ကိုလုံး မြို့သူမြို့သားများသည် ရွန်ရှုထရပ်စ် ဝတ်ပြုကျောင်းတော်ကြီး ဖျက်ဆီးစော်ကားခံရသည့် ဖြစ်ရပ်ဆိုးနှင့်အတူ နိုးထလာကြချိန်တွင်၊ ထိုနေရာ၏ တောင်ဘက် မိုင် ၂၅၀ အကွာရှိ ဘာဗေးရီးယား ပြည်နယ်မှ ဂရန့်ဇ်ဘာ့ဂ် ဟုခေါ်သော လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် မြို့သူ မြို့သား ကမူ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် နာဇီ စစ်ရာဇဝတ်ကောင် တဦးကို မြင်တွေ့လိုက်ရသည့် ကိစ္စနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ် နေနေကြလေသည်။
ထိုဘီဗေးရီးယား မြို့လေးသည် တချိန်က အက်စ်အက်စ် (SS) တပ်ဖွဲ့ဝင်များ နှင့် အလွန်ပင် ယဉ်ပါးနေခဲ့ဖူးသည်။ မည်မျှအထိ ယဉ်ပါးနေသနည်းဆိုလျှင် စစ်ပြီးခေတ်တွင် အမေရိကန် တို့က ဤ မြို ကလေးကို အထူးစောင့်ကြည့်စစ်ဆေးရမည့် ပစ်မှတ်တခုအဖြစ် သတ်မှတ်ခဲ့ရသည်အထိပင်။
ဒေသခံ နာဇီပါတီ၏ စီးပွားရေးအကြံပေး ဖြစ်သူမှာ နှစ်ကြိမ်တိုင်တိုင် အဖမ်းခံရပြီး စစ်ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။ သူသည် ပထမကမ္ဘာစစ်ပြန် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး အမျိုးသားဆိုရှယ်လစ် (နာဇီ) ပါတီဝင် ဖြစ်လာခဲ့ခြင်းကြောင့် သူ၏ လယ်ယာသုံး စက်ကိရိယာကုမ္ပဏီမှာ များစွာအကျိုးအမြတ် ဖြစ်ထွန်းခဲ့သည်။ ဂန်ဇ်ဘာ့ဂ် မြို့ခံ တထောင်ကျော်ခန့်သည် သူ၏ စက်ရုံများတွင် ကောက်ပဲသီးနှံခြွေလှေ့စက်များနှင့် မြေဩဇာပက်စက်များကို ထုတ်လုပ်သည့် လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ကြသည်။
ထိုဒေသခံ သူဌေးကြီးသည် လူအေးတစ်ယောက်ဖြစ်ပြီး အလုပ်ကြိုးစားသူအဖြစ် လူသိများသလို၊ သူ၏ဇနီးသည်ကလည်း ဖာသိဖာသာ နေတတ်သော်လည်း ဝီရိယကောင်းသူတဦး ဖြစ်သည်။ ၎င်းတို့ဇနီးမောင်နှံတွင် သားယောက်ျားလေး သုံးဦး ထွန်းကားခဲ့သော်လည်း စစ်ပြီးကတည်းက တဦး ကွယ်လွန်သွားခဲ့ပြီး... အခြားတဦးမှာမူ အစအန ရှာမရ အောင် ပျောက်ဆုံးနေခဲ့လေသည်။
အမေရိကန် တို့သည် ဂျာမန်စီးပွားရေးသမားကြီးကို သိပ်ပြီး စိတ်ဝင်စားခြင်း မရှိကြချေ။ သို့သော်လည်း သူတို့သည် ထိုစီးပွားရေးသမားကြီး၏ ပျောက်ဆုံးနေသော သားဖြစ်သူ ‘ဂျိုးဆက်ဖ်’ ဆိုသူကို မူ အထူးတလည် တွေ့ဆုံမေးမြန်းလိုနေကြသည်။ ထိုဂျိုးဆက်ဖ်ဆိုသည်မှာ အော့ရှ်ဝစ်ဇ် အကျဉ်းစခန်းတွင် "သေမင်း၏ တမန်တော်" Angel of Death ဟု အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ‘ဂျိုးဆက်ဖ်မန်းဂလိ’ ပင် ဖြစ်သည်။
သို့သော် မန်းဂလိ သည် လွန်ခဲ့သော ဆယ်စုနှစ်တခုကတည်းက ဂျာမနီနိုင်ငံအတွင်းမှ လျှို့ဝှက်စွာ ခိုးထုတ်ခြင်း ခံခဲ့ရပြီး ဖြစ်သည်။ အစပိုင်းတွင် ဖခင်က သားဖြစ်သူမှာ စစ်မြေပြင်တွင် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ကျိန်ဆိုပြောကြားခဲ့သည်။ နောက်ပိုင်းတွင်မူ ဂျိုးဆက်ဖ် သေဆုံးသွားပြီဖြစ်ကြောင်း လိမ်လည် ပြော ခဲ့ပြန်သည်။ နောက်ဆုံးတွင်တော့ အမေရိကန် စုံစမ်းစစ်ဆေးရေးမှူးများသည် လိုက်လံရှာဖွေရသည်ကို ငြီးငွေ့လာကြတော့သည်။
အကယ်၍သာ အမေရိကန်အာဏာပိုင်များသည် ယခုထက်ပို၍ အသေးစိတ် ဆက်လက်စုံစမ်းစစ်ဆေးခဲ့မည်ဆိုပါက၊ ဖခင် ကားလ် မန်းဂလိ သည် ဝရမ်းပြေးဖြစ်နေသော သူ၏သား တောင်အမေရိကတွင် နေထိုင်နေကြောင်း သိထားပြီး ဖြစ်သည် ဟူသောအချက်ကို ဖော်ထုတ်နိုင်ခဲ့ကြပေလိမ့်မည်။
ကားလ် မန်းဂလိ သည် သားဖြစ်သူ ပြည်ပသို့ တိမ်းရှောင်နိုင်ရန် ရန်ပုံငွေ ထောက်ပံ့ပေးခဲ့ရုံသာမက၊ ဂျိုးဆက်ဖ် ၏ လူနေမှုဘဝ အဆင်ပြေရန် ကိုပါ ငွေကြေး စိုက်ထုတ်ပေးခဲ့သည်။ သူ၏ သားအပေါ် သံယောဇဉ်ကြီးမားပုံမှာ ကွယ်လွန်သွားပြီဖြစ်သော သားအငယ်၏ မုဆိုးမကိုပင် ဂျိုးဆက်ဖ်နှင့် လက်ထပ်ရန် အာဂျင်တီးနားသို့ သူကိုယ်တိုင် စေလွှတ်ခဲ့သည့်အထိ ဖြစ်သည်။
မာသာ မန်းဂလိ နှင့် သူမ၏ ပထမအိမ်ထောင်နှင့် ရခဲ့သော သားဖြစ်သူ ကားလ်ဟိန်းဇ် တို့သည် ၁၉၅၆ ခုနှစ်တွင် ဗျူနိုအေးရိစ် သို့ ရောက်ရှိလာခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ ထိုသို့ အတူ နေရန် အစီအစဉ်မှာ ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။ မာသာနှင့် ကလေးငယ်သည် ဗျူနိုအေးရိစ်တွင် ဆက်လက်ကျန်ရစ်ခဲ့ပြီး၊ ဂျိုးဆက်ဖ်ကမူ တောင်အမေရိကတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည့် ပါရာဂွေးသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ထိုသို့ မိသားစုကို စွန့်ခွာသွားရခြင်း အကြောင်းရင်းမှာ နာဇီအမဲလိုက်သမားများက မိမိနောက်သို့ တဖြည်းဖြည်း နီးကပ်စွာ လိုက်လံအမိဖမ်းတော့မည်ဟု သူ၏ စိတ်ထဲ အခိုင်အမာ ယုံကြည်နေမိသောကြောင့်ဖြစ်ပြီး၊ ထိုအချက်တွင် ဂျိုးဆက်ဖ် မန်းဂလိ၏ အတွေးသည် မှန်ကန်နေခဲ့ပေသည်။
အစ်ဆာ ဟာရယ် နှင့် ၎င်း၏ မော့ဆတ် ထောက်လှမ်းရေးအဖွဲ့တို့သည် အဒေါ့ဖ် အိုက်ခ်မန်း နောက်သို့ အနီးကပ် ခြေရာခံ လိုက်နေသည့် အချိန်မှာပင်၊ မန်းဂလိ ကိုလည်း တချိန်တည်းတွင် ဖမ်းဆီးနိုင်ရန် ပစ်မှတ်ထားလာ ခဲ့ကြသည်။ သို့သော် မန်းဂလိသည် ၎င်းတို့လက်မှ လွတ်မြောက်သွားခဲ့၏။
ယခုအခါတွင်မူ မည်သည့်နေရာတွင် ပုန်းခိုနေသည်ကို ကို သူ၏ မိသားစုဝင်များမှလွဲ၍ မည်သူမျှ မသိကြတော့ပေ။
ရုပ်ပိုင်းဆိုင်ရာအရ မန်းဂလိ မှာ သိပ်ပြီး ပြောင်းလဲခြင်း မရှိသေး။ သူသည် အသက် ၅၀ နား နီးကပ်လာပြီ ဖြစ်သော်လည်း ဆံပင်များမှာ နက်မှောင်သော အညိုရောင်အတိုင်း ရှိနေဆဲဖြစ်ပြီး ဖြူချင်သည့် အရိပ်အယောင်ပင် သိပ်မပြသေး ပေ။ အော့ဇဝစ် အကျဉ်းစခန်းက အကျဉ်းသားအချို့ကပင် မယုံနိုင်စရာကောင်းလောက်အောင် "ညှို့ဓာတ်ပါသည်" ဟု တင်စားခဲ့ကြသော သွားစိစိနှင့် ပြုံးတတ်သည့် သူ၏အပြုံးမှာ ယခုထက်ထိ လွယ်လွယ်ကူကူ မြင်တွေ့နေရဆဲပင်၊ သို့သော် ထိုအပြုံးမှာ ယခုအခါ ထူထဲသော နှုတ်ခမ်းမွှေးကြီးအောက်တွင် ကွယ်ပျောက်သွားပြီ ဖြစ်သည်။
သူသည် ယခင်အတိုင်းပင် တစ်ကိုယ်တည်း လေချွန်တတ်ဆဲ ဖြစ်၏။ မန်းဂလိ၏ ဝါသနာများဟု ပြောရမည်ဆိုလျှင် (ဝါသနာဟု ခေါ်ဆိုရန် သင့်တော်မည်ဆိုပါက) ဆေးပညာရပ်ဆိုင်ရာ စာအုပ်များကို ဖတ်ရှုခြင်းနှင့် အခွင့်အရေးရတိုင်း ဆရာဝန်တဦးကဲ့သို့ ဆေးကုသပေးခြင်းတို့ ဖြစ်သည်။ အမှန်စင်စစ်၊ လွန်ခဲ့သော တနှစ်ခန့်က အာဂျင်တီးနား အာဏာပိုင်များသည် သူ့ကို တရားမဝင် ကိုယ်ဝန်ဖျက်ချပေးမှု၊ ဆရာဝန်လိုင်စင်မရှိဘဲ ဆေးကုသမှုတို့ဖြင့် ဖမ်းဆီးခဲ့ဖူးသည်။
ထိုသို့ အဖမ်းမခံရမီအချိန်အထိ မန်းဂလိသည် မိမိကိုယ်ကိုယ် အာဂျင်တီးနားတွင် လုံးဝ လုံခြုံစိတ်ချရပြီဟု ယုံကြည်ထားခဲ့ခြင်း ဖြစ်သည်။ ဇနီး ဖြစ်သူပင် ၎င်း၏ မျိုးရိုးအမည်ကို ဗြောင်ကျကျ ခံယူထားခဲ့သလို၊ မန်းဂလိ ကိုယ်တိုင်ကလည်း သူ၏ မူလ သရုပ် အမှန်ကို မိတ်ဆွေများကြား စတင်ထုတ်ဖော် ပြောဆို လာခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း မန်းဂဲလာအပေါ် စွဲချက်တင်ထားမှုများကို သက်သေအထောက်အထား မလုံလောက်မှုကြောင့် လျင်မြန်စွာ ပယ်ဖျက်ပေးခဲ့သော်ငြား၊ ထိုသို့ အဖမ်းခံခဲ့ရခြင်းက သူ့ကို အလွန်အမင်း စိုးရိမ်ပူပန်သွားစေခဲ့သည်။ ညဘက်တွင် အိပ်မပျော်နိုင် ဖြစ်လာရသဖြင့် ယခုအခါ သူ၏ ညိုမှောင်သော မျက်ဝန်းတဝိုက်တွင် ပင်ပန်းနွမ်းနယ်နေသည့် အရေးအကြောင်းများ ထင်ဟပ်လာခဲ့လေသည်။
မိတ်ဆွေ များ၏ အဆိုအရ သူသည် စိတ်တိုလွယ် လာပြီး၊ နေ့ခင်းဘက်များတွင်လည်း မကြာခဏ ငိုက်မြည်းနေတတ်ကြောင်း သိရသည်။
သာမန်အခြေအနေများတွင် လူတဦးသည် ပါရာဂွေးနိုင်ငံသားအဖြစ် ခွင့်ပြုချက်ရရှိရန် ထိုနိုင်ငံ၌ အနည်းဆုံး ငါးနှစ်တာ နေထိုင်ရမည် ဖြစ်သော်လည်း၊ နာဇီလိုလားသော အစိုးရကြောင့်လည်းကောင်း၊ ဖြစ်နိုင်ချေရှိသည်မှာ အမြောက်အမြား ပေးခဲ့ရသည့် လာဘ်ငွေများကြောင့်လည်းကောင်း ဂျိုးဇက်မန်းဂလိ သည် ခြောက်လအတွင်းမှာပင် ပါရာဂွေးနိုင်ငံသား ဖြစ်လာခဲ့သည်။
သူ၏ နိုင်ငံကူးလက်မှတ်နံပါတ်မှာ ၂၉၃,၃၄၈ ဖြစ်သည်။ ယခုအခါ သူ၏ မှတ်ပုံတင်ကတ်ပြားပေါ်တွင် ဖော်ပြထားသည့်အတိုင်း "ဟိုဆေး" မန်းဂလိ' ဟု အမည်တွင်နေသူသည် ပါရာဂွေးနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဂျူးဆန့်ကျင်ရေး အလွန်ပြင်းထန်ကာ ဂျာမန်ဘာသာစကား ပြောဆိုကြသည့် နုအေဗို ဟာမန်နီယာ သို့မဟုတ် "ဂျာမနီအသစ်" ဟု လူသိများသော ဒေသတခုတွင်ပင် နေထိုင်လျက်ရှိသည်။
ထိုဒေသ၏ သဘာဝပေါက်ပင်များမှာ အပူပိုင်း ဒေသ ရာသီဥတုအတိုင်း ထန်းပင်များ၊ တောနက်များနှင့် ဖုံထူ သော မြေသားလမ်းများ ဖြစ်ကြသည်။ သို့သော်လည်း နေအိမ်များကိုမူ မိခင်မွေးရပ်မြေ ဂျာမနီနိုင်ငံ၏ ပုံစံနှင့် ခံစားချက်အတိုင်း ထပ်တူကျစေရန် တောင်ပိုင်းဂျာမနီ စတိုင်စစ်စစ်ဖြင့် ပုံစံထုတ် တည်ဆောက်ထားကြသည်။
ရံဖန်ရံခါတွင် ထိုဒေသရှိ စားသောက်ဆိုင်များ၌ နာဇီလက်ဝါးကပ်တိုင် Swastika အမှတ်အသားများကို အလှဆင်ထားတတ်ကြပြီး၊ အဒေါ့ဖ်ဟစ်တလာ၏ ဓာတ်ပုံများကိုလည်း မှန်ဘောင်သွင်း ချိတ်ဆွဲထားသည်ကို ရံဖန်ရံခါ မြင်တွေ့ရတတ်သည်။
၁၉၅၉ ခုနှစ်သည် “သေမင်း၏ တမန်တော်” အတွက်တော့ စိတ်မသက်မသာ ဖြစ်စရာ နှစ်တနှစ် ဖြစ်ခဲ့သည်။ အာဂျင်တီးနားနိုင်ငံမှ ကပျာကယာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အတိအကျဆိုရသော် တလအကြာ ဇွန်လ ၅ ရက်နေ့တွင် အနောက်ဂျာမနီ အာဏာပိုင်များက မန်းဂလိကို ဖမ်းဆီးရန် ကမ္ဘာလုံးဆိုင်ရာ ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုသို့ ဖမ်းဝရမ်းထုတ်ခြင်းက ပါရာဂွေးနိုင်ငံအနေဖြင့် မန်းဂလိ ကို နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံသားဖြစ်ခွင့် ပေးအပ်ခြင်းကိုမူ မတားဆီးနိုင်ခဲ့ပေ။ အနောက်ဂျာမနီ ထောက်လှမ်းရေး အေးဂျင့်များသည် ဂျိုးဆက် မန်းဂလိနှင့် ပတ်သက်သည့် သတင်းစာတွဲ (ဖိုင်) အားလုံးကို စစ်ဆေးရန် အမိန့်များဖြင့် ပါရာဂွေးနိုင်ငံ၏ မြို့တော် အာဆွန်စီယွန် သို့ ရောက်ရှိလာသည့်အခါတွင်မူ ပါရာဂွေးအာဏာပိုင်များက စာရွက်စာတမ်း အထောက်အထားများကို အစအန မကျန် အောင် ဖျောက်ဖျက် သန့်စင် ပစ်လိုက်ကြသဖြင့် ထိုစုံစမ်းစစ်ဆေးမှုမှာ အလဟဿ ဖြစ်သွားခဲ့ရသည်။