ဇဗီ အာဟာရိုနီ သည် အိုက်ခ်မန်း ကို လိုက်လံဖမ်းဆီးရန်အတွက် ဖရစ်ဇ် ဘောင်ဝါ နှင့် တွေ့ဆုံကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ မေးမြန်းစုံစမ်းမှုမှာ ရင်းနှီးပွင့်လင်းမှု ရှိသော်လည်း အသေးစိတ်ကျလှသည်။ အာဟာရိုနီသည် ဗျူနိုအေးရိစ် သို့ လေယာဉ်ဖြင့် မထွက်ခွာမီအချိန်မှာပင် ရီကာဒို ကလီးမန့် နှင့် အဒေါ့ဖ် အိုက်ခ်မန်း မှာ တဦးတည်း ဖြစ်သည်ကို အကြွင်းမဲ့ ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။
အိုက်ခ်မန်းသည် ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းကို အထူးပြုသည့် CAPRI ဟု လူသိများသော ကော်ပိုရေးရှင်းကြီးတခုတွင် မကြာသေးမီကအထိ အလုပ်လုပ်ကိုင်ခဲ့ကြောင်း အထောက်အထား ခိုင်လုံစွာ သိရှိခဲ့ရသည်။ ထို့အပြင် သူသည် ယုန်မွေးမြူရေးခြံတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ဖူးပြီး၊ ထိုခြံမှာ မျိုးစပ်မှုဆိုင်ရာ ပြဿနာများကြောင့် ၁၉၅၈ ခုနှစ်တွင် ဒေဝါလီခံခဲ့ရသည်။
နာဇီများသည် စတုတ္ထမြောက် ရိုက်ခ်ျ အင်ပါယာ ၏ အနာဂတ်ကို အာမခံချက်ရှိစေရန်အတွက် နိုင်ငံပြင်ပသို့ ရွှေအမြောက်အမြား ခိုးထုတ်သွားခဲ့ကြသည်ဟု အစ္စရေးစုံထောက်များက အခိုင်အမာ ယူဆထားကြသည်။ ထို့ကြောင့် အိုက်ခ်မန်းကဲ့သို့သော လူတယောက်က ဝမ်းစာရှာရန်အတွက် အလုပ်လုပ်နေရသည်ဟူသော အချက်မှာ အစ္စရေးစုံထောက်များ ယခုထက်ထိ ဝေခွဲမရ ဖြစ် နေကြဆဲပင်။
စစ်ပွဲ၏ နောက်ဆုံးရက်များ အတွင်း အမေရိကန်စစ်တပ်သည် မာကားစ် ဆားတွင်းဂူ များထဲတွင် ဝှက်ထားသည့် ရွှေဒင်္ဂါးပြားများ၊ ငွေစက္ကူထုပ်ကြီးများ နှင့် သေတ္တာလိုက်ထည့်ထားသော ရွှေတုံးများ၊ ပလက်တီနမ် (ရွှေဖြူ) များကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤသည်က နာဇီများ ဝှက်ထားသည့် မြောက်မြားစွာသော ရတနာသိုက်များထဲက တခုသာ ဖြစ်မည်မှာ သေချာလှသည်။
အိုက်ခ်မန်းသည် မရေမတွက်နိုင်သည့် ချမ်းသာကြွယ်ဝမှုများ ရှိနေသည် ဆိုသည့် နောက်ထပ် လက္ခဏာ များကိုတော့ ၁၉၅၄ ခုနှစ် အော်စတြီးယား သတင်းစာများက ဖော်ပြခဲ့သည့် သတင်းများက တဆင့် သိလာခဲ့ရသည်။ Der Abend သတင်းစာက အိုက်ခ်မန်းသည် ဥရောပမှာ ဘေးကင်းရန်ကင်းနဲ့ အသက်ရှင်နေထိုင်နေပြီး ၎င်း ခိုးယူထားသည့် နာဇီရွှေများကို ပြန်လည်ရယူနိုင်ရန် စိတ်အားထက်သန်နေသည် ဟု ဆိုသည်။
ထို ကောလာဟလများသည် အာဂျင်တီးနားတွင် ရှိ ပြည်ပရောက် နာဇီအသိုက်အဝန်းကြားထဲ ယနေ့အထိ အမြစ်တွယ်နေဆဲ ဖြစ်သည်။ ဂျာမန်လူမျိုးအချင်းချင်း ABC ဘီယာဥယျာဉ် မှာ ဘီယာတူတူသောက်ပြီး အရှိန်ရလာသည့်အခါမျိုးတွင် အိုက်ခ်မန်းနှင့် သူ့၏ ရွှေများ အကြောင်း ပြောကြဆိုကြ စမြဲ ပင် ဖြစ်သည်။
အိုက်ခ်မန်း သည် နာဇီတို့ ခိုးဝှက်သိမ်းဆည်းထားသော စည်းစိမ်ဥစ္စာများထဲမှ တပြားတချပ်မျှ မရရှိခြင်း ဖြစ်နိုင်သလို၊ သို့မဟုတ်ပါကလည်း နာဇီအမဲလိုက်သမားများ နောက်ဆုတ်သွားသည်အထိ သာမန်ရိုးရှင်းသော ဘဝမျိုးဖြင့် အိန္ဒြေရရစောင့်နေရန် အမိန့်ပေး ခံထားရခြင်းလည်း ဖြစ်နိုင်သည်။
အချိန်ကာလ ပြောင်းလဲသွားသော်လည်း အိုက်ခ်မန်း၏ စိတ်ဓာတ်ကတော့ ပြောင်းလဲမသွားခဲ့။ မကြာသေးမီကမှ အသစ်တဖန် ဖော်ထုတ်နိုင်ခဲ့သည့် သုတေသနပြုချက်များထဲတွင် ‘ဇဗီ အာဟာရိုနီ’ က အိုက်ခ်မန်းနှင့် ရင်းနှီးသော သတင်းမြစ်တခုထံမှ သိရှိခဲ့ရသည့် မှတ်တမ်းတိုလေးတစ်ခု ပါဝင်နေသည်။
ထိုစဉ်က တောင်အမေရိကနိုင်ငံတနိုင်ငံဖြစ်သော ဘိုလီးဗီးယားသည် နိုင်ငံရေးအရ မငြိမ်မသက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရချိန် ဖြစ်သည်။ အာဂျင်တီးနားရှိ နာဇီအသိုက်အဝန်းမှ အချို့သောသူများက အိုက်ခ်မန်းအနေဖြင့် ဘိုလီးဗီးယားသို့ သွားရောက်ကာ ထိုနိုင်ငံ၏ လုံခြုံရေးအဖွဲ့တွင် ယာယီရာထူးတခု ရယူပြီး နာဇီဝါဒအပေါ် ပေါ်ပေါ်ထင်ထင် ထောက်ခံအားပေးနေသည့် ဘိုလီးဗီးယားခေါင်းဆောင်များကို ကူညီပေးရန် အကြံပြုခဲ့ကြသည်။
ထိုအခါ အိုက်ခ်မန်းက “‘နိုင်ငံတော်လုံခြုံရေးအဖွဲ့’ ဆိုတဲ့ စကားလုံးတွေကို ကြားလိုက်ရတဲ့အခါ... ကျုပ် ရဲ့ လူသတ်ချင်တဲ့စိတ်က တကျော့ပြန် ပြင်းထန်လာရပြန်တာပေါ့ဗျာ” ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သိရှိရသည်။
*****************
ဇဗီ အာဟာရိုနီ သည် ၁၉၆၀ ပြည့်နှစ် မတ်လ ၃ ရက်နေ့တွင် ချာကာဘူကိုလမ်း၊ အမှတ် ၄၂၆၁ ရှိ နေအိမ်သို့ ရောက်ရှိလာခဲ့သည်။ ထိုအိမ်မှာ အဖြူရောင်ဖြစ်ပြီး အမိုးကို မြေနီအုတ်ကြွပ် မိုးထားကာ ပတ်ပတ်လည်တွင် ခြံစည်းရိုးခတ်ထားသည်။ တိုက်ထဲတွင် မည်သူမျှ မရှိ။ အာဟာရိုနီသည် အိုက်ခ်မန်း ၏ မိသားစုနှင့် ဆုံတွေ့ရမည့်အစား အိမ်ရှင်၏ တောင်းဆိုချက်အရ ဆေးအသစ်ပြန်သုတ်ရန် ရောက်ရှိနေသည့် ဆေးသုတ်သမားတစုနှင့်သာ တိုးတော့သည်။ ဆေးသုတ်သမားများက "ဂျာမန်ကြီး" ဟု ရည်ညွှန်းခေါ်ဆိုကြသော အဒေါ့ဖ် အိုက်ခ်မန်းသည် လွန်ခဲ့သော သုံးပတ်ခန့်ကတည်းက ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။
အမှုအခြေအနေက ဤမျှအထိ နှောင့်နှေးကြန့်ကြာနေခြင်းသည် စိတ်ပျက်စရာကောင်းလှ၏။ သို့သော် အိုက်ခ်မန်းကို ပထမဆုံး စတင်ခြေရာခံမိသည်ဟု ဆိုခဲ့သော မျက်မမြင်အမျိုးသား လိုသာ ဟာမန် ၏ ပြောကြားချက်မှာ အခြေခံအားဖြင့် မှန်ကန်နေကြောင်းကိုမူ ဇဗီ အာဟာရိုနီ ယခုအခါ သေချာစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။
"တိကျပြတ်သားတဲ့ အဖြေတစ်ခုမရဘဲ တဲလ်အဗစ် ကို ကျွန်တော် အလွတ်ကြီး ပြန်မသွားနိုင်ဘူး" ဟု အာဟာရိုနီက နောက်ပိုင်းတွင် ရေးသားခဲ့သည်။ "ဒါကြောင့်ပဲ စွန့်စားရမှန်းသိသိကြီးနဲ့ ဆုံးဖြတ်ချက်အချို့ကို ကျွန်တော် ရဲရဲဝံ့ဝံ့ ချမှတ်ခဲ့ရတယ်။ အကယ်၍ မော့ဆက် အကြီးအကဲ အစ်ဆာ ဟာရယ် သာ ကြိုတင်သိရှိခဲ့ရင် ကျွန်တော် လုပ်ခဲ့တဲ့ အချို့ကို ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူးဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိနေတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်ဘာသာ ဆုံးဖြတ်နေရတဲ့ အခြေအနေ ဖြစ်နေပြီ။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်တွေ၊ လှုပ်ရှားမှုတွေ အားလုံးအတွက် တာဝန်အပြည့်အဝ ယူရမှာက ကျွန်တော်ကိုယ်တိုင်ပဲ ဖြစ်တယ်။"
ဇဗီ အာဟာရိုနီအနေဖြင့် တခုတော့ အသေအချာ ယုံကြည်နေမိသည် — ၎င်းမှာ အဆိုပါ နာဇီစစ်ရာဇဝတ်ကောင်သည် ဗျူနိုအေးရိစ် မြို့၏ တနေရာရာတွင် ရှိနေဆဲ ဖြစ်သည်ဟူသော အချက်ပင်။ အနည်းဆုံးတော့ ယခုအချိန်အထိပေါ့။
*********
အခန်း (၁၀)
၁၉၆၀ ပြည့်နှစ်၊ မတ်လ ၈ ရက်
အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့
ညနေ ၅ နာရီ ၁၅ မိနစ်
ဇဗီ အာဟာရိုနီ သည် ဆန်တာဖေး လမ်းမကြီး နှင့် ဆာမီယန်တို လမ်းမကြီး ထောင့်တွင် သူငှားရမ်းထားသော ဖီယတ် ကားလေးထဲ၌ ထိုင်နေသည်။ သူနှင့်အတူ "ဟွမ်"အမည်ရှိ ဒေသခံလူငယ်လေးတစ်ဦးလည်း ပါရှိပြီး၊ ထိုလူငယ်သည် မော့ဆက် ထောက်လှမ်းရေးအဖွဲ့အား မည်သည့်မေးခွန်းမျှ မမေးဘဲ အချိန်မရွေး ကူညီရန် သူ့ သဘောဆန္ဒအလျောက် ရောက်ရှိနေခြင်း ဖြစ်သည်။
ဟီဘရူးဘာသာစကားဖြင့် ဆာယာနင်' (Sayanim) ခေါ် "ကူညီစောင်မသူများ" ဟု အဓိပ္ပာယ်ရသည့်အစ္စရေးနိုင်ငံပြင်ပတွင် နေထိုင်ကြသော ဂျူးလူမျိုးများ ရှိနေကြသည်။ ၎င်းတို့သည် မိခင်ဇာတိမြေကို ကူညီရန် အမြဲအသင့်ရှိနေကြသူ များ ဖြစ်ကြပြီး ဘာမှ မမေးရန် နားလည် ထားကြပြီး သူတို့၏ ကူညီဆောင်ရွက်မှုများအတွက်လည်း မည်သည့်အခကြေးငွေမျှ ရယူကြ မည် မဟုတ်ပေ။
ယခုလို ကျဉ်းကျပ်လှသော ကားလေးထဲတွင် သူ အဘယ်ကြောင့် လာထိုင်နေရသည်ကို ဟွမ် မသိသကဲ့သို့၊ ဇဗီ အာဟာရိုနီ ၏ နာမည်အရင်းကိုလည်း သူ မသိပေ။ မနေ့က သူသည် အာဟာရိုနီနှင့်အတူ သုံးနာရီနီးပါး အတူထိုင်ခဲ့ပြီး ဖြစ်သည်။ ယနေ့တွင်လည်း အခြေအနေကို စောင့်ကြည့်ရင်း နောက်ထပ် မိနစ်ခြောက်ဆယ်ခန့် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
အာဟာရိုနီက သူ့ကို ပြောပြထားသည်မှာ ယခုသူတို့ ထိုင်နေသည့်နေရာနှင့် မျက်စိတစ်ဆုံး လမ်းတစ်ဖက်ကမ်းရှိ အလုပ်ရုံတစ်ခုတွင် မော်တော်ကားမက္ကင်းနစ်အဖြစ် အလုပ်လုပ်နေသည်ဟု ယူဆရသူတစ်ဦးကို ရှာဖို့ ဖြစ်သည်ဟုသာ ပြောထားခဲ့သည်။
အာဟာရိုနီ၏ စုံစမ်းစစ်ဆေးမှုများအရ ဒီတာအိုက်ခမန်း သည် ညနေ ၅:၀၀ နာရီတွင် အလုပ်ဆင်းလေ့ရှိသည်ဟု သိရသော်လည်း၊ လက်ရှိအချိန်အထိတော့ သူ့အရိပ်အယောင်မျှပင် မတွေ့ရသေးချေ။ အကယ်၍သာ သူ့ကို လှမ်းမြင်လိုက်ရလျှင် နောက်တဆင့်အနေဖြင့် အလုပ်မှ နေအိမ်အထိ လိုက်လံစောင့်ကြည့်ရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအိမ်တွင် အဒေါ့ဖ် အိုက်ခမန်း က ‘ရီကာဒို ကလီးမန့်’ ဟူသော အမည်ဝှက်ဖြင့် ပုန်းအောင်းနေထိုင်နေသည်ဟု အာဟာရိုနီက ယုံကြည်ထားသောကြောင့် ဖြစ်သည်။
နောက်ဆုံးတွင်တော့ အလုပ်ရုံထဲမှ အမျိုးသားနှစ်ဦး ထွက်လာသည်။ တဦးမှာ အသက်ငါးဆယ်ဝန်းကျင်ခန့်ရှိပြီး မျက်မှန်အထူကြီး တပ်ဆင်ထားသော ဆံပင်နက်နှင့် အမျိုးသားတစ်ဦးဖြစ်ကာ၊ အခြားတစ်ဦးမှာမူ အသက်နှစ်ဆယ်ထက်မပိုသော၊ အပြာရောင် လုပ်ငန်းခွင်ဝတ်စုံ ကို ဝတ်ဆင်ထားသည့် ဆံပင်ရွှေဝါရောင်နှင့် လူငယ်တစ်ဦး ဖြစ်လေသည်။
ထိုလူငယ်သည် အိုက်ခ်မန်း၏ ဒုတိယ မြောက်သား ဒီတာ အိုက်ခ်မန်း ဖြစ်လိမ့်မည်ဟု ယုံကြည်လျက် အာဟာရိုနီသည် ဖီယက် ကား၏ သော့ကိုလှည့်ကာ စက်နှိုးပြီး ဂီယာချိတ်လိုက်သည်။ အလုပ်သမားနှစ်ဦးမှာမူ ညစ်ပတ်ပေရေနေသော မော်တော်ဆိုင်ကယ်အမည်းလေးပေါ်တွင် တယောက်နောက်တယောက် ထိုင်ကာ မောင်းထွက်သွားကြသည်။
အစ္စရေးထောက်လှမ်းရေးနှင့် သူ၏လက်ထောက်တို့သည် ဆိုင်ကယ်လေးနောက်မှ လူမရိပ်မိစေမည့် အကွာအဝေးတစ်ခုမှ သတိကြီးစွာဖြင့် လိုက်ပါလာခဲ့ကြသည်။ ထိုဆိုင်ကယ်လေးသည် ဆန်ဖာနန်ဒိုဟု လူသိများသော ဗျူနိုအေးရိစ်မြို့ ရပ်ကွက် တခု ဆီသို့ ဦးတည်ကာ အဗီနီဒါ ဆန်တာဖေး လမ်းအတိုင်း မောင်းနှင်သွားနေသည်။
ဆယ်မိနစ်ခန့် ကုန်လွန်သွား၏။ ဇဗီ အာဟာရိုနီသည် နောက်ယောင်ခံလိုက်ခြင်းအတတ်ပညာကို ကျွမ်းကျင်စွာ သင်ကြားထားသူဖြစ်ရာ ရှေ့ကဆိုင်ကယ်မောင်းသူက ၎င်းတို့နောက်မှ ကားအနည်းငယ်စာအကွာအဝေးဖြင့် လိုက်ပါလာသော ဖီယက်ကားကို သတိမပြုမိစေရန် မည်သို့သတိထားရမည်ကို ကောင်းစွာသိသည်။
ဆိုင်ကယ်ကို မြင်ကွင်းထဲကမပျောက်သရွေ့ နောက်ယောင်ခံလိုက်ရန် မခက်ခဲဟု ယူဆကာ အစ္စရေးထောက်လှမ်းရေးသည် ကြားထဲတွင် အကွာအဝေးတစ်ခု ချန်ထားခဲ့သည်။
သို့သော် လမ်းသည် ဆန်ဖာနန်ဒိုမြို့၏ အချက်အချာကျသော နေရာထဲသို့ ရောက်ရှိသွားသောအခါ ပြဿနာစတက်တော့သည်။ ရှည်လျားပြီး နှေးကွေးသော ဈာပနစီတန်းလှည့်လည်မှုတစ်ခုသည် မြို့မရင်ပြင်ကို ဖြတ်သန်းကာ လှည့်ပတ်သွားနေသည်။ ယာဉ်ကြောအားလုံး ရပ်တန့်သွားခဲ့ရသည်။
အာဟာရိုနီ၏ ဖီယက်ကားမှာ ပိတ်မိနေခဲ့ပြီ ဖြစ်သည်။ သို့သော် သေးငယ်ပြီး ကွေ့ဝိုက်သွား၍ရသော ဆိုင်ကယ်လေးအတွက်မူ ထိုကဲ့သို့သော ပြဿနာမျိုး မရှိပေ။ ဆိုင်ကယ်မောင်းသူသည် ယာဉ်ကြောပိတ်ဆို့မှုကြားထဲမှ ကျွမ်းကျင်စွာ တိုးဝှေ့မောင်းနှင်သွားတော့သည်။ ဇဗီ အာဟာရိုနီနှင့် သူ၏ စေတနာ့ဝန်ထမ်း လက်ထောက်တို့မှာ ကားရပ်ထားရသဖြင့် ဆိုင်ကယ်လေး မြင်ကွင်းထဲက ပျောက်ကွယ်သွားသည်ကို စိတ်ပျက်လက်ပျက်ဖြင့်သာ စောင့်ကြည့်နေနိုင်ခဲ့ကြသည်။
ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းသွားသောအခါတွင်လည်း ဖီယက်ကားမှာ စက်ပျက်သွားခဲ့ပြန်သည်။ ထို့ကြောင့် ကားကို ငှားရမ်းသည့်ကုမ္ပဏီသို့ ပြန်လည်ဆွဲယူသွားခဲ့ရပြီး၊ ထိုနေရာတွင် နောက်ထပ်ငှားရန် ကားမရှိတော့ကြောင်း သိလိုက်ရသည်။
****************