နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(37)

by Hla Soewai - Jun 01 2026

မစ္စစ္စပီ၏ မီးလျှံများကြားက တရားခွင် (၂)

 

နောက်ဆုံးတွင် သိရှိရသည်မှာ ည ၁၀ နာရီကျော်ပြီး မကြာမီ မှာပင် ရဲအရာရှိ ပရိုက်စ် သည် အကျဉ်းထောင်သို့ ရောက်ရှိလာခဲ့သည်။ သူက ထောင်စောင့်အား "ချာနီက ငွေဒဏ်ဆောင်ချင်လို့တဲ့— အဲ့တော့ သူတို့ကို ဒဏ်ငွေဆောင်ခိုင်းပြီး ပြန် လွှတ်ပေးလိုက်ကြစို့" ဟု ပြောခဲ့သည်။ 

ပရိုက်စ်သည် လူငယ်သုံးဦးအား ၎င်းတို့ ရပ်ထားသည့် ကားရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ရှဝါနာ၊ ဂုဒ်မန်း၊ နှင့် ချာနီ တို့သည် အဝေးပြေးလမ်းမကြီး ၁၉ အတိုင်း မြို့ပြင်သို့ အရှေ့တောင်ဘက်ဆီ ဦးတည်မောင်းနှင်သွားကြတော့သည်။ ပရိုက်စ်သည်လည်း သူ၏ကားထဲသို့ဝင်ကာ ၎င်းတို့နောက်မှ နောက်ယောင်ခံ လိုက်သွားခဲ့လေသည်။

 

တချိန်တည်းမှာပင် CORE (လူမျိုးရေးတန်းတူညီမျှမှုဆိုင်ရာ ကွန်ဂရက်) အဖွဲ့ သားများမှာမူ ပို၍ပင် စိုးရိမ်ပူပန်လာကြသည်။ ဖုန်းဆက်စုံစမ်းသမျှလည်း ဘာသဲလွန်စမျှ မရခဲ့ပေ။ ဇွန်လ ၂၂ ရက်၊ နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်တွင် အဖွဲ့ဝင်တစ်ဦးသည် မစ္စစ္စပီပြည်နယ်ရှိ တရားရေးဝန်ကြီးဌာန ၏ တာဝန်ခံဖြစ်သူ ဂျွန်ဒိုအာ ထံ ဖုန်းဆက်သွယ်ခဲ့သည်။ ဒိုအာသည် မစ္စစ္စပီပြည်နယ်၏ အခြေအနေကို ကောင်းစွာသိထားသူဖြစ်ရာ အဆိုးဆုံးအခြေအနေကို တွေးမိပြီး စိုးရိမ်သွားသည်။

 

 ယခုဖြစ်စဉ် မတိုင်မီ ရက်ပိုင်းအလိုကတင် အိုဟိုင်းယိုးပြည်နယ်တွင် ပြုလုပ်ခဲ့သည့် "နွေရာသီစီမံကိန်း" စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ၌ ဒိုအာက မစ္စစ္စပီတွင် ၎င်းတို့ကို အကာအကွယ်ပေးမည့် ဖက်ဒရယ်ရဲတပ်ဖွဲ့ဟူ၍ မရှိကြောင်း သတိပေးပြောကြားခဲ့ဖူးသည်။ ဖုန်းချလိုက်ပြီးနောက်တွင်မူ ဒိုအာသည် FBI ထံ ချက်ချင်း ဖုန်းဆက် အကြောင်းကြား လိုက် တော့သည်။

 

ထိုနေ့မနက်တွင် မီရီဒီယံ မြို့အခြေစိုက် FBI အေးဂျင့် ဂျွန် ပရောက်တာ ၏ ရုံးခန်းရှိ ဖုန်းသံ မြည်လာခဲ့သည်။ ဖုန်းလာပြီး နာရီပိုင်းအတွင်းမှာပင် ပရောက်တာသည် လူတွေ့မေးမြန်းမှုများ ပြုလုပ်ရန် နေရှိုဘာခရိုင် သို့ ထွက်ခွာခဲ့သည်။ သူသည် အလာဘားမား ပြည်နယ်သားတစ်ဦးဖြစ်ပြီး ဒေသခံတရားဥပဒေစိုးမိုးရေး အရာရှိများနှင့် ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ထားနိုင်သူ ဖြစ်သည်။

 

ဒု ရှရစ်ဖ် စီဆစ်ပရိုက်စ် ကို မေးမြန်းပြီးနောက်တွင်မူ ထိုဒုရဲမှူးက ပရောက်တာ၏ ကျောကို ပုတ်ကာ “လာဗျာ... ဂျွန်၊ သောက်ကြရအောင်” ဟု ပြောခဲ့သည်။ ပရိုက်စ်သည် သူ၏ ကားဆီသို့ သွားပြီး နောက်ဖုံးထဲမှ မှောင်ခိုအရက်ပုလင်းကို ထုတ်ယူခဲ့သည်။ FBI အနေဖြင့် ပြည်နယ်အရာရှိများထံမှ မည်သည့်အကူအညီကိုမျှ မျှော်လင့်၍ မရနိုင်ကြောင်း ထင်ရှားသွား ခဲ့သည်။

 

မစ္စစ္စပီ ပြည်နယ်အုပ်ချုပ်ရေးမှူး ပေါလ်ဂျွန်ဆင် ကမူ ပျောက်ဆုံးနေသူများသည် "ကျူးဘားနိုင်ငံသို့ ရောက်ရှိနေနိုင်သည်" ဟု လူသိရှင်ကြား ခန့်မှန်းပြောဆိုထားခဲ့သည်။ ၎င်းအပြင် မစ္စစ္စပီ ပြည်နယ်အတွင်း "လူမျိုးစုများအကြား လုံးဝအေးချမ်းသာယာလျက် ရှိကြောင်း" ပြသနိုင်ရန်အတွက် ဖက်ဒရယ်အရာရှိများနှင့် တွေ့ဆုံရန် မျှော်လင့်နေကြောင်းလည်း သူက ပြောကြားခဲ့သည်။

 

အက်ဖ်ဘီအိုင် ၏ စုံစမ်းစစ်ဆေးရေးတွင် ပထမဆုံးသတင်း အစအန ရရှိလာခဲ့သည်က—နေရှိုဘာခရိုင် အရှေ့မြောက်ပိုင်းတွင် မီးခိုးတလူလူထွက်နေသည့် မော်တော်ကားတစီးကို တွေ့ရှိကြောင်း အေးဂျင့် ပရော့ခ်တာ ထံ သတင်း ပေးပို့ လာချိန်တွင် ဖြစ်သည်။ ထိုကားမှာ အရပ်ဘက်အခွင့်အရေး လှုပ်ရှားသူများ ပျောက်ဆုံးသွားသည့်နေ့က စီးနင်းသွားခဲ့ကြသော မီးလောင်ကျွမ်းထားသည့် အပြာရောင် စတေရှင်ဝက်ဂွန် ကား ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။

 

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေစဉ်အတွင်း ပရော့ခ်တာသည် FBI ၏ အရေးကြီးအမှုအခင်းများဆိုင်ရာ စစ်ဆေးရေးမှူး ဂျိုးဇက် ဆူလီဗန် နှင့် တွေ့ဆုံခဲ့သည်။ ဤသည်ကို ကြည့်ချင်းအားဖြင့် သမ္မတ လင်ဒန် ဂျွန်ဆင် က ဤအမှုကို အမြင့်ဆုံးဦးစားပေးအဆင့်အဖြစ် သတ်မှတ်ကိုင်တွယ်နေကြောင်း သိသာထင်ရှားနေပြီ ဖြစ်သည်။

 

ဇွန်လ ၂၅ ရက်နေ့တွင် စစ်တပ်သည် ပျောက်ဆုံးနေသော လူ့အခွင့်အရေးလှုပ်ရှားသူများကို ရှာဖွေသည့်လုပ်ငန်းတွင် ပူးပေါင်းပါဝင်လာခဲ့သည်။ ရေတပ်စစ်သည်များ အပြည့်အစုံတင်ဆောင်လာသည့် ဘတ်စ်ကားများသည် ရုပ်အလောင်းများကို ရှာဖွေရန်အတွက် မြွေဆိုးများပေါလှသည့် ရွှံ့ညွန်တောများနှင့် သစ်တောများကို တိုးဝှေ့ဖြတ်သန်းကာ ရှာဖွေခဲ့ကြသည်။ 

 

FBI ညွှန်ကြားရေးမှူး ဂျေ အက်ဒ်ဂါ ဟူးဗါး သည်လည်း သမ္မတ ဂျွန်ဆင်၏ တိုက်တွန်းတောင်းဆိုမှုကြောင့် ဂျက်ဆင်မြို့ သို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီး မစ္စစ္စပီပြည်နယ်တွင် ပထမဆုံးသော FBI ရုံးခွဲကို ဖွင့်လှစ်ကြောင်း ကြေညာခဲ့လေသည်။

 

အက်ဖ်ဘီအိုင် စုံစမ်းစစ်ဆေးရေးမှူး ဆူလီဗန် သည် မကြာမီမှာပင် ဤအမှုသည် ရုပ်အလောင်းများနှင့် သက်သေအထောက်အထားများကို လိုက်လံ "ရှာဖွေနေရုံ" ဖြင့် မဟုတ်ဘဲ "စနစ်တကျ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်း" အားဖြင့်သာ နောက်ဆုံးတွင် အဖြေပေါ်နိုင်လိမ့်မည်ဟု သုံးသပ်မိသွားသည်။ ၎င်းသည် အလွန်ခက်ခဲသော စုံစမ်းစစ်ဆေးမှုတစ်ခု ဖြစ်လာခဲ့သည်။ နေရှိုဘာခရိုင် သားများသည် နှုတ်လုံကြပြီး သံသယစိတ်လည်း အလွန်ကြီး နေကြ၍ ဖြစ်သည်။

 

ဆူလီဗန်က ပြဿနာကို ယခုလို အကျဉ်းချုပ်ပြောပြသည် - "သူတို့ကပဲ ဒီနယ်မြေကို စိုးမိုးထားတာ။ စိတ်ဓာတ်ပိုင်းအရ ကြည့်ရင်လည်း လူတိုင်းက ကလန် ထဲမှာ ပါဝင်နေကြတာ။" ဒေသခံများသည် အေဂျင်စီ စုံစမ်းစစ်ဆေးရေးမှူးများကို လမ်းမှားလိုက်အောင် လုပ်ရသည်ကို သဘောကျကြပြီး၊ လူ့အခွင့်အရေးလှုပ်ရှားမှုများတွင် ကွန်မြူနစ်များ၏ ဩဇာလွှမ်းမိုးမှု ရှိမရှိ စသည့် အကြောင်းအရာများကို အေဂျင်စီများနှင့် အငြင်းပွားရသည်ကို ပျော်မွေ့နေကြသည်။

 

အေဂျင်စီစုံစမ်းစစ်ဆေးရေးမှူး ပရော့တာ သည် အသုံးအဝင်ဆုံးသော အချက်အလက်အချို့ကို ကလေးများထံမှ ရရှိခဲ့သည်။ သူသည် လူတွေ့မေးမြန်းမှုများ မလုပ်ဆောင်မီ နေ့စဉ် ၎င်း၏အိတ်ကပ်ထဲသို့ သကြားလုံးများ အပြည့်ထည့်သွားလေ့ရှိသည်။

 

အက်ဖ်ဘီအိုင်အဖွဲ့ထံသို့ ရုပ်အလောင်းများ မြှုပ်နှံထားသည့်နေရာကို နောက်ဆုံးတွင် မည်သူက ဖွင့်ဟပြောကြားခဲ့သလဲဆိုသည်မှာ ယနေ့တိုင် ပဟေဠိတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဤအမှုကို တရားစွဲဆိုခဲ့သည့် ဂျွန်ဒိုး ကို သူ သိပါသလားဟု ကျွန်ုပ် မေးမြန်းခဲ့ဖူးသည်။ သူ ကိုယ်တိုင် မသိခဲ့သော်လည်း သူခန့်မှန်းထားသည့် သီအိုရီတစ်ခုတော့ ရှိသည်။ ၎င်းမှာ ဆုကြေးငွေ ဒေါ်လာ ၃၀,၀၀၀ ပေးမည်ဟူသော ကတိကဝတ်ကြောင့်ပင် တစုံတယောက်က ကြားခံလူတစ်ဦးမှ တဆင့် ထိုအချက်အလက်ကို ပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။

 

၁၉၉၄ ခုနှစ်တွင် ဒုတိယမြောက် ဖြစ်နိုင်ခြေရှိသော အယူအဆတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုစဉ်က အက်ဖ်ဘီအိုင် (FBI) ၏ လျှို့ဝှက် အစီရင်ခံစာ များတွင် ညွှန်ကြားရေးမှူး ဂျေ အက်ဒ်ဂါ ဟူးဗား သည် ဤအမှုကို ဖော်ထုတ်နိုင်ရန် ကိုလံဘို မာဖီးယားဂိုဏ်းထံမှ အကူအညီရယူခဲ့ကြောင်း ပါရှိလာခဲ့သည်။ 

 

ဤအယူအဆသည် ၂၀၀၇ ခုနှစ်တွင် ဂရက်ဂရီ စကာပါဟုခေါ်သော မာဖီးယားဂိုဏ်းဝင်တဦး၏ ရည်းစားဟောင်းက အခြားလူသတ်မှုတခုတွင် လာရောက်သက်သေထွက်ဆိုရာမှ ပိုမိုခိုင်မာလာခဲ့သည်။ စကာပါသည် မစ္စစ္စပီပြည်နယ်မှ ကလန် အဖွဲ့ဝင်တဦး၏ ပါးစပ်ထဲသို့ သေနတ်ထည့်ကာ အလောင်းများ မြှုပ်နှံထားသည့်နေရာကို အတင်းအကျပ် မေးမြန်းခဲ့ကြောင်း ထိုအမျိုးသမီးက ထွက်ဆိုခဲ့သည်။ ထိုနည်းလမ်းက အောင်မြင်ခဲ့သည်ဟု သူမက ဆိုသည်။

 

၁၉၆၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် အိုးလ်ဂျော်လီ ခြံဝင်း ဟု လူသိများသော မြေနေရာရှိ မြေတံတိုင်းတစ်ခုကို မြေတူးစက်များ ဖြင့် စတင်တူးဖော်ခဲ့ကြသည်။ စုံစမ်းစစ်ဆေးရေးမှူး ဆူလီဗန် ၏ ဖိတ်ခေါ်ချက်ကြောင့် ဆီဆဲလ် ပရိုက်စ် သည်လည်း ထိုနေရာသို့ ရောက်ရှိနေခဲ့သည်။ 

 

ဆူလီဗန်သည် ထိုအချိန်တွင် ၎င်း သံသယ အကြီးအကျယ် ရှိ နေပြီဖြစ်သော ဒုရဲအရာရှိ ပရိုက်စ်၏ တုံ့ပြန်ပုံ အမူအရာကို စောင့်ကြည့်ချင်နေခဲ့သည်။ သို့သော် ပရိုက်စ်သည် ဂေါ်ပြားတစ်ချောင်းကို ကောက်ကိုင်ကာ မျက်နှာ အမူမရာ တစက်မျှ မပျက်ဘဲ ကိုယ်တိုင်ဝင်ရောက်တူးဆွပေးခဲ့သည်။

 

မကြာမီမှာပင် အေးဂျင့်များသည် ပုပ်ပွနေသော အနံ့ကို ရရှိခဲ့ကြသည်။ မြေတူးစက်၏ ဓားသွားအနီးတွင် ပူပြင်းလှသော ရာသီဥတုနှင့်အတူ ယင်ကောင်များ ဝိုင်းအုံလာကြပြီး ကောင်းကင်ထက်တွင်လည်း လင်းတများ ဝဲပျံလာကြသည်။ ရွှံ့စေးမြေကြီးထဲမှ အမျိုးသားစီး ဘွတ်ဖိနပ်တစ်စုံ၏ ဖနောင့်ပိုင်း ပြူးထွက်လာခဲ့သည်။ ပရော့တာ သည် အလောင်းများကို ဖော်ထုတ်ရရှိစဉ် ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

 

အလောင်းများ ရှာဖွေတွေ့ရှိမှုသည် ဤပူးပေါင်းကြံစည်မှုတွင် ပါဝင်ခဲ့ကြသော ကလန်အဖွဲ့ဝင်များကို တုန်လှုပ်ခြောက်ခြားသွားစေပုံရသည်။ ကလန်အဖွဲ့အတွင်းမှ သတင်းပေးသူများက အမှုကို လုံးဝပေါ်ပေါက်သွားအောင် ကူညီပေးခဲ့ကြသည်။ ပထမဆုံး အချက်အလက်သည် ပူးပေါင်းကြံစည်မှု၏ အစွန်အဖျားတွင်သာ ပါဝင်သော ကလန်အဖွဲ့ဝင်တစ်ဦးထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ 

 

သူ၏ အချက်အလက်များကြောင့် FBI သည် အဓိကကျသော လက်သည်များကို ပိုမိုအာရုံစိုက် စုံစမ်းနိုင်ခဲ့သည်။

 

ဂျွန် ပရော့တာ ၏ အထူးအာရုံစိုက်ခြင်းကို ခံခဲ့ရသည့် ကလန်အဖွဲ့ဝင်တဦးမှာ မီရီဒီယန် မြို့တွင် တရားမဝင် အရက်ဆိုင် ဖွင့်လှစ်ထားသူ ဂျိမ်းစ် ဂျော်ဒန် ဖြစ်သည်။ တကြိမ်ထက်တကြိမ် ပိုမိုတင်းမာပြင်းထန်လာသည့် စစ်ဆေးမေးမြန်းမှု ၅ ကြိမ် ပြုလုပ်ပြီးနောက်တွင်တော့ ဂျော်ဒန်သည် ထောင်ဒဏ် နှစ်ရှည်ကျခံရမည့် ဘေးမှ လွတ်မြောက်ရန်အတွက် အစိုးရ သက်သေအဖြစ် ပြောင်းလဲထွက်ဆိုခြင်း ကသာ သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း နားလည်သွားခဲ့သည်။ 

 

ဒေါ်လာ ၃,၅၀၀ နှင့်အတူ သူနှင့် သူ့မိသားစုကို နေရာသစ်သို့ ရွှေ့ပြောင်းပေးမည့် အကူအညီကို ရယူကာ ဂျော်ဒန်က ဖြစ်ကြောင်းကုန်စင်ကို ဖွင့်ချလိုက်တော့သည်။ ထို့ကြောင့် သူသည် အစိုးရအဖွဲ့အတွက် အဓိကကျသော သက်သေတဦး ဖြစ်လာခဲ့ပေသည်။