ဂေါ်ကီ ၏ အမေ(67)

by Hla Soewai - Jun 22 2026

ရုရှား လေးက ပါဗဲလ်ကို တွန်းဖယ်လိုက်ပြီး လက်ချောင်းလေးတွေနဲ့ မျက်လုံးကို မသိမသာသုတ်ရင်း ပြောလိုက်သည်။

 

“တော်ပြီ! နွားပေါက်လေးတွေ ဆော့ကစားလို့ဝရင် သားသတ်ရုံကို သွားကြရုံပေါ့။ သောက်ကျိုးနည်း ကျောက်မီးသွေးတွေကလည်း ကွာ! ငါက မှုတ်လည်းမှုတ်ရော အမှုန်တွေ မျက်လုံးထဲ ဝင်ကုန်တာ”

 

ပါဗဲလ်က ခေါင်းငိုက်စိုက်ချလျက် ပြတင်းပေါက်နားမှာ ထိုင်နေရင်း တိုးညင်းစွာ ပြောလိုက်သည်။ “ဒီလိုမျက်ရည်မျိုးအတွက် မင်း ရှက်နေစရာ မလိုပါဘူး”

 

အမေဖြစ်သူက သူတို့နားသို့ လျှောက်လာပြီး သားဖြစ်သူရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သည်။ အမေ့နှလုံးသားတခုလုံး နူးညံနွေးထွေးပြီး ရဲရင့်သည့် ခံစားချက်တို့ဖြင့် လွှမ်းခြုံနေတော့သည်။ စိတ်ထဲမှာ ဝမ်းနည်းသလိုရှိသော်လည်း စိတ်ထဲ အေးချမ်း နေသလို ခံစားနေရသည်။ အမေက သားဖြစ်သူရဲ့လက်ကို ပွတ်သပ်ပေးရင်း “ဘာပဲဖြစ်ဖြစ်လေ! မတတ်နိုင်ဘူး၊ ဒီလိုပဲ ဖြစ်ရမှာပေါ့!” ဟု တွေးနေမိတော့သည်။

 

သူမသည် မိမိကိုယ်တိုင်လည်း ကာလရှည်ကြာ ရိုးအီနေအောင် သုံးနှုန်းခဲ့ဖူးသည့် အခြားသော ရိုးရိုးစင်းစင်း စကားလုံးများကို ပြန်လည်တွေးတောမိသည်။ သို့သော် ထိုစကားလုံးများမှာ ယခုမိနစ်ပိုင်းအတွင်း သူမ ဖြတ်သန်းခံစားခဲ့ရသမျှ အရာအားလုံးကို ပြည့်ပြည့်စုံစုံ ဖော်ကျူးပေးနိုင်စွမ်း မရှိကြချေ။

 

"ကျွန်တော် ထမင်းပွဲပြင်လိုက်မယ်၊ အမေ အဲဒီမှာပဲ ထိုင်နေ" ဟု ရုရှားလေး က ကြမ်းပြင်ပေါ်မှ ထရပ်ကာ အခန်းထဲသို့ လျှောက်သွားရင်း ပြောလိုက်သည်။

 

"ခဏလောက် နားလိုက်ပါဦး။ အမေ့ခေါင်းထဲ ဒီလို မျိုး ရင်တထိတ်ထိတ် ဖြစ်‌ နေရတာ နဲ့တင် စိတ်ပင်ပန်းလှပါပြီ!"

 

ထို့နောက် အခန်းထဲမှနေ၍ အသံခပ်ကျယ်ကျယ်ဖြင့် သီချင်းညည်းနေသော သူ့အသံကို ကြားလိုက်ရပြန်သည်။

 

"ကြွားဝါသလို ဖြစ်မှာစိုးလို့ မပြောချင်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ ခုနကပဲ တကယ့်ဘဝအစစ်အမှန်၊ လူပီသပြီး မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ဘဝအရသာကို မြည်းစမ်းခဲ့ရတာလို့ပဲ ပြောရမယ်။ ဒါက ကျွန်တော်တို့အတွက် ကောင်းတဲ့အလားအလာပဲ။"

 

"ဟုတ်တယ်" ဟု ပါဗယ်က အမေဖြစ်သူကို ကြည့်ရင်း ပြောလိုက်လေသည်။

 

"အခုတော့ အရာရာဟာ ပြောင်းလဲသွားခဲ့ပြီ" ဟု မိခင်က ပြန်ပြောရှာသည်။ "ဝမ်းနည်းရတဲ့ ခံစားချက်ကလည်း တမျိုး၊ ဝမ်းသာရတဲ့ ခံစားချက်ကလည်း တဖုံပါပဲ။ အမှန်အတိုင်းပြောရရင် အမေ ဘာတခုမှ သေသေချာချာ မသိသေးပါဘူး။ အမေ ဘာကို အမှီသဟဲပြုပြီး ရှင်သန်နေသလဲဆိုတာလည်း ကိုယ့်ဘာကိုယ် နားမလည်နိုင်သလို၊ ရင်ထဲက ခံစားချက်တွေကိုလည်း စကားလုံးတွေနဲ့ ဘယ်လိုဖော်ပြရမှန်း မသိတော့ဘူး"

 

"ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘောတရားပဲ အမေကြီးရဲ့" ဟု ရုရှားလေး က ပြန်ရောက်လာရင်း ပြောလိုက်သည်။

 

"ဘာလို့လဲဆိုတော့ သတိထားကြည့်စမ်းပါ အမေရယ်... လောကကြီးထဲမှာ နှလုံးသားအသစ်တခု စတင်သန္ဓေတည်ပြီး ကြီးထွားရှင်သန်လာ‌ နေလို့ပဲ။ လူတွေရဲ့ နှလုံးသားတွေဟာ အကျိုးစီးပွားပဋိပက္ခတွေကြားမှာ အထုအ ထောင်း ခံနေကြရတယ်၊ လောဘဇောတွေ တရှိန်ရှိန် လောင်မြိုက်နေကြရတယ်၊ မနာလိုဝန်တိုမှုတွေအောက်မှာ အချင်းချင်း ဝါးမြိုနေကြရတယ်၊ ပြီးတော့... လိမ်ညာလှည့်ဖြားမှုတွေ၊ သူရဲဘောကြောင်မှုတွေနဲ့ ညစ်ထေးပေကျံပြီး ဒဏ်ရာဒဏ်ချက်တွေ ဗလပွနဲ့ သွေးသံရဲရဲ ဖြစ်နေကြရတယ်။

 

လူတိုင်းဟာ စိတ်မကျန်းမမာ ဖြစ်နေကြတာ။ အသက်ရှင်ရမှာကိုတောင် ကြောက်ရွံ့နေကြပြီး မြူခိုးတွေကြားထဲမှာ လမ်းပျောက်နေသလို လျှောက်လှမ်းနေကြရတယ်။ လူတိုင်းက ကိုယ့်ရဲ့ သွားကိုက်တဲ့ဝေဒနာလောက်ပဲ ကိုယ်သိကြ တော့ တာလေ။

 

ဒါပေမဲ့ ကြည့်စမ်း...။ အခုတော့ လူသားစစ်စစ်တယောက် ပေါ်ထွက်လို့လာပြီ။ သူက ဆင်ခြင်တုံတရားရဲ့ အလင်းရောင်နဲ့ ဘဝကို အလင်းပြပေးရင်း ဟစ်အော်နှိုးဆော်နေပြီ...

 

'ဟေ့... လမ်းပျောက်နေတဲ့ ပိုးဟပ်အုပ်စုကြီး၊ မင်းတို့ရဲ့ အကျိုးစီးပွားတွေအားလုံးဟာ တခုတည်းပဲဆိုတာကို သဘောပေါက်ဖို့ အချိန်တန်ပြီ၊ အချိန်နှောင်းနေပြီ။ လူတိုင်းမှာ ရှင်သန်ခွင့်ရှိဖို့ လိုအပ်သလို၊ လူတိုင်းမှာ ကြီးထွားဖွံ့ဖြိုးချင်တဲ့ အာသီသတွေ ရှိကြတယ်' လို့ သူက အော်ဟစ်နေတာ။

 

ဒီလို အော်ဟစ်နှိုးဆော်နေတဲ့လူဟာ အထီးကျန်လွန်းလို့ အသံကုန်အော်နေရတာ။ သူ့မှာ ရဲဘော်ရဲဘက်တွေ လိုအပ်နေတာလေ။ သူ့ရဲ့ အထီးကျန်မှုကြားမှာ သူ အရမ်းပျင်းရိငြီးငွေ့နေရှာတယ်၊ ငြီးငွေ့စရာကောင်းပြီး ချမ်းစိမ့်လှတယ်။ ဒါပေမဲ့ သူ့ရဲ့ ခေါ်သံကြောင့်ပဲ ကြံ့ခိုင်တဲ့ နှလုံးသားတွေဟာ စုစည်းသွားကြပြီး၊ မသွန်းလုပ်ရသေးတဲ့ ငွေခေါင်းလောင်းကြီးတလုံးလို နက်ရှိုင်းပြီး ထိခိုက်ခံစားလွယ်တဲ့ နှလုံးသားအကြီးကြီးတခုအဖြစ် ပေါင်းစည်းသွားကြပြီ။

 

ပြီးတော့ နားစွင့်ကြည့်လိုက်စမ်းပါ...။ အဲဒီခေါင်းလောင်းကြီးကနေ နှိုး‌ ဆော်လာတဲ့ မြည်ဟီးသံကြီး...'ကမ္ဘာအရပ်ရပ်က လူသားတို့... မိသားစုတခုတည်းအဖြစ် ပေါင်းစည်းကြလော့။ ဘဝရဲ့ မိခင်ဟာ အမုန်းတရားမဟုတ်၊ မေတ္တာတရားသာ ဖြစ်သည်' တဲ့။

 

အော်... ကျွန်တော့်ရဲ့ ညီအစ်ကိုတို့ရာ... အဲဒီ ဆော်ဩသံကြီး သံပြိုင်မြည်ဟီးနေတာကို တကမ္ဘာလုံးမှာ ကျွန်တော် ကြားနေရပြီဗျာ..."

 

"ငါလည်း ကြားနေရတယ်!" ဟု ပါဗယ်ကပါ စိတ်လှုပ်ရှားသံဖြင့် လှမ်းအော်လိုက်လေတော့သည်။

 

အမေသည် သူမ၏နှုတ်ခမ်းများ တုန်ရင်မသွားစေရန် တင်းတင်းစေ့ထားပြီး မျက်ရည်မကျမိစေရန် မျက်စိကို မှိတ်ထားလိုက်သည်။

 

"ညဘက် အိပ်ရာထဲလဲလျောင်းနေတဲ့အခါဖြစ်ဖြစ်၊ အပြင်မှာ တစ်ယောက်တည်း လမ်းလျှောက်နေတဲ့အခါဖြစ်ဖြစ်-- နေရာတိုင်းမှာ ဒီအသံကို အမေကြားနေရတယ်၊ အမေ့နှလုံးသားကလည်း ဝမ်းမြောက်ကြည်နူးနေရတယ်။ ပြီးတော့ မတရားမှုတွေနဲ့ သောကဒုက္ခတွေကြောင့် မောပန်းနွမ်းနယ်နေရတဲ့ ဒီကမ္ဘာမြေကြီးကိုလည်း... အမေသိတာပေါ့... အဲဒီခေါ်သံကို တုံ့ပြန်တဲ့အနေနဲ့ ဆည်းလည်းသံလို သာယာစွာ မြည်ဟည်းသံ‌ တွေက ၊ လူသားတွေ၏ ရင်ထဲကနေ ထွက်ပေါ်နိုးထလာတဲ့ နေဝန်းသစ်ကြီးကို ကြိုဆိုတဲ့အနေနဲ့ ညင်ညင်သာသာ တုန်ခါနေပုံများကွယ်ာ။"

 

ပါဗယ်သည် မတ်တတ်ထရပ်ပြီး လက်တစ်ဖက်ကိုမြှောက်ကာ တခုခု ပြောဖို့ ပြင်လိုက်သည်။ သို့သော် အမေက သူ့လက်ကို လှမ်းဆွဲ လိုက်ရင်း "သူ့ကို သွားမနှောင့်ယှက်ပါနဲ့အေ" ဟု နား နား တိုးတိုးလေး ကပ်ပြောလိုက်သည်။

 

"ခင်ဗျားတို့ သိကြလား" ဟု ရုရှားလေး က တံခါးဝတွင် မတ်တတ်ရပ်ရင်းက ပြောလိုက်သည်။ သူ၏မျက်ဝန်းများသည် တောက်ပသော အလင်းတန်းတခုဖြင့် အရောင်တောက်နေကြသည်။

 

"ပြည်သူတွေ ခံစားရမယ့် ဒုက္ခတွေ အများကြီး ကျန်ပါသေးတယ်၊ လောဘသားတွေရဲ့ လက်ဝါးကြီးအုပ် ညှစ်ထုတ်မှုကြောင့် သူတို့ရဲ့ သွေးတွေလည်း အများကြီး စီးဆင်းရဦးမယ်။ ဒါပေမဲ့ အဲဒီအရာအားလုံး—ကျွန်တော့်ရဲ့ ခံစားချက်အားလုံး၊ ကျွန်တော့်ရဲ့ သွေးအားလုံးဟာ ကျွန်တော့်ရဲ့ ရင်ဘတ်ထဲ၊ ကျွန်တော့်ရဲ့ စိတ်ထဲ၊ ကျွန်တော့်ရဲ့ ရိုးတွင်းခြင်ဆီထဲမှာ လှုပ်ရှားရုန်းကြွနေပြီဖြစ်တဲ့ အရာတွေနဲ့ ယှဉ်ရင်တော့ တန်ဖိုးနည်းနည်းလေးပဲ ရှိပါတယ်။ 

 

ကျွန်တော်ဟာ အလင်းတန်းတွေနဲ့ ကြွယ်ဝနေတဲ့ ကြယ်တပွင့်လိုမျိုး စိတ်ဓာတ်တွေ အားမာန်တွေနဲ့ ကြွယ်ဝနေပြီ။ ပြီးတော့ ကျွန်တော် အားလုံးကို ရင်ဆိုင်မယ်၊ အားလုံးကို အောင့်အည်းခံမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့အတွင်းသဏ္ဌာန်မှာ ဘယ်သူမှ၊ ဘယ်အရာကမှ ဘယ်တော့မှ မဖျောက်ဖျက်နိုင်မယ့် ပီတိချမ်းမြေ့မှုတစ်ခု ရှိနေလို့ပဲ။ ဒီပီတိချမ်းမြေ့မှုထဲမှာ ကမ္ဘာကြီးတခုစာမကတဲ့ ခွန်အားတွေ ရှိနေတယ်ဗျာ။"

 

သူတို့သည် လက်ဖက်ရည်သောက်ရင်း သန်းခေါင်ယံတိုင်အောင် စားပွဲဝိုင်းတွင် ထိုင်ကာ ဘဝအကြောင်း၊ လူတို့အကြောင်းနှင့် အနာဂတ်အကြောင်းများကို ရင်ဖွင့်၍ နွေးထွေးစွာ ဆွေးနွေးပြောဆိုခဲ့ကြ လေသည်။

 

****************