ရေနွေးကြမ်းလေး ဘာလေး သောက်ပါဦလား" ဟု အမေဖြစ်သူက တုန်ရီနေသော အသံဖြင့် လှမ်းမေးလိုက်သည်။ ထို့နောက် အသံတုန်သွားသည်ကို ဆင်ခြေပေးလိုသည့်အတွက် အဖြေကိုပင် မစောင့်ဘဲ "အို... ချမ်းလိုက်တာ" ဟု အလောတကြီး ရေရွတ်လိုက်မိသည်။
ပါဗယ်လ်သည် အမေ့ထံသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး နှုတ်ခမ်းဖျားတွင် အပြစ်မကင်းသလို အပြုံးမျိုး ဖြင့် --"ကျွန်တော့်ကို ခွင့်လွှတ်ပါ အမေရာ၊ ကျွန်တော်က ကလေးဆိုးကြီး ဖြစ်နေတုန်းပဲ၊ လူမိုက်တယောက်ပါပဲ" ဟု တိုးညင်းစွာ ပြောလိုက်သည်။
"အမေ့ကို စိတ်မဆင်းရဲစေပါနဲ့တော့" အမေက ဝမ်းနည်းပက်လက် အော်ဟစ်ရင်း ပါဗယ်လ်၏ ခေါင်းကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲပွေ့လိုက်သည်။
"ဘာမှမပြောပါနဲ့တော့၊ ဘုရားသခင် မင်းနဲ့အတူ ရှိပါစေကွယ်။ မင်းဘဝဟာ မင်းဘဝပဲ။ ဒါပေမဲ့ အမေ့ရဲ့ ရင်ဝကိုတော့ ဓားနဲ့မမွှန်းပါနဲ့။ မိခင် တယောက်က ကိုယ့်သားသမီးကို ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ။ မဖြစ်နိုင်တာ။ အမေ မင်းတို့အားလုံးကို သနားတယ်။ မင်းတို့အားလုံးဟာ အမေ့ရဲ့ သွေးသားရင်းတွေလိုပဲ ချစ်ဖို့ကောင်းကြပါတယ်၊ အားလုံးဟာ လူကောင်းလေးတွေပဲ။ အမေသာ မင်းတို့ကို မသနားရင် ဘယ်သူက သနားမှာလဲ။ မင်းက ရှေ့ကသွားတယ်၊ တခြားလူတွေက မင်းနောက်က လိုက်ကြတယ်။ ပါရှာ... သူတို့အားလုံးဟာ ရှိသမျှ အရာအားလုံးကို စွန့်လွှတ်ပြီး ဒီတော်လှန်ရေးထဲကို ရုန်းဝင်သွားကြတာပဲ။ အဲဒါဟာ အထွတ်အမြတ်ထားရမယ့် စီတန်းလှည့်လည်ပွဲကြီး တခုလိုပါပဲကွယ်။"
ပြင်းပြထက်သန်လှသော အတွေးတခုသည် သူမ၏ရင်ထဲတွင် မီးလျှံ ကဲ့သို့ တောက်လောင်လာနေပြီး၊ စိတ်ကို ဖိစီးလာသည့် ဝေဒနာ ရောယှက်နေသည့် ကြည်နူးမှုမျိုးဖြင့် သူမ၏နှလုံးသားကို လှုပ်ခတ်သက်ဝင်စေခဲ့သည်။ သို့သော် သူမတွင် မည်သည့်စကားလုံးမျှ ရှာမတွေ့ခဲ့ဘဲ စကားမပြောနိုင် ဖြစ်နေသည့် ဝေဒနာကြောင့် လက်နှစ်ဖက်ကိုသာ ယမ်းခါပြနေမိတော့သည်။ စူးရှတောက်ပသော နာကျင်မှုမီးလျှံများ တောက်လောင်နေသည့် မျက်ဝန်းများဖြင့် သူမသည် သားဖြစ်သူ၏မျက်နှာကို စိုက်ကြည့်လိုက်သည်။
"ကောင်းပါပြီ အမေရာ။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ အခုတော့ ကျွန်တော် အားလုံးကို နားလည်သွားပါပြီဗျာ" ဟု သားဖြစ်သူက ခေါင်းငုံ့ကာ တိုးတိုးလေးပြောရှာသည်။ သူမကို ခပ်ဖျော့ဖျော့လေး ပြုံးပြရင်း ရှက်ကိုးရှက်ကန်းနှင့် ကြည်နူးစွာဖြင့် "ကျွန်တော် ဒါကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး အမေ၊ ကျွန်တော့်ကတိပါ" ဟု ထပ်ပြောပြန်သည်။
သူမက သားဖြစ်သူကို အသာတွန်းထုတ်လိုက်ပြီး အခန်းထဲသို့ လှမ်းကြည့်ကာ အန်ဒရေကို လှိုက်လှိုက်လှဲလှဲ တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ပြောလိုက်သည်။
"အန်ဒရီယူရှာ၊ ကျေးဇူးပြုပြီး သူ့ကို အဲဒီလောက်ကြီး အော်မနေပါနဲ့ကွယ်။ မောင်ရင်က သူ့ထက် အသက်ကြီးတာပဲလေ၊ ဒါကြောင့် မောင်ရင်ကပဲ..."
ရုရှား လေး သည် သူမကို ကျောပေးကာ မတ်တတ်ရပ်နေရင်း လှည့်မကြည့်ဘဲ ရွှတ်နောက်နောက်လေသံဖြင့် အော်ဆိုလိုက်သည်။
"အို... အို... အို... ကျွန်တော် သူ့ကို ဆူပူအော်ငေါက်ပစ်မယ်၊ သေချာပေါက်ပဲ! ပြီးတော့ တနေ့နေ့မှာ သူ့ကို ရိုက်နှက်ပစ်ဦးမှာ။"
သူမသည် သူ့ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီး လက်ကိုဆန့်တန်းကာ ပြောလိုက်သည်။
"ငါ့သား... ငါ့သားလေးရယ်..."
ရုရှား လေး သည် လှည့်ကြည့်ကာ နွားသိုးတကောင်လို ခေါင်းကိုငုံ့လိုက်ပြီး၊ လက်နှစ်ဖက်ကို နောက်ပစ်ကာ သူမဘေးမှ ဖြတ်ကျော်၍ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ ထို့နောက် မီးဖိုချောင်ထဲမှနေ၍ စိတ်ဆိုးချင်ယောင်ဆောင်ထားသော လေသံဖြင့် ..
"ပါဗဲလ်... မင်း ထွက်သွားတာ ပိုကောင်းမယ်၊ မဟုတ်ရင် ငါ မင်းခေါင်းကို ကိုက်ဖြတ်ပစ်မိလိမ့်မယ်။ ကျွန်တော် နောက်နေတာပါ အမေရာ၊ မယုံနဲ့နော်! ကျွန်တော် ရေနွေးအိုး တည်မလို့။ ဒီမီးသွေးတွေကလည်း ဘာလဲမသိဘူး! စိုထိုင်းနေတာပဲ၊ မကောင်းဆိုးဝါးကြီး ယူသွားပါစေတော့!"
ထို့နောက် သူ့အသံ ရုတ်တရက် တိတ်သွားသည်။ အမေ မီးဖိုချောင်ထဲသို့ လှမ်းဝင်လာချိန်တွင် သူသည် ကြမ်းပြင်ပေါ်၌ ထိုင်ကာ ရေနွေးကရား အောက်မှ မီးခဲများကို လေဖြင့်မှုတ်နေလေသည်။ အမေ့ကို မော့မကြည့်ဘဲနှင့်ပင် ရုရှားလေးက စကားကို ပြန်စလိုက်သည်—
“ဟုတ်ကဲ့ အမေ... မစိုးရိမ်ပါနဲ့။ ကျွန်တော် သူ့ကို ဘာမှမလုပ်ပါဘူး။ အမေလည်း သိတာပဲ၊ ကျွန်တော်က အေးဆေးသမားပါ။ ချက်ထားတဲ့ မုန်လာဥလို ပျော့ပျောင်းညင်သာတဲ့ကောင်မျိုးပါ။ ပြီးတော့လေ—ဟိုက သူရဲကောင်းကြီး... မကြားချင်ယောင်ဆောင်နေလိုက်—ကျွန်တော် သူ့ကို ချစ်လည်းချစ်ပါတယ်။ ဒါပေမဲ့ သူဝတ်ထားတဲ့ အပေါ်ကုတ်အင်္ကျီ ကိုတော့ ကျွန်တော် သဘောမကျဘူး။ သိတယ်မလား... သူက အင်္ကျီအသစ်လေး ဝတ်ထားရတော့ အဲဒါကို သိပ်သဘောကျနေတာ။ အဲဒါနဲ့ပဲ လမ်းလျှောက်ရင် ရင်ဘတ်ကြီးကော့လို့၊ လူတိုင်းကိုလည်း ‘ဟေ့... ကြည့်စမ်း၊ ငါ့အင်္ကျီက ဘယ်လောက်မိုက်လဲ’ ဆိုပြီး လိုက်ကြွားနေတာပေါ့။ ဟုတ်ပါတယ်... အင်္ကျီက လှပါတယ်၊ ဒါပေမဲ့ လူတွေကြားလိုက်တိုးနေဖို့ကျတော့ ဘာလိုလို့လဲဗျာ။ လိုက်မတိုးရင်တောင် မှ အလိုလို နေရင်း ပူအိုက်လှပြီ။”
ပါဗယ်က ပြုံးပြီး “မင်း ဒီလို ဗျစ် တောက် ဗျစ်တောက်နဲ့ ပြောနေတာကို ဘယ်လောက်တောင် ကြာကြာ ဆက်လုပ်နေဦးမှာလဲ။ မင်းရဲ့ လျှာစောင်းထက်ထက်နဲ့ ငါ့ကို တချီတော့ ပညာပေးပြီးပြီပဲ။ တော်လောက်ပါပြီ!” ဟု မေးလိုက်သည်။
ရုရှား လေး သည် ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ရေနွေးအိုး ကို ခြေထောက်နှစ် ဖက်ကြား ချ ထားရင်းက ပါဗယ်ကို စိုက်ကြည့်နေသည်။ အမေဖြစ်သူကတော့ တံခါးဝတွင် ရပ်လျက် အန်ဒရီ၏ ရှည်လျားပြီး ကိုင်းညွတ်နေသော လည်ပင်းနှင့် လုံးဝန်းသော ခေါင်းနောက်စေ့ကို ဝမ်းနည်းရိပ်သန်းသော်လည်း မေတ္တာရိပ် လွှမ်းသော မျက်လုံးအစုံ ဖြင့် စိုက်ကြည့်နေမိသည်။
ထို့နောက် အန်ဒရီက ကြမ်းပြင်ပေါ်သို့ လက်နှစ်ဖက် ထောက်ကာ ကိုယ်ကို နောက်သို့ ပက်လက်လှန်လိုက်ပြီး၊ အနည်းငယ် နီမြန်းကာ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေသော မျက်ဝန်းများဖြင့် အမေနှင့်သား နှစ်ယောက်လုံးကို ကြည့်ကာ နူးညံ့ပျော့ပျောင်းပြီး လှိုက်လှဲသော အသံဖြင့်—“ခင်ဗျားတို့ဟာ တကယ်ကို လူကောင်းတွေပါပဲ ဗျာ၊ ဟုတ်တယ်၊ တကယ့်လူကောင်းတွေ!” ဟု ပြောလိုက်လေသည်။
ပါဗယ် သည် ကိုယ်ကိုကိုင်းညွတ်၍ သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ "ငါ့လက်ကို မဆွဲနဲ့၊ မင်းလက်လွှတ်လိုက်ရင် ငါလဲကျသွားလိမ့်မယ်။ ဟိုဘက်ကို သွားစမ်းပါ!" ဟု ရုရှား လေးက ခပ်ထန်ထန် ပြောလိုက်သည်။ "ဘာလို့ ဒီလောက် "ဘာလို့ ဒီလောက်တောင် ရှက်ကိုးရှက်ကန်း ဖြစ်နေရတာလဲ၊ တယောက်နဲ့တယောက် ဖက်ပြီး နမ်းလိုက်ကြပါလား။ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်!" ဟု အမေက တွေးတွေးဆဆ ပြောလိုက်သည်။
"မင်း ဖက်ချင်လား" ဟု ပါဗဲလ်က တိုးတိုးလေး မေးသည်။ "အင်း... ဖက်တာပေါ့၊ ဘာဖြစ်လို့ မဖက်ရမှာလဲ" ဟု ရုရှား လေးက ထရပ်ရင်း ပြန်ဖြေသည်။ ပါဗဲလ်သည် ဒူးထောက်ချလိုက်ပြီး သူတို့နှစ်ဦးသည် တယောက်ကိုတယောက် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လျက် ခဏတာ ပွေ့ဖက်ထားလိုက်ကြသည်။ ထိုအချိန်၌ သူတို့နှစ်ဦးမှာ ကိုယ်ခန္ဓာ နှစ်ခုဖြစ်သော်လည်း နက်ရှိုင်းသော သူငယ်ချင်းမေတ္တာတရားဖြင့် တောက်လောင်နေသည့် စိတ် ဝိညာဉ်တ ခုတည်းသဖွယ် ဖြစ်နေကြလေသည်။
အမေ၏ ပါးပြင်ထက်ဝယ် မျက်ရည်စက်တို့ တဖန် စီးကျလာပြန်သည်၊ သို့သော် ယခုတကြိမ်တွင်ကား ပေါ့ပါးကြည်လင်သော မျက်ရည်များသာ ဖြစ်တော့သည်။
မျက်ရည်တို့ကို သုတ်သင်လိုက်ရင်း ရှက်ကိုး ရှက်ကန်းအပြုံးဖြင့်...
"မိန်းမသား ဆိုတာ ငိုတတ်ကြတာပဲ မဟုတ်လား။ ဝမ်းနည်းပူဆွေးရင်လည်း ငိုတယ်၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရင်လည်း ငိုကြတာပဲ လေ"