အထူးစီးပွားရေးဇုန်များ
၁၉၇၀ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလတွင် တိန့်ရှောင်ဖိန် နှင့်အတူ ပြုပြင်ပြောင်းလဲရေးသမားများ လှမ်းလိုက်သော နိုင်ငံရေးအရ အလွန်ရဲရင့်သည့် စမ်းသပ်ခြေလှမ်းတခုမှာ အထူးစီးပွားရေးဇုန်များ (SEZs) ကို တည်ထောင်ခြင်းပင် ဖြစ်သည်။ အခွန်ကင်းလွတ်ခွင့်များနှင့် အခြားသော အထူးအခွင့်အရေးများ ပေးအပ်ကာ သတ်မှတ်ထားသော နယ်မြေအတွင်း၌ ပို့ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်သည့် ထို အကြံအစည်မှာ တရုတ်တို့က စတင်တီထွင်ခဲ့ခြင်းတော့ မဟုတ်သည်မှာ သေချာသည်။
တိုင်ဝမ်၊ တောင်ကိုရီးယား၊ မလေးရှားနှင့် အခြားအာရှနိုင်ငံများသည် လုပ်အားအခြေပြု ပို့ကုန်လုပ်ငန်းများကို မြှင့်တင်ရန်အတွက် ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက ပို့ကုန်ထုတ်လုပ်မှုဇုန် (EPZs) များကို ရှေ့ဆောင်လမ်းပြအဖြစ် စတင်လုပ်ကိုင်ခဲ့ကြသည်။ သို့သော်လည်း ၁၉၄၉ ခုနှစ်မတိုင်မီ ကာလများက တရုတ်မြေပေါ်တွင် အနောက်နိုင်ငံသားများက အချုပ်အခြာအာဏာကို လွှမ်းမိုးချုပ်ကိုင်ခဲ့ကြပြီး “နယ်မြေငှားရမ်းမှု (Concessions)” သမိုင်းဆိုး၏ အငွေ့အသက်နှင့် အမှတ်ရစရာများ လတ်လတ်ဆတ်ဆတ် ရှိနေသေးသည့် နိုင်ငံတခုအတွက်မူ—တရုတ်ပြည်သူများကိုယ်တိုင် မရရှိနိုင်သော အထူးအခွင့်အရေးမျိုးကို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ပေးအပ်မည့် ဇုန်များ ဖန်တီးခြင်းသည် နိုင်ငံရေးအရ အလွန်ပင် စွန့်စားရသည့် လုပ်ရပ်တခု ဖြစ်ခဲ့ပေသည်။
သို့သော်လည်း ပေါ်ပေါက်လာနိုင်ခြေရှိသည့် ဝါဒရေးရာနှင့် အမျိုးသားရေးဝါဒီတို့၏ ပြင်းထန်သော ကန့်ကွက်တုံ့ပြန်မှုများက တိန့်ရှောင်ဖိန် ကို ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ။ ၁၉၇၉ ခုနှစ် ဧပြီလတွင် ရှီကျန့်ရွှန်း (ထိုစဉ်က ကွမ်တုံးပြည်နယ် ပါတီအကြီးအကဲ) နှင့် ယန်ရှင်ကွန်း (တိန့် ရှောင်ဖိန်၏ ရင်းနှီးသော မဟာမိတ်) တို့က ဟောင်ကောင်နှင့် နီးစပ်ပြီး ဖွံ့ဖြိုးမှုနောက်ကျနေသည့် ဒေသသုံးခုဖြစ်သော ရှန်းကျန့် ၊ ကျူဟိုင် နှင့် ဆွာတောင်တို့တွင် ပို့ကုန်လုပ်ငန်းဇုန်များ (EPZs) တည်ထောင်ရန် တင်ပြလာသည့် အဆိုပြုချက်ကို တိန့်ရှောင်ဖိန်က စိတ်အားထက်သန်စွာ ထောက်ခံခဲ့သည်။
ထူးခြားချက်တစ်ခုမှာ အဆိုပါဇုန်များကို "အထူးဇုန်များ"ဟု ခေါ်ဆိုရန် တိန့်ရှောင်ဖိန်က အကြံပြုခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အဆိုအရ ဗဟိုအစိုးရအနေဖြင့် ဤဇုန်များသို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ ဆွဲဆောင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မည့်အစား မူဝါဒပိုင်းအရ ဦးစားပေး အခွင့်အရေးများကိုသာ ပေးအပ်မည်ဖြစ်သည်။
၎င်း၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ၁၉၇၉ ခုနှစ် ဇူလိုင်လတွင် ဗဟိုခေါင်းဆောင်ပိုင်းက ကွမ်တုံးနှင့် ဖူကျန့်ပြည်နယ်တို့မှ တင်ပြလာသည့် အထူးမူဝါဒဆိုင်ရာ အခွင့်အရေးနှင့် လိုက်လျောညီထွေ လုပ်ကိုင်ခွင့် တောင်းခံမှုများကို အတည်ပြုပေးခဲ့သည်။
ထို့နောက် ၁၉၈၀ ပြည့်နှစ် မေလတွင် ဗဟိုအစိုးရသည် ရှန်းကျန့်၊ ကျူဟိုင်၊ ဆွာတောင်နှင့် ရှမန် ဟူသော အထူးစီးပွားရေးဇုန် (SEZ) လေးခု တည်ထောင်ခြင်းကို တရားဝင် အတည်ပြုပေးခဲ့လေသည်။
ထိုအထဲတွင် ရှန်းကျန့်သည် အကြီးမားဆုံးဇုန်ဖြစ်ခဲ့သည်။ ထိုအချိန်က ရှန်းကျန့်သည် လူဦးရေ သုံးသောင်းခန့်သာရှိသော ငါးဖမ်းရွာငယ်လေးတစ်ရွာသာ ဖြစ်သော်လည်း စတုရန်းကီလိုမီတာ ၃၂၇ ကျော် ကျယ်ဝန်းသည့် နယ်မြေတစ်ခုလုံးကို အထူးစီးပွားရေးဇုန် (SEZ) အဖြစ် သတ်မှတ်ပေးခဲ့သည်။ တရုတ်နိုင်ငံက ရှန်းကျန့်ကို အကြီးမားဆုံးဇုန်အဖြစ် ဖော်ဆောင်ခဲ့ခြင်းမှာ ထိုစဉ်က ဗြိတိသျှကိုလိုနီဖြစ်ခဲ့သည့် ဟောင်ကောင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ဟောင်ကောင်မှတဆင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် ဖြစ်သည်။
ကျန်ရှိသည့် အထူးစီးပွားရေးဇုန် သုံးခုမှာမူ ရှင်ကျန့်ထက် ပို၍ သေးငယ်ကြသည်။ မကာအိုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျူဟိုင်သည် ၁၄ စတုရန်းကီလိုမီတာသာ ရှိပြီး၊ ဆွာတောင်မှာမူ ၆ စတုရန်းကီလိုမီတာသာ ကျယ်ဝန်းသည်။ ရှမန်တွင်မူ ကနဦး၌ ခရိုင်တခုကိုသာ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သော်လည်း ၁၉၈၅ ခုနှစ်တွင် ဗဟိုအစိုးရက ရှမန်အထူးစီးပွားရေးဇုန်ကို မြို့တခုလုံး အကျုံးဝင်စေရန် တိုးချဲ့ပေးခဲ့သဖြင့် မြေနေရာ ၁၃၁ စတုရန်းကီလိုမီတာအထိ ကျယ်ဝန်းလာခဲ့သည်။
အထူးစီးပွားရေးဇုန်များ (SEZs) တည်ထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များကို ဆွဲဆောင်ရန်နှင့် နိုင်ငံခြားငွေရှာဖွေပေးနိုင်မည့် ပို့ကုန်ထုတ်လုပ်ရေးစက်ရုံများ တည်ထောင်ရန် ဖြစ်သည်။ အမျိုးသားပြည်သူ့လွှတ်တော် (NPC) သည် ၁၉၈၀ ပြည့်နှစ် ဩဂုတ်လတွင် ဂွမ်ဒေါင်း ၏ အထူးစီးပွားရေးဇုန်များနှင့်ပတ်သက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အခွန်သက်သာခွင့်နှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ပေးအပ်သည့် အထူးဥပဒေတရပ်ကို အတည်ပြုခဲ့သည်။
ဥပမာအားဖြင့် အဆိုပါရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့ ၏ စီမံခန့်ခွဲမှုအာဏာအပြည့်အဝကို ထိန်းသိမ်းထားနိုင်ရန်အတွက် အထူးစီးပွားရေးဇုန်များအတွင်း ရာနှုန်းပြည့် နိုင်ငံခြားပိုင်ကုမ္ပဏီများကို တည်ထောင်ခွင့်ရရှိခဲ့ကြပြီး၊ ယင်းမှာ နိုင်ငံအတွင်းရှိ အခြားနေရာများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပိတ်ပင်ထားသော အထူးအခွင့်အရေး ဖြစ်သည်။
ထိုအထူးစီးပွားရေးဇုန်များတွင် လည်ပတ်နေသော ကုမ္ပဏီများသည် ၎င်းတို့၏ စက်ပစ္စည်းများနှင့် ကုန်ကြမ်းများကို အကောက်ခွန်မဲ့ တင်သွင်းနိုင်သည်။ ထို့အပြင် ၎င်းတို့၏ အမြတ်အစွန်းများအပေါ် အခွန် ၁၅ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ပြီး၊ ဒေါ်လာ ၅ သန်းထက်ပို၍ ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် ၎င်းတို့၏ အမြတ်အစွန်းများကို အထူးစီးပွားရေးဇုန်များအတွင်း ပြန်လည်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများအတွက် ၁၅ ရာခိုင်နှုန်းထက် လျော့၍ အခွန် ကောက်ခံသွားမည်ဖြစ်သည်။ ထို့အတွက် အထူးစီးပွားရေးဇုန်များရှိ ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်များကို ပြည်ပသို့ ပြန်လည်တင်ပို့ရန် လိုအပ်သည်။
အထူးစီးပွားရေးဇုန်များ (SEZs) ကို အလွန်တရာ အလေးထား ဂရုစိုက်ခဲ့ကြသော်လည်း၊ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိုဇုံများ၏ တိုက်ရိုက်ပံ့ပိုးမှုမှာ အသင့်အတင့်မျှသာ ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် (ရှမန်မြို့ မှလွဲ၍) အဆိုပါဇုန်များကို ဖွံ့ဖြိုးမှုနောက်ကျသော ဒေသများတွင်သာ တည်ထောင်ခဲ့သောကြောင့် ဖြစ်သည်။
၁၉၈၀ ပြည့်နှစ်တွင် အထူးစီးပွားရေးဇုန် ၄ ခု၏ ထုတ်လုပ်မှုပမာဏသည် တရုတ်နိုင်ငံတစ်ခုလုံး၏ စက်မှုကုန်ထုတ်လုပ်မှုတွင် ၀.၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၁၉၈၉ ခုနှစ်သို့ရောက်သောအခါ ၎င်းတို့၏ ပံ့ပိုးမှုသည် ၆ ဆခန့် တိုးတက်လာခဲ့သော်လည်း နိုင်ငံစုစုပေါင်း စက်မှုကုန်ထုတ်လုပ်မှု၏ ၁.၃ ရာခိုင်နှုန်းသာ ရှိနေသေးသည်။
သို့သော်လည်း အခြားကဏ္ဍ အဖုံဖုံတွင်မူ အထူးစီးပွားရေးဇုန်များသည် အံ့မခန်းစရာ စီးပွားရေးအောင်မြင်မှုများကို ရရှိခဲ့ကြသည်။ ၎င်းတို့၏ တိုးတက်မှုနှုန်းသည် ထိုခေတ်အခါက နိုင်ငံတော်၏ ပျမ်းမျှတိုးတက်မှုနှုန်းထက် များစွာပိုမိုမြင့်မားခဲ့သည် (၁၉၈၁ နှင့် ၁၉၉၂ ခုနှစ်အကြား ကာလအတွင်း တရုတ်နိုင်ငံ၏ အမျိုးသားပျမ်းမျှ တိုးတက်မှုနှုန်းမှာ ၁၄ ရာခိုင်နှုန်းရှိပြီး၊ ရှန်ကျန်းမြို့၏ စက်မှုကုန်ထုတ်လုပ်မှုမှာမူ တနှစ်လျှင် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်)။
ထို့အပြင် အထူးစီးပွားရေးဇုန်များသည် ၁၉၈၀ နှင့် ၁၉၈၉ ခုနှစ်အကြားတွင် အမှန်တကယ်ရင်းနှီးမြှုပ်နှံပြီးဖြစ်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Utilized FDI) အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံအထိ ဆွဲဆောင်နိုင်ခဲ့ရာ၊ ၎င်းပမာဏသည် ထိုကာလအတွင်း တရုတ်နိုင်ငံတစ်ခုလုံးသို့ ဝင်ရောက်ခဲ့သော FDI စုစုပေါင်း၏ ၂၆ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။
၁၉၈၀ ပြည့်လွန်နှစ်များအတွင်း အထူးစီးပွားရေးဇုန် ၄ ခုမှ ပို့ကုန်တင်ပို့မှုသည်လည်း အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့သည်။ ၁၉၈၃ နှင့် ၁၉၈၉ ခုနှစ်အကြား အဆိုပါဒေသများမှ ပို့ကုန်တင်ပို့မှုသည် ၁၇ ဆအထိ မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံ၏ စုစုပေါင်းပို့ကုန်ကဏ္ဍတွင် ၎င်းတို့၏ ပါဝင်မှုဝေစုသည် ၁၉၈၃ ခုနှစ်တွင် ၁ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၁၉၈၉ ခုနှစ်တွင် ၆.၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။
အထူးစီးပွားရေးဇုန်များ (SEZs) အောင်မြင်မှုနောက်ကွယ်တွင် နိုင်ငံခြားအရင်းအနှီးကို အထူးအခွင့်အရေးပေးခြင်း၊ ဒေသန္တရကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိခြင်း၊ (ရှန်ကျန်းမြို့၏ ဖြစ်ရပ်တွင်) ဟောင်ကောင်နှင့် နီးကပ်ပြီး သမိုင်းကြောင်းအရ ဆက်နွှယ်မှုရှိခြင်း၊ (ရှာမန်မြို့၏ ဖြစ်ရပ်တွင်) တိုင်ဝမ်နှင့် နီးကပ်ပြီး သမိုင်းကြောင်းအရ ဆက်နွှယ်မှုရှိခြင်း စသည့် အကြောင်းရင်းများစွာ ရှိနေပါသည်။
သို့သော်လည်း အရေးအကြီးဆုံး ဖြစ်နိုင်ခြေရှိသည့် တခုတည်းသော အားသာချက်မှာ မျက်စိဖြင့်မမြင်နိုင်သည့် 'အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံ' (Institutional factor) ပင် ဖြစ်သည်။
အတိအကျဆိုရသော် အောင်မြင်မှုအရှိဆုံး အထူးစီးပွားရေးဇုန်များတွင် လီနင်ဝါဒီပါတီ-အစိုးရ ၏ ယန္တရားများ၊ အထူးသဖြင့် ‘အမိန့်ပေးစီးပွားရေးစနစ်’ ၏ လွှမ်းမိုးချုပ်ကိုင်မှု အနည်းဆုံး ဖြစ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ (ဥပမာအားဖြင့် ရှန်ကျန်းမြို့တွင် ၁၉၉၂ ခုနှစ်၌ ပုဂ္ဂလိကကဏ္ဍသည် စီးပွားရေးထုတ်ကုန်စုစုပေါင်း၏ လေးပုံသုံးပုံကျော်အထိ ရှိခဲ့သည်။) အစိုးရ၏ အသက်ရှူကျပ်လောက်သော ထိန်းချုပ်မှုများမရှိဘဲ ပုဂ္ဂလိကကဏ္ဍသည် လွတ်လပ်စွာ ရှင်သန်ထွန်းကားနိုင်ခဲ့သည်။
ဤအခြေအနေကို အောင်မြင်မှုရရှိခဲ့သည့် အထူးစီးပွားရေးဇုန်နှစ်ခုဖြစ်သော ရှန်ကျန်းနှင့် ရှာမန် တို့ကို နှိုင်းယှဉ်ကြည့်ခြင်းဖြင့် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။ ၁၉၈၀ ပြည့်နှစ်တွင် ရှန်ကျန်း၏ စက်မှုကုန်ထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ၈၄ သန်းသာ ရှိခဲ့ပြီး၊ ရှာမန်၏ ထုတ်လုပ်မှုတန်ဖိုး ယွမ် ၉၄၃ သန်းနှင့် နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်းပင် မပြည့်ခဲ့ပေ။ သို့သော်လည်း ၁၉၈၉ ခုနှစ်သို့ ရောက်သောအခါ ရှန်ကျန်း၏ စက်မှုကုန်ထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ၁၁.၆ ဘီလီယံအထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး၊ ထိုပမာဏမှာ ရှာမန်၏ စက်မှုထုတ်လုပ်မှုတန်ဖိုးထက် နှစ်ဆမျှ ပိုမိုများပြားသွားခဲ့ပါသည်။
အထူးစီးပွားရေးဇုန်အားလုံးထဲတွင် ရှန်ကျန်း မြို့သည် အငြင်းပွားဖွယ်မရှိ အကြီးမားဆုံး အောင်မြင်မှုဇာတ်လမ်းတပုဒ် ဖြစ်ခဲ့သည်။ ဆယ်စုနှစ် သုံးခုအတွင်းမှာပင် ရှန်ကျန်းသည် (၂၀၂၀ ပြည့်နှစ်တွင် လူဦးရေ ၁၂ သန်းကျော်ရှိသော) မဟာမြို့ကြီး တမြို့အဖြစ်လည်းကောင်း၊ အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ်ရေး ဗဟိုချက်အဖြစ်လည်းကောင်း၊ အဆင့်မြင့်နည်းပညာ စုရပ် တခုအဖြစ်လည်းကောင်း အသွင်ပြောင်းလဲသွားခဲ့လေသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နှင့် ပို့ကုန်ကဏ္ဍတို့အပြင်၊ စီးပွားရေးအထူးဇုန်များသည် တရုတ်နိုင်ငံအတွက် လက်ဆုပ်လက်ကိုင် မပြနိုင် သော အကျိုးကျေးဇူးများနှင့် သွယ်ဝိုက်သောအကျိုးကျေးဇူး အမြောက်အမြားကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။
ပြင်ပကမ္ဘာသို့ တံခါးဖွင့်ဝါဒကျင့်သုံးခဲ့သည့် ဤစမ်းသပ်ချက်သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတို့မှတစ်ဆင့် ကမ္ဘာ့စီးပွားရေးစနစ်အတွင်းသို့ မည်သို့မည်ပုံ ပေါင်းစည်းဝင်ရောက်ရမည်ဆိုသည့် အဖိုးတန်သော သင်ခန်းစာများကို ပေးစွမ်းနိုင်ခဲ့သည်။
လက်တွေ့လုပ်ဆောင်ရင်း သင်ယူခဲ့သည့် ဤဖြစ်စဉ်မှ ရရှိလာသော အသိပညာ ဗဟုသုတများသည် ပြုပြင်ပြောင်းလဲရေးသမားများ ကို ယုံကြည်မှု တိုးပွားစေခဲ့သည်။
ရလဒ်အနေဖြင့် ကျောက်ကျိယန် ဦးဆောင်သောအဖွဲ့သည် ၁၉၈၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် ကမ်းရိုးတန်းဒေသ တခုလုံးကို လက်တွေ့ကျကျ လည်ပတ်နေသော စီးပွားရေးအထူးဇုန်များအဖြစ်သို့ ပြောင်းလဲပစ်နိုင်ခဲ့သည်။ (ဤစီမံကိန်းကို ၁၉၈၉ ခုနှစ်တွင် ကျောက်ကျိယန် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီးနောက်ပိုင်း ဖြစ်သည့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။)