ချီကာဂို ရှစ်ဦး၏ တရားခွင်
၁၉၆၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့...။ မြို့တော်ဝန် ဒေလီ အုပ်ချုပ်သော ချီကာဂိုမြို့၌ ၁၉၆၈ ခုနှစ် ဒီမိုကရက်တစ် အမျိုးသားညီလာခံကို အကျည်းတန်စေခဲ့သည့် သွေးထွက်သံယို ဆူပူအုံကြွမှုကြီးများ ဖြစ်ပွားပြီးနောက် ၁၃ လအကြာတွင် ဖြစ်သည်။
ယနေ့သည် ဆူပူအုံကြွမှု ဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ်နယ်နိမိတ်များကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု အစိုးရက စွပ်စွဲထားသည့် Chicago Eight ဟု ထင်ရှားလာသည့် အစွန်းရောက်လှုပ်ရှားသူ ရှစ်ဦးကို စစ်ဆေးမည့် တရားခွင် ပထမဆုံး စတင်ဖွင့်လှစ်သည့်နေ့ ဖြစ်သည်။
တရားသူကြီးခုံတွင် ထိုင်နေသူမှာ အသက် ၇၄ နှစ်အရွယ် တရားသူကြီး ဂျူးလိယပ်စ် ဟော့ဖ်မန်း ဖြစ်သည်။ ဟော့ဖ်မန်းသည် တရားလို (အစိုးရရှေ့နေ) ဘက်သို့ ဘက်လိုက်တတ်ပြီး ဆက်ဆံရေးကြမ်းတမ်းသည့် တင်းမာလွန်းသော တရားသူကြီးတဦး ဖြစ်သည်။
တရားခံရှေ့နေများဖြစ်ကြသော ဝီလျံ ကန့်စ်လာနှင့် လီယိုနတ် ဝန်းဂလပ်စ် တို့သည် တရားသူကြီး ဟော့ဖ်မန်းထံသို့ ဂျူရီလူကြီးလောင်းများကို မေးမြန်းလိုသည့် မေးခွန်းပေါင်း ၅၄ ခုပါဝင်သော စာရင်းတစ်ခုကို တင်သွင်းထားသည်။ ထိုမေးခွန်းများသည် ဂျူရီလူကြီးလောင်းများ၏ ယဉ်ကျေးမှုဆိုင်ရာ အစွဲအလမ်းများကို ဖော်ထုတ်ရန် ရည်ရွယ်၍ ပြင်ဆင်ထားခြင်း ဖြစ်သည်။ ယဉ်ကျေးမှုထုံးတမ်းစဉ်လာများနှင့် ယင်းကိုဆန့်ကျင်သည့် ခေတ်ပြိုင်ယဉ်ကျေးမှု Counter-culture အကြား အဓိကအားပြိုင်မည့် ယခုလိုတရားခွင်မျိုးတွင် ထိုအစွဲအလမ်းများသည် ပြစ်ဒဏ်ချမှတ်ရန် မဲပေးခြင်း သို့မဟုတ် အပြစ်မှလွှတ်ရန် မဲပေးခြင်းတို့ကို လုံးဝပြောင်းလဲသွားစေနိုင်သည့် အချက်များ ဖြစ်လာနိုင်သည်။
အဆိုပါ မေးခွန်းများထဲတွင် အောက်ပါမေးခွန်းများလည်း ပါဝင်နေသည် —
“ဂျန်းနစ် ဂျော့ပလင် နဲ့ ဂျီမီ ဟန်းဒရစ် တို့က ဘယ်သူတွေလဲဆိုတာ ခင်ဗျားတို့ သိပါသလား။”
“ခင်ဗျားတို့ရဲ့ သား ဒါမှမဟုတ် သမီးကို ယစ်ပီ (Yippie - လက်ဝဲနွယ်ဖွား ဟစ်ပီလှုပ်ရှားသူ) တယောက်နဲ့ လက်ထပ်ဖို့ ခွင့်ပြုမှာလား။”
“ခင်ဗျားတို့မှာ သမီးမိန်းကလေးတွေရှိရင် သူတို့ဟာ ဘရာစီယာကို အမြဲတမ်း ဝတ်ဆင်ကြပါသလား။”
တရားသူကြီး ဟော့ဖ်မန်း က တရားခံ အကျိုးဆောင်ဘက်မှ တင်ပြထားသော မေးခွန်းများထဲမှ တခုကလွဲ၍ ကျန်မေးခွန်းအားလုံးကို ပယ်ချမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ သူသည် ဂျူရီလူကြီးအဖြစ် အရွေးချယ်ခံမည့်သူများကို “သင်ကိုယ်တိုင်ဖြစ်စေ၊ သင့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဒါမှမဟုတ် ဆွေမျိုးတွေထဲက ဖြစ်စေ ဥပဒေစိုးမိုးရေး အေဂျင်စီ (ရဲတပ်ဖွဲ့) တခုခုမှာ တာဝန်ထမ်းဆောင်နေသူ ရှိပါသလား?” ဟူသော မေးခွန်းတခုတည်းကိုသာ မေးမြန်း ခွင့် ပြုခဲ့သည်။
ဤသည်က တရားခံ ဘက်ကို ဆုံးရှုံးမှုဖြစ်စေသည့် တရားသူကြီး ဟော့ဖ်မန်း၏ ရှည်လျားလှသော ဆုံးဖြတ်ချက် များထဲက ပထမဆုံးတခုသာ ဖြစ်သည်။
ဂျူရီလူကြီးအဖြစ် အရွေးချယ်ခံရန် ရောက်ရှိနေသည့် အဖွဲ့ဝင် သုံးရာခန့်မှာ လူဖြူများ၊ လူလတ်တန်းစားများနှင့် သက်လတ်ပိုင်းအရွယ်များသာ အများစုဖြစ်နေကြသည်။ ၎င်းတို့ကို မြင်ရသည်မှာ “ရိုးလင်းမက်ဒိုးစ် ဘိုးလင်းကစားပွဲအသင်းက လူတွေ ဘိုးလင်းကွင်းသွားရင်း လမ်းမှားလာသလိုပဲ” ဟု စာရေးဆရာလည်းဖြစ်၊ တရားခွင် စောင့်ကြည့်လေ့လာသူလည်းဖြစ်သည့် ဂျေ အန်သိုနီ လူကပ်စ် က တင်စားခဲ့သည်။
သုံးနာရီမျှသာကြာသော အချိန်တိုအတွင်းမှာပင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး ၁၀ ဦး ပါဝင်သော ဂျူရီလူကြီးအဖွဲ့ကို အတည်ပြု ရွေးချယ်လိုက်နိုင်တော့သည်။
ချီကာဂို လူရှစ်ဦး တရားစီရင်မှုကို “တရားမျှတမှုကို လှောင်ပြောင်သရော်မှု”၊ “လူပြက်ဆပ်ကပ်ပွဲကြီးတစ်ခု”၊ “အမေရိကန်ပြည်သူတို့၏ နှလုံးသားနှင့် အတွေးအခေါ်များကို သိမ်းပိုက်နိုင်ရန် ဆင်နွှဲခဲ့သည့် အရေးပါသော တိုက်ပွဲတပွဲ” နှင့် “ဘာမျှအရာမထင်ဘဲ ပြီးဆုံးသွားသည့် သမိုင်းဝင်ဖြစ်ရပ်ဆိုးကြီးတခု” ဟူ၍ အမျိုးမျိုး ဖော်ပြခဲ့ကြသည်။ ဤအရာအားလုံးက ဘာကို ဆိုလိုတာပါလဲ။ ကျွန်ုပ်တို့ အသေအချာ ပြောနိုင်သည့် အချက်တချက်မှာမူ — ၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းကို ထင်ဟပ်စေခဲ့သည့် တန်ဖိုးထားမှုဆိုင်ရာ ပဋိပက္ခများကို ချီကာဂို လူရှစ်ဦး တရားစီရင်မှုထက် ပိုမိုကောင်းမွန်စွာ သာဓကပြနိုင်သည့် ဖြစ်ရပ်မျိုး ရှားပါးလှသည်ဟူသော အချက်ပင် ဖြစ်သည်။
၁၉၆၈ ခုနှစ် ဇန်နဝါရီလအကုန် တက်သ် (Tet) နှစ်သစ်ကူး အားလပ်ရက်အတွင်း ဗီယက် ကောင်းတပ်ဖွဲ့များသည် ဗီယက်နမ်တောင်ပိုင်းတခွင်သို့ အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။ ရုံးပိတ်ရက် ရက်သတ္တပတ် တပတ်တည်းမှာပင် အမေရိကန်စစ်သား ၂,၅၀၀ အပါအဝင် လူပေါင်း လေးသောင်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ထိုစစ်ပွဲ၏ သွေးအချောင်းအစီး ဆုံးနှစ်ဟု သတ်မှတ်ခံရသော ၁၉၆၈ ခုနှစ် တနှစ်တည်းမှာတင် အမေရိကန်နိုင်ငံသား တသောင်းခွန်ထောင် သေဆုံးခဲ့ရလေသည်။
ဗီယက်နမ်စစ်ပွဲအတွင်း သေဆုံးသူအရေအတွက် တိုးပွားလာသည်နှင့်အမျှ ထိုစစ်ပွဲသည် လူထုအကြား ပို၍ပို၍ ရေပန်းစားမလာဘဲ ဆန့်ကျင်ခြင်း ခံလာရသည်။ ထို့အတူပင် စစ်ပွဲကို အပြည့်အဝ ထောက်ခံအားပေးခဲ့သည့် သမ္မတ လင်ဒန် ဘိန်းစ် ဂျွန်ဆင် သည်လည်း လူထု၏ ငြိုငြင်မှုကို ခံခဲ့ရသည်။
သို့သော်လည်း ၁၉၆၈ ခုနှစ် မတ်လအထိ၊ ဒီမိုကရက်တစ်ပါတီဝင်များ ချီကာဂိုမြို့ရှိ အမျိုးသားညီလာခံတွင် စုရုံးကြသည့်အခါ သမ္မတ အယ်လ်ဘီဂျေ ကိုပဲ ပါတီကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံရွေးချယ်ကြလိမ့်မည်ဟု လူအများက ယူဆထားကြဆဲ ဖြစ်သည်။
ထိုလအတွင်း၌ပင် ချီကာဂိုမြို့အနီးရှိ လိတ်ဗီလာ တွင် တက်ကြွလှုပ်ရှားသူ နှစ်ရာခန့် ဆုံတွေ့ခဲ့ကြသည်။ ၎င်းတို့သည် သြဂုတ်လတွင် ကျင်းပမည့် ပါတီညီလာခံ၌ ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ရန် ဆော်ဩသင့်၊ မသင့်နှင့် အကယ်၍ ပြုလုပ်မည်ဆိုပါက မည်သို့သော ဆန္ဒပြပွဲမျိုး ဖြစ်သင့်သည်ကို ဆွေးနွေးရန် စုရုံးခဲ့ကြခြင်း ဖြစ်သည်။
အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သည့် ဝါရင့်ငြိမ်းချမ်းရေးအဖွဲ့အစည်းများသည် အင်အားချင်းပူးပေါင်းကာ “ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ရေး လှုပ်ရှားမှုအဖွဲ့” (သို့မဟုတ် အတိုကောက် MOBE) ဟု ခေါ်ဆိုသည့် အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့ကြသည်။ အဆိုပါ MOBE အဖွဲ့က ဦးဆောင်ကျင်းပသည့် ဆွေးနွေးပွဲအတွင်း တက်ကြွလှုပ်ရှားသူများအကြား သဘောထားကွဲလွဲမှုများ ပြင်းထန်စွာ ရှိနေကြောင်း ပေါ်လွင်ခဲ့သည်။
တွမ်ဟေဒင် ၊ ရန်နီဒေးဗစ် နှင့် ဒေးဗစ်ဒဲလင်ဂျာ ကဲ့သို့သော MOBE အဖွဲ့ခေါင်းဆောင် အများအပြားက ဒီမိုကရက်တစ်ပါတီ ညီလာခံတွင် အကြမ်းမဖက်ဘဲ ဆန္ဒပြကြရန် တိုက်တွန်းခဲ့ကြသည်။ သို့သော် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပို၍အစွန်းရောက်သော အုပ်စုများကမူ လမ်းမများပေါ်တွင် တက်ကြွပြင်းထန်စွာ လှုပ်ရှားခြင်းနှင့် အာဏာဖီဆန်ခြင်းနည်းလမ်းများကို အသုံးပြုရန် အပြင်းအထန် ငြင်းခုံ ပြောဆို ခဲ့ကြသည်။
၎င်းတို့ကိုယ် ၎င်းတို့ ယူသ် အင်တာနေရှင်နယ် ပါတီ (Youth International Party) သို့မဟုတ် ရစ်ပီများ (Yippies) ဟု ခေါ်ဆိုကြသည့် အသစ်ဖွဲ့စည်းလိုက်သော အဖွဲ့အစည်းတခုမှ ခေါင်းဆောင်များသည်လည်း လိတ်ဗီလာ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။
ထိုအစည်းအဝေးတွင် မြင်တွေ့ခဲ့ရသည့် အခြေအနေများအပေါ် ၎င်းတို့အနေဖြင့် အထင်တကြီး မရှိခဲ့ကြပေ။ လအနည်းငယ်ကြာကတည်းက ရစ်ပီများသည် ကွန်ဗင်းရှင်းညီလာခံ ကျင်းပမည့်အချိန်တွင် ချီကာဂိုမြို့၌ ပြုလုပ်ရန် ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်တစ်ခုကို ကြိုတင်လှုံ့ဆော်နေခဲ့ကြပြီး ထိုပွဲကို "သက်စောင့်ပွဲတော်" Festival of Life ဟု အမည်ပေးခဲ့ကြသည်။
ရစ်ပီအဖွဲ့ကို တည်ထောင်သူများဖြစ်ကြသည့် အက်ဘီ ဟော့ဖ်မန်း နှင့် ဂျယ်ရီ ရူးဘင် တို့က "YIP မှ ထုတ်ပြန်ချက်" တွင် လူငယ်များကို ချီကာဂိုမြို့၌ စုရုံးကြရန် တိုက်တွန်းခဲ့ကြသည်။ ၎င်းတို့၏ ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်တခုက YIP ၏ အစီအစဉ်များကို ရိပ်မိ သိရှိနိုင်မည်ဖြစ်သည် -
"နွေရာသီကာလ ရောက်ပြီ။ ဒါဟာ ဩဂုတ်လရဲ့ နောက်ဆုံးသီတင်းပတ်ဖြစ်ပြီး 'အမျိုးသား သေမင်းပါတီ' ဟာ လင်ဒန် ဂျွန်ဆင်ကို ကောင်းချီးပေးဖို့ တွေ့ဆုံကြမှာ ဖြစ်တယ်။ ငါတို့လည်း အဲဒီမှာ ရှိနေမယ်! ငါတို့ လူဦးရေ ငါးသောင်းလောက်ဟာ အသံချဲ့စက်တွေ၊ တေးသံသာတွေနဲ့အတူ လမ်းမတွေပေါ်မှာ ခုန်ပေါက် ကခုန်နေကြလိမ့်မယ်။ ငါတို့ ပန်းခြံတွေထဲမှာ ချစ်တင်းနှီးနှောကြမယ်။ ငါတို့ စာဖတ်မယ်၊ သီချင်းဆိုမယ်၊ ရယ်မောမယ်၊ သတင်းစာတွေ ရိုက်နှိပ်မယ်၊ ရှာဖွေစမ်းသပ်မယ်၊ ပြီးတော့ ကွန်ဗင်းရှင်းညီလာခံအတုတခု လုပ်ပြီး ငါတို့ရဲ့ကိုယ်ပိုင်ခေတ်မှာ 'လွတ်လပ်တဲ့ အမေရိက' ပေါ်ထွန်းလာခြင်းကို ဆင်နွှဲကြမယ်။ အရာအားလုံးဟာ အခမဲ့ ဖြစ်လိမ့်မယ်။
စောင်တွေ၊ တဲတွေ၊ စစ်မှုထမ်းကတ်တွေ၊ ခန္ဓာကိုယ်ခြယ်သတဲ့ဆေးတွေ၊ မစ္စတာလောင်ရီရဲ့ နွား ၊ မျှဝေစားသုံးဖို့ အစားအစာတွေ၊ ဂီတ၊ စိတ်အားထက်သန်တဲ့ အထိအတွေ့နဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်လာခဲ့ကြပါ။ အယ်လ်ဘီဂျေ ၊ မြို့တော်ဝန် ဒေးလီးနဲ့ ဂျေ အက်ဂါ ဖရီကို တို့ရဲ့ ခြိမ်းခြောက်မှုတွေက ငါတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး။"
လိတ်ဗီလာ အစည်းအဝေးတွင် ဟေဒင် နှင့် ဒေးဗစ် တို့ ရေးသားပြုစုထားသော စာမျက်နှာ ၂၁ မျက်နှာပါ စာတမ်းတခုကို တက်ရောက်လာသူများထံ ဖြန့်ဝေခဲ့သည်။ ထိုစာတမ်းတွင် အကြမ်းမဖက်သော ဆန္ဒပြမှုများ လုပ်ဆောင်ရန် အကြံပြုထားသည်။
အစည်းအဝေးရှိ အခြားသူများကမူ ဆန္ဒပြမှုများကို လုံးဝဆန့်ကျင်ခဲ့ကြပြီး၊ ယင်းအစား အထက်လွှတ်တော်အမတ် ယူဂျင်း မက်ကာသီ ကဲ့သို့သော ငြိမ်းချမ်းရေး လိုလားသည့် ကိုယ်စားလှယ်လောင်းနောက်တွင် စုစည်းညီညွတ်ကြရန် အကြံပြုခဲ့ကြသည်။ အက်ဘီ ဟော့ဖ်မန်း ကမူ မဟာဗျူဟာနှင့် ပတ်သက်၍ အဆုံးအစမရှိ ဆွေးနွေးငြင်းခုံမှုများကို လှောင်ပြောင်ခဲ့သည်။ သူက ဤသို့ဆိုသည် - “MOBE အဖွဲ့အနေနဲ့ ချီကာဂိုကို သွားသင့်၊ မသွားသင့်ဆိုတာကို နှစ်ရက်တိုင်တိုင် ငြင်းခုံနေခဲ့ကြတယ်။ ကျွန်တော်တို့ အတွက် ရယ်စရာ ဖြစ်နေတယ်။ သူတို့ ဟိုဘက်ဒီဘက် ငြင်းခုံနေကြချိန်မှာ ကျွန်တော်တို့ကတော့ မူးယစ်ဆေးသုံးလိုက်၊ လှပတဲ့ မိန်းကလေးတွေနဲ့ အချစ်ဇာတ်လမ်း ဆင်လိုက်၊ ပျော်ပါးနေလိုက်ကြတာပဲ။”