“ကျုပ်ဖြင့် အမေရိကန်တွေလုပ်မယ့် အလုပ်ဆို ဘာတခုမှ မယုံရဲဘူး။ သူတို့က ကျုပ် တို့သမ္မတကိုတောင် လုပ်ကြံဖယ်ရှားပစ်ဖို့ မကြောက်ခဲ့ကြတဲ့ကောင်တွေပဲ မဟုတ်လား။ အဲဒီတော့ အာစရိကိုရော သူတို့ မလုပ်ဘူးလို့ ဘာက အာမခံနိုင်လို့လဲ။”
ကျွန်တော် ရယ်မောလိုက်မိသည်။
သို့သော်လည်း စိတ်ထဲတွင်မူ ကျွန်တော့်ဝိညာဉ်ဆိုသော ခွေးကလေးတစ်ကောင်သည် နှာခေါင်းနှင့် နားရွက်တို့ကို လေအလာဆီသို့ အာရုံစိုက်ရန် အသင့်အနေအထားဖြင့် ထိုင်နေပြီ ဖြစ်သည်။
"ခင်ဗျား တို့တွေ စိုးရိမ်စိတ်လွန်ကဲ နေကြတာပါ” ဟု ကျွန်တော်က ပြောလိုက်သည်။
“ဘယ်လိုပဲ စိုးရိမ်စိတ်လွန်ကဲတဲ့လူ ဖြစ်ဖြစ် အနည်းဆုံး တကြိမ်တော့ မှန်တတ်တာပဲဗျာ” ဟု အရပ်ရှည်ရှည် တပ်ကြပ်ကြီးက ပြောသည်။ “အဲဒါကတော့ သူ သေတဲ့အချိန်ပေါ့။”
“ယုံချင်ယုံ မယုံချင်နေဗျာ” ဟု ပုပြတ်ပြတ်လူက ဝင်ပြောသည်။ “အခု ကျွန် တော် တို့အားလုံး လာတာက ဒီအကြောင်းတွေချည်းပဲ ပြောဖို့ မဟုတ်ပါဘူး။ ကျွန်တော် တို့ အားလုံးက ဗိုလ်ကြီး ကို ကျေးဇူးတင်စကား ပြောချင်လို့ပါ။ ဒီရုပ်ရှင်ရိုက်ကွင်းတစ်ခုလုံးမှာ ဗိုလ်ကြီးလုပ်ပေးခဲ့သမျှ တွေ အတွက်ပေါ့။ ဗိုလ်ကြီးက ကျွန်တော် တို့ကို စောင့်ရှောက်ပေးတယ်၊ အပိုလုပ်ခလစာတွေ ရအောင် လုပ်ပေးတယ်၊ ဒါရိုက်တာကိုလည်း အားမနာတမ်း ပြန်ပြောပေးတယ်၊ တကယ့်ကို အလွန်ကောင်းတဲ့ အလုပ်ကို လုပ်ပေးခဲ့တာပါ။”
“ဒါကြောင့် ဗိုလ်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီကောင်စုတ်ရဲ့ အရက်ကို ကျွန်တော် တို့တွေ အတူတူ သောက်ကြစို့ဗျာ” ဟု အရပ်ရှည်ရှည် တပ်ကြပ်ကြီးက ဆိုလေသည်။
မည်သို့ပင် ဖြစ်စေ မိမိကဲ့သို့ ဗီယက်နမ်လူမျိုး များက ကျွန်တော့်ကို ဦးတည်ပြီး သူတို့ ဖန်ခွက်များကို မြှောက်ကာ ဂုဏ်ပြုလိုက်ကြသည့် အခါ တော့ ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေ ဝဲတက်လာခဲ့မိသည်။
အသိအမှတ်ပြုခံချင်စိတ်နဲ့ အသိုက်အဝန်း၏ အစိတ်အပိုင်း တခု အဖြစ် ပါဝင်ချင်စိတ်တွေ ကျွန်တော့်ဆီမှာ ဤမျှအထိ ရှိနေလိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် အံ့ဩမိသော်လည်း၊ ပေါက်ကွဲမှုဒဏ်ကြောင့် ရရှိထားသည့် စိတ်ဒဏ်ရာက ကျွန်တော့်ကို စိတ်ဓာတ်ကျဆင်း အားနည်းသွားစေခဲ့၍ ဖြစ်တန်ရာသည်။
ကျွန်တော်တို့ လုပ်ဆောင်နေကြသည့် မြေအောက်လျှို့ဝှက်လုပ်ငန်းမျိုးအတွက် မည်သည့် အခါမျှ ဆုတံဆိပ်တွေ၊ ရာထူးတိုးတာတွေ သို့မဟုတ် ဂုဏ်ပြု အခမ်းအနားတွေ ရှိလာမှာမဟုတ်ဘူးဟု မန်း က ကျွန်တော့်ကို ကြိုတင်သတိပေးခဲ့ဖူးသည်။ ထိုအခြေအနေများကို လက်ခံရောင့်ရဲထားပြီး ဖြစ်သော်လည်း ဤဒုက္ခသည်များ၏ ချီးမွမ်းစကားများကမူ မျှော်လင့်မထားဘဲ ရုတ်တရက် ရောက်ရှိလာခြင်း ဖြစ်သည်။ သူတို့ ပြန်သွားပြီးနောက် သူတို့ပြောခဲ့သည့် စကားများကို ပြန်လည်အောက်မေ့ရင်း၊ ဂျော်နီဝေါ်ကာ ကို ဖန်ခွက်ထဲမထည့်ဘဲ ပုလင်းလိုက် မော့သောက်ရင်း ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေမိသည်။
သို့သော် ထိုညက ပုလင်းထဲရှိ ဝီစကီများ ကုန်စင်သွားသည့် အချိန်၌မူ နောက်ဆုံးတွင် ကျွန်တော့်ထံ၌ ကျွန်တော် ကိုယ်တိုင်နှင့် ကိုယ့်အတွေးများမှလွဲ၍ ဘာမျှမကျန်ချင် တော့။ ထိုအတွေးများမှာ ကျွန်တော် မသွားချင်သည့်နေရာများဆီသို့ အတင်းခေါ်ဆောင်သွားတတ်သည့် ကောက်ကျစ်စဉ်းလဲသော တက္ကစီဒရိုင်ဘာများနှင့် တူလှသည်။
ယခု ကျွန်တော့်အခန်းတခုလုံး မှောင်မည်းသွားချိန်တွင်မူ ကျွန်တော်ပြန် မြင်ယောင်နေမိသည်မှာ ဆိုင်ဂုံ ရှိ စစ်ကြောရေးစင်တာတွင် 'ကလော့ဒ်' ၏ ကြီးကြပ်မှုအောက်၌ ပထမဆုံး တာဝန်ထမ်းဆောင်စဉ်က ရောက်ဖူးခဲ့သည့် တခုတည်းသော ဆွတ်ဆွတ်ဖြူ နေသည့်အခန်းအကြောင်း ဖြစ်သည်။
ထိုစဉ်ကမူ ကျွန်တော်သည် လူနာ မဟုတ်ခဲ့။ လူနာ — သို့မဟုတ် အမှန်အတိုင်း ခေါ်ရလျှင် 'အကျဉ်းသား' ဟု ဆိုရမည့် ထိုသူ၏ မျက်နှာကို ကျွန်တော် ကောင်းကောင်း မှတ်မိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် သူ့အခန်းထောင့်များတွင် တပ်ဆင်ထားသည့် ကင်မရာများမှတဆင့် သူ့ကို ကျွန်တော် မကြာခဏ အသေအချာ လေ့လာစောင့်ကြည့်ခဲ့ရသောကြောင့် ဖြစ်သည်။
ထိုအခန်း တွင် နေရာလပ် မကျန် အောင် ဆေးဖြူသုတ်ထားပြီး၊ အခန်းထဲ ရှိသမျှ ကုတင်ဘောင်၊ စာရေးစားပွဲ၊ ကုလားထိုင်နှင့် အညစ်အကြေးစွန့်ပုံးတို့ပင် အဖြူရောင်များ ဖြစ် နေသည်။ သူ အတွက် အစားအစာထည့်သော လင်ဗန်းနှင့် ပန်းကန်များ၊ ရေသောက်သည့် ခွက်နှင့် သူသုံးသည့် ဆပ်ပြာတုံးအထိ အဖြူရောင်ဖြစ်ပြီး၊ သူ့ကိုလည်း အဖြူရောင် တီရှပ်နှင့် အဖြူရောင် ဘောင်းဘီတိုကိုသာ ဝတ်ခွင့်ပြုထားသည်။ အခန်းတံခါးအပြင်၊ အခြားသော တခုတည်းသော အပေါက်မှာ အခန်းထောင့်ရှိ မိလ္လာစွန့်ထုတ်ရာ အနက်ရောင် အပေါက်ငယ်လေးသာ ရှိလေသည်။
အလုပ်သမားများ ထို အခန်းကို ဆောက်လုပ်ပြီး ဆေးသုတ်နေကြစဉ် ကျွန်တော် ရှိနေခဲ့သည်။ တခန်းလုံးကို အဖြူရောင်ချည်းပဲ သုံးဖို့ က ကလော့ဒ်၏ စိတ်ကူးဖြစ်သလို၊ အခန်းအပူချိန်ကို အနောက်နိုင်ငံ စံနှုန်းတွေနဲ့ တိုင်းရင်တောင် အေးစိမ့်နေပြီး အကျဉ်းသားအတွက်တော့ အေးခဲလုနီးပါးဖြစ်မည့် ၁၈ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ထားဖို့ အဲယားကွန်းများ သုံးမည်ဆိုသည် ကလည်း သူ့စိတ်ကူးပဲ ဖြစ်သည်။
ကလော့ဒ်က ဒါဟာ အကျဉ်းသားတစ်ယောက်ကို အချို့အခြေအနေတွေအောက်မှာ ပျော့ပြောင်းညင်သာလာမလားဆိုတာကို ကြည့်ဖို့ လုပ်တဲ့ စမ်းသပ်ချက်တခုပဲလို့ ပြောခဲ့သည်။
အဲဒီအခြေအနေတွေထဲတွင် မည်သည့်အခါမှ ပိတ်မထားသည့် ခေါင်းပေါ်က မီးချောင်းများလည်း ပါဝင်သည်။ ထိုမီးချောင်းများသည် အကျဉ်းသား အတွက် တခုတည်းသော အလင်းရောင်ဖြစ်ပြီး၊ အခန်း ပတ်ပတ်လည်လည် ရှိ ဖွေးဖွေးလှုပ်နေ သော အဖြူရောင်ကြောင့် ဖြစ်ပေါ်လာသည့် ဟာလာဟင်းလင်း ပြင်ကျယ်ကြီးထဲတွင် အချိန်ကာလဆိုတာ မရှိတော့သလို ခံစားချက်မျိုးကို ဖြစ်ပေါ်စေသည်။
နံရံမှာ တပ်ဆင်ထားပြီး တနေ့တာ၏ မိနစ်တိုင်းမှာ အသံလွှင့်ဖို့ အသင့်ဖြစ်နေသည့် အဖြူရောင်ဆေးသုတ်ထား သော စပီကာ များ ကတော့ အပြီးသတ် ပြင်ဆင်မှုပင် ဖြစ်သည်။ ငါ တို့ ဘာဖွင့်ရမလဲလို့ ကလော့ဒ်က မေးသည်။ ကျွန် တော်က အကျဉ်းသား လုံးဝ မခံမရပ်နိုင်ဖြစ်မည် သီချင်းမျိူး ဖြစ်ရမည် ဟု ပြန်ပြောခဲ့သည်။
"အဲ့ဒီ အကြံကောင်းတယ်ဟေု" ဟု ကလော့ဒ် က ပြောသည်။ "ဒါနဲ့... ဘယ်သီချင်း ဖြစ်မလဲ?"
ကျွန်တော် အနည်းငယ် စုံစမ်းရှာဖွေပြီးနောက်၊ လူဖြူစစ်သားများအကြား ရေပန်းစားလှသည့် ဆိုင်ဂုံ ဘားတစ်ခုရှိ အကြွေစေ့ထည့် ဖွင့်ရသည့် သီချင်းစက် ထဲမှ ဓာတ်ပြားတချပ်ကို ရလာခဲ့သည်။ "Hey, Good Lookin’" ဟူသော ထိုသီချင်းမှာ ကျော်ကြားလှသည့် ကန်းထရီးဂီတ အကျော်အမော် ဟန့်ခ် ဝီလျံစ် ၏ သီချင်းဖြစ်ပြီး၊ သူ၏ နှာသံပါပါ သီဆိုဟန်က အနည်းဆုံးတော့ ကျွန်တော်တို့ နားထဲတွင် ထိုဂီတ၏ 'လူဖြူဆန်မှုသက်သက်' ကို အထင်းသား ပေါ်လွင်စေသည်။
အမေရိကန် ယဉ်ကျေးမှုနှင့် ဤမျှ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည့် ကျွန်တော်ကိုယ်တိုင်ပင်လျှင် အကြိမ်ကြိမ် ဖွင့်လွန်း၍ အပ်ကြောင်း အနည်းငယ် ခြစ်ခံရ၍ ရှဲရှဲ မြည်နေသော ထိုဓာတ်ပြားသံကို ကြားရတိုင်း ကျောထဲကအနည်းငယ် စိမ့်ခနဲ ဖြစ်သွားမိသည်။
ကန်းထရီးဂီတသည် အမေရိကတွင် လူမျိုးရေး ခွဲခြားမှုအရှိဆုံး ဂီတအမျိုးအစား ဖြစ်သည်။ ထိုနိုင်ငံတွင် လူဖြူများပင် ဂျက်ဇ် ဂီတကို တီးခတ်ကြပြီး၊ လူမည်းများလည်း အော်ပရာ ကို သီဆိုကြသေးသည်။
သို့သော် ကန်းထရီးဂီတကဲ့သို့သော အရာမျိုးမှာမူ (လူမည်းများကို ဥပဒေမဲ့ ဝိုင်းဝန်း နှိပ်စက် သတ်ဖြတ်တတ်သည့်) လူဖြူအစွန်းရောက် လူအုပ်စုကြီးများက ၎င်းတို့၏ သားကောင်ဖြစ်သော လူမည်းများကို ကြိုးကွင်းစွပ် ဆွဲတင်နေစဉ်အတွင်း အားပေးသည့် အရာမျိုး ဖြစ်ပေလိမ့်မည်။ ကန်းထရီးဂီတသည် လူသတ်ပွဲ နောက်ခံတေး ဟုတ်ချင်မှ ဟုတ်လိမ့်မည်၊ သို့သော် ထိုကဲ့သို့သော လူမျိုးရေးအမုန်းပွား သတ်ဖြတ်ပွဲမျိုးတွင် အခြားမည်သည့် ဂီတအမျိုးအစားကိုမှ နောက်ခံတေးအဖြစ် စိတ်ကူးကြည့်၍ မရနိုင်ချေ။
ဗီသိုဗင်၏ နဝမ မြောက်ဂီတ သည် နာဇီများ၊ အကျဉ်းစခန်း ကွပ်ကဲရေးမှူးများနှင့်၊ ဟီရိုရှီးမားကို အနုမြူဗုံးဖြင့် အမှုန့်ကြိတ်ပစ်ရန် ကြံစည်တွေးတောနေစဉ်အတွင်း သမ္မတ ထရူးမင်း တို့အတွက် အသုံးတော်ခံ တေးသွားကြီး ဖြစ်ခဲ့ကောင်း ဖြစ်ခဲ့လိမ့်မည်။ ဂန္ထဝင်မြောက် ဂီတ ဟူသည်မှာ အရိုင်းအစိုင်း လူအုပ်ကြီးကို ၎င်းတို့ အမြစ်ပြတ် သုတ်သင်ရှင်းလင်းနိုင်ရေး သည် မြင့်မြတ်သော ရည်ရွယ်ချက်ဆိုကာ သန့်စင်မွမ်းမံထားသော နောက်ခံဂီတ ဖြစ်၏။
ကန်းထရီးဂီတကမူ သွေးပူပြီး သွေးဆာနေတတ်သော အမေရိကန် အလယ်ပိုင်းဒေသသားတို့၏ ပိုမို ရိုးရှင်း အခြေခံကျသော စည်းချက်ပေါ်တွင် အခြေတည်ထားသည်။ ထိုစည်းချက်အတိုင်း ရိုက်နှက် ထုထောင်းခံရမည်ကို စိုးရိမ်သောကြောင့်ပင် လူမည်းစစ်သားများသည် ဆိုင်ဂုံဘားများကို ရှောင်ကွင်းကြခြင်း ဖြစ်သည်။ အကြောင်းမူကား ထိုဘားများတွင် ၎င်းတို့၏ လူဖြူ ရဲဘော်ရဲဘက်များက ဟန့်ခ် ဝီလျံစ် နှင့် အပေါင်းအပါ များ၏ သီချင်းသံများဖြင့် သီချင်းစက်ကို တဝီဝီ မြည်ဟည်းနေစေကာ၊ ထိုအသံလှိုင်း များကပင် "လူမည်းများ မလာရ" ဟု ကြွေးကြော်နေသလို ဖြစ်နေသောကြောင့်ပင်။