသုံးအနှုန်းကို ရေးသားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။ မွန်းလွဲပိုင်းတွင် ဒယ်လင်ဂါ၊ ဆီးလ်၊ ဒေးဗစ် နှင့် ဟေဒင် တို့သည် ညီလာခံရုံးချုပ်ဟိုတယ်၏ တဖက်ကမ်း ဂရန့်ပန်းခြံ ရှိ ဂီတဖျော်ဖြေရေးစင်မြင့်တွင် စုရုံးနေသည့် ဆန္ဒပြလူအုပ်ကြီးအား မိန့်ခွန်းပြောကြားခဲ့သည်။ 

 

ထိုအချိန်တွင် တွမ် ဟေဒင်သည် ပရိသတ်အား အောက်ပါအတိုင်း ပြောကြားခဲ့သည်ဟု စွပ်စွဲခံရသည်။ “သွေးတွေ စီးကျရမယ်ဆိုရင် တမြို့လုံးမှာ စီးကျသွားပါစေ။ ကျွန်တော်တို့ကို အနှောင့်အယှက်ပေးပြီး ဖောက်ဖျက်မယ်ဆိုရင် ဒီညစ်ပတ်နေတဲ့ မြို့ကြီးတခုလုံးကို အနှောင့်အယှက်ပေးဖို့လမ်းမတွေပေါ်မှာ တွေ့ကြမယ်!”