ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(38)

by Hla Soewai - Jul 06 2026

မတ်လ ၁၁ ရက်နေ့တွင် ဖြစ်သည်။ အဟာရိုနီနှင့် ဟွမ်တို့ နှစ်ဦးဈာပနပို့ဆောင်သည့် လူအုပ်ကြား ပိတ်မိပြီး ဒီတာ အိုက်ခ်မန်းကို မျက်ခြေပြတ်သွားခဲ့သည်မှာ သုံးရက်မြောက်နေ့ ဖြစ်သည်။ ထိုနေ့မှစ၍ နှစ်ဦးစလုံးသည် အနက်ရောင် ဆိုင်ကယ်တစီးကို ညစဉ်လိုက်လံ နောက်ယောင်ခံခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ ထိုနှစ်ဦးစလုံးသည် မိမိတို့ နောက်ယောင်ခံနေသူမှာ မှန်ကန်သော ပုဂ္ဂိုလ်ဟုတ်မဟုတ်ပင် မသေချာတော့ပေ။

 

 ရုတ်တရက် အကြံဉာဏ်တခု ပေါ်လာသည့်အတွက် အဟာရိုနီက ချာကာဘူကိုလမ်း၊ အမှတ် ၄၂၆၁ သို့ တခေါက်ထပ်သွားရန် ဟွမ်ကို ညွှန်ကြားလိုက်သည်။ နောက်ဆုံးအကြိမ် သွားရောက်ခဲ့စဉ်က လက်သမားတဦးသည် ဒီတာ အိုက်ခ်မန်း အလုပ်လုပ်သည့်နေရာ လိပ်စာကို အမှတ်မထင် ပါးစပ်မှလွတ်ကနဲ ပြောခဲ့ဖူးသည်။ ထိုနေရာကို ဟွမ်အနေဖြင့် အသေးစိတ် ထပ်မံစုံစမ်းနိုင်ကောင်းရဲ့ ယူဆမိ၍လည်း ဖြစ်သည်။

 

အချိန်သည် နေ့လယ် ၄ နာရီ ၁၅ မိနစ် ဖြစ်သည်။  ဟွမ်သည် အိုက်ခ်မန်း နေထိုင်ခဲ့ဖူးသော တိုက်ခန်း၏ တံခါးကို ခေါက်လိုက်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆေးဗီးယား ဟာမန်း ပြုလုပ်ခဲ့သလိုပင် သူသည် အိမ်ထဲသို့ ခြေချလိုက်သည်။ အလုပ်သမားထဲမှ တယောက်က သူရှာနေသော လက်သမားသည် အပေါ်ထပ်တွင် ရှိကြောင်း ပြောပြသည်။ 

 

"ကျွန်တော် သူ့ကို ဒုတိယထပ်မှာ တွေ့ခဲ့တယ်၊ သူ အဲဒီမှာ အလုပ်လုပ်နေတာ" ဟု အစ္စရေးသံရုံးသို့ ဟွမ် ပေးပို့မည့် အစီရင်ခံစာတွင် ရေးသားမည်ဖြစ်သည်။ "ကျွန်တော် သူ့ကို အိုက်ခ်မန်းရဲ့ လိပ်စာအသစ်ကို မေးလိုက်တယ်"။ ထိုလက်သမားသည် အသက် ၅၀ ဝန်းကျင်အရွယ် လူပျိုလူလွတ်တစ်ဦးဖြစ်ပြီး လွန်စွာ အသံဝဲလှ‌ သော ဥရောပလေယူလေသိမ်း ဖြင့် စကားပြန်ပြောသည်။ သူသည် အိုက်ခ်မန်း၏ အိမ်သစ်သို့ ရောက်ဖူးကြောင်း၊ အလုပ်လုပ်ပေးခဲ့သော်လည်း အခကြေးငွေ မရသေးကြောင်း ဟွမ်ကို ပြောပြပြီး မည်သို့ သွားရမည် ဆိုသည်ကိုပါ အသေးစိတ် လမ်းညွန် ပေးလိုက်သည်—မည်သည့် ဘတ်စ်ကားနံပါတ်က အိမ်ရှေ့က ဖြတ်သွားသည်၊ လက်မှတ်ခအတွက် ပီဆို ဘယ်လောက် ပေးရသည်အထိ တိတိကျကျ ပြောပြခဲ့သည်။ "ခင်ဗျား သေချာလား" ဟု ဟွမ် က မေးသည်။ "သေချာပါတယ်" ဟု လက်သမားက ပြန်ဖြေလိုက်သည်။

 

ထိုသို့ စုံစမ်းနိုင်လာခဲ့မှုသည် ဟွမ် ၏ 'ဆာယန်' (sayan - မော့ဆက်ထောက်လှမ်းရေးအတွက် စေတနာ့ဝန်ထမ်း ထောက်လှမ်းပေးသူ) အဖြစ် လုပ်ကိုင်ခဲ့သည့် တိုတောင်းသော ကာလတွင် အထွတ်အထိပ်သို့ ရောက်ရှိနေသည့်အချိန် ဖြစ်သင့်သည်။ သို့သော် သူသည် ဗျူနိုအေးရိစ် သို့ ပြန်ရောက်ပြီး အာဟာရိုနီ ကို သူ သိရှိလာခဲ့သည် များနှင့် ပတ်သက်၍ အစီရင်ခံသည့်အခါ၊ သူသည် စိတ်ပျက်စရာ သတင်းဆိုးတခုကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့သည်။

 

 "ဘာဖြစ်တာလဲ" ဟု အာဟာရိုနီက မေးသည်။ "လာပါ၊ တခွက်လောက် ချလိုက်ကြရအောင်" 

 

ဟွမ် က ခေါင်းခါလိုက်သည်။ 

 

"တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ ခင်ဗျားအတွက် သတင်းဆိုးတခု ပါလာတယ်" ဟု ဟွမ် က အာဟာရိုနီကို ပြောလိုက်သည်။ "အခုထိ ကျွန်တော်တို့ လုပ်ခဲ့သမျှ အလုပ်တွေအားလုံး အချည်းနှီး ဖြစ်သွားပြီ။ ကျွန်တော်တို့ လူမှားပြီး ခြေရာခံမိနေပြီ"

 

အာဟာရိုနီ က ဘာမျှမပြောဘဲ နှုတ်ဆိတ်နေလိုက်သည်။ သူသည် ဝှက်ဖဲတစ်ခုကို ထုတ်ဖော်ရသကဲ့သို့ လုပ်ဆောင်ချက်ကို လျှို့ဝှက်စွာဖြင့် ရှေ့ဆက်နိုင်ရန်အတွက် လိုအပ်သည့် သတင်းအချက်အလက် အနည်းငယ်မျှကိုသာ ဟွမ် အား ပေးထားခဲ့သည်။ သူသည် ဟွမ် အား "အိုက်ခ်မန်း" ဟူသော အမည်ကို တခွန်းမျှ ထုတ်မပြောခဲ့ဖူးပေ။ 

 

"သူ့နာမည်က ကလီမန့် မဟုတ်ဘူး" ဟု ဟွမ်က သူ့ထောက်လှမ်းရေးအကြီးအကဲအား ပြောလိုက်သည်။ "သူ့နာမည်က အိုက်ခ်မန်း ပါ။" ထိုအချိန်အခါက ဖြစ်ရပ်ကို အာဟာရိုနီက နောင်တွင် ဤသို့ မှတ်တမ်းတင်ရေးသားခဲ့သည် - "'အိုက်ခ်မန်း' နဲ့ 'အစ်ခ်မန်း' ဆိုတာ တစ်ယောက်တည်းကို ခေါ်တာဖြစ်မှန်း ရှင်းနေတယ်။ ကျွန်တော် မျက်နှာကို အတည်ငြိမ် ဆုံး ဖြစ်အောင် အတော်လေး ကြိုးစားလိုက်ရတယ်။" ထိုအစား အစ္စရေးထောက်လှမ်းရေးအရာရှိက ဟွမ်အား စိတ်အေးသွားရန် စကားနှစ်သိမ့်စကား ပြောလိုက်သည်။ 

 

"စိတ်မပူပါနဲ့။ မင်း အံ့ဩစရာကောင်းလောက်အောင် လုပ်ခဲ့တာပါ။ နာမည်နဲ့ ပတ်သက်ပြီး စိတ်မပူနဲ့။ နောက်ဆုံးမှ ငါတို့ အလိုရှိတဲ့ လူကို ဖမ်းမိမှာပါ၊ မင်း ဘယ်လောက်တောင် ကူညီပေးခဲ့တယ်ဆိုတာကိုလည်း မှတ်ထားမှာပါ။ အဲဒီအချိန်အထိ မင်း ဆက်ပြီး ကူညီပေးချင်သေးတယ်ဆိုရင် ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့။"

 

ထိုသို့ သိလာသမျှ ကို မည်သူမျှ မပြောဘဲ လျို့ဝှက်ထားဖို့ပြောဆိုပြီးနောက် ဟွမ် ကို ပြန်လွှတ်လိုက်ပြီး ဇဗီ အာဟာရိုနီ သည် သံရုံးသို့ အလျင်အမြန် ပြန်လာခဲ့သည်။ သူသည် တယ်လ်အဗစ်သို့ ကုဒ်နံပါတ်များဖြင့် သတင်း ပေးပို့လိုက်သည်။ စာသားများမှာ ကုဒ်ဖြင့် ရေးသားထားသော်လည်း အကြောင်းအရာမှာ ထင်ရှားနေသည် - အဒေါ့ဖ် အိုက်ခ်မန်း ကို ရှာတွေ့ပြီ။ လိပ်စာမှာ ဂါရီဘော်ဒီလမ်း၊ အမှတ် ၁၄ ဖြစ်သည်။

 

****************

 

နေဝင်ခါနီးအချိန်တွင် ဇဗီ အာဟာရိုနီသည် ဗျူနိုအေးရိစ် မြို့၏ မြောက်ဘက် ဆင်ခြေဖုံးရှိ လူနေရပ်ကွက်တစ်ခုအတွင်း ၂၀၂ လမ်းမအတိုင်း တဦးတည်း ကားမောင်း ထွက်လာခဲ့သည်။ သူ ငှားရမ်းထားသော ဖီးယပ် ကားနေရာတွင် အခြားကားတစီးကို လဲလှယ်အသုံးပြုထားသည်၊ ထိုကားကိုလည်း လူအများ အာရုံစိုက်မှုမခံရစေရန် ရည်ရွယ်ပြီး သာမန်ရိုးကျ ကားမျိုး ရွေးချယ်ထားခြင်း ဖြစ်သည်။

 

အာဟာရိုနီ၏ အကဲဖြတ်ချက်အရ ထိုဒေသမှာ ဆင်းရဲနွမ်းပါးပြီး ပျက်စီးယိုယွင်းနေသည်။ သူသည် လမ်းဘေးတွင် လျှပ်စစ်မီးတိုင်များနှင့် တယ်လီဖုန်းတိုင်များ မရှိသည်ကို သတိပြုမိလိုက်သည်။ လမ်းမပေါ်မှ ပေငါးဆယ်ခန့် အကွာတွင် ဆောက်လုပ်ထားသော အိုက်ခ်မန်း၏ နေအိမ်ကို ဖြတ်ကျော်သွားစဉ်တွင်၊ အိမ်ရှေ့ဝရန်တာ၌ ဆံပင်အနက်ရောင်နှင့် အရပ်ပု၍ ကိုယ်လုံးတုတ်တုတ်ခိုင်ခိုင်နှင့် အမျိုးသမီးတဦး ရပ်နေသည်ကို သူ မြင်လိုက်ရသည်။ ဝတ်စားထားပုံမှာလည်း နွမ်းနွမ်း ပါးပါး နှင့် ဖြစ်နေသည်။

 

သူမ ခင်ပွန်းဖြစ်သူ၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။ အာဟာရိုနီ သည် သံသယဖြစ်ဖွယ် အပြုအမူမျိုး မလုပ်မိစေရန် သတိထားရင်း ကားကို မောင်းထွက်သွားခဲ့သည်။ အိုင်ခ်မန်းကို လက်တကမ်းအလိုတွင် ဖမ်းဆီးနိုင်တော့မည့်အချိန်၌ ၎င်းကို လန့်ဖျပ်ပြီး ထွက်ပြေးသွားစေမည့် မသင်္ကာဖွယ်ရာ လုပ်ရပ်မျိုးကို လုံးဝမပြုလုပ်မိရန်ပင် ဖြစ်သည်။

 

 ညဖက်တွင် အာဟာရိုနီသည် မြို့၏ အေးဆေးငြိမ်သက်လှသော ထိုနေရာသို့ ပြန်လည်ရောက်ရှိလာပြီး ကားကို ရပ်ထားကာ အိမ်ဘက်သို့ ကပ်လျက်ရှိသော လယ်ကွင်းထဲမှတဆင့် ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့သည်။ ခွေးဟောင်သံများကြားရမည့်အရေးကို စိုးရိမ်ခဲ့ရသော်လည်း ထိုသို့ဖြစ်မလာသည့်အတွက် သူစိတ်အေးသွားခဲ့ရသည်။ အိုက်ခမန်းကို ပြန်ပေးဆွဲရမည့်နေ့ ရောက်လာသည့်အခါတွင် အစ္စရေးတို့သည် အိမ်သို့ အစောတလျင် အိမ်ရှင်များ မနိုးအောင် ချဉ်းကပ်နိုင်ကြတော့မည် ဖြစ်သည်။

 

အိုက်ခ်မန်းကို ဖမ်းဆီးပြီး အစ္စရေးသို့ တရားစီရင်ရန် ပြန်လည်ခေါ်ဆောင်လာရမည့် လုပ်ငန်းစဉ်သည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက် နေသည်။ အာဂျင်တီးနားနိုင်ငံ၏ တရားဝင်နေထိုင်သူဖြစ်သည့်အတွက် သူကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ မည်မျှပင် ရက်စက်ယုတ်မာစေကာမူ အစ္စရေးတို့အနေဖြင့် သူ့ကို ပြန်ပေးဆွဲခြင်းသည် တရားမဝင်သော လုပ်ရပ်ဖြစ်သည်။ ထို့ပြင် အာဂျင်တီးနားနှင့် အစ္စရေးတို့ကြားတွင် တရားခံလွှဲပြောင်းရေးဆိုင်ရာ သဘောတူစာချုပ်လည်း မရှိပေ။ သူ့ကို အာဂျင်တီးနားအာဏာပိုင်များထံ လက်အပ်လိုက်ပါကလည်း အိုက်ခ်မန်းမှာ တရားစွဲဆိုခံရလိမ့်မည်မဟုတ်ကြောင်းမှာ သေချာသလောက်ရှိသည်။ 

 

နောက်ဆုံးအနေဖြင့် အစ္စရေးနှင့် အာဂျင်တီးနားကြားတွင် ပုံမှန်လေကြောင်းခရီးစဉ်များလည်း မရှိ။ ထို့ကြောင့် အိုက်ခ်မန်းကို အစ္စရေးကုန်တင်သင်္ဘောတစီးစီး ဖြင့် နိုင်ငံတွင်းမှ ခိုးထုတ်သွားရမည့် အခြေအနေမျိုး ဖြစ် နေသည်။

 

အသေးစိတ်များကို နောင်အခါတွင်မှသာ ဖြေရှင်းဆောင်ရွက်တော့မည်ဟု ‌ဆုံးဖြတ်လိုက်သည်။ ယခုလောလောဆယ်တွင် အာဟာရိုနီ သည် အဒေါ့ဖ် အိုက်ခ်မန်း ကို လူကိုယ်တိုင် မြင်တွေ့လိုပြီး ၎င်းသည် မိမိလိုက်လံရှာဖွေနေသည့်လူ ဟုတ်မဟုတ် သေချာစေချင်ရုံသာ ရှိသည်။ သူသည် သန်းခေါင်ယံအချိန်တွင် ကားရပ်ထားရာသို့ ပြန်သွားပြီး မည်သူမျှ မသိလိုက်ဘဲ မောင်းနှင်ထွက်ခွာသွားသည်။ ထိုနေ့မှစ၍ သူသည် ဂါရီဘော်ဒီလမ်းမ ဓသို့ နေ့စဉ်ပြန်လာခဲ့ပြီး ထိုရပ်ကွက်၏ ပတ်ဝန်းကျင်နှင့်လည်း ပို၍ ရင်းနှီးကျွမ်းဝင်လာတော့သည်။