ဇဗီ အာဟာရိုနီ
ဟာမန် အာရွန်ဟိုင်း အား ၁၉၂၁ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဟိန်းရစ် အာရွန်ဟိုင်း သည် ပထမကမ္ဘာစစ်အတွင်းက ဇာတိမြေအတွက် ကတုတ်ကျင်းများထဲတွင် ပါဝင်တိုက်ပွဲဝင်ခဲ့ဖူးသူ ဖြစ်သည်။ သို့သော်လည်း နာဇီများ အာဏာရလာသည့်အခါတွင်မူ ဟိန်းရစ်သည် ဂျူးလူမျိုးတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့် သူ၏နှစ်ပေါင်းများစွာ စစ်မှုထမ်းခဲ့သည့် သမိုင်းကြောင်းမှာ အရာမထင်တော့ပေ။
တိုးမြင့်လာသော နာဇီတို့၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် သူ ရွေးချယ်ထားသည့် ရှေ့နေအလုပ်ကို လုပ်ကိုင်ခွင့် သို့မဟုတ် အခြားသော သက်မွေးဝမ်းကျောင်း လုပ်ငန်းများကို လုပ်ကိုင်ခွင့် မရတော့သဖြင့်၊ လူနေထူထပ်သော မြို့ကြီးပြကြီးတွင် လူမသိ သူမသိ ပုန်းကွယ်နေထိုင်နိုင်ရန် မျှော်လင့်ချက်ဖြင့် သူ၏မိသားစုကို ဘာလင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။
သို့သော် ဟိန်းရစ်၏ အတွေးမှာ မှားယွင်းခဲ့၏။ နှစ်များကုန်လွန်လာသည်နှင့်အမျှ ဂျာမန်ဂျူးလူမျိုးများ၏ ဘဝသည် ပိုမိုဆိုးရွား ထိတ်လန့်ဖွယ်ကောင်းလာခဲ့သည်။ ကဖေးဆိုင်တွင် ထိုင်စားခြင်း သို့မဟုတ် ပြဇာတ်ရုံတက်ခြင်းကဲ့သို့သော ရိုးရှင်းသည့် လူမှုဘဝပျော်ရွှင်မှုများကိုပင် ပိတ်ပင်တားမြစ်ခံခဲ့ရသည်။ ဂျူးစာရေးဆရာများ၏ စာအုပ်များကို မီးပုံရှို့ခဲ့ကြပြီး ဂျူးဂီတပညာရှင်များကိုလည်း ဘတ်ခ် နှင့် ဘရမ်းစ် တို့၏ ဂီတလက်ရာများကို ပင် တီးခတ်ဖျော်ဖြေခွင့် ပိတ်ပင်ခဲ့လေသည်။
၁၉၃၇ ခုနှစ်တွင် ဟိန်းရစ်ချ်သည် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ဇနီး ဖြစ်သူ ယူဂျင်းနီက မိသားစုတာဝန်ကို လွှဲပြောင်းယူခဲ့သည်။ သူမသည် မိသားစု တစုလုံး ပါလက်စတိုင်းသို့ ပြောင်းရွှေ့အခြေချနိုင်ရန် လိမ္မာပါးနပ်စွာ စီစဉ်ခဲ့သည်။ လိုအပ်သော အထောက်အထားစာရွက်စာတမ်းများ အဆင်ပြေချောမွေ့စေရန် တနှစ်ခန့် အချိန်ယူခဲ့ရသော်လည်း၊ ခရစ္စတယ်လ်နက်ခ် (Kristallnacht - ဂျူးဆန့်ကျင်ရေး အကြမ်းဖက်မှုည) မတိုင်မီ သီတင်းပတ်အနည်းငယ်အလို ၁၉၃၈ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းတွင် သူမနှင့် သူမ၏ သားငယ်နှစ်ဦးသည် ဘာလင်မြို့မှ ရထားစီးကာ ပါလက်စတိုင်းသို့ ဦးတည်သည့် ခရီးစဉ်ကို စတင်ခဲ့ကြသည်။
"ဘူတာရုံမှာ ကျွန်တော်တို့ရဲ့ ဆွေမျိုးတချို့နဲ့ ဆုံခဲ့ကြတယ်" ဟု ဟာမန် အာရွန်ဟိုင်း က နောက်ပိုင်းတွင် ပြန် ပြောပြခဲ့သည်။ ဂျာမနီနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ရမည့် အချိန်ရောက်လာသောအခါ သူသည် အသက် ၁၇ နှစ်အရွယ် လူငယ်လေးတစ်ဦးသာ ရှိသေးသည်။
"သူတို့က မျက်ရည်စက်လက်နဲ့ နှုတ်ဆက်ဖို့ ရောက်လာကြတာ။ ဂျာမနီနိုင်ငံအတွင်းမှာ ရာစုနှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ဂျူးလူမျိုးတို့ရဲ့ လူနေမှုဘဝနဲ့ ဂျူးယဉ်ကျေးမှုတွေဟာ အဆုံးသတ်သွားတော့မယ်ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းကြီး သိထားကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျရောက်လာမယ့် Final Solution (နောက်ဆုံး အဖြေရှာရှင်းလင်းခြင်း - နာဇီတို့၏ ဂျူးမျိုးတုံးသတ်ဖြတ်မှု စီမံကိန်း) ရဲ့ အဆိုးရွားဆုံး ပုံရိပ်တွေကိုတော့ ဘယ်သူကမှ အိမ်မက်ဆိုး အဖြစ်တောင် မက်ခဲ့ဖူးကြမှာ မဟုတ်ပါဘူး။ တကယ်တမ်း ဖြစ်ပျက်ခဲ့တဲ့ အမှန်တရားကတော့... ကျွန်တော်တို့ဟာ လာနှုတ်ဆက်ကြတဲ့ ဆွေမျိုးတွေထဲက ဘယ်သူ့ကိုမှ နောက်ထပ်တကြိမ် ပြန်မတွေ့ရတော့တာပါပဲ။ သူတို့အားလုံး ဟိုလိုကော့စ် အတွင်းမှာပဲ သေဆုံးသွားခဲ့ကြရပါတယ်။"
ရထားတဖုံ သင်္ဘောတသွယ်ဖြင့် ပါလက်စတိုင်းပြည်သို့ သွားရသော ခရီးစဉ်မှာ အလွန်ပင် ပင်ပန်းဆင်းရဲလှသော်လည်း၊ ထိုခေတ်အခါက ကမ္ဘာပေါ်တွင် တခုတည်းသော ဂျူးမြို့တော်ဖြစ်သည့် တဲလ်အဗစ် မြေပေါ်သို့ ခြေချလိုက်ရသည့် ခဏ၌ပင် အာရွန်ဟိုင်းနှင့် သူ၏မိသားစုသည် မိမိတို့အိမ်သို့ ပြန်ရောက်သွားသည့်အလား ချက်ချင်းပင် လုံခြုံနွေးထွေးမှုကို ခံစားလိုက်ရလေသည်။
"ကျွန်တော်တို့ မျှော်လင့်တောင့်တခဲ့ရတဲ့ အိမ်မက် တိုင်းပြည်—ကျွန်တော်တို့ရဲ့ သန့်ရှင်းမွန်မြတ်တဲ့ မြေဆီကို ရောက်ရှိခဲ့ကြပါပြီ" ဟု သူက နောက်ပိုင်းတွင် ရေးသားခဲ့သည်။
"ဒီနိုင်ငံသစ်ရဲ့ အရာရာတိုင်းဟာ ကျွန်တော့်အတွက် ထူးဆန်းနေခဲ့ပေမယ့် ပထမဆုံးနေ့ကတည်းက အိမ်ပြန်ရောက်လာသလိုမျိုး ခံစားချက်ကို ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဒီမြေနဲ့ ထိုက်တန်တယ်ဆိုတာကို သိခဲ့တယ်။ ဒီနေရာမှာ ဂျူးတစ်ယောက်ဖြစ်ရတာဟာ ပုံမှန်ကိစ္စတခုပါပဲ။ ကျွန်တော်တို့ဟာ အမုန်းခံ လူနည်းစု မဟုတ်တော့ဘူး။ ဒီနေရာမှာ ဘယ်သူကမှ ကျွန်တော်တို့ နောက်ကနေ 'ညစ်ပတ်တဲ့ဂျူး' လို့ အော်ဟစ်ဆဲဆိုကြမှာ မဟုတ်သလို၊ 'မင်းတို့ ပါလက်စတိုင်းကို ပြန်ကြတော့' လို့လည်း လှောင်ပြောင်ကြမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ အိမ်ပြန်ရောက်ခဲ့ပါပြီ။"
ထိုသို့ဖြင့် 'ဟာမန် အာရွန်ဟိုင်းမ်' ဆိုသော အမည်မှာ မရှိတော့ပေ။ အသက် တဆယ့်ခုနစ်နှစ်အရွယ်ရှိ ထိုရွှေ့ပြောင်းအခြေချသူလူငယ်သည် ဟီဘရူးအသံထွက်အတိုင်း သူ၏အမည်ကို ဇဗီ အာဟာရိုနီ ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။
ရာစုနှစ်တခု၏ လေးပုံတစ်ပုံ ၂၅ နှစ် ကြာပြီးနောက်၊ မော့ဆက် ထောက်လှမ်းရေးအေးဂျင့် ဖြစ်လာသော အာဟာရိုနီသည် အဒေါ့ဖ် အိုက်ခ်မန်း ကို လိုက်လံဖမ်းဆီးရန် ပြင်ဆင်နေချိန်တွင် မိသားစု ဘေးကင်းလုံခြုံရေးအတွက် သူ၏ဖခင်ဖြစ်သူ အသက်ပေးခဲ့ရသည်ဟူသော အသိစိတ်ကြောင့် စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။
"အကယ်၍ သူသာ နောက်ထပ်တနှစ်လောက် ပိုအသက်ရှည်ခဲ့ရင် ကျွန်တော်လည်း အော့ရှဝစ်ဇ် အကျဉ်းစခန်းက မီးခိုးခေါင်းတိုင်ထဲ ရောက်ပြီး ပြာဖြစ်သွားခဲ့မှာ" ဟု အာဟာရိုနီက ပြန်လည်အမှတ်ရခဲ့သည်။
သူ့ကို ထိုမီးခိုးခေါင်းတိုင်ထဲသို့ ပို့ဆောင်မည့်သူမှာလည်း အခြားသူမဟုတ်၊ အဒေါ့ဖ် အိုက်ခ်မန်း ပင် ဖြစ်သည်။
*************
ဇဗီအာဟာရိုနီ မိသားစု ပါလက်စတိုင်းမြေပေါ်ရှိ ဘေးကင်းရာသို့ ရောက်ရှိသွားသည့် အချိန်နှင့် တချိန်တည်းမှာပင်၊ ဂျူးလူမျိုးများအပေါ် ဆန့်ကျင်သော အဒေါ့ဖ် အိုက်ခ်မန်း ၏ ကိုယ်ပိုင်စစ်ပွဲမှာလည်း အရှိန်အဟုန်ဖြင့် စတင်နေပြီဖြစ်သည်။
ဗီယင်နာမြို့ရှိ သူ၏ရုံးခန်းသစ်တွင် ထိုင်ရင်း၊ ရာထူးအသစ် တိုးမြှင့်ခံရသော အိုဘာစတမ်းဖူရာ အိုက်ခ်မန်းသည် ဩစတြီးယားနိုင်ငံရှိ ဂျူးလူမျိုးများ ပြည်ပသို့ ထွက်ခွာရမည့်ဖြစ်စဉ်ကို အကြမ်းဖက်အရှိန်မြှင့်ခြင်းဖြင့် ဩစတြီးယားနိုင်ငံ၏ လူမျိုးစုသန့်စင်ရေးကို စတင်ခဲ့သည်။
လွန်ခဲ့သောတနှစ်က သူသည် ဂျူးများ ပါလက်စတိုင်းဒေသသို့ အဓမ္မပြောင်းရွှေ့အခြေချမည့် အစီအစဉ်ကို အကောင်အထည် ဖေါ်ဖို့ လေ့လာစူးစမ်းရန် ထိုနေရာသို့ သွားရောက်ခဲ့သေးသော်လည်း၊ လက်တွေ့တွင် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေအနေများက ခက်ခဲလွန်းနေခဲ့သည်။ ယခုအခါတွင်မူ သူသည် ဂျူးများကို ဤနေရာမှ ထွက်သွားစေချင်ရုံသက်သက်သာ ဖြစ်ပြီး၊ သူတို့နောက်ဆုံးသွားရမည့် ဦးတည်ရာကို ဂျူးလူမျိုးများဘာသာ ရှာဖွေဖြေရှင်းကြရန်သာ ပစ်ထားလိုက်တော့သည်။
ရှစ်လတာကာလအတွင်းမှာပင် ဂျူးလူမျိုး တစ်သိန်းနီးပါးသည် နေအိမ်များမှ မောင်းထုတ်ခံခဲ့ရပြီး သြစတြီးယားနိုင်ငံကနေ ထွက်ခွာသွားရန် အတင်းအကျပ် ဖိအားပေးခြင်း ခံခဲ့ရသည်။ ဩဇာအရှိဆုံး ဂျူးခေါင်းဆောင်များသည်လည်း အကျဉ်းစခန်း များသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။
ကျန်ရှိသူများမှာမူ ဆောင်းရာသီ နီးကပ်လာချိန်တွင် ဥရောပတခွင် လှည့်လည်သွားလာနေရသည့် ဒုက္ခသည်များ ဖြစ်လာခဲ့ကြသည်။ အဝတ်အထည် ကိုယ်တခု နှင့် အသေးအဖွဲ ပိုင်ဆိုင်မှုအချို့ကိုသာ ယူဆောင်လာနိုင်သည့် ထိုသူများသည် သူတို့ကို လက်ခံမည့် နိုင်ငံတနိုင်ငံကို အသည်းအသန် ရှာဖွေခဲ့ကြသည်။
၎င်းတို့အား ကံဆိုးမိုးမှောင်ကျစေမည့် မှားယွင်းသော ဆုံးဖြတ်ချက်တခုကြောင့် လူအများစု၏ ပထမဆုံး ရွေးချယ်မှုမှာ ပိုလန်နိုင်ငံ ဖြစ်ခဲ့သည်။ ထိုပိုလန်နိုင်ငံသည် မကြာမီအချိန်အတွင်း ဥရောပရှိ အခြားနိုင်ငံများထက် စာလျှင် လူသတ်စခန်း အများဆုံး တည်ရှိရာနေရာ ဖြစ်လာပေတော့မည်။
သို့သော်လည်း ၁၉၃၈ ခုနှစ် ဆောင်းဦးပေါက်ရောက်သောအခါ ပိုလန်နိုင်ငံကပင် ၎င်း၏ နယ်စပ်များကို ပိတ်ပစ်ခဲ့သည်။ ဂျာမနီ၏ ထိုကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသော ပြည်နှင်ဒဏ်ပေးမှုများနှင့် အတင်းအကျပ် ရွှေ့ပြောင်းခိုင်းမှုများအပေါ် အမျက်ဒေါသထွက်နေသည့် ပါရီမြို့နေ ဂျူးလူငယ်တဦးသည် ၁၉၃၈ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ဂျာမန်သံရုံးအတွင်းသို့ ဝင်ရောက်ကာ ‘အားနက်စ် ဗွန် ရတ်တ်’ အမည်ရှိ အဆင့်နိမ့် သံတမန်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သည်။
ထိုဖြစ်ရပ်အပြီး နှစ်ရက်အကြာတွင် အမျက်ချောင်းချောင်းထွက်နေသော နာဇီများသည် အဆိုပါ လူသတ်မှုကို အကြောင်းပြပြီး “ခရစ္စတယ်လ်နက်ခ်ျ” (Kristallnacht — ဖန်ကွဲည) ဟု လူသိများသည့် ထိတ်လန့်ခြောက်ခြားဖွယ်ရာ ညဉ့်နက်သန်းခေါင်ယံ ဖြစ်ရပ်ဆိုးကြီးကို ဆင်နွှဲခဲ့ကြလေတော့သည်။
****************