ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(27)

by Hla Soewai - Jun 29 2026

ပုဂ္ဂလိကကဏ္ဍ အရှိန်အဟုန်ဖြင့် နိုးထလာခြင်း

 

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပုဂ္ဂလိကကဏ္ဍ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာပြီး ကျယ်ပြန့်လာခြင်းသည် ကွန်မြူနစ်ပါတီ၏ ကြိုတင်စီမံထားမှု သို့မဟုတ် စနစ်တကျ ကြိုးပမ်းအားထုတ်မှုကြောင့် ဖြစ်လာခဲ့ခြင်းမဟုတ်ပေ။ အမှန်စင်စစ် ပါတီအတွင်းရှိ ရှေးရိုးစွဲဝါဒီများ၏ ကန့်ကွက်မှုများကြောင့် ပါတီအနေဖြင့် ပုဂ္ဂလိကကဏ္ဍ နိုးထလာလိမ့်မည်ဟု ကြိုတင်မမျှော်မှန်းနိုင်ခဲ့သလို၊ ၎င်းကဏ္ဍကို တက်တက်ကြွကြွ မြှင့်တင်ပေးခဲ့ခြင်းလည်း မရှိခဲ့။

 

 ယင်းအစား ပြုပြင်ပြောင်းလဲရေးသမားများသည် ပုဂ္ဂလိကကဏ္ဍအနေဖြင့် တရားဝင်ရပ်တည်ခွင့်နှင့် စီးပွားရေးလွတ်လပ်ခွင့်ကို တဖြည်းဖြည်းချင်း ရရှိနိုင်စေရန် ခြေလှမ်းအနည်းငယ်မျှသာ စမ်းသပ်လုပ်ဆောင်ခဲ့ကြသည်။

 

ကွန်မြူနစ်စနစ် ပြိုလဲပြီးနောက် နိုင်ငံပိုင်လုပ်ငန်း (SOEs) များကို ပုဂ္ဂလိကပိုင်အဖြစ် အလုံးအရင်း ပြောင်းလဲလိုက်ရာမှ ပုဂ္ဂလိကကဏ္ဍ ပေါ်ထွက်လာခဲ့သည့် ဆိုဗီယက်စခန်းဟောင်း နိုင်ငံများနှင့်မတူဘဲ၊ တရုတ်နိုင်ငံတွင်မူ ပုဂ္ဂလိကကဏ္ဍ နိုးထလာခြင်းသည် အသေးစားလုပ်ငန်း အမြောက်အမြား ဈေးကွက်ထဲသို့ တိုးဝင်လာခြင်းနှင့် နိုင်ငံပိုင်များကို "တရွေ့ရွေ့နှင့် ပုဂ္ဂလိကပိုင် ပြောင်းလဲခြင်း" (Creeping privatization) နည်းလမ်းတို့ဖြင့် ထင်ရှားပေါ်လွင်ခဲ့ခြင်း ဖြစ်သည်။

 

ပြုပြင်ပြောင်းလဲရေး မလုပ်ဆောင်မီ အချိန်အထိ လုံးဝမရှိသလောက် ဖြစ်ခဲ့သော ပုဂ္ဂလိကကဏ္ဍ၏ တက်ကြွလှုပ်ရှားမှုများသည် ၁၉၈၀ ပြည့်လွန်နှစ်များတလျှောက်လုံးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအသစ်တရပ်ကို ဖန်တီးပေးခဲ့သည်။ ယင်းသည် တရုတ်စီးပွားရေးပုံစံကို အခြေခံကျကျ ပြောင်းလဲပုံဖော်ပေးခဲ့ပြီး ရေရှည်အောင်မြင်မှုအတွက် အခြားသော မူဝါဒ သို့မဟုတ် ပြုပြင်ပြောင်းလဲမှုအားလုံးထက် ပိုမိုအကျိုးပြုခဲ့သည်ဟုပင် ဆိုနိုင်ပါသည်။

 

ရလဒ်အနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုသည် ထိရောက်မှုမရှိသော နိုင်ငံပိုင်လုပ်ငန်းများကို ပြုပြင်ပြောင်းလဲခြင်းထက် "ဗဟိုချုပ်ကိုင်မှုအစီအစဉ်ထဲမှ ရုန်းထွက်ကာ ကြီးထွားလာခြင်း"ကြောင့် ဖြစ်သည်ဟု ကောက်ချက်ချခြင်းမှာ ယုတ္တိတန်လှပေသည်။

 

စီမံကိန်းအောက်မှ ရုန်းထွက်၍ ကြီးထွားလာသည့် ဤဖြစ်စဉ်နှင့် ပတ်သက်၍ အကောင်းဆုံး အနှစ်ချုပ် သုံးသပ်ချက်ကို ၁၉၈၀ ပြည့်လွန်နှစ်များ၏ ကာလ အတော်များများတွင် စီးပွားရေးကို တာဝန်ယူခဲ့ရသူ ဝန်ကြီးချုပ် ကျောက်ကျီယန် ယခုလို ပြောကြားခဲ့သည်။ ကျောက်ကျီယန်၏ အဆိုအရ ထိုဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အရေးအကြီးဆုံး ကဏ္ဍတစ်ခုမှာ ကျေးလက်မြို့နယ်နှင့် ရွာပိုင်လုပ်ငန်းများ (TVEs)၊ ပုဂ္ဂလိက လုပ်ငန်းများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရှိသော လုပ်ငန်းများဖြင့် ဖွဲ့စည်းထားသည့် ဈေးကွက်စီးပွားရေးစနစ်သစ်တခု တဖြည်းဖြည်း ကြီးထွားလာပြီး အားကောင်းလာခြင်းပင် ဖြစ်သည်။

 

အဆိုပါ ဈေးကွက်စီးပွားရေးစနစ်သစ်သည် နိုင်ငံတော်က ချမှတ်ထားသည့် စီမံကိန်းစီးပွားရေးစနစ်၏ ပြင်ပတွင် တည်ရှိပြီး ဈေးကွက်စည်းမျဉ်းများအတိုင်း လည်ပတ်ခဲ့သည်။ ထိုလုပ်ငန်းများသည် ၎င်းတို့၏ ထိရောက်မှုနှင့် တက်ကြွမှုတို့ကြောင့် နိုင်ငံပိုင်လုပ်ငန်းများထက် များစွာ ပိုမိုမြန်ဆန်စွာ ကြီးထွားလာခဲ့ကြသည်။ ရလဒ်အနေဖြင့် မူလစီမံကိန်းစီးပွားရေးစနစ်မှာ အခြေခံအားဖြင့် ပြုပြင်ပြောင်းလဲမှု မရှိဘဲ ကျန်ရှိနေသေးသည့်တိုင်အောင် ဈေးကွက်စီးပွားရေး၏ ဝေစုမှာ ဆက်လက် မြင့်တက်နေခဲ့ပြီး၊ အချိန်ကြာလာသည်နှင့်အမျှ ဤဖြစ်ထွန်းတိုးတက်မှုက တရုတ်စီးပွားရေး၏ သဘာဝ ပုံပန်းကို ပြောင်းလဲပစ်ခဲ့သည်။

 

ပြန် သုံးသပ်ကြည့်လျှင် "စီမံကိန်းဘောင်အတွင်းမှ ရုန်းထွက်၍ ကြီးထွားလာခြင်း" ၏ အကျိုးကျေးဇူးများသည် အထင်အရှားပင် ဖြစ်သည်။ ယင်း၏ တွန်းအားမှာ ရိုးရှင်းသော်လည်း အလွန်ထိရောက်မှုရှိသည်။ ပုဂ္ဂလိကလုပ်ငန်းများသည် ပိုမိုထိရောက်သွက်လက်သဖြင့် ပိုမိုမြန်ဆန်စွာ ကြီးထွားလာနိုင်ပြီး၊ အချိန်ကြာလာသည်နှင့်အမျှ နိုင်ငံပိုင်လုပ်ငန်းများထံမှ ဈေးကွက်ဝေစုကို လုယူကာ စီးပွားရေးထုတ်ကုန်ကဏ္ဍတွင် ပိုမိုမြင့်မားသော အချိုးအစားကို ရယူလာနိုင်သောကြောင့် ဖြစ်သည်။

 

ပုဂ္ဂလိကကဏ္ဍ ကြီးထွားလာခြင်းနှင့် အတူ နိုင်ငံပိုင်ကဏ္ဍ အချိုးအစားကျဆင်းသွားခြင်း ဟူသည့် (စီမံကိန်းဘောင်မှ ရုန်းထွက်ကြီးထွားခြင်း၏ အဓိကထူးခြားချက်ကို) ၁၉၈၀ ပြည့်လွန်နှစ်များ (နှင့် နောက်ပိုင်းဆယ်စုနှစ်များ) ၏ စီးပွားရေးကိန်းဂဏန်းအချက်အလက်များတွင် တွေ့မြင်နိုင်သည်။ 

 

ပကတိပမာဏအားဖြင့် ကြည့်မည်ဆိုလျှင် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံပိုင်ကဏ္ဍသည်လည်း တိုးတက်ခဲ့သော်လည်း၊ နိုင်ငံပိုင်မဟုတ်သောကဏ္ဍ (အဓိကအားဖြင့် ပုဂ္ဂလိကလုပ်ငန်းများ) က ပိုမိုမြန်ဆန်စွာ တိုးတက်လာခဲ့ခြင်းကြောင့် စီးပွားရေးထုတ်ကုန်စုစုပေါင်းတွင် ပိုမိုကြီးမားသော ဝေစုကို ရရှိသွားခဲ့သည်။

 

တရားဝင် အချက်အလက်များအရ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) ၏ စက်မှုကုန်ထုတ်လုပ်မှုတန်ဖိုးသည် ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အတွင်း ယွမ် ၃၆၇ ဘီလီယံမှ ၁.၂၃၄ ထရီလီယံအထိ မြင့်တက်ခဲ့ပြီး၊ တချိန်တည်းမှာပင် နိုင်ငံပိုင်မဟုတ်သောကဏ္ဍသည် ယွမ် ၁၀၀ ဘီလီယံမှ ၉၆၇ ဘီလီယံအထိ တိုးတက်လာခဲ့သည်။ ရလဒ်အနေဖြင့် စုစုပေါင်း စက်မှုကုန်ထုတ်လုပ်မှုတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) ၏ ပါဝင်မှုဝေစုသည် ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အတွင်း ၇၈ ရာခိုင်နှုန်းနီးပါးမှ ၅၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့လေသည်။

 

သို့သော်လည်း "စီမံကိန်းဘောင်အတွင်းမှ ရုန်းထွက်တိုးတက်ခြင်း" အစီအစဉ်သည် ကြီးထွားလာသည်နှင့်အမျှ ကြီးမားသော ကန့်သတ်ချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ကွန်မြူနစ်ပါတီအနေဖြင့် စွမ်းဆောင်ရည်ညံ့ဖျင်းသော နိုင်ငံပိုင်လုပ်ငန်းများ (SOEs) ကို ဆက်လက်မျက်နှာသာပေးခဲ့ပြီး၊ ပုဂ္ဂလိကကဏ္ဍအတွက် လုံခြုံစိတ်ချရသော ပိုင်ဆိုင်ခွင့်များနှင့် မျှတသော ယှဉ်ပြိုင်မှုအခွင့်အရေးများကို ဖန်တီးမပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ 

 

ထို့ကြောင့် တရုတ်နိုင်ငံ၏ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များသည် ၎င်းတို့၏ စွမ်းဆောင်ရည်ကို ပြင်းထန်စွာ ဟန့်တားပိတ်ပင်နေသည့် မဆီလျော်သော စည်းမျဉ်းစည်းကမ်းများနှင့် အဖွဲ့အစည်းဆိုင်ရာ ပတ်ဝန်းကျင်ဆိုးတစ်ခုအတွင်းမှာပဲ လှုပ်ရှားရုန်းကန်ခဲ့ကြရသည်။

 

ပုဂ္ဂလိကကဏ္ဍ၏ လျင်မြန်သော တိုးတက်မှုကြောင့် ရရှိလာသည့် စီးပွားရေးအကျိုးအမြတ်များသည် စွမ်းဆောင်ရည်ညံ့ဖျင်းသော နိုင်ငံပိုင်လုပ်ငန်းများကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည့် ဖိအားများကို ၁၉၉၀ ပြည့်လွန်နှစ်များ ကုန်ဆုံးခါနီးအထိ လျော့ပါးသွားစေခဲ့သည်။ 

 

ယင်း၏ အကျိုးဆက်အနေဖြင့် နိုင်ငံပိုင်လုပ်ငန်းများသို့ ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးခဲ့ရပြီး၊ ရလဒ်အနေဖြင့် နောက်ဆုံးတွင် နိုင်ငံပိုင်ဘဏ်လုပ်ငန်းစနစ်အတွင်း၌ ပြန်လည်မရရှိနိုင်တော့သော အကြွေးဆိုး (Bad Loans) များ တောင်ပုံရာပုံ စုပုံလာစေခဲ့သည်။

 

တရုတ်နိုင်ငံ၏ အသွင်ကွဲ စပ်ကြား စီးပွားရေးစနစ်သည် "အကျိုးအမြတ် အလွဲသုံးစားလုပ်ခွင့်" Rent-seeking အခွင့်အလမ်းများကိုလည်း အမြောက်အမြား ဖြစ်ပေါ်စေခဲ့သည်။ အကြောင်းမှာ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ခွင့်ပြုချက်များ၊ မြေယာနှင့် ဘဏ်ချေးငွေများကဲ့သို့သော နိုင်ငံပိုင်ကဏ္ဍ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် အရင်းအမြစ်များကို အာဏာပိုင်များနှင့် နီးစပ်မှုရှိသော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် အရာရှိကြီးများ၏ မိသားစုများထံသို့ အုပ်ချုပ်ရေးအာဏာသုံး၍ ခွဲဝေချထားပေးနိုင်သောကြောင့် ဖြစ်သည်။

 

ကျောက်ကျိယန် က သူ ရာထူးမှ ဖယ်ရှားခံရပြီးနောက် သုံးသပ်ခဲ့သလို—အထူးအခွင့်အရေးရထားသော နိုင်ငံပိုင်ကဏ္ဍနှင့် တက်ကြွလှုပ်ရှားနေသော ပုဂ္ဂလိကကဏ္ဍဟူသည့် အခြေခံအားဖြင့် လုံးဝကွဲပြားခြားနားသော စီးပွားရေးစနစ်နှစ်ခု ဒွန်တွဲတည်ရှိနေခြင်းသည် စီးပွားရေးအပေါ် ကြီးမားသော ဆိုးကျိုးများကို သက်ရောက်စေခဲ့သည်။ "စီမံကိန်းဘောင်အတွင်းမှ ရုန်းထွက်တိုးတက်ခြင်း" ကို အသွင်ကူးပြောင်းရေးမဟာဗျူဟာအဖြစ် ကျင့်သုံးခဲ့ခြင်းမှာ အမျှော်အမြင် ရှိရာ ကျခဲ့သော်လည်း၊ ရေရှည်တွင်မူ ယင်းစနစ်သည် ဆက်လက်အလုပ်မဖြစ်နိုင်တော့ပေ။