မစ္စစ္စပီ၏ မီးလျှံများကြားက တရားခွင်
မစ္စစ်စပီပြည်နယ်၊ လောင်းဒေးလ် ရှိ မောင့်ဇိအွန် ဘုရားကျောင်းတွင် ပြုလုပ်သော အစည်းအဝေး ပြီးဆုံးသွားချိန်၌ ည ၁၀ နာရီခန့် ရှိနေပြီဖြစ်သည်။ အာဖရိကန်-အမေရိကန် (လူမည်း) ဘုရားကျောင်းတက်သူ ဆယ်ဦးခန့်သည် အဆောက်အအုံအတွင်းမှ ထွက်လာကြစဉ်၊ ၎င်းတို့ဘဝတ လျှောက် မည်သည့်အခါမျှ မမြင်တွေ့ပရစေ နှင့် ဟု ဆုတောင်းခဲ့သော မြင်ကွင်းကို နဖူးတွေ့ ဒူး တွေ့ မြင်လိုက်ရတော့သည်။
၎င်းမှာ ကူးကလပ်ကလန် (Ku Klux Klan - KKK) လူဖြူ အစွန်းရောက်အဖွဲ့ဝင် အယောက်သုံးဆယ်ခန့်သည် ရိုင်ဖယ်သေနတ်များ၊ ပြောင်းတို သေနတ်များကိုယ်စီဖြင့် စစ်တပ်စတိုင် တန်းစီစောင့်ဆိုင်းနေကြခြင်းပင်။ ဘုရားကျောင်း၏ နောက်ဖေးဘက်တွင်လည်း နောက်ထပ် လူဖြူအမျိုးသား အများအပြား စုရုံးရောက်ရှိနေကြသည်။
ထိုလူဖြူများက ၎င်းတို့အနေဖြင့် မိုက်ကယ် ရှဝါနာ ကို လာရောက်ရှာဖွေခြင်းဖြစ်ကြောင်း ပြောလာကြသည်။ ရှဝါနာသည် လူဖြူ လူ့အခွင့်အရေးလှုပ်ရှားသူတဦးဖြစ်ပြီး၊ ထိုလူဖြူအစွန်းရောက်များက သူ့ကို “ဂျူးဘွိုင် သို့မဟုတ် “မုတ်ဆိတ်တို" ဟု ခေါ်ဝေါ်ကာ ရန်ရှာလေ့ရှိကြသည်။ သူသည် မီရီဒီယန် မြို့ရှိ CORE (လူမျိုးရေးတန်းတူညီမျှမှုဆိုင်ရာ ကွန်ဂရက်) အဖွဲ့တွင် လုပ်ကိုင်နေသူ ဖြစ်သည်။ ဂျက်ဆင် မြို့ပြင်ပတွင် ပထမဆုံး အခြေစိုက်လှုပ်ရှားခွင့်ရသည့် လူဖြူ လူ့အခွင့်အရေးလှုပ်ရှားသူလည်း ဖြစ်သည်။
ရှဝါနာသည် အာဖရိကန်-အမေရိကန် (လူမည်း) များကို အလုပ်ခန့်ရန် ငြင်းဆန်သော မီရီဒီယန်မြို့ရှိ စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရာတွင် ကူညီပေးခဲ့ခြင်းကြောင့် ကူးကလပ်ကလန် (KKK) အဖွဲ့၏ အငြိုးအတေး ထားခြင်းကို ခံခဲ့ရသူ ဖြစ်သည်။
သို့သော်လည်း ယခုလို ဇွန်လ၏ ညချမ်းအချိန်တွင် မောင့်ဇိအွန် ဘုရားကျောင်း၌ ရှဝါးနာ ကို ရှာမတွေ့နိုင်ခဲ့ပေ။ သူသည် ‘မစ္စစပီ နွေရာသီ စီမံချက်’ တွင် ပါဝင်မည့် အဖွဲ့ဝင်သစ်များကို လေ့ကျင့်ပျိုးထောင်ပေးသည့် အစီအစဉ်တခုသို့ တက်ရောက်ရန် အိုဟိုင်းယိုးပြည်နယ်၊ အောက်စဖို့ဒ်မြို့သို့ ရောက်ရှိနေခြင်း ကြောင့် ဖြစ်သည်။ ထိုနွေရာသီစီမံချက်၏ အဓိက ရည်မှန်းချက်မှာ မစ္စစပီပြည်နယ်ရှိ အာဖရိကန်-အမေရိကန် (လူမည်း) များ မဲဆန္ဒရှင်အဖြစ် မှတ်ပုံတင်နိုင်ရေး ကူညီပေးရန် ဖြစ်သည်။
ရည်ရွယ်ချက် မအောင်မြင်သဖြင့် ဒေါသအမျက်ချောင်းချောင်းထွက်သွားကြသော ကူကလပ်ကလန် အဖွဲ့ဝင်များသည် ဘုရားကျောင်း ဝတ်ပြုသူများကို စတင်ရိုက်နှက်ကြတော့သည်။ ကလန် အဖွဲ့ဝင်တစ်ဦးက မော်တော်ကားတစီးထဲမှ ဓာတ်ဆီ ၁၀ ဂါလန်ခန့်ကို ထုတ်ယူကာ ဘုရားကျောင်းအတွင်းပိုင်း နေရာအနှံ့ ပက်ဖြန်းလိုက်လေသည်။ မကြာမီမှာပင် မောင့်ဇိ အွန်ဘုရားကျောင်းကြီး တခုလုံး မီးလျှံများ၏ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။
၁၉၆၄ ခုနှစ်တွင် မစ္စစပီပြည်နယ်ကြီး မီးဟုန်းဟုန်း တောက်လောင် လာခဲ့ပြီ ဖြစ်သည်။
မောင့်ဇီအွန် ဘုရားကျောင်း မီးလောင်မှုအား ၄၈ နာရီပင်မပြည့်မီ မှာပင် လူ့အခွင့်အရေးလှုပ်ရှားသူ သုံးဦး သေဆုံးခဲ့ရမှုကို FBI က အမှု ဖွင့် စုံစမ်း စစ်ဆေးမှု များ စတင်လာခဲ့သည်။
“မစ္စစ္စပီ မီးလောင်မှု” (Mississippi Burning) ဟု အမည်ရလာသည့် အမှု ဖြင့် FBI သည် ကူကလပ်ကလန် လူဖြူအစွန်းရောက်အုပ်စု၏ အမှောင်ထု ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုး ဖောက်လာခဲ့သည်။ ထိုစုံစမ်းစစ်ဆေးမှုသည် ကလန်အဖွဲ့၊ မစ္စစ္စပီပြည်နယ်နှင့် အမေရိကန်လူ့အခွင့်အရေး လှုပ်ရှားမှုသမိုင်းကြောင်းကို ပြောင်းလဲပစ်စေခဲ့သည့် တရားစွဲဆိုမှုအတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။
မောင့်ဇီအွန်ရှိ အရိုက်အနှက်ခံရမှုများနှင့် မီးလောင်မှုသတင်းသည် အိုဟိုင်းယိုးပြည်နယ်၊ အောက်စဖို့ဒ် မြို့ရှိ မိုက်ကယ် ရှဝါနာ ထံသို့ ရောက်ရှိသွားခဲ့သည်။ ရှာဝါနာ သည် မောင့်ဇီအွန်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များနှင့် ပတ်သက်၍ မိမိသိရှိနိုင်သမျှကို စုံစမ်းရန် မစ္စစ္စပီသို့ အမြန်ဆုံးပြန်သွားချင်နေခဲ့သည်။ ဇွန်လ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် ရှာဝါနာနှင့် အခြားလူ့အခွင့်အရေးလှုပ်ရှားသူ နှစ်ဦးတို့သည် တောင်ပိုင်းသို့ ဦးတည်မည့် ခရီးရှည်ကြီးအတွက် ဖို့ဒ် စတေရှင်ဝက်ဂွန် ကားအပြာရောင်ပေါ်သို့ ပစ္စည်းများ တင်ဆောင်ခဲ့ကြသည်။
ရှဝါနာနှင့်အတူ သူ၏ အဓိကလက်ထောက်ဖြစ်သူ၊ အသက် ၂၁ နှစ်အရွယ် အာဖရိကန်-အမေရိကန် နွယ်ဖွား မစ္စစ္စပီဒေသခံ ဂျိမ်းစ် ချာနီ လည်း ပါဝင်ခဲ့သည်။ ထို့အပြင် ကွင်းစ်ကောလိပ် ကျောင်းသားနှင့် နွေရာသီစီမံကိန်း စေတနာ့ဝန်ထမ်းတဦးဖြစ်သူ အင်ဒရူး ဂွတ်ဒ်မန်း လည်း ထိုခရီးစဉ်တွင် အတူတကွ လိုက်ပါလာခဲ့သည်။
၎င်းတို့ သုံးဦးသည် မီရီဒီယန် မြို့သို့ ရောက်ရှိလာပြီး နာရီအနည်းငယ်မျှ အိပ်စက်အနားယူခဲ့ကြသည်။ ထို့နောက် သူတို့သည် CORE (လူမျိုးရေးတန်းတူညီမျှမှုဆိုင်ရာ ကော်မတီ) ပိုင် ဝက်ဂွန်ကားလေးကို စီးကာ မီးလောင်သွားသော ခရစ်ယာန်ဘုရားကျောင်းရှိရာ အနောက်မြောက်ဘက်ဆီသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။
လောင်းဒေးလ် သည် နေရှိုဘာ ခရိုင်အတွင်း တည်ရှိပြီး ထိုခေတ်ကာလက အဆိုပါခရိုင်သည် လူမည်းအခွင့်အရေး လှုပ်ရှားသူများအတွက် အလွန်အန္တရာယ်ကြီးမားသော နယ်မြေအဖြစ် လူသိများသည်။
မီရီဒီယန်မြို့မှ မထွက်ခွာမီ ရှဝါနာ က CORE အဖွဲ့ဝင် လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတဦးအား သူတို့ ညနေ ၄ နာရီတွင် ရုံးသို့ ပြန်ရောက်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ အကယ်၍ ၄ နာရီခွဲအထိ ပြန်မရောက်လာသေးပါက အခြေအနေကို စုံစမ်းရန် ဖုန်းများ စတင်ဆက်သွယ် ဖို့ မှာကြားခဲ့သည်။
နေရှိုဘာခရိုင်၏ ရဲအရာရှိ လောရင့်စ် ရေနီ နှင့် သူ၏ လက်ထောက် စီဆဲလ် ပရိုက်စ် တို့ နှစ်ဦးစလုံးမှာ ကူကလပ်ကလန် အဖွဲ့ဝင်များ ဖြစ်ကြသည်။ ရေနီသည် ပြီးခဲ့သည့် နိုဝင်ဘာလ ရှယ်ရစ်ဖ် ရွေးကောက်ပွဲတွင် “ပေါ်ပေါက်လာနိုင်သမျှသော အခြေအနေအရပ်ရပ်ကို ကိုင်တွယ်ဖြေရှင်းနိုင်သူ” ဟု ကြွေးကြော် မဲဆွယ်ကာ အနိုင်ရရှိထားခြင်း ဖြစ်၏။ နေရှိုဘာခရိုင်အတွင်း၌ ထို “အခြေအနေအရပ်ရပ်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုမှန်း လူတိုင်းက ကောင်းကောင်းကြီး နားလည်ထားကြသည်။ ရေနီ၏ ရည်ရွယ်ချက်မှာ မစ္စစ္စပီပြည်နယ်၏ ဥပဒေဖြင့် ပြဌာန်းထားသော လူမျိုးရေးခွဲခြားမှု မူဝါဒကို လာရောက် နှောင့်ယှက်ဖျက်ဆီးမည့် မည်သည့် ပြင်ပလူစိမ်းကိုမဆို အမြစ်ပြတ် ဟန့်တားနှိမ်နင်းရန် ပင် ဖြစ်သည်။
၎င်းတို့ လောင်းဒေးလ်သို့ ရောက်ရှိကြသောအခါ ရှဝါနာ ၊ချေနီနှင့် ဂုဒ်မန်း တို့သည် မီးလောင်ပြာကျသွားခဲ့သည့် မောင့်ဇိအွန် ဘုရားကျောင်း၏ အကြွင်းအကျန်များကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ထိုမီးရှို့မှုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် ပိုမိုသိရှိနိုင်ရန် ဘုရားကျောင်း ဝတ်ပြုအသင်းဝင် လေးဦး၏ နေအိမ်များသို့လည်း သွားရောက်မေးမြန်းခဲ့ကြသည်။ ၎င်းတို့၏ အလုပ်များ ပြီးစီးသွားပြီးနောက် သုံးဦးသားသည် မွန်းလွဲ သုံးနာရီဝန်းကျင်တွင် မီရီဒီယံမြို့ဆီသို့ ပြန်လာခဲ့ကြသည်။
၎င်းတို့သည် ဖီလာဒဲလ်ဖီးယား မြို့အနီးရှိ အဝေးပြေးလမ်းမကြီး ၁၆ ပေါ်တွင် မောင်းနှင်လာစဉ် ရဲအရာရှိ စီဆယ်ပရိုက်စ် က အရှိန်ပြင်းပြင်း မောင်းနှင်မှုကြောင့်ဟု အကြောင်းပြကာ ၎င်းတို့၏ကားကို တားဆီးခဲ့သည်။ ပရိုက်စ်သည် ထိုလူ့အခွင့်အရေး လှုပ်ရှားသူ သုံးဦးကို ဖမ်းဆီးပြီး ဖီလာဒဲလ်ဖီးယားမြို့ရှိ နေရှိုဘာခရိုင် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခဲ့သည်။
ပရိုက်စ် က ၎င်းတို့ သုံးဦးအား ဘုရားကျောင်း မီးရှို့မှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် ပရိုက်စ်သည် ဒေသတွင်းရှိ ကူကလတ်ကလန် အဖွဲ့ စည်းရုံးရေးမှူး အက်ဒ်ဂါရေးကီလင် ထံသို့ ဖုန်းဆက်ပြီး သူ ဖမ်းဆီးရမိထားသည့် စိတ်လှုပ်ရှားဖွယ် သတင်းကောင်းကို လှမ်းပြောခဲ့သည်။
နောက်ထပ် ခုနစ်နာရီကြာအောင် နေရှိုဘာခရိုင် အကျဉ်းထောင်အတွင်း ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုသည်ကိုမူ အနည်းအကျဉ်းသာ သိရှိရသည်။ ရှဝါနာက ဖုန်းခေါ်ဆိုခွင့် တောင်းခံခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်ကိုမူ ကျွန်ုပ်တို့ သိရှိရသည်။ ထို့ပြင် မီရီဒီယံမြို့ရှိ CORE (လူမျိုးရေးတန်းတူညီမျှမှုဆိုင်ရာ ကွန်ဂရက်အဖွဲ့) မှ ဝန်ထမ်းတစ်ဦးက ညနေ ၅ နာရီ ၂၀ မိနစ်တွင် အကျဉ်းထောင်သို့ ဖုန်းဆက်ခဲ့သည်ကိုလည်း သိရှိရသည်။ ဖုန်းခေါ်ဆိုသူသည် စိုးရိမ်ပူပန်စိတ်ဖြင့် ထိုလူ့အခွင့်အရေး လှုပ်ရှားသူ သုံးဦး မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို အကျဉ်းထောင်တွင် ရှိ တစုံတဦး အား သိရှိခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည်။ ဖုန်းလက်ခံဖြေကြားခဲ့သည့် ထောင်မှူး၏ဇနီး မင်နီဟဲရင်း က "မသိပါဘူးရှင်၊ ဒီအနီးအနားမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ မရှိပါဘူး" ဟု မုသာဝါဒ သုံးကာ လိမ်လည် ပြောဆိုခဲ့သည်။