ရေဆုံး မြေဆုံး အမဲလိုက် ခံရသော နာဇီ ခေါင်း ‌ဆောင် များ(37)

by Hla Soewai - Jun 29 2026

လူသတ်သမား အဒေါ့ဖ် အိုက်ခ်မန်း သည် ၎င်း၏ အာဂျင်တီးနား မှတ်ပုံတင်ကတ်ပြားပေါ်တွင် အသက်ကို ခုနစ်နှစ်ခန့် လျှော့၍ ရေးသွင်းထားသော်လည်း၊ ယခုအခါ သူ၏ ၅၄ နှစ်မြောက် မွေးနေ့သို့ ရောက်ရန် ရက်ပိုင်းမျှသာ လိုတော့သည်။ သူသည် တောင်အမေရိကတွင် နေထိုင်ခဲ့သည်မှာ ဆယ်စုနှစ်တခုနီးပါး ရှိပြီ ဖြစ်သည်။ 

 

ဤအက်စ်အက်စ် အရာရှိဟောင်း သည် စစ်ပွဲအတွင်းက ကံဆိုးမိုးမှောင်ကျခဲ့ရသည့် ဂျူးလူမျိုးများစွာထံမှ အက်စ်အက်စ် (SS) အဖွဲ့က လုယက်တိုက်ခိုက်ခဲ့သော ရွှေများနှင့် အခြားသော ရတနာပစ္စည်းများကို မည်သို့ စီမံခန့်ခွဲပစ်ခဲ့သည်ဆိုသည့် မှတ်တမ်းအထောက်အထား မရှိသော်လည်း၊ လက်ရှိတွင် ၎င်းတွင် ထိုစည်းစိမ်ချမ်းသာများ ပိုင်ဆိုင်မထားသည်ကတော့ အသေအချာပင် ဖြစ်သည်။

 

အိုက်ခ်မန်း သည် ဝင်ငွေနည်းပါးလှသော ကိုယ်ကာယစိုက်ထုတ်ရသည့် လုပ်ငန်း အမျိုးမျိုးကို လုပ်ကိုင်ရင်း ဘဝကို မနည်းရုန်းကန် ဖြတ်သန်းနေရသည်။ သူသည် အားလပ်ချိန်များတွင် တယောထိုးလေ့ရှိပြီး၊ ဗျူနိုအေးရိစ် မြို့လယ်ရှိ ABC ဘားတွင် နာဇီအရာရှိဟောင်း အချို့နှင့်အတူ တခါတရံ သောက်စားတတ်သည်။ ထိုနေရာတွင်မူ အိုက်ခ်မန်းသည် စစ်တွင်းကာလက သူကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် ရရှိထားသော နာမည်ဆိုးနှင့်အတူ ရိုသေလေးစားမှုကို အတိုင်းအတာတခုအထိ ခံစားရရှိနေဆဲ ဖြစ်သည်။

 

သို့သော် အချိန်ကာလ ကုန်လွန်လာပြီး ဂျာမန်လူမျိုး အတော်များများသည် ဥရောပသို့ တိတ်တဆိတ် ပြန်သွားကြသည့် အခါတွင်တော့ အိုက်ခ်မန်း၏ အခြေအနေမှာ စတင်ပြောင်းလဲလာခဲ့သည်။ မိမိကိုယ်ကို အပယ်ခံရသလို ခံစားရကြောင်းလည်း သူက ညည်းတွားတတ်လာသည်။ 

 

သူ၏ အကြီးဆုံးသား နစ်ခ် က ဖခင် ဖြစ်သူ ယခုလို ဖြစ်လာရခြင်း၏ နောက်ကွယ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် အခြားသော စစ်ရာဇဝတ်ကောင်တဦး၏ လက်ချက် အများကြီး ပါဝင်နေသည်ဟူ၍ နောက်ပိုင်း တွင် ခါးသီးစွာ နှင့် ပြန်ပြောင်း ပြောပြခဲ့သည်။

 

ယခုအခါ မင်းဂလိ မှာ ပါရာဂွေးနိုင်ငံသို့ ထွက်ပြေးပုန်းအောင်းသွားခဲ့ပြီဖြစ်ရာ၊ အိုက်ခမန်း သည် အာဂျင်တီးနားနိုင်ငံတွင် အလိုရှိဆုံး SS လူသတ်သမားအဖြစ် ကျန်ရစ်ခဲ့သည်။ ဖရစ်ဇ် ဘောင်ဝါ ကဲ့သို့သော ဂျာမနီအာဏာပိုင်များ၏ နာဇီစစ်ရာဇဝတ်ကောင်များကို တရားစွဲဆိုမှုများကြောင့် ဟိုလိုကော့ အကြောင်း သိရှိနားလည်မှုများ မြင့်တက်လာပြီး တင်းမာမှုများလည်း ဆက်လက်ကြီးထွားနေသည်။

 

အနောက်ဂျာမနီအစိုးရသည် နာဇီစစ်ရာဇဝတ်ကောင်ဟောင်းများနှင့် ပတ်သက်၍ လျှို့ဝှက်ထားဆဲဖြစ်သော်လည်း၊ အိုက်ခမန်းကဲ့သို့သော လူမျိုးများကို ရှာဖွေဖော်ထုတ် တရားစွဲဆိုရန် မတတ်သာဘဲ ဝန်လေးစွာဖြင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လာနေသည်။ ၎င်းကို ကိုယ်ကျင့်တရားဆိုင်ရာ မဖြစ်မနေလုပ်ရမည့် တာဝန်တခုအဖြစ် တော့ ဆောင်ရွက်ခြင်းမျိုးမဟုတ်။

 

ဆိုဗီယက်ယူနီယံက အရှေ့ဂျာမနီထံသို့ သိမ်းဆည်းရမိထားသော နာဇီစာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ အရှေ့ဂျာမနီ၏ ရည်ရွယ်ချက်မှာ အနောက်ဂျာမနီဘက်မှ အရာရှိများကို အသရေဖျက်ရန်နှင့် တပြိုင်နက်တည်းမှာပင် အနောက်ဂျာမနီအစိုးရသည် ယုတ်မာရက်စက်သော နာဇီစစ်ရာဇဝတ်ကောင်များအပေါ် ပျော့ပျောင်းညှာတာနေကြောင်း ပုံဖော်ရန်ဖြစ်သည်ဟု အနောက်ဂျာမနီ ထောက်လှမ်းရေးအဖွဲ့က ယုံကြည်ရန် အကြောင်းများ ရှိနေသည်။

 

ဂျာမနီတွင် အဒေါ့ဖ် အိုက်ခ်မန်း အကြောင်းကို စာအုပ်များနှင့် မဂ္ဂဇင်းဆောင်းပါးများစွာတွင် ရေးသားဖော်ပြ နေကြသည်။ အာဂျင်တီးနားတွင်မူ လူသိနည်းသော အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် အိုက်ခ်မန်းသည် သားဖြစ်သူများကို ၎င်းတို့၏ ဖခင် သို့မဟုတ် မိသားစုအကြောင်း လူအများကြားတွင် ပြောဆိုခြင်း လုံးဝမပြုရန် ပိတ်ပင်ထားသည်။ အိုက်ခ်မန်းသည် ၎င်း၏ သားများကို စည်းကမ်းရှိစေရန် စိတ်လိုက်မာန်ပါဖြင့် ပါးကို ပြင်းပြင်းထန်ထန် ရိုက်လေ့ရှိသည်ဟုလည်း လူသိများသည်။

 

၁၉၅၈ ခုနှစ်နှောင်းပိုင်းတွင် အိုက်ခ်မန်းသည် အာဂျင်တီးနားရှိ သူ၏ ပျင်းရိငြီးငွေ့ဖွယ် ဘဝကို လက်ခံလိုက်ရုံသာမက သူကျူးလွန်ခဲ့သော သန်းပေါင်းများစွာသော လူသတ်မှုများအတွက် တရားစွဲဆိုနိုင်သည့် သက်တမ်းကန့်သတ်ချက်သည်လည်း မည်သည့်အခါမျှ ကုန်ဆုံးသွားလိမ့်မည်မဟုတ်ကြောင်း ရိပ်မိလာခဲ့သည်။ 

 

ထို့ကြောင့် သူ၏ မိသားစုအတွက် ပိုမိုအခြေတကျရှိမည့် ဘဝတစ်ခုကို ဖန်တီးရန် ကြိုးပမ်းခဲ့သည်။ သူသည် ဗျူနိုအေးရိစ်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်သော ဆန်ဖာနန်ဒိုရှိ ဂါရီဘောလ်ဒီ လမ်းမပေါ်မှ မြေကွက်တကွက်ကို ပီဆို ၅၆,၀၀၀ ပေး၍ ဝယ်ယူခဲ့သည်။ မြေကွက်အမှတ် (၁၄) သည် အလျား သုံးပုံတပုံမိုင်ခန့်နှင့် အနံ သုံးပုံတပုံမိုင်ခန့် ရှိသည်။ ထိုမြေကွက်သည် အထီးကျန်ဆိတ်ငြိမ်ပြီး မဖွံ့ဖြိုးသေးသည့်အပြင် ရွှံ့နွံထူထပ်ကာ လျှပ်စစ်မီး၊ ရေပိုက်လိုင်း သို့မဟုတ် ရေဆိုးထုတ်စနစ်များလည်း မရှိချေ။

 

 သို့သော် အလုပ်လက်မဲ့ဖြစ်နေသော ကာလတိုအတွင်းတွင် အိုက်ခ်မန်းသည် ထိုနေရာ၌ အိမ်သစ်တစ်လုံး ဆောက်လုပ်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ သူသည် စွဲစွဲမြဲမြဲ ဇွဲနပဲဖြင့် လုပ်ကိုင်ရင်း မြေကွက်မှ ရေများကို ဖောက်ထုတ်ကာ ထူထဲသော နံရံကြီးများ နှင့် ဖောက်ထွင်းကျော်ဖြတ်၍မရသော ဘန်ကာခံတပ်တခုကို တည်ဆောက်ခဲ့လေသည်။

 

၁၉၅၉ ခုနှစ် မတ်လအထိ ထိုအိမ်မှာ ဆောက်လက်စတန်းလန်းသာ ရှိသေးသည်။ ထိုအချိန်တွင် အိုက်ခမန်း သည် မာစီးဒီး-ဘန့်ဇ် စက်ရုံတရုံတွင် ကုမ္ပဏီ၏ ကုန်လှောင်ရုံအတွင်း အပိုပစ္စည်းများ ခွဲခြားသတ်မှတ်ပေးရသည့် အလုပ်ကို တလလျှင် ပီဆို ၅,၅၀၀ ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ 

 

သူနှင့်အတူ အလုပ်လုပ်ကြသည့် လုပ်ဖော်ကိုင်ဖက် အချို့မှာ စစ်ပြီးခေတ်တွင် ဂျာမနီနှင့် သြစတြီးယားနိုင်ငံတို့မှ အာဂျင်တီးနားသို့ ပြောင်းရွှေ့အခြေချလာကြသူများ ဖြစ်ကြသည်။ ၎င်းတို့အထဲမှ အများအပြားမှာ အက်စ်အက်စ် (SS) နာဇီအထူးတပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသော်လည်း ကြီးကြပ်ကွပ်ကဲသူ အရာရှိတဦးမှာမူ ဂျူးလူမျိုးတစ်ဦး ဖြစ်နေသည်။ 

 

အတူအလုပ်လုပ်ခဲ့ဖူးသည့် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တဦးက အိုက်ခမန်းကို “အရမ်းယဉ်ကျေးပြီး ပေါင်းသင်းရတာ အဆင်ပြေတဲ့သူ။ ကျွန်မကို တွေ့တိုင်း နှုတ်ဆက်တတ်ပြီး ညနေတိုင်း အလုပ်ဆင်းလို့ ပြန်တော့မယ်ဆိုရင် ‘မနက်ဖြန်မှ တွေ့ကြတာပေါ့’ လို့ အမြဲပြောလေ့ရှိတယ်” ဟု ပြန်လည်အမှတ်ရနေမည်သာ ဖြစ်သည်။

 

အလုပ်သွားရန် ဘတ်စ်ကားစီးရသည့် အချိန်မှာ တကြောင်းလျှင် နှစ်နာရီကြာမြင့်သည်။ အိုက်ခမန်း သည် ည ၈ နာရီမတိုင်မချင်း အိမ်သို့ ပြန်မရောက်နိုင်သည်က များသဖြင့် ၎င်းသည် သားများ နှင့် အတူတန်ဖိုးရှိလှသော စနေ၊ တနင်္ဂနွေ အားလပ်ရက်များ၌သာ ဝယ်ထားသော မြေကွက်သစ်ကို ဖော်ထုတ်တည်ဆောက်နိုင်ခဲ့ကြသည်။ 

 

သို့သော် ဆောက်လုပ်ရေးလုပ်ငန်း စတင်ပြီး တနှစ်ကျော်အကြာတွင် အိုက်ခမန်းသည် ၎င်း၏မိသားစုကို ချာကာဘူကို လမ်းမှ ခြောက်မိုင်ခန့်အကွာရှိ အမိုးပြား တထပ်တိုက် လေး ဆီသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ စစ်ပွဲအတွင်းက ဗီလာအိမ်ကြီးများ၊ ဇိမ်ခံဟိုတယ်များတွင် နေထိုင်ကာ အစေအပါးများဖြင့် ဝန်းရံလျက် စိတ်တိုင်းကျ အလိုလိုက်ခံခဲ့ရသည့် ဇိမ်ခံလူနေမှုဘဝမျိုးနှင့်မူ အကွာကြီး ကွာနေရပေပြီ။

 

သို့သော်လည်း တံခါးနှင့် ပြတင်းပေါက် တံခါးရွက်များကို ဗာဗေးရီးယား စတိုင်အတိုင်း ထူထဲသော သစ်သားများဖြင့် ပြုလုပ်ထားသည်။ လျှပ်စစ်မီးအစား ရေနံဆီမီးခွက်များကို သုံးရပြီး ရေလည်း မရသေးပေ။ အိမ်မှာ ကုန်းမြင့်လေးတစ်ခုပေါ်တွင် တည်ရှိပြီး၊ အိုက်ခမန်းအနေဖြင့် အရပ်မျက်နှာအသီးသီးသို့ ကိုက်ရာပေါင်းများစွာအထိ ရှင်းလင်းစွာ မြင်ကွင်းကျယ် ကြည့်ရှုနိုင်ရန် အိမ်ရှေ့ဝရန်တာနှင့် ဧည့်ခန်းပြတင်းပေါက်များကို အထူးတလည် ဒီဇိုင်းထွင် တည်ဆောက်ထားလေသည်။

 

ဤသို့ဖြင့် အဒေါ့ဖ် အိုက်ခ်မန်း သည် လူမြင်ကွင်းတွင် ပုန်းကွယ်နေပြီး နေ့စဉ် နံနက်တိုင်း ဘတ်စ်ကားမှတ်တိုင်သို့ အသွားအပြန် လုပ်နေသည်။ သူသည် မြို့ထဲသို့ သိပ်မသွားတတ်ဘဲ၊ စနေ၊ တနင်္ဂနွေရက်များကို အိမ်၌ပင် တိုလီမုတ်စ အလုပ် လေးများလုပ်၍၎င်း၊ တယောတီး၍၎င်း အချိန်ကုန်ဆုံးခြင်းကို ပို၍နှစ်သက်သည်။ သာမန်လူတစ်ယောက်၏ အမြင်တွင် သူသည် မိမိ၏ဘဝကို နေရပ်သစ်၌ အေးချမ်းစွာ နေထိုင်သွားရန် ဆုံးဖြတ်ထားသည့် အသက်အရွယ်ရ လူတစ်ယောက်မျှသာ ဖြစ်သည်။ 

 

မာစီဒီး တွင် အတူလုပ်ကိုင်နေသည့် လုပ်ဖော်ကိုင်ဖက်များထဲမှ သူ၏ အမည်ရင်းနှင့် အတိတ်ကို သိသူ အလွန်နည်းသည်။ သူသည် ဂျာမန်တို့ သိမ်းပိုက်ထားသည့် နယ်မြေများအတွင်း ဂျူးလူမျိုးများကို တတ်နိုင်သမျှ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့်၊ စစ်ပွဲအတွင်း စစ်ပွဲငယ်တခုကို မရှက်မကြောက် ဆင်နွှဲခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော “ဂျူးတို့၏ ဘုရင်” ဖြစ်ခဲ့ရသည်ကို ဂုဏ်ယူနေသူဖြစ်ကြောင်း မည်သူမျှ သံသယမရှိကြ။ ယခုမူ သူသည် အီတလီနိုင်ငံ၊ ဘိုဇာနို မှ အန်နာကလယ်မန့် ဆိုသူ နှင့် တရားမဝင် ရထား‌ သော သား၊ အာဂျင်တီးနား မှတ်ပုံတင်အမှတ် ၁၃၇၈၅၃၈ ကိုင်ဆောင်ထားသူ ရီကာဒို ကလယ်မန့် ဖြစ်နေသည်။ သို့သော် ထိုဂဏန်းမှာ အတုအယောင်သာ ဖြစ်သည်။ အိုက်ခ်မန်းကို အမှန်တကယ် ဖော်ပြနေသည့် ဂဏန်းမှာ ၎င်း၏ နာဇီပါတီဝင်အမှတ်ဖြစ်သော ၄၅,၃၂၆ ပင် ဖြစ်သည်။ 

 

သူသည် အလုပ်သစ်ရရှိပြီး အိမ်သစ်ဆောက်ထားနိုင်ပေမည်၊ သို့သော် အဒေါ့ဖ် အိုက်ခ်မန်း၏ အတိတ်သည် သူ၏ အနာဂတ်အပေါ် ပိုမို၍ သက်ရောက်မှု ရှိလာလိမ့်မည်။ ထို့ပြင် ထိုယခင်က အိုဘာစတားဘန်းဖျူရာ ခေါ် နာဇီတပ်မှူး) တဦးဖြစ်သူ မသိလိုက်ရသည့်အချက်မှာ၊ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် သူ့ကို အရေးယူရန် အလိုရှိနေသူများက တဖြေးဖြေး နီးကပ်လာနေပြီ ဖြစ်သည် ဆိုခြင်းပင်။

 

***********