အင်္ဂလိပ်-မြန်မာ စစ်ပွဲများ (၁၈၂၄-၁၈၈၆)(26)

by Hla Soewai - May 25 2026

မဟာဗန္ဓုလ၏ ရှုံးနိမ့်မှုသည် နောက်တစ်နေ့တွင် မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့မှ ၎င်း၏ အမြောက်တပ်များကို ဗြိတိသျှတို့က ဝင်ရောက်တိုက်ခိုက်ခဲ့မှုဖြင့် ဆုံးခန်းတိုင် ရောက်သွားခဲ့သည်။ ထိုညသည် အလွန်မှောင်မည်းလှသဖြင့် ဗြိတိသျှတို့သည် သင်္ဘောသားများအား အသံမထွက်အောင် တက်များ ကို လှော်ခတ် စေကာ ရန်သူ မရိပ်မိစေဘဲ ကုန်းပေါ်သို့ တက်နိုင်ခဲ့ကြသည်။

 

ဗြိတိသျှစစ်သည်များသည် လှုပ်ခတ်နေသော ဝါးရုံပင်များကြားမှ မြန်မာတပ်များရှိရာသို့ တိတ်တဆိတ် ချဉ်းကပ်လာခဲ့ကြသည်။ ထို့နောက် အငိုက်မိနေသော မြန်မာတို့ကို ရုတ်တရက် တိုက်ခိုက်ခဲ့ပြီး လှံစွပ် ထိုးတိုက်ပွဲများ ဖြင့် မြန်မာတို့ကို မောင်းထုတ်ကာ အမြောက်များနှင့် ရိက္ခာအားလုံးကို သိမ်းယူနိုင်ခဲ့ကြသည်။

 

ဒီဇင်ဘာလ (၇) ရက် ညတွင် မဟာဗန္ဓုလသည် လက်လျှော့လိုက်ပုံရသည်။ အကြောင်းမှာ ထိုညတွင်ပင် ၎င်းသည် ကြွင်းကျန်သမျှ ကျဆုံးစစ်သည်များ၊ ဒဏ်ရာရရှိသူများနှင့် စစ်လက်နက်ကိရိယာ အားလုံးနီးပါးကို ယူဆောင်ကာ ကြည့်မြင်တိုင်မှ တိတ်တဆိတ် ဆုတ်ခွာသွားခဲ့သောကြောင့် ဖြစ်သည်။ ရန်ကုန်မှ ကြည့်မြင်တိုင်သို့ ရောက်ရှိလာသော ဗြိတိသျှအရာရှိ အန်ဆိုင်း ဒိုဗေတန် က ယခုလို ရေးသားခဲ့သည် -

“ဟိုတစ်စ ဒီတစ်စ တွေ့ရသည့် အလောင်းအချို့၊ မနေ့ညက မီးဖိုခဲ့သည့် မီးကြွင်းမီးကျန်များ နှင့် ကျွန်ုပ်တို့၏ ကျည်ဆန်မိုး ရွာခဲ့မှု များကြောင့် စုတ်ပြတ်သတ်နေသည့် သစ်ပင်ချုံနွယ်များကို ဖယ်လိုက်လျှင် စိတ်ဝင်စားစရာ ဘာတစ်ခုမျှ မကျန်တော့ပေ... အကြောင်းမှာ ရန်သူ (မြန်မာတို့) သည် ကျွန်ုပ်တို့ အောင်ပွဲရအထိမ်းအမှတ်အဖြစ် သိမ်းဆည်းနိုင်မည့် မည်သည့်အရာကိုမျှ ကျန်မနေစေရန် အထူးဂရုစိုက်ပြီး ယူဆောင် သွားခဲ့ကြသောကြောင့်ဖြစ်သည်။

 

ဤသို့ဖြင့် ရက်အနည်းငယ်အတွင်းမှာပင် ဘကြီးတော်မင်းတရားကြီးထံ၌ "ရန်သူကုလားဖြူများကို တစ်ပတ်အတွင်း ပင်လယ်ထဲသို့ မောင်းထုတ်မည် သို့မဟုတ် ဖမ်းဆီးမည်" ဟု ကတိပြုခဲ့သော မဟာဗန္ဓုလသည် မယုံကြည်နိုင်လောက်အောင်ပင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရလေသည်။ ဗမာတို့၏ "မရှုံးနိမ့်နိုင်" ဟူသော ဒဏ္ဍာရီမှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရသည်။ နေပြည်တော်သို့ မြောက်ဘက်အတိုင်း ဆုတ်ခွာရာတွင်လည်း ဗန္ဓုလ၏ စိတ်ထဲ၌ ဘုရင်မင်းမြတ်၏ အမျက်တော်ကို ကြောက်ရွံ့နေမိပြီး တပ်သားများမှာလည်း အစုလိုက်အပြုံလိုက် စွန့်ခွာထွက်ပြေးခဲ့ကြသည်။

 

ဒီဇင်ဘာလ ၁ ရက်မှ ၉ ရက်နေ့အတွင်း ဗြိတိသျှတို့ဘက်မှ အကျအဆုံး ၃၀ နှင့် ဒဏ်ရာရသူ ၂၂၀ သာ ရှိခဲ့ခြင်းက မြန်မာတို့၏ စစ်ရှုံးမှုမှာ မည်မျှအထိ ပြင်းထန်ခဲ့သည်ကို သက်သေပြနေပါသည်။ ထိုကာလအတွင်း မြန်မာတို့ဘက်မှ အကျအဆုံးမှာ အနည်းဆုံး ၅,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြသော်လည်း အမှန်တကယ်တွင်မူ ထိုပမာဏထက် အနည်းငယ် လျော့နည်းနိုင်ပါသည်။

 

စစ်ဗိုလ်ချုပ် ကမ်းဘဲလ် ကမူ ဗန္ဓုလကို အပြီးအပိုင် အောင်နိုင်လိုက်ပြီဟု ယုံကြည်သွားခဲ့သည်။ သူသည် ဘကြီးတော်မင်းတရား စံမြန်းရာ အင်းဝနေပြည်တော်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း မည်သည့် အဟန့်အတားမျှ မရှိဘဲ ချီတက်နိုင်တော့မည်ဟုပင် မျှော်လင့်နေခဲ့သည်။ သို့သော် သူ၏ ထိုအတွေးမှာ အလွန်ပင် မှားယွင်းနေခဲ့လေသည်။

 

ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတွင် မြန်မာစစ်တပ်မှ စစ်ပြေးတဦးသည် အင်္ဂလိပ် တပ်စခန်းများရှိရာဘက်သို့ ရောက်ရှိလာခဲ့သည်။ စစ်သေနာပတိ ကမ်းဘဲလ် ရှေ့မှောက်သို့ ခေါ်ဆောင်လာသောအခါ ထိုစစ်ပြေးက— မဟာဗန္ဓုလသည် ဆုတ်ခွာနေစဉ်အတွင်း စစ်ကူများ ထပ်မံရရှိခဲ့သဖြင့် ၎င်း၏ အရှက်ရမှုကို အသက်စွန့်ပြီး နောက်တကြိမ် ထပ် ကြိုးပမ်းခြင်းဖြင့် ပြန်လည်အဖတ်ဆယ်ရန် ဆုံးဖြတ်ထားကြောင်း ကျိန်တွယ် ထွက်ဆိုခဲ့သည်။

 

ထို့ကြောင့် ဗန္ဓုလသည် ရွှေတိဂုံဘုရား၏ မြောက်ဘက် လေးမိုင်ခန့်အကွာတွင်ရှိပြီး၊ ဓနုဖြူသွားရာ လမ်းမကြီးကို အပေါ်စီးမှ စိုးမိုးထားနိုင်သည့် ကုန်းမြင့်တန်းလျောက်တွင် မြန်မာအရန်တပ်ဖွဲ့များက ရင်တားတုတ်ကျင်း ခံတပ်များ စတင်တည်ဆောက်နေပြီဖြစ်သော 'ကုက္ကိုင်း' ရွာသို့ ပြန်လည်ရောက်ရှိနေပြီဟု ဆိုသည်။ 

 

ထို့အပြင် ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဗန္ဓုလသည် အင်္ဂလိပ်တို့ကို စတင်တိုက်ခိုက်ရန် ရည်ရွယ်ထားကြောင်းလည်း ထိုစစ်ပြေးက ကမ်းဘဲလ်ကို အသေအချာ ပြောကြားခဲ့သည်။ အားလုံးသည် မိမိတို့၏ အသက်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ထားကြပြီးဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် '၎င်းတို့အနေဖြင့် စစ်ရှုံးပြီး နေပြည်တော်ရှိ ဘုရင်မင်းမြတ်၏ ရှေ့မှောက်သို့ ပြန်သွားရပါက အရှက်တကွဲ အကျိုးနည်း အသက်သေရမည့် လမ်းအပြင် အခြားမရှိတော့သောကြောင့် ဖြစ်သည်...' ဟု ဆိုသည်။

 

ဗိုလ်ချုပ်ကမ်းဘဲလ်သည် ရရှိလာသော သတင်းအချက်အလက်များကို အလေးအနက်ထား ကိုင်တွယ်ရန် နှင့် အချိန်အခါကောင်းတွင် မဟာဗန္ဓုလကို ကိုယ်တိုင်ဦးစီး၍ တိုက်ခိုက်ချေမှုန်းရန် ဆုံးဖြတ်လိုက်သည်။ 

 

တချိန်တည်းမှာပင် အင်အား ၂၅,၀၀၀ ခန့်သာရှိသော မြန်မာစစ်သေနာပတိကြီးသည် ကုက္ကိုင်း ခံတပ်နှင့် ကာကွယ်ရေးတံတိုင်းများကို မာကျောလှသော ကျွန်းသစ်လုံးကြီးများဖြင့် အခိုင်အမာ တည်ဆောက်ကာ အင်အားဖြည့်တင်းနေခဲ့သည်။ ထိုခံတပ်၏ ပတ်ပတ်လည်တွင် ကျယ်ဝန်းနက်ရှိုင်းသော ကတုတ်ကျင်းကြီးကို တူးဖော်ပြီး၊ ကျင်းထဲ၌ ဓားသွားကဲ့သို့ ထက်မြက်လှသည့် ဝါးကပ်တုံး ညှောင့်တံစို့များကိုလည်း ခပ်စိပ်စိပ် ပတ်လည် စိုက်ထူထားခဲ့လေသည်။

 

တချိန်တည်းမှာပင် မဟာဗန္ဓုလသည် ရန်ကုန်မြို့တွင် ဗြိတိသျှတို့ စုဆောင်းသိမ်းဆည်းထားသော စစ်အသုံးအဆောင်နှင့် ရိက္ခာဂိုဒေါင်အားလုံးကို ဖျက်ဆီးပစ် နိုင်မည့် စစ်ဗျူဟာ တခုကို စတင်အကောင်အထည်ဖော်ခဲ့သည်။ ဗန္ဓုလ တပ်ဆုတ်ခဲ့ရပြီးနောက် ထောင်ပေါင်းများစွာသော စစ်ပြေးများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဗြိတိသျှတို့၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ဗန္ဓုလသည် ထို တာဝန်ကို ထမ်းဆောင်ရန် မိမိ၏ ပဉ္စမံ တပ်သားများကို ထို လူအုပ် များထဲထည့်သွင်းစေလွှတ်ခဲ့သည်။

 

၎င်း၏ အစီအစဉ်များ အပေါ် ဗြိတိသျှတို့ မရိပ်မိစေရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးရန် အာဏာကုန်လွှဲအပ်ခြင်းခံရသော ‘မောင်ရွှေဇာ’ အမည်ရှိ အရာရှိကြီးတစ်ဦးသည် အင်းဝ မှ မိမိ၏ စစ်ဌာနချုပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကောလာဟလတစ်ခုကို ထုတ်လွှင့် စေခဲ့သည်။

 

ဗြိတိသျှစစ်သေနာပတိ ကမ်းဘဲလ် ၏ အနီးကပ်လက်ရုံးဖြစ်သူ စနော့ဂရက်စ်က “ကျွန်ုပ်တို့၏ အခြေအနေမှာ အလွန်တရာ အန္တရာယ်ကြီးမားလှသော အကျပ်အတည်းဆိုက် ရောက်ခဲ့ရသည်” ဟု မှတ်တမ်းတင်ထားသည်။ ရန်ကုန်မြို့၏ ထောင့်အသီးသီးတွင် သူလျှိုများ၊ လူသတ်သမားများနှင့် မီးရှို့မည့်သူ များ ပုန်းအောင်းနေကြပြီး၊ ကျွန်ုပ်တို့ တပ်စွဲထားသော နယ်မြေအတွင်းရှိ တိုင်းရင်းသားတိုင်းမှာ သံသယဖြစ်ဖွယ်ရာ ပစ်မှတ်များ ဖြစ်လာခဲ့သည်။ စစ်တပ်၏ အမြင့်ဆုံး နိုးကြားတက်ကြွမှုနှင့်အတူ တပ်မှူး၏ ပြတ်သားသော ဆုံးဖြတ်ချက်များ ပေါင်းစပ်မှသာလျှင်၊ ကျွန်ုပ်တို့၏ စစ်အသုံးအဆောင်များနှင့် လက်နက်တိုက်များ ပျက်ဆီးဆုံးရှုံးမှုကြောင့် ယခင်က ရရှိခဲ့ဖူးသမျှသော အသာစီးရမှု အားလုံးကို ဆုံးရှုံးရမည့်ဘေးမှ ကာကွယ်နိုင်ခဲ့ပေလိမ့်မည်...။

 

လွယ်ကူစွာ မီးစွဲလောင်နိုင်သော ပစ္စည်းများဖြင့် တည်ဆောက်ထားသည့် ဤမြို့ကလေးကို အလုံးစုံ ပြာကျသွားစေရန်နှင့် ကျွန်ုပ်တို့၏ စစ်စခန်းများနှင့် အတွင်းရှိ အရာအားလုံးကို ကူးစက်လောင်ကျွမ်းသွားစေရန် မီးစ တစ်ခုတည်းဖြင့်ပင် လုံလောက်လှသည်။ တစ်ချိန်တည်းမှာပင် တောအုပ်အစွန်အဖျားများ၌ ပုန်းအောင်းနေပြီး မျက်စိဖြင့်မမြင်နိုင်သော ရန်သူများသည်လည်း ရှုပ်ထွေးတုန်းဆိုင်းနေမည့် အခြေအနေအတွင်း ကျွန်ုပ်တို့၏ ခံစစ်စည်းများကို အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ရန် အမြဲတစေ အသင့်ပြင်ထားကြ ချေပြီ။"

 

ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများသည် အကြောင်းမဲ့မဟုတ်ဘဲ တကယ်ပင် မှန်ကန်ခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက် ညသန်းခေါင်အချိန်တွင် မြို့၏ လေညာအရပ်ရှိ နေရာအချို့၌ မီးများ ပြိုင်တူ စတင်လောင်ကျွမ်းခဲ့လေသည်။ လေပြင်းတိုက်ခတ်မှုကြောင့် မီးလျှံများသည် သက်ငယ်မိုး ဝါးအိမ်များအကြား ပြင်းထန်စွာ ကူးစက်လောင်ကျွမ်းသွားရာ၊ အနီးအနားရှိ ခဲယမ်းမီးကျောက်နှင့် ရိက္ခာသိုလှောင်ရုံများဆီသို့ပင် ကူးစက်တော့မည့်အလား ဖြစ်လာတော့သည်။

 

ထိုသို့ မငြိမ်မသက်ဖြစ်ပြီး ရှုပ်ထွေးနေစဉ်အတွင်း မြန်မာတပ်များက လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆသဖြင့် ကမ်းဘဲလ် သည် ကင်းပုန်းတပ်ဖွဲ့များ ခံစစ်နေရာယူနိုင်ရန် စစ် စီ မောင်းတီး၍ သတိပေး အချက်ပြစေခဲ့သည်။ တချိန်တည်းမှာပင် စစ်သည်များသည် တလိပ်လိပ်တက်လာနေသော မီးခိုးလုံးများနှင့် လွင့်စင်နေသော မီးပွားများကြားထဲမှနေ၍ မီးဘေးအန္တရာယ်မှာ စိုးရိမ်ရသော နေရာများ ဆီသို့ ကူးစက်မလာစေရန် ခပ်သွက်သွက် အပြေးအလွှား သွားရောက်ငြှိမ်းသတ်ခဲ့ကြရသည်။

 

မီးကို လူအများအပြား လက်ဆင့်ကမ်း သယ်ယူလာသော ရေပုံးများဖြင့် ငြှိမ်းသတ်ခဲ့ကြခြင်းလော၊ သို့မဟုတ် ထောင်ပေါင်းများစွာသော လူအင်အားဖြင့် မီးတောက်များကို ရိုက်သတ်ခြင်း သို့မဟုတ် ပျက်စီးလွယ်သော အိမ်ခြေများကို ဖျက်ဆီးကာ မီးကူးစက်နိုင်သည့် လမ်းကြောင်းပေါ်ရှိ သစ်သားများ အားလုံးကို ဖယ်ရှားပစ်ခြင်းဖြင့်လော စသည်ဖြင့် ဤမီးကို မည်သို့မည်ပုံ အတိအကျ ငြှိမ်းသတ်ခဲ့ကြသည်ကိုမူ စေ့စပ်သေချာလှပါသည်ဆိုသော စနော့ဂရပ်စ် ကိုယ်တိုင်ပင် မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ 

 

သို့သော်လည်း နှစ်နာရီခန့်အကြာတွင် မီးတောက်များကို ‘လုံးဝ ထိန်းချုပ်နိုင်ခဲ့’ ပြီး၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများမှာ အနည်းငယ်မျှသာ ထိခိုက်ပျက်စီးခဲ့သော်လည်း မြို့၏ လေးပုံတစ်ပုံမှာမူ ပြာအတိ ဖြစ်သွားခဲ့ရသည်။

 

စစ်သူကြီး ဗန္ဓုလ၏ စွမ်းပကားကို သက်သေပြနေသည့်အလား မီးခိုးများ အူနေဆဲဖြစ်သော ပျက်စီးသွားသည့် အကြွင်းအကျန်များကို နောက်တစ်နေ့တွင် ကြည့်ရှုစစ်ဆေးရင်း၊ ကမ့်ဘဲလ် သည် ရန်သူ့နောက်သို့ လိုက်လံချေမှုန်းရန် တောနက်ကို ဖြတ်ကျော်၍ ကုက္ကိုင်း ရှိရာ ဖက်သို့ စစ်ကြောင်းတကြောင်းအား အမြန်ဆုံး စေလွှတ်ရန် အန္တရာယ်များလှသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ 

 

ယင်းမှာ နောက်ထပ် နှစ်ရက်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ဖြစ်၏။ မည်မျှပင် စွန့်စားရသည်ဖြစ်စေ မိမိဘက်က စစ်ရေးအရ ဦးဆောင်မှုကို ပြန်လည်ရယူရန် အချိန်တန်ပြီဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပြီ ဖြစ်ပုံရသည်။