အစ္စရေးထောက်လှမ်းရေးအဖွဲ့က မချင့်မရဲဖြင့် အိုက်ခ်မန်း အမှုကို ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ သုံးလရှိခဲ့ပြီဖြစ်သည်။ ဖရစ်ဇ်ဘောင်ဝါ သည် ဒုတိယမြောက် သတင်းအရင်းအမြစ် တခုထံမှ ရရှိသော အထောက်အထား အသစ်များနှင့်အတူ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလတွင် အစ္စရေးနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ယင်းသတင်းအရင်းအမြစ်မှာ သူ၏အမည်ကို ထုတ်မပြောရန် တောင်းဆိုထားသည့် အက်စ်အက်စ် (SS) အရာရှိဟောင်းကြီးတစ်ဦးဖြစ်ပြီး၊ ၎င်းက အဒေါ့ဖ်အိုက်ခ်မန်းသည် 'ရီကာဒို ကလီးမန့်' ဟူသော အမည်ဝှက်ဖြင့် အာဂျင်တီးနားနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အိုက်ခ်မန်းသည် ဗျူနိုအေးရိစ်မြို့တွင် ထိုအမည်ဖြင့်ပင် နေထိုင်နေကြောင်း ဘောင်ဝါကို ထိုပုဂ္ဂိုလ်က အသေအချာ ပြောဆိုခဲ့သည်။
မှတ်တမ်းများကို ပြန်လည်စစ်ဆေးကြည့်ရာတွင် လိုသာဟာမန် ကလည်း ချာကာဘူကိုလမ်း၊ အိမ်အမှတ် ၄၂၆၁ ရှိ လျှပ်စစ်မီတာပုံး ပေါ်တွင် 'ကလီးမန့်' ဟူသောအမည်ကို ရေးသားထားကြောင်း ယခင်ကတည်းက ထွက်ဆိုထားခဲ့ဖူးသည်ကို တွေ့ရသည်။ မော့ဆက် အကြီးအကဲ အစ်ဆာဟာရယ်လ် သည် ယခင်စုံစမ်းစစ်ဆေးမှုများတွင် လွဲချော်မှုများ ပြုလုပ်ခဲ့သည်ဟု ယူဆထားသောကြောင့် ဘောင်ဝါသည် ထို သတင်း ကို မော့ဆက်အဖွဲ့ထံ တိုက်ရိုက်မပေးအပ်ခဲ့ပေ။ ထို့အစား သူသည် ဂျေရုဆလင်မြို့သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ပြီး အစ္စရေး ရှေ့နေချုပ် ဟာအင် ကိုဟင် (ပုံတွင် ဖေါ်ပြထားသူ) နှင့် တွေ့ဆုံရန် စီစဉ်ခဲ့သည်။
ဘောင်ဝါ သည် ကိုဟင် ကို ကျပန်းရွေးချယ်ခဲ့ခြင်း မဟုတ်ပေ။ ထိပ်ပြောင်ပြောင်နှင့် လူလတ်ပိုင်း အရွယ်ရှိပြီဖြစ်သော ထို ရှေ့နေ ချုပ်ကို အစ္စရေးဥပဒေ၏ စတင်တည်ထောင်သူတစ်ဦးအဖြစ် သတ်မှတ်ထားကြပြီး ထင်ရှားသော အစ္စရေးတရားသူကြီးတဦးကမူ ၎င်းသည် "ဒီနိုင်ငံရဲ့ အမှားအမှန်ကို သိတဲ့ အသိတရားကြီး" ဟု ပင် ရည်ညွှန်း ပြောဆိုခြင်း ခံထားရသူ ဖြစ်သည်။ ဤသို့ လိပ်ပြာစင်ကြယ်မှု (သို့မဟုတ်) အမှားအမှန် သိစိတ် ကြောင့်ပင် ဖရစ်ဇ်ဘောင်ဝါ ကို ကိုဟင်အား ရွေးချယ် ဖြစ်အောင် တွန်းအားကြီး ဖြစ်လာခဲ့သည်။
ဘောင်ဝါ သည် စစ်မဖြစ်မီက အကျဉ်းစခန်းမှ လွတ်မြောက်ခွင့်ရရန်အတွက် နာဇီဂျာမနီအပေါ် သစ္စာစောင့်သိပါမည်ဟူသော ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့ရသည့် အတိတ်ဆိုးကို ယနေ့တိုင် မေ့ဖျောက်မရဘဲ ခြောက်လှန့်ခြင်း ခံနေရတုန်းပင် ဖြစ်သည်။
ထို့အပြင် ဘောင်ဝါသည် မိမိကိုယ်ကိုယ် ဘဝနှစ်မျိုးဖြင့် ရှင်သန်နေထိုင်နေရသည်ကိုလည်း ကောင်းစွာ သတိပြုမိသည်။ သူသည် ၁၉၄၃ ခုနှစ်ကတည်းက ဒိန်းမတ်အမျိုးသမီးတဦးနှင့် အိမ်ထောင်ပြုခဲ့သော်လည်း ကွယ်ရာတွင်မူ အမျိုးသားအချင်းချင်း တိတ်တဆိတ် ရှာဖွေ ချစ်တင်းနှီး နှောခဲ့သူ ဖြစ်နေခဲ့သည်။ ဥပဒေရေးရာတွင် အပြစ်ပြောစရာမရှိအောင် စင်ကြယ်လှပါသည်ဆိုသော ဘောင်ဝါ၏ ဂုဏ်သတင်းတွင် တခုတည်းသော အမည်းစက်မှာ စစ်မဖြစ်မီက ဒိန်းမတ်နိုင်ငံ၌ အမျိုးသား ပြည့်တန်ဆာများကို ခေါ်ယူရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရဖူးသည့် အချက်ပင် ဖြစ်သည်၊၊
ဤအချက်ကို သူ၏ ဂျာမနီ ဥပဒေရေးရာ လုပ်ဖော်ကိုင်ဖက်များ မသိရှိစေရန် အသည်းအသန် ဖုံးကွယ်ထားခဲ့ရသည်။ သို့သော် ဘောင်ဝါ ၏ အကြီးမားဆုံးသော ကိုယ်ရေးကိုယ်တာ ကွဲလွဲဆန့်ကျင်ချက်မှာမူ သူသည် ဂျူးလူမျိုးတစ်ဦး မဟုတ်သယောင် ဟန်ဆောင်နေထိုင် နေရခြင်းပင် ဖြစ် ပေလိမ့်မည်။
သူ့အနေဖြင့် နာဇီများကို ခြေရာခံ လိုက်လံဖမ်းဆီးလိုသည့် ပြင်းပြသော စိတ်ဆန္ဒကို ကြည့်၍ ၎င်းနှင့် လုပ်ဖော်ကိုင်ဖက် ဂျာမန် အစိုးရရှေ့နေများက သူ့ကို ဂျုးလူမျိုး ဖြစ်နေ၍ဟု ထင်မြင်သွားကြမည်ကို စိုးရိမ်သဖြင့် သူ၏ ကိုးကွယ်သည့် ဘာသာ ကို လျှို့ဝှက်ထားခဲ့သည်။ သို့သော်လည်း ဂျာမနီတွင် နေထိုင်သည့် ဂျူးလူမျိုးတဦးအနေဖြင့်မူ — ဟိုလိုကော့စ် သည် လုံးဝ မရှိခဲ့ဖူးသယောင် ဟန်ဆောင်လိုကြသည့် အမျိုးသားရေး စိတ်ဓာတ်များ ဂျာမန် လူထုကြား ပိုမိုကြီးထွားလာနေခြင်းအပေါ် အလွန်အမင်း စိတ်မသက်မသာ ဖြစ် နေရသည်။
ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များတွင် သေဒဏ်ပေးသည့် စခန်းများ Death camps အကြောင်းကို လုံးဝ ထည့်သွင်းဖော်ပြခြင်း မရှိတော့ဘဲ၊ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် အဒေါ့ဖ် ဟစ်တလာ နှင့် နာဇီတို့၏ လုပ်ရပ်များကို တခါတရံ တွင် ရဲရင့်ပြတ်သားသည့် လုပ်ရပ်များအဖြစ် သင်ကြား နေကြသည်။
"ဂျာမန် ရိုက်ချ် ပါတီ" ဟု လူသိများသည့် နာဇီ လက်သစ်ဝါဒ အဖွဲ့အစည်း တခုသည်လည်း ဩဇာ အာဏာ ပိုမိုကြီးထွားလာနေသည်။
ထိုမျှမကသေးဘဲ အနောက်ဂျာမနီနိုင်ငံတွင် လူသတ်မှုအတွက် တရားစွဲဆိုနိုင်သည့် သက်တမ်းကန့်သတ်ချက် (Statute of limitations) ကို အနှစ် နှစ်ဆယ်အထိ လျှော့ချရန်ပင် ပြောဆို ဆွေးနွေးနေကြပြီ ဖြစ်သည်။ ထိုသို့ ဖြစ်လာမည် ဆိုက နောက်ထပ် ငါးနှစ်မျှ ကြာရုံမျှဖြင့် အဒေါ့ဖ် အိုက်ခ်မန်း နှင့်တကွ အခြားသော နာဇီစစ်ရာဇဝတ်ကောင် အားလုံးသည် ၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ပေးခြင်း ခံရမည့်ဘေးမှ လွတ်မြောက် သွားကြတော့မည် ဖြစ်သည်။
အစ်ဆာ ဟာရဲလ် သည် စိတ်ပါဝင်စားမှု မရှိလှသောလည်း ဘောင်ဝါနှင့် ရှေ့နေချုပ် ကိုဟင်တို့၏ အစည်းအဝေးသို့ မချင့်မရဲဖြင့် ရောက်လာခဲ့သည်။ တဲလ်အဗစ်မှ ဂျေရုဆလင် သို့ မောင်းနှင်ရသည့် ခရီးမှာ ရှည်လျားလှရာ၊ စုံစမ်းစစ်ဆေးမှု လမ်းစပျောက်နေသည့် အမှုတခုအတွက်နှင့် ယခုကဲ့သို့ ခရီးရှည် သွားရခြင်းအပေါ် သူက မကျေမနပ် ဖြစ်နေမိသည်။ သူကို့ ဖိတ်ကြားခဲ့ခြင်းကိုလည်း ယဉ်ကျေးမှုအရ မကောင်းတတ်၍ ဟုသာ မှတ်ထင်ထားခဲ့သော်လည်း၊ မကြာမီမှာပင် အခြေအနေက ထိုသို့မဟုတ်မှန်း သဘောပေါက်သွားခဲ့သည်။
ဖရစ်ဇ် ဘောင်ဝါ ၏ အစစ်အမှန် ရည်ရွယ်ချက်မှာ မော့ဆက် ထောက်လှမ်းရေး အကြီးအကဲကို အရှက်ခွဲရန် ဖြစ်သည်။ အိုက်ခ်မန်းနှင့် ပတ်သက်သည့် ထောက်လှမ်းရေး သတင်းအချက်အလက်သစ်များကို တင်ပြပြီးနောက်၊ ဘောင်ဝါ သည် ဟာရဲလ်၏ အရည်အချင်း မပြည့်ဝမှုကို လှောင်ပြောင် သရော်တော့သည်။
“ဒါက တကယ့်ကို ယုံနိုင်စရာ မရှိတာပဲဗျာ!” ဟု ဘောင်ဝါက အော်ဟစ်ပြောဆိုသည်။ “ဒီမှာ ကြည့်လေ၊ ကျွန်တော်တို့ဆီမှာ ‘ကလိမန့်’ ဆိုတဲ့ နာမည် ရှိနေပြီပဲ။ တယောက်နဲ့တယောက် လုံးဝမသိဘဲ၊ သီးခြားစီဖြစ်နေတဲ့ သတင်းအရင်းအမြစ် နှစ်ခုကနေ ဒီနာမည်ကို ပြောလာကြတာ။ ဒုတိယတန်းစား ရဲအရာရှိတယောက် တောင်မှ ဒီလိုလမ်းစမျိုးကို နောက်ယောင်ခံ လိုက်နိုင်လိမ့်မယ်! သွားပြီးတော့ အနီးအနားက သားသတ်သမား ဒါမှမဟုတ် ဟင်းသီးဟင်း ရွက်သည်ကို မေးကြည့်လိုက်ရုံနဲ့တင် သူ့အကြောင်း သိသင့်သမျှ အကုန်လုံးကို ခင်ဗျားတို့ သိရမှာဗျ!”
ထိုအစည်းအဝေးတွင် စတုတ္ထမြောက်လူတဦးလည်း ရှိနေခဲ့သည်—သူကား ဇဗီ အာဟာရိုနီ ဖြစ်သည်။ သူသည် ရှေ့နေချုပ် ကိုဟင် ၏ အမိန့်အရ ရောက်ရှိနေခြင်းဖြစ်ပြီး၊ ရှေ့နေချုပ်သည် သူလျှိုလုပ်မှုနှင့် နိုင်ငံတော်သစ္စာဖောက်မှုဆိုင်ရာ အမှုအခင်းများတွင် အာဟာရိုနီ၏ ကျွမ်းကျင်လှသော ဝန်ဆောင်မှုများကို အကြိမ်ပေါင်းများစွာ အသုံးချခဲ့ဖူးသည်။
ထိုလူနှစ်ဦးသည် အပြန်အလှန် အလွန်လေးစားကြပြီး လုပ်ငန်းခွင်ပြင်ပတွင်လည်း ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းထားကြသည်။ သို့သော် အာဟာရိုနီနှင့် အစ်ဆာ ဟာရဲလ်တို့၏ ဆက်ဆံရေးမှာမူ ထိုသို့မဟုတ်ပေ။ သူတို့သည် တယ်လ်အဗီးဗ် မှ အတူတူ ကားမောင်းလာခဲ့ကြသော်လည်း စကားနည်းလှသည်။ မိမိအား အိုက်ခ်မန်းအမှုကို ကြိုတင်အသိပေးခြင်း မရှိခဲ့သည့်အတွက် အာဟာရိုနီက စိတ်ခုနေခဲ့သည်။ သူသည် လွန်ခဲ့သော လအနည်းငယ်ခန့်ကတင် ဗျူနိုအေးရိစ် သို့ ထိပ်တန်းလျှို့ဝှက်ကိစ္စတစ်ခုဖြင့် ရောက်ရှိနေခဲ့ရာ၊ ဟားမန်း ပြောသည့် ဇာတ်လမ်း မှန်ကန်မှု ရှိမရှိကို စစ်ဆေးရန် ချာကာဘူကို လမ်း ပေါ်ရှိ အိမ်သို့ အလွယ်တကူ လမ်းကြုံဝင်ရောက် ကြည့်ရှုနိုင်ခဲ့ပေသည်။ ဘောင်ဝါ ၏ ဒေါသတကြီး ပေါက်ကွဲသံကို ကြားရပြီးနောက်တွင်မူ အာဟာရိုနီသည် သူ့စိတ်ထဲ မကျေမချမ်း ဖြစ်နေမှု များ အတွက်လက်စားချေခွင့် ရလာ ခဲ့တော့သည်။
"ဇဗီ ကို ဗျူနိုအေးရိစ် သွားပြီး ဒီသတင်းအချက်အလက်တွေ အမှန်တကယ် ဟုတ်မဟုတ် အပြီးသတ် စိစစ်ခိုင်းစေချင်တယ်" ဟု ရှေ့နေချုပ် ကိုဟင် က အခိုင်အမာ တောင်းဆိုလိုက်သည်။ ၎င်းက "ဒီကိစ္စကို ကျွန်တော် တို့ ဒီထက်ပိုပြီး အချိန်ဆွဲ ကစားနေလို့ မရတော့ဘူး" ဟု ဆက်ပြောသည်။
အစ်ဆာ ဟာရဲလ် သည် ဟာအင် ကိုဟင် ၏ အမိန့်ပေးမှုကို နာခံရမည့်သူ မဟုတ်ပေ။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုကို အဆုံးထိ မလုပ်ဆောင်ဘဲ နေလိုက်ပါက ကြုံတွေ့ရမည့် နောက်ဆက်တွဲ အကျိုးဆက်များသည် အလွန်တရာ အရှက်ရစရာ ဖြစ်လာနိုင်သည်။ အခြားတစ်ဖက်တွင်မူ အကယ်၍ ဤစုံစမ်းစစ်ဆေးမှု အောင်မြင်ခဲ့လျှင် ရရှိလာမည့် ရလဒ်သည် တကမ္ဘာလုံးကို တုန်လှုပ်ပြောင်းလဲစေနိုင်စွမ်း ရှိနေသည်။
ထို့ကြောင့် မော့ဆက် ထောက်လှမ်းရေးအဖွဲ့၏ အကြီးအကဲ အစ်ဆာ ဟာရဲလ် တွင် ရွေးချယ်စရာ လမ်းမရှိတော့ဘဲ 'အိုက်ခမန်း' ၏ အမှုတွဲကို ပြန်လည်ဖွင့်လှစ်၍ စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်ရတော့သည်။
*****************