ထိုနေ့ အရုဏ်ဦးကျင်းပြီး မကြာမီမှာပင် ကော့တွန် ထံမှ အစီရင်ခံစာကို ယူဆောင်လာသည့် သတင်းပို့သမားတဦးသည် ကမ်းဘဲလ် နောက်သို့ အမီလိုက်နိုင်ခဲ့သည်။ ဓနုဖြူကို တိုက်ခိုက်သည့်ပွဲမှာ ကျရှုံးခဲ့ရပြီး၊ စစ်ကူအင်အား အမြောက်အမြားမပါဘဲ ထိုခံတပ်ကို သိမ်းပိုက်နိုင်ရန် မဖြစ်နိုင်တော့ပေ။ ယခုအခါ ကမ်းဘဲလ်နှင့် ကော့တွန်တို့၏ စစ်ကြောင်းနှစ်ကြောင်းကြားတွင် ဓနုဖြူခံတပ်ကြီး၌ အခိုင်အမာ နေရာယူထားသော အင်အားတောင့်တင်းသည့် မြန်မာစစ်တပ်ကြီးက ဆီးကြိုပိတ်ဆို့ထားသည်။
ဗိုလ်ချုပ်ကော့တွန်၏ ကင်းထောက်အဖွဲ့များ အစီရင်ခံချက်အရ ၎င်းတွင်ရှိသော စစ်သည်အင်အားသည် ဓနုဖြူခံတပ်မကြီးကို မြစ်ကြောင်းအတိုင်း ဆန်တက်တိုက်ခိုက်ရန်အတွက် မလုံလောက်သည့်အပြင်၊ တချိန်တည်းမှာပင် စစ်ဆင်ရေးတစ်ခုလုံး၏ အောင်မြင်မှုအတွက် အဓိကမှီခိုနေရသော ပန်းလှိုင်ရှိ ၎င်းတို့၏ ရိက္ခာနှင့် ခဲယမ်း သိုလှောင်ရုံ စခန်းနှင့် ဆက်သွယ်ရေးလမ်းကြောင်းကိုပါ ထိန်းသိမ်းထားနိုင်ရန် အင်အားမပြည့်စုံကြောင်း တွေ့ရှိခဲ့ရသည်။ ဖျားနာမှုများပြားခြင်းနှင့် ခံတပ်စောင့် တာဝန်များအတွက် စစ်ကြောင်းခွဲအချို့ကို ခွဲထုတ်ထားခဲ့ရခြင်းတို့ကြောင့် ၎င်း၏ ဗြိတိသျှစစ်သည်အင်အားမှာ စုစုပေါင်း ၇၅၀ ရှိသည့်အနက် တိုက်ပွဲဝင်ရန် အသင့်ရှိသူ ၆၀၀ မျှသာ ကျန်ရှိတော့သည်။
ထို့အပြင် မဟာဗန္ဓုလ၏ အမြောက်တပ်သားများသည်လည်း သိသိသာသာ လက်ရည်တက်လာကြပြီး၊ ၎င်းတို့၏ အမြောက်များမှ ပစ်ခတ်မှုများသည် တိကျလှသဖြင့် မြစ်ကြောင်းတစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့သည်။ ထို့ကြောင့် ကော့တွန်အနေဖြင့် အင်အားလျော့နည်းသွားမည့်အစား ပိုမိုတောင့်တင်းသော စစ်ကူအင်အားကိုသာ လိုအပ်နေတော့သည်။
ပိုမိုဆိုးရွားသည်မှာ သူသည် ပထမဆုံးရရှိသော ခံတပ်တွင် ဆင်းသက်ပြီးနောက် တခုပြီးတခု အပင်ပန်းခံ၍ တိုက်ခိုက်ရမည့် အခြေအနေမျိုးသာ ရှိတော့သည်။ မတ်လ ၇ ရက်နေ့ နေထွက်ချိန်တွင် ဗြိတိသျှတပ်ဖွဲ့ဝင် ၅၀၀ ခန့်သည် တောက်ပနေသော စေတီတော်၏ တမိုင်အောက်ဘက်တွင် ဆင်းသက်ခဲ့ကြပြီး၊ ၆ ပေါင်တပ် အမြောက်နှစ်လက်နှင့် ဒုံးပျံတပ်ဖွဲ့၏ အားပေးကူညီမှုဖြင့် စစ်ကြောင်းနှစ်ကြောင်း ခွဲ၍ ချီတက်ခဲ့ကြသည်။
“စစ်ကြောင်းနှစ်ခုစလုံးကို အလွန်တည်ငြိမ်စွာဖြင့် ဦးဆောင်ခဲ့ကြသည်” ဟု တော်ဝင်ရေတပ်မှ ဒုတိယဗိုလ်ဂျွန်မာရှယ်က ရေးသားခဲ့သည်။ သူတို့ ချီတက်လာသည်နှင့်အမျှ လက်နက်တပ်ဆင်ထားသော လှေများကလည်း ကမ်းကပ်၍ အမြောက်များဖြင့် ပစ်ခတ်ကြသည်။ တချိန်တည်းမှာပင် သင့်လျော်သော အကွာအဝေးမှနေ၍ နယ်မြေအလိုက် အမြောက်ငယ်များနှင့် ဒုံးပျံတပ်ဖွဲ့တို့က တည်ငြိမ်စွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ရန်သူများကလည်း ယခင်က ပြသလေ့မရှိသော ဇွဲလုံ့လနှင့် စိတ်ဓာတ်တို့ဖြင့် ပြန်လည်ခုခံခဲ့ကြသည်။ တိုက်ခိုက်ခံရသည့် ခံတပ်၏ ကျဉ်းမြောင်းသော ဝင်ပေါက်နေရာများကို ရဲရင့်သော ဗြိတိသျှတပ်ဖွဲ့ဝင်များက အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်လာခဲ့ကြသည်။ ထိုသို့ ဝင်ရောက်နိုင်ခဲ့သည့်အခါ အင်အား ၃,၀၀၀ ခန့်ရှိသည်ဟု သတင်းရရှိထားသော မြန်မာတပ်သားတို့မှာ ၎င်းတို့၏ ခိုင်ခံ့လှသော ကာကွယ်ရေးတံတိုင်းများကို ကျော်ဖြတ်ထွက်ပြေးခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
၎င်းတို့သည် နောက်ဆုံးအကာအရံ အထိ လိုက်လံတိုက်ခိုက်ခံခဲ့ရပြီး၊ တပ်ဖွဲ့ဝင်များသည် အတွင်းမှ ထိုးဖောက်ဝင်ရောက်လာသူများ သာမက အပြင်ဘက်မှ ပတ်၍ ဝင်ပေါက်ရှာနေသူများကပါ ပိတ်ဆို့လိုက်မှုကို ဆက်လက်ခုခံနေခဲ့ကြသည်။ သေဆုံးသူများ၊ ဒဏ်ရာရသူများနှင့် ထိတ်လန့်ချောက်ချားနေသူများမှာ အကာအရံနေရာများနှင့် အနီးတဝိုက်တွင် ပုံလျက်သား ဖြစ်ကုန်ကြသည်။ ဒဏ်ရာရသူနှင့် အဖမ်းခံရသူ ၂၈၀ ခန့်ရှိပြီး၊ ဤတိုက်ပွဲတွင် ရန်သူဘက်မှ စုစုပေါင်းဆုံးရှုံးမှုမှာ လူပေါင်း ၄၃၀ အောက် မလျော့နည်းဟု ခန့်မှန်းရသည်။ တိုက်ခိုက်သူများ (ဗြိတိသျှ) ဘက်တွင်မူ၏ သေဆုံးဒဏ်ရာရသူ ၂၀ ခန့်သာ ရှိခဲ့သည်။
ကော်တွန် သည် သူ၏တပ်သားများကို ခေတ္တအနားယူစေပြီးနောက် မြစ်ညာဘက်တွင်ရှိသော နောက်ထပ် ခံတပ်တစ်ခုကို တိုက်ခိုက်ရန် စစ်ကြောင်းဖြန့်လိုက်သည်။ ထိုရည်ရွယ်ချက်အတွက် ၆ ပေါင်သုံး အမြောက်နှစ်လက်၊ ၅ လက်မခွဲ ဟောင်ဝစ်ဇာ အမြောက်လေးလက်နှင့် ဒုံးကျည်အမြောက်များကို ထပ်မံယူဆောင်လာခဲ့သည်။
ထိုလက်နက်များဖြင့် ရန်သူ၏ခံတပ်ကို လုံလောက်စွာ ပစ်ခတ်ဖျက်ဆီးပြီးနောက်၊ ကပ္ပတိန်ရို့စ် က တပ်သား ၂၀၀ ကို ဦးဆောင်၍ အားသွန်ခွန်စိုက် တိုက်ခိုက်ခဲ့သည်။ မြန်မာ့တပ်များသည် ချက်ချင်းပင် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အင်္ဂလိပ်တပ်များမှာ တိုက်ခိုက်မည့်နေရာမှ ညာဘက်သို့ လမ်းလွဲသွားပြီး၊ ရန်သူ့ကျည်များအောက်တွင် စူးချွန်များဖြင့် ပြည့်နေသည့် မြောင်းတစ်ခုအတွင်းသို့ ကျရောက်သွားခဲ့သည်။
တဖက်က ရန်သူ မြင်အောင် လူလုံး ထွက်လာသူ မှန်သမျှသည် ပစ်ချခံလိုက်ရသည်။ တကြိမ် ဒဏ်ရာရပြီးဖြစ်သော ရို့စ် သည် စစ်သည်များ ပြန်လည်စုစည်းမိစေရန် အားပေးတိုက်တွန်းခဲ့သော်လည်း ဒုတိယမြောက် ပစ်ခတ်မှုကြောင့် လဲကျသွားခဲ့သည်။ ကပ္ပတိန် ကန်နွန် က သူ့နေရာကို အစားထိုးဝင်ရောက်ခဲ့သော်လည်း ချက်ချင်းပင် အသတ်ခံလိုက်ရသည်။
စစ်သည်များကြားတွင်လည်း ထိခိုက်ကျဆုံးမှု များပြားလှသည်။ ရေမြောင်းတဝိုက်တွင် ဝေ့တက်လာနေသော မီးခိုးငွေ့များကြားမှ အရာရှိငါးဦးနှင့် စစ်သည် တရာခန့် လဲကျသွားသည်ကို မြင်တွေ့ရသောအခါ၊ ကော့တွန် က တိုက်ခိုက်မှုကို ရပ်တန့်စေခဲ့ပြီး စစ်သည်များ ဆုတ်ခွာရန်အတွက် ခရာမှုတ်ကာ အချက်ပေးလိုက်သည်။
ကော့တွန် က ကမ်းဘဲလ် ထံသို့ အစီရင်ခံခဲ့ရာတွင် "ကျွနုပ် ဒုတိယ အကြိမ် တိုက် နိုင်လိမ့်မယ်လို့ ယုံကြည်နေသော်လည်း အဲဒီလိုလုပ်ရင် နောက်ထပ် အထိအခိုက်အကျအဆုံးတွေ များပြားလာမှာဖြစ်ပြီး အဓိကခံတပ်ကို တိုက်ခိုက်ဖို့ ကြိုးပမ်းမှုကို တားဆီးသလို ဖြစ်သွားလိမ့်မယ်။ ပြီးတော့ ကျွန်တော်ဟာ အင်အားသာလွန်တဲ့ ရန်သူ့ဘက်က တိုက်ခိုက်ခြင်းကို ခံရမယ့် အနေအထားမျိုးမှာ ကျန်ရစ်ခဲ့လိမ့်မယ်၊ ဒါမှမဟုတ် အကြီးအကျယ် ပေးဆပ်ပြီးမှ သိမ်းပိုက်ထားတဲ့ စခန်းကို နောက်ဆုံးမှာ စွန့်လွှတ်လိုက်ရတဲ့ အခြေအနေမျိုးကို ရောက်သွားလိမ့်မယ်။"
ထို့ကြောင့် မတ်လ ၈ ရက်နေ့ နံနက် ၂ နာရီတွင် သူသည် သူ၏ စစ်သည်များ၊ လက်နက်များနှင့် ပစ္စည်းကိရိယာ အားလုံးကို ပြန်လည်တင်ဆောင်ခဲ့ပြီး၊ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက သူထွက်ခွာလာခဲ့သည့် နေရာဖြစ်သော ဓနုဖြူမြို့၏ အောက်ဘက် ၁၀ မိုင်အကွာရှိ ယောင်ယွန်း သို့ မြစ်ကြောင်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ဓနုဖြူကို တိုက်ခိုက်ရမည့် တာဝန်အားလုံးကို ကော့တွန် ၏ တပ်ဖွဲ့ငယ်ထံသို့သာ ပုံအပ်ခဲ့မိသည့်အတွက် ကမ်းဘဲလ် ပေးဆပ်လိုက်ရသော အဖိုးအခမှာ ထိုကဲ့သို့ ရှုံးနိမ့်သွားမှုပင် ဖြစ်သည်။ သူသည် ယခုအခါ အမြန်ဆုံး နောက်ဆုတ်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။ ဓနုဖြူသို့ မရောက်မီ ကောတွန်၏ တပ်နှင့် ပူးပေါင်းပြီးမှသာ ဓနုဖြူကို ဒုတိယအကြိမ် ပူးတွဲတိုက်ခိုက်ရန်သာ ရှိတော့သည်။
ထိုသို့ နောက်ကြောင်း ပြန်လှည့်ရမည့် အရေး အတွက် ကမ်းဘဲလ် မည်မျှအထိ ဒေါသထွက် နေမည်ကို ခန့်မှန်းကြည့်၍ ရသည်။ အထူးသဖြင့် ဓနုဖြူမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် ရှိနေပြီး သူကိုယ်တိုင်မှာမူ အရှေ့ဘက်ကမ်းတွင် ရောက်ရှိနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူ၏ စစ်တပ်တတပ်လုံးကို အမြောက်တပ်များ၊ မြင်းတပ်များနှင့်အတူ ပေ ၈၀၀ ကျော် ကျယ်ဝန်းပြီး လှိုင်းထန်သော မြစ်ကို လှေငယ်အနည်းငယ်မျှဖြင့်သာ ကူးဖြတ်ရတော့မည် ဖြစ်သည်။ သို့သော် ထိုနေရာတွင် သစ်များပေါများသဖြင့် ဝါးဖောင်များကို အလျင်အမြန် တည်ဆောက်နိုင်ခဲ့ကြသည်။ စစ်သည်များ နေ့ညမပြတ် ကြိုးစားလုပ်ဆောင်ခဲ့ကြပြီးနောက် ငါးရက်အကြာ၊ ၁၇ ရက်နေ့တွင် လူတိုင်း မြစ်တစ်ဖက်ကမ်းသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် ကုန်တင်လှည်းများကို ပြန်လည်တင်ဆောင်ရန် နောက်ထပ် နှစ်ရက်ကြာမြင့်ခဲ့ရသည်။ မတ်လ ၂၁ ရက်နေ့ ရောက်မှသာ ကမ်းဘဲလ် သည် တောင်ဘက်သို့ စတင်ချီတက်နိုင်ခဲ့ပြီး၊ ထိုအချိန်တွင် သူ့၏ အကျဉ်းသားများက ခုတ်ထွင်လမ်းဖောက်ပေးထားသည့် အမြင့် ၂၀ ပေနီးပါးရှိသော ဆင်မြက် တောကြီးများကြားမှ ဖြတ်သန်းသွားခဲ့ရသည်။