အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(28)

by Hla Soewai - Jun 08 2026

အခန်း (၇)

 

#မရေမရာအောင်ပွဲဆီသို့

 

ရန်ကုန်စစ်မျက်နှာမှ မဟာဗန္ဓုလ ဆုတ်ခွာသွားပြီးနောက်ပိုင်းတွင် ဗြိတိသျှတို့အတွက် အခြေအနေ အရပ်ရပ်မှာ ပိုမိုကောင်းမွန်လာခဲ့သည်။ ကာကွယ် ရေး ခံတပ် များ တည်ဆောက်ရန်အတွက် မရပ်မနား အဓမ္မစေခိုင်းခံရမှုကြောင့်လည်းကောင်း၊ တောရိုင်းပင်များမှလွဲ၍ စားစရာ သိပ်မရှိမှုကြောင့်လည်းကောင်း နုံးချည့်ကာ အငတ်ငတ်အပြတ်ပြတ် ဖြစ်နေကြရှာသော မြန်မာအမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် ထောင်ပေါင်းများစွာသည် နေ့စဉ်နှင့်အမျှ တောထဲမှ ရန်ကုန်မြို့တွင်းသို့ တဖွဲဖွဲ ပြန်လည်ဝင်ရောက်လာကြသည်။

 

အသေးအမွှား အပြစ်လေးများအတွက်ပင် သေဒဏ်ပေးတတ်သည့် မိမိတို့အာဏာပိုင်များ၏ ရက်စက်ကြမ်းကြုတ်မှုနေရာတွင် စိမ်းကားလှသော နိုင်ငံခြားသားများ၏ ယဉ်ကျေးပျူငှာမှုနှင့် စေတနာမေတ္တာတို့ကို သူတို့က လိုလိုလားလားပင် လဲလှယ်ယူခဲ့ကြသည်။ 

 

ဗြိတိသျှအုပ်ချုပ်ရေးကို ကန့်ကွက်ပုတ်ခတ်သူများ မည်မျှပင်ရှိစေကာမူ ၎င်းတို့၏ အုပ်ချုပ်မှုသည် ရက်စက်သော အာဏာရှင်စနစ်ကို ဖခင်သဖွယ် ကြင်နာတတ်သော ကရုဏာရှင်စနစ် ဖြင့် အမှန်တကယ်ပင် အစားထိုးနိုင်ခဲ့ပြီး၊ ထိုစနစ်မှာ ထိုခေတ်ထိုအခါက အခြေအနေနှင့် မဆီလျော်လှသော စနစ်မျိုးတော့လည်း မဟုတ်ပေ။

 

မြန်မာတို့သည် ဝမ်းနည်းပူဆွေးမှုထဲတွင် အချိန်အကြာကြီး နစ်မျောနေတတ်သည့် လူမျိုး မဟုတ်သဖြင့် မိမိတို့၏ ပြာပုံအတိဖြစ်သွားသော အိုးအိမ်များကို ပြန်လည်တည်ဆောက်ရန်နှင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ပြန်လည်စတင်ရန် တက်တက်ကြွကြွနှင့် အင်တိုက်အားတိုက် ချက်ချင်းပင် စတင်ကြတော့သည်။ 

 

မကြာမီအချိန်အတွင်းမှာပင် ရန်ကုန်မြို့ကြီးသည် ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့သည်။ ကုန်သည်များက ဈေးတခုကို ဖွင့်လှစ်ခဲ့ကြပြီးနောက် ထိုဈေးတွင် ရောင်းချသော သား၊ ငါး၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် (ဗြိတိသျှ) စစ်တပ်၏ ရိက္ခာအဟာရကို များစွာအထောက်အကူပြု လာစေသည်။ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် မြန်မာတို့၏ ဓလေ့ထုံးတမ်းအရ အမဲသားကို သတ်၍ ရောင်းချခြင်း မပြုကြသော်လည်း အသက်ရှိသော နွားများကိုမူ အရှင်လိုက် ရောင်းချရန် ဝန်မလေးကြပေ။

 

မြန်မာအများအပြားသည် အိန္ဒိယမှ ရောက်ရှိလာသော ခိုင်းနွား ကောင်ရေ ၁,၇၀၀ ခန့်ရှိသည့် စစ်တပ်ရိက္ခာဌာန၏ လှည်းမောင်းသမားများအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ လှေလုပ်သားများလည်း ရရှိမည့် လုပ်ခလစာ ကောင်းမွန်ခြင်းနှင့် ဖော်ရွေစွာ ဆက်ဆံခံရခြင်း စသည့် ဆွဲဆောင်မှုများကြောင့် တဖြေးဖြေး နှင့် စိတ်ဝင်စားလာကြသည်။

 

ကာလကတ္တားနှင့် မဒရပ်တို့မှ ရိက္ခာများနှင့် စစ်ကူများ စဉ်ဆက်မပြတ် ရေကြောင်းဖြင့် ရောက်ရှိလာခြင်းက စစ်ဆင်ရေးကို အားသစ်လောင်းပေးခဲ့သည်။ ဗြိတိသျှတို့သည် ဘုရင့်တပ်မတော် အမှတ် (၄၇) ခြေလျင်တပ်ရင်း၊ မြင်းတင်အမြောက်တပ်ခွဲ နှစ်ခွဲ၊ မြင်းစီးစစ်သည်တပ်ခွဲ နှစ်ခွဲနှင့် ဒုံးပျံတပ်ဖွဲ့** တခု ရောက်ရှိလာခြင်းကြောင့် စိတ်ဓာတ်တက်ကြွသွားကြပြီး၊ ဤသည် မှာလည်း ၎င်းတို့အား မေ့လျော့ထားခြင်းမရှိဘဲ ဤစစ်ပွဲကို အမြန်ဆုံး အပြီးတိုင် တိုက်ခိုက်ရန် ရည်ရွယ်ထားကြောင်း သက်သေပြချက် ဖြစ်လာသော ကြောင့်ပင်။

 

** ဒုံးပျံ ဆိုသည်မှာ ၁၈၀၄:တွင် ဗြိတိသျှလူမျိုး ဆာ ဝီလျံ ကွန်ဂရိဗ် က အိန္ဒိယရှိ မိုက်ဆို ဘုရင် တိပုဆူလတန်၏ ဒုံးပျံတပ်ဖွဲ့များကို နမူနာယူကာ တီထွင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သံကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး ယမ်းမည်း ကို အသုံးပြုကာ အမြီးတံရှည်ကြီးဖြင့် လမ်းကြောင်းထိန်းရသော ဒုံးပျံမျိုး ဖြစ်သည်။ တိကျမှုအပိုင်းတွင် အားနည်းသော်လည်း ပစ်ခတ်လိုက်သည့်အခါ ထွက်ပေါ်လာသော အသံကျယ်ကြီး၊ မီးခိုးလုံးကြီးများနှင့် ပေါက်ကွဲအားကြောင့် ရန်သူ့မြင်းတပ်များကို လန့်ဖျန့်သွားစေပြီး စစ်သည်များ၏ စိတ်ဓာတ်ကို အကြီးအကျယ် ခြိမ်းခြောက်နိုင်ခဲ့သည်။

 

ရန်ကုန်နှင့် ဓနုဖြူတိုက်ပွဲများတွင် ဗြိတိသျှတို့သည် ထို ဒုံးပျံတပ်ဖွဲ့ ကို အလွန်အမင်း အားကိုးခဲ့ကြသည်။ အထူးသဖြင့် ဓနုဖြူခံတပ်ကြီး ကို ဗြိတိသျှတို့ ဝိုင်းရံတိုက်ခိုက်စဉ် မဟာဗန္ဓုလသည် ခံတပ်အတွင်း စစ်ဆေးနေစဉ် ဗြိတိသျှတို့ပစ်ခတ်လိုက်သော ထိုဒုံးပျံ ကျရောက်ပေါက်ကွဲရာမှ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။ (ပုံတွင် တွေ့နိုင်သည်။)

 

ကမ်းဘဲလ် ကမူ ဓနုဖြူရှိ မြန်မာတပ်များကို မကြာမီ အပြီးသတ် လူစုခွဲ လိုက်နိုင်ပါက ဘကြီးတော်မင်းတရားနှင့် အကြံပေး အမတ်မင်းများအား ငြိမ်းချမ်းရေး ဆွေးနွေးလာရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေဆဲ ဖြစ်သည်။ ဇန်နဝါရီလတွင် ဧရာဝတီမြစ်နှင့် ဓနုဖြူသို့ ရောက်ရှိရန် စစ်တပ်က ဖြတ်သန်းချီတက်ရမည့် မြစ်ဝကျွန်းပေါ်ဒေသသည် နွားအုပ်များ အဆင်သင့်ရှိနေသည့်တိုင်အောင် အမြောက်တပ်များ ရွှေ့ပြောင်းရန်အတွက်မူ ရွှံ့ညွန် ထူပြောလွန်းနေသေးသည်။

 

ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်ချီတက်ရန် ကမ်းဘဲလ်က ဆုံးဖြတ်ခဲ့ပြီး၊ အကယ်၍ ဓနုဖြူတွင် အောင်ပွဲရရှိပြီးနောက် ငြိမ်းချမ်းရေး မရရှိခဲ့ပါကလည်း နောက်တစ်ကြိမ် မိုးမကျမီ ကာလတိုအတွင်း မြောက်ဘက် မိုင် ၂၀၀ ကျော်အကွာ (အင်းဝမြို့သို့ သွားရာလမ်း၏ သုံးပုံတစ်ပုံခန့်) တွင်ရှိသော ပြည်မြို့သို့ အရောက် ချီတက်နိုင်လိမ့်မည်ဟု တွက်ဆထားသည်။

 

စိတ်မာန် ခက်ထန် ပြတ်သားသော ဒုတိယဗိုလ်မှူးကြီး ရစ်ချက်စ် ကွပ်ကဲသည့် ဒေသခံတပ်ဖွဲ့ဝင် ၃,၀၀၀ ခန့်ရှိသော စစ်ကြောင်းသည် အာသံ မြောက်ပိုင်းရှိ ကျန်ရှိနေသေးသော မြန်မာတပ်များကို အောက်တိုဘာလကတည်းက စတင် မောင်းထုတ် ရှင်းလင်းခဲ့သည်။

 

 မြင့်မားမတ်စောက်ပြီး ကြမ်းတမ်းခက်ခဲသော တောင်တန်းဒေသတွင် ဆင်နွှဲရသည့် အဆိုပါ စစ်ဆင်ရေးသည် အလွန်ပင် ပင်ပန်းဆင်းရဲလှသော်လည်း ရစ်ချက်စ်၏ လက်အောက်ရှိ တက်ကြွထက်သန်ပြီး အလားအလာရှိသော ဗြိတိသျှ အရာရှိငယ်တစုသည် ၎င်းတို့၏ တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့ကြသည်။ 

 

ထို့ကြောင့် ပြည်နယ်အတွင်းသို့ ဒေသခံတောင်ပေါ်မျိုးနွယ်စုများ၏ ရံဖန်ရံခါ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုများမှအပ ဇန်နဝါရီလကုန်တွင် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဘက် နယ်စပ်ဒေသကို စိတ်ချရအောင် အောင်မြင်စွာ ကာကွယ်စောင့်ရှောက်နိုင်ခဲ့လေသည်။

 

ဘင်္ဂလားပင်လယ်အော်၏ အရှေ့ဘက်ကမ်းရိုးတန်း (အဓိကအားဖြင့် ရခိုင်ဒေသ) ကို သိမ်းပိုက်စိုးမိုးရန်မှာလည်း အလားတူပင် အရေးပါလှပေသည်။ ထိုရည်ရွယ်ချက်အတွက် ဗြိတိသျှခြေလျင်တပ်ရင်း လေးရင်း အပါအဝင် အင်အား ၁၁,၀၀၀ ရှိသော စစ်တပ်တစ်တပ်ကို ဖွဲ့စည်းခဲ့ပြီး၊ ဗိုလ်မှူးချုပ် မောရစ်ဆင် က ကွပ်ကဲကာ အမြောက်တပ်ဆင်ထားသည့် တိုက်ရေယာဉ်ငယ် ၈၀ ခန့် ပါဝင်သော ရေတပ်အင်အားစုကလည်း ကူညီပံ့ပိုးခဲ့သည်။

 

ဗိုလ်မှူးချုပ် မောရစ်ဆင်အနေဖြင့် ရခိုင်ဒေသကို အောင်နိုင်ပြီးနောက် မဟာဗန္ဓုလစစ်တပ်၏ ခြေရာအတိုင်း လိုက်လံလျက် ခက်ခဲကြမ်းတမ်းလှသော ရခိုင်ရိုးမတောင်တန်းကို ဖြတ်ကျော်ကာ ဧရာဝတီမြစ်ဝှမ်းဒေသအတွင်းသို့ ချဉ်းနင်းဝင်ရောက်ပြီး ထိုနေရာတွင် ဂျင်နရယ် ကမ်းဘဲလ် ၏ စစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

 

ထို့ပြင် အလားတူ ရည်မှန်းချက်ကြီးမားသော အင်အား ၇,၀၀၀ ရှိသော ဗိုလ်မှူးချုပ် ရှုလ်ဒမ် ၏ စစ်ကြောင်းတကြောင်းအား ဆေးလ်ဟက် (သျှီလက်) နယ်စပ်တွင် စုရုံးထားခဲ့သည်။ ၎င်း၏ တာဝန်မှာ ကချာ နှင့် မဏိပူရ ဒေသတို့ကို ဖြတ်သန်းချီတက်ပြီးနောက်၊ ဘယ်ဘက်သို့ ကွေ့ကာ မြောက်ဘက် စစ် မျက်နှာမှနေ၍ အင်းဝနေပြည်တော်ကို ခြိမ်းခြောက်ရန် ဖြစ်သည်။

 

 မဟာဗန္ဓုလ၏ တပ်များကို အပြတ်အသတ် ချေမှုန်းအနိုင်ရခဲ့သည့် အခြေအနေမျိုးတွင်၊ ဗြိတိသျှတို့သည် ထိုဒေသ၏ ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင် အနေအထားကို သဲသဲကွဲကွဲ မသိရှိကြဘဲ အတင်းအဓမ္မ ရှေ့တိုးလုပ်ဆောင်နေကြသည်ဟု ဆိုရပေလိမ့်မည်။ အမှန်တကယ်တော့ ထိုအရာများကသာ ၎င်းတို့၏ ရန်သူ အစစ်အမှန် များ ဖြစ်ကြသည်။

 

ဗိုလ်မှုးချုပ် ရှုလ်ဒမ် သည် လမ်းတလျှောက် ကန့်လန့်ဖြတ် တည်ရှိနေသော သစ်တောထူထပ်သည့် တောင်တန်းကြီးများကို ကျော်ဖြတ်ကာ လေးလံသော အမြောက်ကြီးများနှင့် တမျှော်တခေါ်ကြီး ရှည်လျားလှသော စစ်ကြောင်းကြီးများကို ဦးဆောင်၍ အသည်းအသန် ရုန်းကန်လာခဲ့ရသည်။ 

 

ထို့ပြင် ဖေဖော်ဝါရီလ၏ သည်းထန်လှသော မိုးဒဏ်ကြောင့် ပိုမိုဆိုးရွားလာသည့် မိုင်ပေါင်းများစွာ ရှည်လျားသော ရွှံ့နွံဗွက်တောများကို တဗုန်းဗုန်းလဲအောင် ဖြတ်သန်းခဲ့ရသည်။ လမ်းဖောက်လုပ်ရေး အဖွဲ့များနှင့် ရှေ့ပြေးတပ်ဖွဲ့များထံ ရိက္ခာထောက်ပံ့နိုင်ရန် ကြိုးပမ်းရင်း ကုလားအုတ်များနှင့် ဆင် အကောင်ရေ ရာနှင့်ချီ၍ ဆုံးရှုံးခဲ့ရပြီးနောက်၊ နောက်ဆုံးတွင် စစ်သူကြီး ရှုလ်ဒမ်သည် မတ်လကုန်၌ လက်လျှော့ခဲ့ရကာ ယခုစစ်ဆင်ရေးမှာ မည်သို့မျှ မဖြစ်နိုင်တော့ကြောင်း ကာလကတ္တား ရှိ ဗြိတိသျှအစိုးရ ထံ အစီရင်ခံစာ ပေးပို့ခဲ့ရလေသည်။

 

ထို့နောက်တွင် စစ်ဆင်ရေးများ၌ မြေမျက်နှာသွင်ပြင်ကို ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ရိုးရှင်းစွာ ဆောင်ရွက်နိုင်မှုတို့၏ စွမ်းပကားကို သက်သေပြလိုက်သည့် ဖြစ်ရပ်တခု ပေါ်ပေါက်ခဲ့သည်။ မြန်မာတို့၏ တိုက်ခိုက်နှင်ထုတ်ခြင်းကို ခံခဲ့ရသော မဏိပူရစော်ဘွား (ကသည်းစော်ဘွား) သည် ဗြိတိသျှတို့၏ ရိုင်ဖယ်သေနတ် နှင့် လှံစွပ်များ တပ်ဆင်ထားသည့် မိမိ၏ ကိုယ်ရံတော်တပ်သား ၅၀၀ ခန့်မျှဖြင့်သာ ထိုတာဝန်ကို ကိုယ်တိုင် ဆောင်ရွက်ခွင့်ပြုပါရန် ရှုဒ်ဒမ် အား အလေးအနက် တောင်းဆိုလာခဲ့သည်။

 

အဆုံးတွင် ရှုဒ်ဒမ်က သဘောတူလိုက်သဖြင့် စော်ဘွား၏ တပ်ဖွဲ့သည် လက်ထောက်ဗိုလ် ပန်းဗာတန် နှင့်အတူ မေလ ၁၇ ရက်နေ့တွင် ဆယ်လ်ဟက် မြို့မှ ထွက်ခွာခဲ့ကြသည်။ မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ တောတောင်ထူထပ်သော တောင်တန်းများကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ချီတက်ခဲ့ကြပြီးနောက်၊ ဇွန်လ ၁၀ ရက်နေ့တွင် မဏိပူရ၏ အနောက်ဘက် နယ်စပ်သို့ အလွန်တရာ ခဲယဉ်းစွာဖြင့် ရောက်ရှိသွားခဲ့သည်။

 

မဏိပူရမြို့ရှိ မြန်မာခံတပ်စခန်းသည် ရန်သူများ ချဉ်းကပ်လာသည်နှင့်အမျှ တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ စခန်းတစ်ခုသို့ ဆုတ်ခွာသွားခဲ့သည်။ စော်ဘွားနှင့် ပန်းဗာတန်တို့က ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ရန် ရှေ့တိုးလာသောအခါတွင်လည်း မြန်မာတပ်များသည် ထပ်မံဆုတ်ခွာသွားခဲ့ပြန်သည်။

 

ထို့နောက်တွင်မူ မြန်မာတို့ကို ထိုဒေသတစ်ခုလုံးမှ အပြီးတိုင် မောင်းထုတ်နိုင်ခဲ့တော့သည်။ မြို့ကို လိုအပ်ပါက ကာကွယ်နိုင်ရန်အတွက် စစ်သည်အချို့နှင့် လက်နက်တပ်ဆင်ထားသော ဒေသခံများကို ချန်လှပ်ထားခဲ့ပြီးနောက်၊ ပန်းဗာတန်နှင့် စော်ဘွားတို့သည် ဆယ်လ်ဟက်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြရာ ဇွန်လ ၂၂ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။