ဆိုဗီယက်တွင် အငတ်ဘေးနှင့် ကြုံနေရပြီ ဆိုသော သတင်းများကို ပိုမိုထင်ရှားစွာ သိသာစေရန် သံအမတ်သစ်သည် သူ၏ စံအိမ်တော်အတွက် အမေရိကန်မှ ကောင်းပေ့ညွန့်ပေ့ ဆိုသော အစား အသောက်များကို တင်သွင်းလာသည်။ သူသည် အမေရိကန် လ္ဘက်ရည်ကိုအမေရိကန် သကြားနှင့် မှသောက်သည်ဆိုသည်အား ဘော်ရှီဗစ်များ အား သိစေလိုပုံရသည်။ မနက်စာ ယာဂုကိုလည်း အမေရိကန်ကလာသော အုတ်ဂျုံ၊ ထောပတ်တို့နှင့် ထည့်ပြီးစားသူ ဖြစ်သည်။ ဤသည်ကို ကျွနုပ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ သိခဲ့ရခြင်း မဟုတ်သော်လည်း မော်စကို နှင့် ဝါရှင်တန်တွင် လွန်စွာ လူပြောများသော သတင်း ဖြစ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် ဆိုဗီယက် အပေါ် သူ၏ သဘောထားသည် ဘူလစ်နှင့် လုံးဝခြားနားနေပေသည်။ ဗြိတိန် နှင့် ပြင်သစ် တို့သည် ဟစ်တလာအား ကျေနပ်အောင် လုပ်ပြီး ယူအက်စ်အက်စ်အာ အား ဖယ်ထုတ်ထားနေခြင်းသည် အမှားတခု ကျူးလွန်နေပြီ ဖြစ်ကြောင်း ခံယူထားသူ ဖြစ်သည်။ သို့သော် သူနှင့် တသဘောတည်း ရှိသူက အမေရိကန် အစိုးရအတွင်း လွန်စွာနည်းပါးလျှက် ရှိနေပေသည်။
ဒေဗီးစ် သည် စတာလင်နှင့် ပုံမှန်အလုပ်သဘော အရ ဆက်ဆံရေးမျိုး ရှိအောင် ဖန်တီးနိုင်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် ကျွနုပ်အပါအဝင် ဆိုဗီယက်အရာရှိများနှင့် တွေ့ဆုံရာတွင် စတာလင်အကြောင်းအား တလေးတစား နှင့် ချီးမွမ်းခန်း ဖွင့်လေ့ရှိသည်။ “နှစ်နိုင်ငံအကြား လတ်တလော ပြဿနာများ ဖြေရှင်းနိုင်ရေး အတွက် ဝါဒရေးရာ၊ လူမှုရေးရာ များ ကွဲပြားနေမှုကို ဘေးဖယ်ထားနိုင်မှ ဖြစ်သည်” ဟု ပြောခဲ့သူ ဖြစ်သည်။
ရုစ်ဗဲလ် ကိုယ်တိုင်ပင် ၎င်း၏ သဘောထား အပေါ် အထင်တကြီး ရှိလာခဲ့သည်။ နောက်ပိုင်းတွင် နာဇီ ဂျာမန်တို့ ၏ အန္တရာယ် တစထက်တစ ကြီးထွားလာသည်နှင့်အမျှ ဩဇာတက္ကိမ ရှိသော အမေရိကန် အသိုက်အဝန်း အတွင်း ၎င်း၏ သဘောထားကို လက်ခံလာခဲ့ကြသည်။
ကျွနုပ်သည် နောက်ပိုင်း နှစ်အတော်ကြာ အမေရိကန်သို့ ရောက်မှသာ ဒေဗီးစ် နှင့် ရင်းရင်းနှီးနှီး သိကျွမ်းခွင့် ရခဲ့သည်။ ကျွနုပ်တို့ အချင်းချင်း မကြာခဏ ဆုံဖြစ်ခဲ့ပြီး တဦး၏အိမ် တဦး အလည်အပတ်ရောက်ခဲ့ကြသည်။ ကျွနုပ်နှင့် သူသည် အလုပ်သဘောအရလည်း ကောင်းစွာ ဆက်ဆံနိုင်ခဲ့သည်။ သူသည် ဝါရှင်တန် မြို့စွန်ရှိ လူချမ်းသာများ နေသော ရပ်ကွက်တွင် နေထိုင်သူ ဖြစ်သည်။ သူ၏ အိမ်ကိုလည်း တတ်နိုင်သမျှ ဒီမိုကရက်ဆန်အောင် မွမ်းမံထားပြီး ခြင်္သေ့ရုပ်များ၊ နဂါးရုပ်များ၊ မက်ဒေါနာ ရုပ်ထုများ၊ ရေပန်းများ ကို မတွေ့ရပေ။ အပြင်ပမ်းကြည့်ပါက ရိုးရိုးရှင်းရှင်း ပင် ဖြစ်သော်လည်း အိမ်ထဲတွင်က ခမ်းနားထည်ဝါလှပြီး အမေရိကန် ဗိသုကာ လက်ရာ များကို တင်းပြည့်ကျပ်ပြည့် တွေ့နေရသည်။
သို့သော် ဧည့်ခန်းတွင်တော့ ဥရောပလက်ရာ ပန်းချီကားများ၊ ပရိဘောဂများကို တွေ့ရသည်။ ဒေဗီးစ်တို့ ဇနီးမောင်နှံသည် ဇာဘုရင် အဆက်အနွယ်များထံမှ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများကို ဝယ်ယူ စုဆောင်းခဲ့ခြင်းပင် ဖြစ်သည်။ တရက် သူ့အိမ်တွင် ညစာ စားနေစဉ်အတွင်း ကျွနုပ်၏ ဇနီး ဖြစ်သူမှ ဆားပုလင်းကို လက်လှမ်းလိုက်ရင်း မျက်စိမျက်နှာ ပျက်နေသည်ကို သတိထားမိ၍ ကျွနုပ်က ဘာဖြစ်တာလဲ မေးကြည့်ရာ လက်နှင့် အလွယ်တကူ မ၍ မရလို့ဟု ကျွနုပ်အား တိုးတိုး ပြန်ပြောလိုက်သည်။
ထိုအခါကျမှပင် ဆားပုလင်း သည် အတော်ကြီးပြီး ရွှေသား အတိဖြင့် လုပ်ထားခြင်း ဖြစ်သည်။တခါက ကက်သရင်း ဘုရင်မကြီး ပိုင်ဆိုင်ကြောင်းပါ တလက်စာတည်း ကျွနုပ် သိခဲ့ရသည်။ ကျွနုပ်၏ဇနီး လီဒီယာသည်လည်း ထိုအခါကျမှပင် အားစိုက်မယူခဲ့ရာ အောင်မြင်သွားခဲ့သည်။
ကျွနုပ် နှင့် ဇနီးသည်တို့သည် ဒေဗီးစ် တည်ခင်းသော ဧည့်ခံပွဲများကို မကြာခဏ တက်ရောက်ရလေ့ရှိသည်။ ဒေဗီးစ်သည် သူ၏ ချမ်းသာကြွယ်ဝမှုများကြောင့် အပြင် တခါက ဆိုဗီယက်သံအမတ်ကြီး ဖြစ်ခဲ့သည့် အရှိန်အဝါများကြောင့် အမေရိကန် အစိုးရ၊ စီးပွားရေး သမားများ နှင့် အထက်တန်းလွှာလောကတွင် စန်းပွင့်သူလည်း ဖြစ်သည်။
ထိုသို့ တက်ရောက်ခဲ့သော ဧည့်ခံပွဲများထဲမှ တခုတွင် အထက်လွှတ်တော် အမတ် သောမတ်စ် ကောနယ်လီ၊ ကွန်ဂရက် အမတ် ဆော်လ် ဘလွန်း တို့ နှင့် မကြာခဏ စကားလက်ဆုံ ကျဖြစ်ခဲ့သည်။ ကော်နယ်လီက အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ၊ ဆော်လ်ဘွန်း က အောက်လွှတ်တော် နိုင်ငံခြားရေး ဆက်ဆံရေး ကော်မတီ ဥက္ကဌ များ ဖြစ်ကြသည်။ နှစ်ယောက်စလုံးက ဆိုဗီယက် အပေါ် ရုစ်ဘဲလ် သဘောထား အတိုင်း ရှိသူများ ဖြစ်သည်။
အထက်လွှတ်တော် အမတ် ကော်နယ်လီ သည် အတော် စိတ်ဝင်စားဖို့ ကောင်းသူတဦးလည်း ဖြစ်သည်။ သူက ကျွနုပ်ကို ဥရောပတွင် ဒုတိယ စစ်မျက်နှာ ဖွင့်နိုင်ဖို့ လိုလားကြောင်း ပြောလာပါသည်။ ယခုလို စကားမျိုးကို ထိုအချိန်က ဝါရှင်တန်တွင် တီးတိုးသဖန်းပိုးမျှသာ ပြောဆိုနေချိန်လည်း ဖြစ်သည်။ ဒေဗီးစ်ကတော့ သူ့လောက် ဗြောင်ကျကျ ပြောဆိုခဲ့ခြင်းမျိုး တော့ မရှိပေ။ ကော်နယ်လီ က ဆိုဗီယက်တပ်နီတွေကို အောင်ပွဲရသွားအောင် ကျုပ်တို့ ဖက်က အကူအညီ မပေးခဲ့ဖူးဆိုရင်တော့ အကြီးအကျယ် မှားကုန်လိမ့်မယ်ဗျို့” ဟု ဆိုသည်။ ”ကျွန်တော်တို့ နိုင်ငံ ရဲ့ အကျိုးစီးပွား အတွက် စစ်ကြီး ပြီးသွားတာနဲ့ အမေရိကန်ကို စစ်အင်အားကြီး နိုင်ငံအဖြစ် ပေါ်ထွက်လာသင့်တယ် လို့ ယူဆတယ်။ အဲ့ဒီလို ဖြစ်ဖို့ကလည်း စစ်ထဲကို တိုက်ရိုက်ကို ဝင်တိုက်မှပဲ ဖြစ်တော့မယ်၊ အခု လုပ်နေတယ် Land-Lease လောက်နဲ့တော့ မဖြစ်ပေဘူးဗျ၊ အခုဆိုရင် တပ်နီတွေက အောင်ပွဲခံနေပြီး ဟစ်တလာဆို ဇာတ်သိမ်းဖို့ နီးလာပြီ” ဟု ပြောပြန်သည်။
(၁၉၄၀ နှစ်လယ်ပိုင်း ပြဌာန်းခဲ့သော Land-lease အက်ဥပဒေသည် အမေရိကန်မှ စစ်ထဲ မပါဝင်လိုသေးသဖြင့် မိမိနိုင်ငံ အကျိုးအား ထိပါးလာခြင်းမှ ကာကွယ်ရန် သင့်တော်သည့် နိုင်ငံများအား လိုအပ်သလို စစ်ပစ္စည်းများ အား ရောင်းချပေးခြင်း မျိုး မဟုတ်ဘဲ ငှားရမ်းသည့် ပုံစံမျိုးနှင့် ထောက်ပံ့သွား ရန်ဖြစ်ပြီး အဆိုပါ ဥပဒေကြောင့် စစ်ပွဲအတွင်း မဟာမိတ်နိုင်ငံများကို စစ်ရေးအရ တရားဝင်ထောက်ပံ့ပေးလာနိုင်ခဲ့သည်)
လူချမ်းသာများ အဖို့ က ယခုလို ပွဲမျိုးတွင် ကမ္ဘာအရေးအခင်းများ အပေါ် မိမိတို့ အမြင်ကို တနည်းမဟုတ် တနည်း ပြောဆိုလေ့ရှိသည်က ထုံးစံလို ဖြစ်နေသည်။
ဒေးဗီးစ်တွင် ကိုယ်ပိုင် ဇိမ်ခံ ရွက်လှေလည်း ရှိသဖြင့် ကျွနုပ်နှင့် ဇနီးဖြစ်သူအားလည်း လိုက်ပါစီးနင်းရန် မကြာခဏ ဆိုသလို ဖိတ်ခေါ်လေ့ရှိပြန်သည်။ သို့သော် နယူးယောက်ဆိပ်ကမ်း မှ ခပ်ဝေးဝေး တော့ သွားလေ့မရှိပေ။ လှပ ခန့်ညားသည့် နယူးယောက် မြို့တော်ကြီး ကို အဝေးမှ မြင်တွေ့ခွင့်ရခဲ့သလို ဆိပ်ကမ်းတလျှောက် တောင်ပုံရာပုံ ဖြစ်နေသည့် အမှိုက်များ၊ ဝေ့ဝဲနေသည့် ဆီကွက်ကြီးများ၊ စက္ကူပုံးများ၊ မှန်ကွဲများကိုလည်း တွေ့ခွင့်ရခဲ့ပြန်သည်။
ဒေဗီးစ်ကတော့ သူ့ပုံစံအတိုင်း ဖေါ်ဖေါ်ရွေရွေ ဆက်ဆံခဲ့သည်။ သူ့ကြောင့်လည်း အမေရိကန်ရှိ ချမ်းသာသော စီးပွားရေး လုပ်ငန်းရှင်များ၊ စားပွဲပေါ် ခြေထောက်တင်ကာ ရောက်လာသည့် လူများက သူ၏ရှူးဖိနပ် အောက်ခံပြားကိုသာ ကြည့်ခဲ့ရသည့် အလယ်အလတ် အဆင့်ရှိ အမေရိကန် အရာရှိများနှင့် ပါ တွေ့ခွင့် ရခဲ့ပေသည်။
ဒေဗီစ်တွင် သူ့အဖို့ ကံဆိုးမိုးမှောင်ကျခဲ့ရသည်ဟု ပြော၍ရသည့် အမူအကျင့်တခုက ရှိပေသေးသည်။ နှစ်ဆယ်ရာစုနှစ်၏ လူ့မလိုင် အင်ဂလို-ဆက်ဆွန် မျိုးနွယ်စုဝင် တဦး ၏ အမူအကျင့် အတိုင်း မြင်းစီးရသည်ကို လွန်စွာ ဂုဏ်ယူ ပြောဆိုတတ်သူ တဦးဖြစ်သည်။ ယခုခေတ်တွင်တော့ အမေရိကန် မြို့ကြီးများတွင် မြင်းစီးသွားသူ ကို တွေ့မြင်ရမည် မဟုတ်ပေ။ သို့သော် ဒေဗီးစ်၏အိမ်သည် မြို့ပြင်တွင် ရှိနေပြန်သဖြင့် မြင်းကို စိတ်ကြိုက် စီးခွင့်ရနေသည်။ တနေ့တွင် မြင်းပေါ်မှ ပြုတ်ကျသွားခဲ့ရာ အသက်ကို မနည်းလုရသည်အထိ ဒဏ်ရာ ပြင်းထန်စွာ ရသွားခဲ့ပြီး မကြာမီမှာပင် ထိုဒဏ်ရာကြောင့် ဦးနှောက်သွေးယိုစီးကာ သေဆုံးသွားခဲ့ရသည်။ သူသေဆုံးခဲ့သည့် အချိန်ကား ၁၉၅၈ ခုနှစ် မေလ ၉ ရက်နေ့တွင် ဖြစ်ပြီး ဇနီး ဖြစ်သူကတော့ နောက်နှစ် အနည်းငယ် အကြာတွင် ကွယ်လွန်သွားခဲ့သည်။
စစ်ကြီး အတွင်း နှင့် စစ်ပြီးကာလ အမေရိကန် နိုင်ငံခြားရေး မူဝါဒများ အကြောင်း ရေးသားသည့် စာအုပ်တိုင်းလိုလိုတွင် ဂျိုးဇက် ဒေဗီးစ်၏ အကြောင်းသည် မပါမပြီး ဆိုသလို အမြဲလို ထည့်သွင်း ဖေါ်ပြခဲ့ကြရသည် သာ ဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် သူသည် သမ္မတမှ ဖွဲ့စည်းပေးခဲ့သော မဟာမိတ်များးအား အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီတွင် ဥက္ကဌ အဖြစ် တာဝန်ယူခဲ့ရသည်။
ဂျာမဏီသည် ယူအက်စ်အက်စ်အား ကျူးကျော်ခဲ့ပြီး နှစ်ရက်အကြာတွင် “တကမ္ဘာလုံးက အံဩတုန်လှုပ်သွား မတတ် ဖြစ်ခဲ့သည့် ရုရှားတို့၏ ခုခံရေး စစ်ပွဲကြီး” ဟု အမည်တပ် ခေါ်ဝေါ်ပြောဆိုခဲ့သည်။ ထိုအကြောင်းများအား စာနယ်ဇင်းများ၊ ရေဒီယို ဆွေးနွေးခန်းများ နှင့် အစည်းအဝေးတိုင်းလိုလိုတွင် ထုတ်ဖေါ်ပြောဆိုခဲ့သူ ဖြစ်သည်။ အမေရိကန်တို့ အားလည်း ရုရှားတို့ အပေါ်ထားရှိသော မလိုမုန်းထား စိတ်များကို ဘေးချိတ်ကာ ကူညီသင့်ကြောင်း တောင်းဆိုခဲ့ပြန်သည်။ ထို့အပြင် သူ၏ သဘောထား ဖြစ်သော ဒုတိယ စစ်မျက်နှာ တခု ဖွင့်ရေးကို မဆုပ်မနစ် ပြောဆိုလာခဲ့သည်။ ၁၉၄၂ ခုနှစ်အတွင်း သူကိုယ်တိုင် ရေးသား ထုတ်ဝေခဲ့သော “မော်စကိုသို့ တာဝန်ဖြင့် ရောက်ခဲ့စဉ်က” စာအုပ်နှင့် နောက်ဆုံး ထိုအမည်နှင့် ပင် ရိုက်ကူးခဲ့သော ရုပ်ရှင်ကြောင့် အမေရိကန်တို့ ရုရှားတို့ အပေါ် စာနာစိတ်များ ဖြစ်ပေါ်လာခဲ့ရသည်။
ဆိုဗီယက်-အမေရိကန် ချစ်ကြည်ရေး အမျိုးသား ကောင်စီ ဖြစ်ပေါ်လာအောင် စည်းရုံးနိုင်ခဲ့ပြီး ထိုအသင်းကြီး၏ ဂုဏ်ထူးဆောင် ဥက္ကဌလည်း ဖြစ်လာခဲ့သည်။
၁၉၄၆ မေလထဲတွင် “ငြိမ်းချမ်းရေး ရရှိဖို့သည် ရုစ်ဘဲလ်၏ သဘောထား ဖြစ်သော အင်္ဂလန်၊ အမေရိကန် နှင့် ဆိုဗီယက်တို့ သွေးစည်းညီညွတ်နိုင်မှ ဆိုသည်ကို တကမ္ဘာလုံးက လက်ခံ အသိအမှတ် ပြုမှသာ ရနိုင်မည်” ဟု ထုတ်ဖေါ် ပြောဆိုလိုက်သည်။
ဆိုဗီယက်-အမေရိကန် ချစ်ကြည်ရေး ခိုင်မြဲသည်ထက် ခိုင်မြဲရန်၊ နှစ်နိုင်ငံအကြား နားလည်မှု နှင့် ယုံကြည်မှု များ တည်ဆောက်နိုင်ရန် ဆက်လက် ကြိုးပမ်းပေးခဲ့သည်။ ထို့အတွက် ၁၉၄၅ မေလ တွင် ဒေဗီးစ်အား ဆိုဗီယက် ယူနီယံ ၏ အမြင့်ဆုံး ဆု ဖြစ်သော လီနင် ဆုတံဆိပ် ကြီးအား ထိုက်တန်စွာ ချီးမြှင့် ဂုဏ်ပြုခံခဲ့ရပေသည်။
၁၉၄၆ တွင် အမေရိကန်၏ အကျိုးတော်ဆောင်ဆု၊ ၁၉၅၀ တွင် ပြင်သစ်၏ ဂုဏ်ထူးဆောင်ဆု၊ ၁၉၄၀ တွင် ဘယ်လ်ဂျီယမ်၏ ဂုဏ်ထူးဆောင် ဆုများလည်း ချီးမြှင့်ခံခဲ့ရသည်။
(ပုံတွင် ၁၉၄၃ မေလ အတွင်း ရုစ်ဘဲလ်က စတာလင်ထံ လျှို့ဝှက် ရေးသားပေးပို့လိုက်သော စာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ပေးခဲ့သည့် ဂျိုးဇက် ဒေးဗီးစ်အား စတာလင်နှင့် အတူ တွေ့ရစဉ်)