ချေ ၏ ပြောက်ကျားစစ် လက်စွဲ(43)

by Hla Soewai - Jun 29 2026

ကျူးဘား၏ လက်ရှိနှင့် အနာဂတ် အခြေအနေအပေါ် ခွဲခြမ်းစိတ်ဖြာချက် (၂)

 

ကျူးဘား အနေဖြင့် ရေနံလက်ဝါးကြီးအုပ် အရင်းရှင်လုပ်ငန်းစုကြီးများကို တိုက်ရိုက်ဖြစ်စေ၊ သိသိသာသာဖြစ်စေ ထိခိုက်နစ်နာအောင် လုပ်ဆောင်နိုင်ခဲ့၍ မဟုတ်ပ။ ကျွန်ုပ်တို့၏ ပြည်တွင်းလိုအပ်ချက်ကို ဖူလုံစေမည့် ရေနံပမာဏကို ရရှိနိုင်လိမ့်မည်ဟု ကျိုးကြောင်းဆီလျော်သော မျှော်လင့်ချက်များ ရှိနေသော်ငြားလည်း၊ ကျူးဘားမြေသည် ထိုသို့သော အဖိုးတန်လောင်စာ ရေနံသိုက်များ ကြွယ်ဝလှသည်ဟု ယုံကြည်ရလောက်သည့် အကြောင်းပြချက် မရှိသေး။

 

သို့သော်လည်း ကျူးဘား၏ ဥပဒေ (ရေနံနှင့် သဘာဝသယံဇာတများကို နိုင်ငံပိုင်သိမ်းသည့်ဥပဒေ) သည် အမေရိကတိုက်ရှိ အခြားသော ညီနောင်ပြည်သူများအတွက် လက်တွေ့ကျကျ မျက်ဝါးထင်ထင် မြင်သာစေမည့် စံနမူနာကောင်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုညီနောင်နိုင်ငံ အများအပြားသည် ထိုရေနံလက်ဝါးကြီးအုပ် ကုမ္ပဏီကြီးများ၏ ဖျက်ဆီးမွှေနှောက်မှုကို ခံနေရသလို၊ ပြိုင်ဘက် ထရပ်စ် (Trust) ကုမ္ပဏီကြီးများ၏ လိုအင်ဆန္ဒနှင့် လောဘဇောများကို ဖြည့်ဆည်းပေးရန်အတွက် ပြည်တွင်းစစ်မီးများကြားထဲသို့ တွန်းပို့ခြင်း ခံနေကြရသည်။

 

(Trust ကုမ္ပဏီ ကြီးများ ဆိုသည်က မိမိတို့ ကော်ပိုရေးရှင်းကြီးများ ပိုမိုချမ်းသာကြွယ်ဝဖို့နှင့် စျေးကွက်လွှမ်းမိုးဖို့အတွက် ဆင်းရဲသားနိုင်ငံငယ်လေးများ၏ အချုပ်အခြာအာဏာနှင့် ပြည်သူ့အသက်ပေါင်းများစွာကို ကစားကွက်ရွှေ့သလို ကစားခဲ့ကြသည့် အရင်းရှင် လက်ဝါးကြီးအုပ် စီးပွားရေးအုပ်စုကြီးများ" ကို ဆိုလိုခြင်း ဖြစ်ပါသည်။-စကားချပ်)

 

အခြားတဖက်တွင်မူ ကျူးဘားနိုင်ငံသည် အမေရိကတိုက်ကြီးအတွင်း ဘယ်အရာတွေ ဖြစ်နိုင်ခြေရှိသည် ဆိုတာကို ပြသနေရုံသာမက၊ မည်သည့်အချိန်အခါသမယသည် တော်လှန်ရေးလုပ်ဆောင်ချက်ကို စတင်စဉ်းစားရမည့် အချိန်ကျရောက်ပြီလဲ ဆိုသည်ကိုပါ ကွက်ကွက်ကွင်းကွင်း ပြသနေခြင်း ဖြစ်ပေသည်။

 

အရင်းရှင် လက်ဝါးကြီးအုပ် သမားများသည်လည်း ကျူးဘားနိုင်ငံအပေါ်သို့ စိတ်သက်မသာဖြစ်လာသော မျက်လုံးများဖြင့် စောင်းငဲ့ကြည့်လာကြသည်။ အကြောင်းမှာ ကာရစ်ဘီယံပင်လယ်ထဲက ဤကျွန်းငယ်လေးသည် တန်ခိုးအာဏာကြီးမားလှသော ‘ယူနိုက်တက် ဖရု ကုမ္ပဏီ’ (မစ္စတာ ဖော့စတာ ဒူးလက်စ် က သူ၏အမွေခံများထံ ချန်ထားရစ်ခဲ့သော အမွေအနှစ်) ၏ အကျိုးစီးပွားများကို ရဲရဲဝံဝံ ဖယ်ရှားပစ်ခဲ့ရုံတင်မက၊ မစ္စတာ ရော့ကီ ဖဲလား ၏ အင်ပါယာနှင့် ဂျာမန်လုပ်ငန်းစုကြီးများသည်လည်း ကျူးဘားပြည်သူ့တော်လှန်ရေး၏ ဝင်ရောက်စွက်ဖက်မှု ဟူသော ကြာပွတ်အောက်တွင် အလူးအလဲ ခံစားခဲ့ရသောကြောင့် ဖြစ်သည်။

 

ဤဥပဒေသည် သတ္တုတွင်းဥပဒေကဲ့သို့ပင် အင်အားသုံးခြိမ်းခြောက်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် နည်းမျိုးစုံဖြင့် အပြစ်ပေးမှုများပြုလုပ်ကာ ၎င်းတို့ကို ဟန့်တားနှောင့်နှေးအောင် ကြိုးပမ်းနေသူများအပေါ် ပြည်သူလူထုက ပြန်လည်တုံ့ပြန်လိုက်သည့် ဥပဒေဖြစ်သည်။ အချို့က သတ္တုတွင်းဥပဒေသည် လယ်ယာမြေပြုပြင်ပြောင်းလဲရေးဥပဒေ ကဲ့သို့ပင် အရေးကြီးသည်ဟု ပြောကြသည်။ 

 

ယေဘုယျအားဖြင့်မူ ဤဥပဒေသည် နိုင်ငံ၏စီးပွားရေးတခုလုံးအတွက် ထိုမျှအထိ အရေးပါသည်ဟု ကျွန်ုပ်တို့မယူဆသော်လည်း၊ ၎င်းသည် ဆန်းသစ်သောအချက်တချက်ကိုမူ သယ်ဆောင်လာခဲ့သည်။ ထိုအချက်မှာ ကျွန်ုပ်တို့၏ သတ္တုတွင်းထွက်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချသည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ရမည်ဟူသော အချက်ပင်ဖြစ်သည် (သို့မှသာ ထိုကုမ္ပဏီများသည် ကျွန်ုပ်တို့ မြေပြင်ပေါ်တွင် တွင်းကြီးတတွင်းတည်းကိုပဲ ချန်ထားရစ်ခဲ့ရုံတင်မကဘဲ အခြားတစုံတရာကိုပါ ချန်ထားပေးခဲ့နိုင်မည် ဖြစ်သည်)။ 

 

ဤလုပ်ရပ်သည် ကျူးဘားနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရုံတင်မက၊ လက်ရှိတွင် ကျွန်ုပ်တို့၏ နီကယ် သတ္တုကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေသူများနှင့် တိုက်ပွဲဝင်နေရသော ကနေဒါ လက်ဝါးကြီးအုပ် အုပ်စုများ၏ အားပြိုင်မှုကိုလည်း တဖက်တလမ်းမှ ပိုမိုအားကောင်းလာစေသည်။

 

ဤသို့ဖြင့် ကျူးဘားတော်လှန်ရေးသည် မြေယာအမြောက်အမြား လက်ဝါးကြီးအုပ်ထားသည့် စနစ် ကို အမြစ်ဖြတ်ချေမှုန်းခဲ့ပြီး၊ နိုင်ငံခြား လက်ဝါးကြီးအုပ်ကုမ္ပဏီများ၏ အမြတ်အစွန်းများကို ကန့်သတ်ပိတ်ပင်ခဲ့သည်။ ထို့အပြင် သွင်းကုန် လုပ်ငန်းများတွင် ၎င်းတို့၏ ကပ်ပါးအရင်းအနှီးများကို မြှုပ်နှံထားကြသည့် နိုင်ငံခြား ကြားခံပွဲစားများ၏ အမြတ်အစွန်းများကိုလည်း ထိန်းချုပ်ကန့်သတ်ခဲ့သည်။ ယင်းလုပ်ရပ်သည် သတ္တုတွင်းလုပ်ငန်းကြီးများ၏ လက်ဝါးကြီးအုပ်မှုကို ရဲရဲဝံဝံ ဖြိုခွဲလိုက်ခြင်းဖြစ်ပြီး၊ ၎င်းတို့အနက် အနည်းဆုံး ကုမ္ပဏီကြီး တခု ကိုမူ အကျပ်အတည်းဆိုက်စေခဲ့ရာ အမေရိကတိုက်တခွင်တွင် မူဝါဒအသစ်တခုကို ကမ္ဘာသို့ ချပြမိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။

 

ဤအခြေအနေသည် ကြီးမားလှသော လက်ဝါးကြီးအုပ်နိုင်ငံကြီးတနိုင်ငံ ၏ အိမ်နီးချင်းနိုင်ငံများအတွက် အားကောင်းသော နှိုးဆော်သံအသစ်တခု ဖြစ်လာခဲ့ပြီး၊ တောင်အမေရိက တိုက် တနံတလျှား တွင်လည်း ရိုက်ခတ်မှုများ ရှိစေခဲ့သည်။

 

ကျူးဘားတော်လှန်ရေးသည် သတင်းမီဒီယာများ၏ ပိတ်ဆို့တားဆီးမှု အတားအဆီးများကို ကျော်ဖြတ်ကာ ပိုမိုကောင်းမွန်သော ဘဝကို တောင့်တနေကြသည့် အမေရိကန်လူထုထံသို့ ၎င်းတို့၏ အမှန်တရားကို ဖုန်မှုန့်မိုးပက်ဖြန်းလိုက်သကဲ့သို့ ပျံ့နှံ့သွားစေသည်။ ကျူးဘားသည် နိုင်ငံသစ်ထူထောင်ခြင်း၏ ပြယုဂ်ဖြစ်ပြီး ဖီဒယ်ကက်စထရိုသည်လည်း လွတ်မြောက်မှု၏ ပြယုဂ် ဖြစ်လာသည်။ 

 

ဒြပ်ဆွဲအား၏ ရိုးရှင်းသော နိယာမတစ်ခုအရ စတုရန်းကီလိုမီတာ ၁၁၄,၀၀၀ သာ ကျယ်ဝန်းပြီး လူဦးရေ ခြောက်သန်းခွဲသာ ရှိသော ဤကျွန်းငယ်လေးသည် အမေရိကတိုက်ရှိ ကိုလိုနီဆန့်ကျင်ရေး တိုက်ပွဲ၏ ဦးဆောင်မှုကို တာဝန်ယူလိုက်ရသည်။ အခြားနိုင်ငံများ တုံ့ဆိုင်းပြီး ဝေခွဲမရဖြစ်‌ နေမှုများကြောင့် ကျူးဘားအနေဖြင့် ရဲရင့်လှပပြီး အန္တရာယ်များလှသည့် ဤရှေ့တန်း စစ်မျက်နှာကို တာဝန်ယူခွင့် ရရှိသွားခြင်း ဖြစ်သည်။ 

 

နိုင်ငံခြား လက်ဝါးကြီးအုပ်မှုများနှင့် စဉ်ဆက်မပြတ်၊ မညှာမတာ၊ တခါတရံ အကြမ်းဖက် တိုက်ပွဲဝင်ရမှုများကြောင့် အမျိုးသားအရင်းရှင်စနစ် ဖွံ့ဖြိုးမှု တန့်နေရသည့် ကိုလိုနီအမေရိကရှိ စီးပွားရေး ပိုမိုတောင့်တင်းသော နိုင်ငံများသည် ၎င်းတို့၏ အစိုးရများထံတွင် တိုက်ပွဲကို ရှေ့ဆက်သယ်ဆောင်ရန် လုံလောက်သော အင်အားမရှိကြသဖြင့် ယခုအခါ လွတ်လပ်ရေး၏ ရဲရင့်သော ချန်ပီယံအသစ်ဖြစ်သည့် ဤကျွန်းငယ်လေးထံသို့ ခေါင်းဆောင်မှု နေရာကို တဖြည်းဖြည်း လွှဲပြောင်းပေးနေကြရပြီ ဖြစ်သည်။

 

သို့သော် ထို အရေး သည် လွယ်ကူသော အလုပ်တခုမဟုတ်သလို၊ အန္တရာယ်နှင့် အခက်အခဲများမှလည်း ကင်းလွတ်နေသည်မဟုတ်ပေ။ အထူးသဖြင့် အမေရိကတိုက်တွင် ကျွန်ုပ်တို့ ရင်ဆိုင်နေရသည့် အထီးကျန်ဆန်မှုမျိုး၌ လူထုတရပ်လုံး၏ ပံ့ပိုးကူညီမှု၊ ကြီးမားထက်သန်သော စံပြစိတ်ဓာတ်နှင့် စွန့်လွှတ်စွန့်စားလိုသော စိတ်ဓာတ်တို့ လိုအပ် နေသည်။

 

ဂွာတီမာလာနိုင်ငံ အဖြစ်မျိူး မကြုံရမီကပင် နိုင်ငံငယ်လေးများသည် ယခုကဲ့သို့သော ရပ်တည်ချက် အခြေအနေကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ကြဖူးသည်။ လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံရလျှင် သေဆုံးသွားတတ်သည့် ‘ကွက်ဇော’ ငှက်တို့၏ မြေ၊ ကိုလိုနီသမားတို့၏ တိုက်ရိုက်ကျူးကျော်မှုကြောင့် ကျဆုံးခဲ့ရသည့် အင်ဒီယံသူရဲကောင်း ‘တီကွန်အူမန်’ ၏ မြေဖြစ်သော ဂွာတီမာလာကို ဆိုလိုခြင်း ဖြစ်သည်။

 

အမေရိကန်လွတ်လပ်ရေး၏ ရှေ့ဆောင်အာဇာနည် ‘မူရီလို’ ၏ မြေဖြစ်သော ဘိုလီးဗီးယားနိုင်ငံသည်လည်း ကျူးဘားတော်လှန်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်စေခဲ့သည့် စံနမူနာ သုံးရပ်ကို ချပြခဲ့ပြီးနောက်၊ ပြင်းထန်လှသော တိုက်ပွဲ၏ဒဏ်ချက်များကို မခံနိုင်ဘဲ လက်လျှော့ အရှုံးပေးခဲ့ရသည်။ ထိုစံနမူနာ သုံးရပ်မှာ စစ်တပ်ကို ဖျက်သိမ်းခြင်း၊ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခြင်းနှင့် အကြီးမားဆုံးသော ချမ်းသာကြွယ်ဝမှုဖြစ်သလို တချိန်တည်းမှာပင် အကြီးမားဆုံးသော သောကဗျာပါဒတို့၏ မြစ်ဖျားခံရာလည်းဖြစ်သည့် ‘သတ္တုတွင်းများကို ပြည်သူပိုင်သိမ်းခြင်း’ တို့ပင် ဖြစ်သည်။

 

ကျူးဘားနိုင်ငံသည် ယခင်က ကြုံခဲ့ဖူးသော အလားတူ သာဓကများကို သိရှိနားလည်ထားပြီး၊ ကျရှုံးမှုများနှင့် အခက်အခဲများကိုလည်း သိ နေသည်။ သို့သော်လည်း ကမ္ဘာကြီးတွင် ခေတ်သစ်တခု၏ အရုဏ်ဦးသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းကိုလည်း သိရှိပါသည်။ အာရှနှင့် အာဖရိကတိုက်တို့ရှိ အမျိုးသားရေးနှင့် ပြည်သူ့တိုက်ပွဲများ၏ တွန်းအားကြောင့် ကိုလိုနီစနစ်၏ မဏ္ဍိုင်ကြီးများသည် ပြိုလဲပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

 

အာရှနှင့် အာဖရိကတို့သည် ဘန်ဒေါင်း (Bandung) ညီလာခံတွင် လက်တွဲခဲ့ကြပြီး ဖြစ်သည်။ ယခုအခါတွင်မူ အာရှနှင့် အာဖရိကတို့သည် ကျူးဘားနိုင်ငံ၊ ဤနေရာ ဟာဗားနား မြို့မှတဆင့် ကိုလိုနီပြုခံထားရသော အမေရိကတိုက်ရှိ တိုင်းရင်းသားပြည်သူများနှင့် လာရောက်လက်တွဲခဲ့ကြပြီ ဖြစ်သည်။

 

အခြားတဖက်တွင်မူ ကိုလိုနီအင်ပါယာကြီးများသည် ပြည်သူလူထု၏ ရုန်းကန် တိုက်ပွဲဝင်မှုများအောက်တွင် နယ်မြေများ ဆုံးရှုံးနေကြရပြီဖြစ်သည်။ ဘယ်လ်ဂျီယံနှင့် ဟော်လန်တို့မှာ အင်ပါယာဟူ၍ အမည်ခံမျှသာ ဖြစ်သွားကြ ပေပြီ။ ဂျာမနီနှင့် အီတလီတို့မှာလည်း ၎င်းတို့၏ ကိုလိုနီများကို ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်သည်။ ပြင်သစ်သည်လည်း ရှုံးနိမ့်နေပြီးဖြစ်သော စစ်ပွဲတပွဲကို ခါးသီးစွာ ဆင်နွှဲနေရသည်။ အင်္ဂလန်ကမူ သံတမန်ရေးရာအရ ကျွမ်းကျင်လိမ္မာစွာဖြင့် စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုများကို ဆက်လက်ထိန်းသိမ်းထားရင်း နိုင်ငံရေးအာဏာကိုမူ အောက်ခြေမှ လှိုက်စားပစ်နေသည်။

 

မြောက်အမေရိက အရင်းရှင်စနစ်သည် လွတ်လပ်ရေးအညှောင့် ထွက်လာကာစ နိုင်ငံများတွင် ယခင် ကိုလိုနီအရင်းရှင်စနစ်ဟောင်းအချို့၏ နေရာ၌ အစားထိုးဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ၎င်းသည် ယာယီမျှသာဖြစ်ကြောင်းနှင့် ထိုနယ်မြေအသစ်များရှိ မိမိတို့၏ ဘဏ္ဍာရေးဆိုင်ရာ စီးပွားရှာမှုများအတွက် စစ်မှန်သော လုံခြုံမှုမရှိနိုင်ကြောင်းကို ထိုစနစ်က ကောင်းစွာသိရှိနေသည်။ 

 

ရေဘဝဲသည် ၎င်း၏ နှုတ်သီးစုပ်ခွက်များကို ထိုနေရာများတွင် ခိုင်မြဲစွာ မကပ်တွယ်နိုင်တော့။ အင်ပါယာလစ်ဇင် လင်းယုန်ငှက်၏ လက်သည်းများမှာလည်း အဖြတ်ခံထားရလေပြီ။ ကိုလိုနီစနစ်သည် ထိုနေရာအားလုံးတွင် သေဆုံးသွားခဲ့ပြီ၊ သို့မဟုတ်ကလည်း သဘာဝအတိုင်း သေလုမြောပါး ဖြစ်နေပြီဖြစ်သည်။