ကြေမွ သွားခဲ့ရသော တရုတ်ပြည်၏ အိမ်မက်များ(24)

by Hla Soewai - Jun 08 2026

၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပြုပြင်ပြောင်းလဲမှုနှင့် တိုးတက်မှု (၆)

 

နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုကို ဆွဲဆောင်ရန် ဥပဒေပြဋ္ဌာန်းခြင်း

 

နိုင်ငံခြားအရင်းအနှီးများ ဆွဲဆောင်နိုင်ရေးအတွက် တိန့်ရှောင်ဖိန် အဓိကထား လုပ်ဆောင်ခဲ့သည့် အစီအစဉ်မှာ ဥပဒေရေးရာ မူဘောင်တရပ် ချမှတ်ပေးရန် ဖြစ်သည်။ ၁၉၇၉ ခုနှစ် မေလတွင် တိန့်ရှောင်ဖိန်က ဂျပန်လွှတ်တော်အမတ် အဖွဲ့အား ပြောကြားရာ၌ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းကာ ဖက်စပ်လုပ်ငန်းများ တည်ထောင်ရန် စဉ်းစားနေကြောင်းနှင့် တံခါးဖွင့်ဝါဒ ပေါ်လစီကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတရပ်ကို ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် ပြဋ္ဌာန်းရန် လိုအပ်မည့် မူပိုင်ခွင့်နှင့် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဥပဒေများကိုလည်း သူက စာရင်းချ ပြခဲ့သည်။

 

၁၉၇၉ ခုနှစ် ဇူလိုင်လတွင် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ တရုတ်နိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်မည့် ဥပဒေရေးရာမူဘောင်ကို ဖန်တီးပေးရန်အတွက် သမိုင်းဝင် “တရုတ်-နိုင်ငံခြား ဖက်စပ်လုပ်ငန်းဥပဒေ” (Chinese-Foreign Equity Joint Ventures Law) ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ 

 

ထိုဥပဒေတွင် အခြားအချက်အလက်များနှင့်အတူ ဖက်စပ်လုပ်ငန်းတခု၌ နိုင်ငံခြားသားအစုရှယ်ယာရှင်ဘက်မှ အနည်းဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏ ၂၅ ရာခိုင်နှုန်း ထည့်ဝင်ရမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားသည်။ ၎င်းဥပဒေသည် နိုင်ငံခြားသားအစုရှယ်ယာရှင်များ ရင်းနှီးမြှုပ်နှံနိုင်သည့် စုစုပေါင်းရှယ်ယာပမာဏကို ကန့်သတ်ထားခြင်း မရှိသော်လည်း၊ လက်တွေ့လုပ်ထုံးလုပ်နည်းများတွင်မူ ၎င်းတို့၏ စုစုပေါင်းထည့်ဝင်မှုသည် အစုရှယ်ယာ၏ ၅၀ ရာခိုင်နှုန်းထက်မကျော်စေရန် ထိန်းချုပ်ထားလေ့ရှိသည်။ (ဥပဒေမူကြမ်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အစုရှယ်ယာပမာဏကို ၄၉ ရာခိုင်နှုန်းအထိသာ အတိအလင်း ကန့်သတ်ရန် ကြိုးပမ်းခဲ့ကြပြီး ထိုသို့ဖြင့် နိုင်ငံခြားသားများကို အနည်းစုပိုင်ရှင်များသာ ဖြစ်စေရန် ရည်ရွယ်ခဲ့ကြသည်။ သို့သော် တိန့်ရှောင်ဖိန်က ထိုကဲ့သို့သော ပြဋ္ဌာန်းချက်မျိုးသည် နိုင်ငံတကာစံနှုန်း မဟုတ်ကြောင်း သိရှိသွားပြီးနောက် ထိုအကြံဉာဏ်ကို ပယ်ဖျက်ခဲ့သည်။)

 

နိုင်ငံခြားဖက်စပ်လုပ်ငန်းများအနေဖြင့် ပြည်တွင်းဖြစ် ကုန်ကြမ်းများကို အသုံးပြုရန်၊ အဆင့်မြင့်နည်းပညာများ ယူဆောင်လာရန်နှင့် ၎င်းတို့၏ ထုတ်ကုန်များကို ပြည်ပသို့ ပြန်လည်တင်ပို့ရန် တိုက်တွန်းထားပြီး၊ ယင်းအတွက် အခွန်ဆိုင်ရာ ခံစားခွင့်များကို ပေးအပ်ခဲ့သည်။ တရုတ်အစုရှယ်ယာရှင်များဘက်ကမူ ၎င်းတို့၏ ရှယ်ယာအစိတ်အပိုင်းအဖြစ် မြေနေရာကို ထည့်ဝင်နိုင်ခဲ့ကြသည် (ဤဥပဒေကို နောက်ပိုင်းတွင် သုံးကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင်မှ လုံးဝ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်)။

 

ဤဥပဒေသည် ပြဋ္ဌာန်းချက်များအရ တင်းကျပ်ပြီး ဝေဝါးလွန်းသည်ဟု ယူဆခဲ့ကြသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် သိသာထင်ရှားသော အကျိုးခံစားခွင့်များကို ပေးစွမ်းနိုင်ခြင်း မရှိခဲ့သော်လည်း၊ နိုင်ငံခြားအရင်းအနှီးကို ကြိုဆိုလိုသည့် တရုတ်နိုင်ငံ၏ ဆန္ဒကို ပြသရာရောက်ခဲ့ကာ ပြင်ပကမ္ဘာနှင့် ရေရှည်အဆက်အသွယ်ပြတ်နေခဲ့သည့် အလားအလာကြီးမားလှသော ဈေးကွက်ကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်နိုင်ရန် တံခါးကို အနည်းငယ် ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ (တိန့်ရှောင်ဖိန်ကမူ ဤဥပဒေတွင် အားနည်းချက်များ ရှိနေစေကာမူ ၎င်းသည် “ကျွန်ုပ်တို့၏ နိုင်ငံရေးဆိုင်ရာ လိုလားချက်များနှင့် ရည်မှန်းချက်များ” ကို ဖော်ပြချက်တခု ဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။)

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖက်စပ်လုပ်ငန်းများထက်ပင် ပိုမိုဆွဲဆောင်မှုရှိစေရန် ရည်ရွယ်၍ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) က ၁၉၈၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဒုတိယမြောက် ဥပဒေမှာ “နိုင်ငံခြားပြင်ပအရင်းအနှီး လုပ်ငန်းများဆိုင်ရာ ဥပဒေ” (Foreign-Capital Enterprises Law) ဖြစ်ပြီး၊ ၎င်းဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် တရုတ်နိုင်ငံတွင် ၎င်းတို့ကိုယ်ပိုင် လုံးဝပိုင်ဆိုင်သည့် ကုမ္ပဏီများကို တည်ထောင်ခွင့် ရရှိခဲ့ကြသည်။

 

အဆိုပါဥပဒေတွင် ယေဘုယျပြဋ္ဌာန်းချက် အရေအတွက် အနည်းငယ်သာ ပါဝင်သော်လည်း၊ ဖက်စပ်လုပ်ငန်းဆိုင်ရာ ဥပဒေကဲ့သို့ပင် နိုင်ငံခြားသားလုံးဝပိုင် ကုမ္ပဏီများအနေဖြင့် ခေတ်မီနည်းပညာများကို ယူဆောင်လာရန်၊ ကုန်ကြမ်းများကို ပြည်တွင်း၌သာ ရှာဖွေအသုံးပြုရန်နှင့် အခွန်ဆိုင်ရာ အကျိုးခံစားခွင့်များ ပေးပြီး ၎င်းတို့၏ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရန် တွန်းအားပေးခဲ့သည်။

 

နိုင်ငံတော်ကောင်စီ သည် ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံခြားသားလုံးဝပိုင် ကုမ္ပဏီများနှင့် ပတ်သက်၍ ပိုမိုအသေးစိတ်ကျပြီး စည်းကမ်းချက်များ ပိုမိုတိကျကာ တင်းကျပ်မှုလည်းရှိသော လုပ်ထုံးလုပ်နည်း တရပ်ကို ထုတ်ပြန်ခဲ့သည်။ 

 

အဓိက အချက်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အောက်ပါအချက်များနှင့် ကိုက်ညီမှသာ လုံးဝပိုင်ဆိုင်ခွင့်ရှိသော ကုမ္ပဏီများကို တည်ထောင်ခွင့်ပြုခဲ့သည် -

(၁) ခေတ်မီနည်းပညာနှင့် စက်ကိရိယာများကို ယူဆောင်လာနိုင်ခြင်း၊

(၂) သွင်းကုန်အစားထိုး ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ခြင်း (သို့မဟုတ်)

(၃) ၎င်းတို့၏ နိုင်ငံခြားငွေလဲလှယ်မှု အသုံးစရိတ်များကို ကာမိစေရန် ခိုင်မာသော နိုင်ငံခြားငွေကြေး ကို လုံလောက်စွာ ရှာဖွေပေးနိုင်ခြင်း တို့ဖြစ်သည်။

 

ထို့အပြင် တရုတ်နိုင်ငံသည် မီဒီယာ၊ ရုပ်သံထုတ်လွှင့်မှု၊ ရုပ်ရှင်၊ ပြည်တွင်း လက်လီကုန်သွယ်မှု၊ နိုင်ငံခြားကုန်သွယ်မှု၊ အာမခံနှင့် ဆက်သွယ်ရေး စသည့် ကဏ္ဍအမြောက်အမြားတွင်မူ နိုင်ငံခြားသားတဦးတည်း ပိုင်ဆိုင်သည့် ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်ခွင့်ကို မူ ပိတ်ပင်တားမြစ်ထားခဲ့သည်။

 

 ပြည်သူ့အကျိုး ဆောင်လုပ်ငန်းများ (ရေ၊ မီး အစရှိသည်များ)၊ သယ်ယူပို့ဆောင်ရေးနှင့် အိမ်ခြံမြေကဏ္ဍ စသည့် အခြားကဏ္ဍများတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့သော်လည်း အလွန်တင်းကျပ်သော ကန့်သတ်ချက်များဖြင့်သာ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 

၎င်းအပြင် နိုင်ငံခြားသားတစ်ဦးတည်း အပြည့်အဝပိုင်ဆိုင်သည့် ရင်းနှီးမြှုပ်နှံမှု အားလုံးသည် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြန်လည်စိစစ်သုံးသပ်မှု ကို မဖြစ်မနေ ခံယူခဲ့ကြရသည်။

 

၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် တရုတ်အစိုးရသည် “တရုတ်-နိုင်ငံခြား ကန်ထရိုက်စနစ်သုံး ဖက်စပ်လုပ်ငန်းဥပဒေ” (Chinese-Foreign Contractual Joint Ventures Law) ဟူသည့် အခြားဥပဒေတရပ်ကို ထပ်မံပြဋ္ဌာန်းခဲ့သည်။ 

 

ယင်းဥပဒေသည် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု မတည်ငွေကြေးအစား မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများနှင့် စီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ အတတ်ပညာ များကို တရုတ်နိုင်ငံသို့ ယူဆောင်လာစေရန် ဆွဲဆောင်မှုဖြစ်စေခဲ့သည်။ နောက်ပိုင်းတွင် ပိုမိုလွတ်လပ် ပွင့်လင်းလာစေရန် အကြိမ်ကြိမ် ပြင်ဆင်မွမ်းမံခဲ့ကြသည့် ဤဥပဒေသုံးရပ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကို ဆွဲဆောင်နိုင်ရန်အတွက် ဥပဒေရေးရာ အခြေခံအုတ်မြစ်များ ဖြစ်လာခဲ့သည်။

 

သို့သော်လည်း ရှေးရိုးစွဲဝါဒီများ၏ ကန့်ကွက်မှုနှင့် နိုင်ငံခြားအရင်းအနှီးအပေါ် သံသယစိတ်များ ကျန်ရှိနေသေးခြင်းကို ထင်ဟပ်နေသည့် (ထိုစဉ်က) တင်းကျပ်လွန်းသော ပြဋ္ဌာန်းချက်များကြောင့် ဤဥပဒေသုံးရပ်တည်းဖြင့်သာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့ခြင်း ရှိ၊ မရှိမှာမူ သံသယဖြစ်ဖွယ် ရှိနေပါသည်။ 

 

ထိုအချိန်က တရုတ်နိုင်ငံသည် ပြင်ပလူများအတွက် ဘေးကင်းပြီး ကြိုဆိုတတ်သော နေရာတခုအဖြစ် မှတ်တမ်းကောင်းများ မရှိခဲ့သေးသောကြောင့် ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုရန် တိန့်ရှောင်ဖိန် ၏ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုများ ရှိခဲ့သော်လည်း ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း တရုတ်နိုင်ငံသို့ အမှန်တကယ် စီးဝင်ခဲ့သည့် နိုင်ငံခြားအရင်းအနှီး ပမာဏမှာ အနည်းငယ်မျှသာ ရှိခဲ့လေသည်။