(၃၁)
၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် - ကိုလုံးမြို့၊ ဂျာမနီနိုင်ငံ (အရုဏ်ဦးအချိန်)
နာဇီတို့၏ အကြောက်တရား ဖြင့် ခြောက်လှန့်မှုများ တဖန် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ရွန်ရှထရပ်စ် ဝတ်ပြုကျောင်း၏ အညိုရောင်ကျောက်သား နံရံပြင်ပြင်ပေါ်တွင် တောက်ပသော အနီရောင်ဆေးစက်များ စီးကျနေသည်။ ဟိုလိုကော့စ် ခေါ် ဂျူးမျိုးတုံးသတ်ဖြတ်မှုအတွင်း အသက်ပေးခဲ့ရသူများအတွက် ရည်စူးထားသည့် အထိမ်းအမှတ်ကျောက်တိုင်လည်း ဖျက်ဆီးခြင်း ခံလိုက်ရသည်။ တတိယ ရိုက်ခ် နိုင်ငံတော် ၏ အစွန်းရောက်အကြမ်းဖက်သမားများက မီးတင်ရှို့ဖျက်ဆီးခံခဲ့ရပြီးနောက် အနှစ် ၂၀ အကြာ၊ ဤဂျူးဝတ်ပြုကျောင်းကို အများပြည်သူအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်မှာ နှစ်လမျှသာ ရှိသေးသည်။
သွေးရောင်လွှမ်းသော Swastika နာဇီတံဆိပ်နှင့် "Juden Raus" ဟု ခေါ်သည့် "ဂျူးတွေ ထွက်သွားကြ" ဆိုသော အမုန်းစကားများက ခန့်ညားထည်ဝါသည့် အဆောက်အအုံကြီးကို အလှပျက်စေခဲ့ပြီ။ ကိုလုံးမြို့ရဲတပ်ဖွဲ့က သံသယရှိသူများကို လိုက်လံရှာဖွေနေသော်လည်း ပျက်စီးဆုံးရှုံးမှုကတော့ ဖြစ်သွားခဲ့လေပြီ။
ဂျာမနီရှိ အခြားနေရာများထက် ဂျူးလူမျိုးများ ရှည်လျားစွာ အခြေချနေထိုင်ခဲ့သည့် ကိုလုံးမြို့ကြီးသည် တကျော့ပြန် မယုံကြည်မှုများဖြင့် ပြည့်နှက်သွားပြန်သည်။ ဂျူးလူမျိုးများကို "အမြစ်ပြတ်ချေမှုန်းမည်" ဟု အဒေါ့ဖ်ဟစ်တလာ ပေးခဲ့သော ကတိကို ဂျာမန်နိုင်ငံသားအချို့က ယနေ့တိုင် လိုက်နာနေကြဆဲဖြစ်ကြောင်း ပြသနေသည့် ထိတ်လန့်ဖွယ် သတိပေးချက်ပင် ဖြစ်တော့သည်။
ရဟူဒီဆန့်ကျင်ရေး (Anti-Semitism) ပြဿနာသည် ဂျာမနီနိုင်ငံ တခုတည်း၌သာ ရှိခဲ့သည်မဟုတ်။ ၎င်းသည် ရှေးဟောင်းဂရိနှင့် ရောမခေတ်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်ပြီး၊ ခရစ်ယာန် အသင်းတော်၏ အစောပိုင်းကာလများတွင် ပိုမိုပျံ့နှံ့လာကာ လွန်ခဲ့သည့် ရာစုနှစ်များစွာတစ်လျှောက် ဥရောပတခွင်တွင် အစဉ်အဆက် တည်ရှိနေခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင်ပင် ဂျုး များအပေါ် အစွဲအလမ်းဖြင့် မုန်းတီးမှု မှာ ပိုမိုကြီးထွားလာနေသည်။ ဤပြင်းထန်သော မုန်းတီးမှု၏ အရင်းအမြစ်များမှာ လူမျိုးရေး၊ ဘာသာရေးနှင့် စီးပွားရေးတို့အပေါ် အခြေခံနေသည်။ လူအချို့က ယဟူဒီများသည် ကမ္ဘာ့ ဘဏ္ဍာရေး လောကကို ချုပ်ကိုင်ထားသည်ဟု ယူဆချက်များကြောင့် မကျေနပ်မှုများ အလွန်အကျွံ ဖြစ်ပေါ်လာရခြင်းပင် ဖြစ်သည်။
ဟစ်တလာသည် အာဏာရလာချိန်တွင် ဂျာမနီနိုင်ငံ ပထမကမ္ဘာစစ်၌ ရှုံးနိမ့်ခဲ့ရခြင်းမှာ ဂျူးတို့၏ ငွေကြေးဓနအင်အားဖြင့် သစ္စာဖောက်ခဲ့မှုကြောင့်ဖြစ်သည်ဟု အပြစ်ပုံချကာ အဆိုပါ သံသယစိတ်များကို မီးထိုးပေးခဲ့သည်။ ထိုအငြိုးအတေး အာဃာတအားလုံးသည် ဒုတိယကမ္ဘာစစ်တွင် ဂျာမနီရှုံးနိမ့်သွားပြီးနောက် လျော့ပါးသွားပုံရသည်။
အစ္စရေးနိုင်ငံသို့ ပြောင်းရွှေ့အခြေ မချရန် ဆုံးဖြတ်ခဲ့ကြသော ဂျူးများသည် ဂျာမနီမှာပင် သူတို့၏ဘဝကို ပြန်လည်စတင်ခဲ့ကြသည်။ ဝတ်ပြုကျောင်းများကို ပြန်လည်တည်ဆောက်ခဲ့ကြပြီး ဂျူးမိသားစုများသည်လည်း ကြောက်ရွံ့ထိတ်လန့်ခြင်းမရှိဘဲ ဆက်လက်နေထိုင်ခဲ့ကြသည်။
သို့သော်လည်း ကြည်လင်အေးမြသည့် ယခုကဲ့သို့ ဆောင်းဦးပေါက် နံနက်ခင်း အချိန် အနီးနားရှိ ရိုင်းမြစ် ပေါ် နေမင်းကြီး ပြူ ထွက် လာချိန်၌ ဟောင်းနွမ်းနေသော ဒဏ်ရာဟောင်းများမှာ ပြန်လည်ပွင့်ထွက်လာခဲ့သည်။
ကိုလုံး မြို့ရှိ သက်ကြီးဝါကြီး ဂျူးများသည် စိုးရိမ်ထိတ်လန့်နေကြသည်။ သူတို့သည် စစ်မဖြစ်မီက ရွန်စထရပ်စ် ဝတ်ပြုကျောင်းကြီး ပထမဆုံးအကြိမ်အဖြစ် ဖျက်ဆီးစော်ကားခံခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသော ည ကို ပြန်လည်အမှတ်ရလာကြသည်။ ထိုညသည်ကား ၁၉၃၈ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့၏ ညနေခင်းပင် ဖြစ်တော့သည်။
နောက်တနေ့ နံနက် ရောက်သည်အထိ တရစပ် ဖြစ်ပွားခဲ့သော မကြုံစဖူး ဖျက်ဆီးမှုနှင့် ထိတ်လန့်ခြောက်ခြားဖွယ်ရာ အကြမ်းဖက် လှိုင်းလုံးကြီးများဖြင့် ဟစ်တလာနှင့် သူ၏ အပေါင်းအပါများသည် ဂျာမန်ဂျူးလူမျိုးများအား သတိပေးချက် ထုတ်ပြန်လိုက်ကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ၁၉၃၈ နိုဝင်ဘာလ ၉ ရက်နေ့သည် နာဇီတို့ ဘာဗေးရီးယား အစိုးရကို အာဏာသိမ်းရန် ကြိုးပမ်းသော်လည်း ကျရှုံးခဲ့သည့် ဟစ်တလာ၏ ကျော်ကြားသော “ဘီယာခန်းမ ပုန်ကန်မှု” (Beer Hall Putsch) ၁၅ နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်သည်။
ထိုစဉ်က ဟစ်တလာသည် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ပြစ်ဒဏ်စီရင်ခြင်း ခံရကာ လန်းစ်ဘာ့ဂ် အကျဉ်းထောင်တွင် ငါးနှစ် အကျဉ်းကျခဲ့ပြီး ထိုထောင်ထဲတွင်ပင် သူ၏ “မိန်းကန့်ဖ်” (Mein Kampf) ဟုခေါ်သော ဝါဒဖြန့် စာအုပ်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။
ဂျာမနီတဝှမ်းရှိ ဂျူးလူမျိုးတို့၏ နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ဝတ်ပြုရာနေရာများ ဖျက်ဆီးခံခဲ့ရသည်။ ကိုလုံး မြို့ရှိ ဂျူးဘာသာရေး အထွတ်အမြတ်နေရာ ခြောက်ခုအနက် တခုဖြစ်သော ရွန်းစထရပ်စ် ဝတ်ကျောင်းတော် ကဲ့သို့သော နေရာအများအပြားမှာ ပြာကျအောင် မီးရှို့ခံခဲ့ရသည်။ (ပုံတွင် တွေ့ နိုင်သည်) ဂျူးလူမျိုး ရာပေါင်းများစွာ သေဆုံးခဲ့ရပြီး သုံးသောင်းခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ နောက်ဆုံးတွင် အလုပ်ကြမ်း စခန်း များသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။
မီးရှူးတိုင်များ ကိုင်ဆောင်ထားသည့် အက်စ် အက်စ် (SS) လူအုပ်စုကြီးက ဂျူးတို့နှင့် သက်ဆိုင်သည့် အရာမှန်သမျှကို လိုက်လံမီးရှို့ပြီး ဆိုင်ခန်းပြတင်းမှန်များကို ရိုက်ခွဲနေချိန်တွင် ဂျာမန်ရဲတပ်ဖွဲ့က ဘာမျှမလုပ်ဘဲ ကြည့်နေခဲ့ကြသည်။ နောက်ဆုံးတွင် ဖမ်းဆီးမှုများ ပြုလုပ်သည့်အခါ၌လည်း အဖမ်းခံရသူများမှာ ဖျက်ဆီးမှုကို ကျူးလွန်သည့် အက်စ်အက်စ်များ မဟုတ်ဘဲ ပြန်လည်ခုခံရန် ကြိုးပမ်းခဲ့ကြသည့် ဂျူးလူမျိုးများသာ ဖြစ်နေတော့သည်။ ထိုည သည် ခရစ္စတယ်လ်နက် (Kristallnacht - ဖန်ကွဲည) အဖြစ် ထင်ရှားလာခဲ့သည်။
ကပ်ဘေးအများစုသည် သေးငယ်သော အဖြစ်အပျက်တခုမှ စတင်လေ့ရှိကြောင်း ကိုလုံးမြို့ ရှိ ဂျူးလူမျိုးများ ကောင်းကောင်းကြီး သိထားကြသည်။ အဒေါ့ဖ် ဟစ်တလာက ပထမကမ္ဘာစစ် ရှုံးနိမ့်မှုအတွက် ဂျူးနိုင်ငံရေးသမားများကို အပြစ်ပုံချရာမှ စတင်ခဲ့သည့် "ခရစ္စတယ်လ်နက်ချ်" (Kristallnacht) ဟုခေါ်သော ဖျက်ဆီးသတ်ဖြတ်မှုများအဖြစ် ပျံ့နှံ့သွားခဲ့ပြီး၊ နောက်ပိုင်းတွင် နာဇီအကျဉ်းစခန်းများ၏ အထိန်းအကွပ်မဲ့ ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်လာခဲ့သည်။ အပြစ်မဲ့ကလေးငယ်များပင်လျှင် နာဇီဆရာဝန်များ ပြုလုပ်သော စက်ဆုပ်ဖွယ် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများ၏ သားကောင်ဖြစ်ခဲ့ကြရသည်။
နာဇီဆရာဝန်တဦးအပေါ် စွဲဆိုထားသော အချက် ၁၇ ချက်ပါ စွဲချက်မှတ်တမ်းတွင် ဖော်ပြထားသည်မှာ... ထိုဆရာဝန်သည် “လူအများအပြားကို ဖီနော (phenol)၊ ဘန်ဇင်း (benzene) သို့မဟုတ် လေသွင်းထိုးနှံခြင်းဖြင့် သတ်ဖြတ်ခြင်း၊ ဓာတ်ငွေ့ခန်းများအတွင်း အကျဉ်းသားအများအပြားကို သတ်ဖြတ်ခြင်း၊ ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ဦးခေါင်းကို ဓားမြှောင်ဖြင့် ခွဲ၍ သတ်ဖြတ်ခြင်း... အမျိုးသမီးများနှင့် ကလေးငယ်များ၏ မျက်လုံးထဲသို့ ဆိုးဆေးများ ထိုးထည့်ကာ သတ်ဖြတ်ခြင်းနှင့် အကျဉ်းသားအချို့အား ၎င်းတို့၏ ချစ်ခင်ရသူများထံသို့ ‘သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေပါသည်’ ဟု စာမရေးပေးသည့်အတွက် ပစ်သတ်ရန် အမိန့်ပေးခြင်း” တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။
ထိုဆရာဝန်သည် ဒေါက်တာ ဂျိုးဆက်မန်းဂလိ ဖြစ်ပြီး ၎င်း အပေါ် စွဲဆိုထားသော ထိုကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ် အထောက်အထားများ ရှိနေလင့်ကစား ဂျာမန်အချို့မှာမူ ဂျူးဆန့်ကျင်ရေး အပြုအမူများကို ရှုတ်ချရန် ငြင်းဆန်နေကြဆဲ ဖြစ်သည်။ နောက်ကွယ် မှ နေ၍ လူသိများသော နာဇီများကို ကူညီအားပေးမှုများ ပြုလုပ်နေကြသည်။ နာမည်ဆိုးဖြင့် ကျော်ကြားသော မန်းဂလိ သည်လည်း ထိုသို့ အကူအညီရနေသူများထဲတွင် တဦး အပါအဝင် ဖြစ်လာသည်။