ပထမဆုံး ပြောက်ကျား တပ်စု၏ မြေအောက်အဖွဲ့အစည်း အတွက် စည်းရုံးခြင်း (၂)
(တော်လှန်ရေး ဘက်တော်သားများ ဖတ်ရှုသင့်သည့် သဘောတရားများ ဖြစ်သည်။)
တနည်းအားဖြင့်ဆိုသော် ပြောက်ကျားရဲဘော် ၅၀၀ ခန့်ဖြင့် စစ်ပွဲတစ်ပွဲကို စတင်ဆင်နွှဲခြင်းအပေါ် ကန့်ကွက်ရန်မရှိသော်လည်း၊ ထို ၅၀၀ စလုံးကို တနေရာတည်းတွင် စုပြုံမထားသင့်ပေ။
ပထမအချက်မှာ လူအင်အား ထိုမျှအထိ များပြားနေပါက ရန်သူ့အာရုံကို ဆွဲဆောင်ရာရောက်ပြီး သစ္စာဖောက်ခံရခြင်း သို့မဟုတ် စီးနင်းတိုက်ခိုက်ခံရခြင်းမျိုး ကြုံရလျှင် တဖွဲ့လုံး ပြုတ်ပြုတ်ပြုန်းသွားနိုင်သောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ နေရာအနှံ့အပြားကို တပြိုင်နက်တည်း စီးနင်းတိုက်ခိုက်ရန် ရန်သူ့အတွက် ပိုမိုခက်ခဲသောကြောင့် ဖြစ်သည်။
အစည်းအဝေးများ ပြုလုပ်ရန် ဗဟိုဌာနချုပ် တည်ရှိရာနေရာကို အနည်းနှင့်အများ သိရှိနိုင်ပြီး ပြည်ပရောက် တော်လှန်ရေးသမားများသည်လည်း ထိုနေရာသို့ အစည်းအဝေးအမျိုးမျိုးအတွက် လာရောက်ကြလိမ့်မည်။ သို့သော်လည်း ခေါင်းဆောင်များသည် ထိုနေရာသို့ တခါတရံမှသာ လာရောက်သင့်ပြီး ၎င်းနေရာတွင် မည်သည့်လျှို့ဝှက်အထောက်အထား စာရွက်စာတမ်းကိုမျှ မထားသင့်ပေ။
ခေါင်းဆောင်များသည် ရန်သူ့စောင့်ကြည့်ခြင်း ခံရနိုင်ခြေ အနည်းဆုံးဖြစ်မည့် အိမ်များကို တတ်နိုင်သမျှ အမျိုးမျိုး ပြောင်းလဲအသုံးပြုရမည်။ လက်နက်ခဲယမ်း သိုလှောင်ရုံများကိုလည်း ဖြစ်နိုင်လျှင် နေရာခွဲ၍ ထားရှိရမည် ဖြစ်ပြီး၊ ထိုနေရာများကို လုံးဝ လျှို့ဝှက်ထားကာ လူတယောက် သို့မဟုတ် နှစ်ယောက်ခန့်သာ သိရှိစေရမည်။
လက်နက်များကို စစ်ပွဲတကယ်စတော့မည့် အချိန်ကျမှသာ တိုက်ပွဲဝင်မည့်သူများ၏ လက်ထဲသို့ အပ်နှံရမည်ဖြစ်သည်။ ဤသည်မှာ စစ်ပညာသင်ကြားနေသူများ အဖမ်းအဆီးခံရခြင်း၊ ထောင်သွင်းအကျဉ်းချခံရခြင်းတို့မှ ရှောင်ရှားနိုင်ရန်နှင့် ရရှိရန် အလွန်ခက်ခဲလှသော လက်နက်များ ဆုံးရှုံးမသွားစေရန်အတွက် ဖြစ်သည်။ ပြည်သူ့ ဘက်တော်သား များသည် ထိုကဲ့သို့သော ဆုံးရှုံးမှုမျိုးကို ခံနိုင်ရည်ရှိသည့် အခြေအနေတွင် မရှိသေးပေ။
အာရုံစိုက်ရမည့် အခြားအရေးကြီးသောအချက်တခုမှာ ရှေ့တွင်ကြုံတွေ့ရမည့် အလွန်ပင်ပန်းဆင်းရဲလှသော တိုက်ပွဲကြီးအတွက် တပ်ဖွဲ့ဝင်များကို ပြင်ဆင်ပေးထားရန်ဖြစ်သည်။ ဤအင်အားစုများသည် တင်းကျပ်သော စည်းကမ်း၊ မြင့်မားသော စိတ်ဓာတ်နှင့် မိမိတို့လုပ်ဆောင်ရမည့် တာဝန်အပေါ် ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်မှုတို့ ရှိနေရမည် ဖြစ်ပြီး၊ ကြွားဝါခြင်း၊ စိတ်ကူးယဉ်ခြင်းနှင့် လွယ်လွယ်ကူကူ အောင်ပွဲရလိမ့်မည်ဟူသော မျှော်လင့်ချက်အတုအယောင်များ ကင်းစင်နေရမည်။
တိုက်ပွဲသည် ခါးသီးပြီး ရေရှည်သွားရမည်ဖြစ်၍ တခါတရံ လုံးဝဥဿုံ ပြိုလဲပျက်စီးလုနီးပါးအထိ နောက်ဆုတ်ရမှုများကို ကြုံတွေ့ရလိမ့်မည်။ ထိုသို့သော အခြေအနေဆိုးကို မြင့်မားသော စိတ်ဓာတ်၊ စည်းကမ်းသေဝပ်မှု၊ နောက်ဆုံးတွင် အောင်ပွဲရမည်ဟူသော ယုံကြည်ချက်နှင့် ထူးချွန်ပြောင်မြောက်သော ခေါင်းဆောင်မှုတို့ကသာ ကယ်တင်နိုင်မည်ဖြစ်သည်။
ဤသည်မှာ ကျူးဘားနိုင်ငံတွင် ကျွန်ုပ်တို့ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံပင် ဖြစ်သည်။ တစ်ချိန်က အနာဂတ်စစ်တပ်၏ ဗဟိုချက်အဖြစ် လူ ၁၂ ယောက်တည်းသာ ရှိခဲ့သည့်တိုင်အောင် ထိုအခြေအနေ အားလုံးကို ပြည့်မီခဲ့ခြင်းကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့ကို ဦးဆောင်ခဲ့သူမှာ ဖီဒယ် ကက်စထရို ဖြစ်ခြင်းကြောင့်လည်းကောင်း အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်သည်။
ဝါဒရေးရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများအပြင်၊ စနစ်တကျ ပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုသည်လည်း မရှိမဖြစ် လိုအပ်ပါသည်။ ပြောက်ကျားရဲဘော်များသည် ၎င်းတို့၏ စစ်ဆင်ရေးများအတွက် တောင်ထူထပ်သော သို့မဟုတ် အလွန်ကြမ်းတမ်းသော မြေပြင် အနေအထားများကိုသာ ရွေးချယ်ကြလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ မည်သည့်အခြေအနေနှင့်ပဲ ရင်ဆိုင်ရပါစေ၊ ပြောက်ကျားတပ်မတော်၏ အခြေခံအကျဆုံး စစ်ဗျူဟာမှာ “ချီတက်ခြင်း” ပင် ဖြစ်သည်။ ထို့ကြောင့် နှေးကွေးသူ သို့မဟုတ် မောပန်းနွမ်းနယ်လွယ်သူများကို လုံးဝ လက်ခံ၍ မဖြစ်နိုင်။
သင့်တော်မှန်ကန်သော လေ့ကျင့်ခန်းများတွင် နေ့ရောညပါ၊ တရက်ပြီး တရက် မနားတမ်း ချီတက်ရသည့် ပင်ပန်းဆင်းရဲလှသော ခရီးရှည် လမ်းလျှောက်ခြင်းများ ပါဝင်ရမည်။ ဤလေ့ကျင့်မှုများကို တဖြည်းဖြည်းချင်း အရှိန်မြှင့်တင်သွားရမည်ဖြစ်ပြီး၊ လူတယောက်၏ မောပန်းနွမ်းနယ်မှု အထွတ်အထိပ် (ခံနိုင်ရည်စွမ်းအား ကုန်ဆုံးလုနီးပါး အခြေအနေ) ထိ ရောက်အောင် အမြဲတမ်း တွန်းအားပေး လေ့ကျင့်ရမည် ဖြစ်သည်။ ထို့ပြင် အရှိန်အဟုန် ပိုမိုမြန်ဆန်လာစေရန်အတွက် တဦးနှင့်တဦး အားကျမခံ အပြိုင်အဆိုင် ကြိုးပမ်းသည့် စိတ်ဓာတ်ကို အသုံးပြုရမည် ဖြစ်သည်။
ခုခံနိုင်စွမ်းနှင့် လျှင်မြန်ဖြတ်လတ်မှုတို့သည် ပထမဆုံးသော ပြောက်ကျားအမြုတေ (စစ်ကြောင်း) အတွက် အဓိကသော့ချက်များ ဖြစ်လိမ့်မည်။ ထို့ပြင် လမ်းကြောင်းရှာဖွေခြင်း၊ မြေပုံဖတ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်း ပုံသဏ္ဌာန်များကဲ့သို့သော စစ်သီအိုရီဆိုင်ရာ အခြေခံမူများကိုလည်း သင်ကြားပို့ချပေးရမည်။
ဖြစ်နိုင်ပါက စစ်သုံးရိုင်ဖယ်လက်နက်များဖြင့် လေ့ကျင့်ပေးခြင်း၊ အထူးသဖြင့် အဝေးပစ် ပစ်မှတ်များကို မကြာခဏ ပစ်ခတ်လေ့ကျင့်စေခြင်းနှင့် ကျည်ဆန်များကို ချွေတာသုံးစွဲနည်းဆိုင်ရာ ညွှန်ကြားချက်များကို အလေးအနက် သင်ကြားပေးရမည်။ ပြောက်ကျားရဲဘော်တဦးအတွက် ကျည်ဆန်များကို ချွေတာခြင်းနှင့် နောက်ဆုံးကျည်တတောင့်အထိ အကျိုးရှိရှိ အသုံးချခြင်းသည် ဘာသာရေးဆိုင်ရာ အဓိဋ္ဌာန်တစ်ခုကဲ့သို့ပင် ဖြစ်လာရမည်။
အကယ်၍ ဤသတိပေးချက်များကိုသာ တသဝေမတိမ်း လိုက်နာဆောင်ရွက်မည်ဆိုပါက ပြောက်ကျားတပ်ဖွဲ့များသည် ၎င်းတို့၏ နောက်ဆုံးပန်းတိုင်သို့ မုချဧကန် ရောက်ရှိနိုင်ပေလိမ့်မည်။