နှစ်ဆယ်ရာစုနှစ် အကျော်ကြားဆုံး တရားခွင်များ(34)

by Hla Soewai - May 11 2026

နယ်လ်ဆင် မင်ဒဲလား အား အလုပ်ကြမ်း နှင့် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည့် ရီဗိုးနီးယား တရားခွင် (၄)

 

အမှုအဖွင့် လျှောက်လှဲချက် အတွက် မင်ဒဲလားက ထွက်ဆိုချက်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ စိတ်ဝင်စားစရာကောင်းလှသည်။ ထိုကဲ့သို့ အဖွင့် လျှောက်လှဲချက် မျိုးသည် အပြန်အလှန် စစ်မေးခြင်း ကို ခံယူရန် မလိုအပ်သောကြောင့် တရားသူကြီး တဦးအနေဖြင့် ၎င်းအပေါ် အလေးထားမှု နည်းပါးလေ့ရှိသည်။

 

မင်ဒဲလားသည် သက်သေအဖြစ် ထွက်ဆိုခြင်းထက် ထိုကဲ့သို့ ထွက်ဆိုချက်ပေးရန် ရွေးချယ်ခဲ့ခြင်းမှာ မင်ဒဲလား ၏ ကိုယ်ပိုင်စကားအရဆိုလျှင် အမေးအဖြေ ပုံစံအတွင်း၌သာ "ကန့်သတ်မခံလိုခြင်း" ကြောင့် ဖြစ်သည်။ သူနှင့် အခြားသူများသည် တောင်အာဖရိက အစိုးရအပေါ် ဖျက်ဆီးရေး လုပ်ငန်းစဉ်များ ကို အဘယ်ကြောင့် မဖြစ်မနေ လုပ်ဆောင်ခဲ့ရသနည်း ဆိုသည်ကို သူ၏ ကိုယ်ပိုင်ဟန်ဖြင့် ရှင်းပြခွင့် ရလိုရုံသက်သက် ကြောင့် ဖြစ်သည်။

 

သာမန် သက်သေထွက်ဆိုချက် ပုံစံမျိုးဖြင့်ဆိုပါက မင်ဒဲလား၏ အကြောင်းပြချက်များသည် "ဟိုတစ်စ ဒီတစ်စ ရောထွေးကုန်မည်" ဖြစ်သဖြင့် ပြောလိုသည့် အကြောင်းအရာ၏ အာနိသင်များ လျော့ပါးသွားနိုင်ကြောင်း ရှေ့နေအဖွဲ့က သဘောပေါက်ထားကြသဖြင့် ဤအစီအစဉ်ကို သဘောတူခဲ့ကြသည်။

 

သို့သော်လည်း မင်ဒဲလား ပြောကြားရန် ပြင်ဆင်ထားသည့် မိန့်ခွန်းမှာ နောင်တရသည့် အရိပ်အယောင် လုံးဝမရှိဘဲ ခိုင်မာပြတ်သားလွန်းနေသည့်အတွက် ရှေ့နေအဖွဲ့က စိုးရိမ်ခဲ့ကြသည်။ ဤမိန့်ခွန်းကြောင့်ပင် သူသည် သေဒဏ်အထိ အပြစ်ပေးခံရနိုင်သည်ဟု ရှေ့နေများက ယူဆခဲ့လေသည်။

 

မင်ဒဲလားကို သက်သေအဖြစ် စစ်ဆေးမည့်အစား မိန့်ခွန်းပြောကြားသူအဖြစ် တင်သွင်းရန် ဆုံးဖြတ်ချက်က တရားလိုရှေ့နေ ပါစီ ယူတာ ကို အငိုက်မိသွားစေသည်။ သူသည် ရှေ့နေခုံမှ ဝုန်းခနဲထရပ်ကာ “တရားသူကြီးမင်း... တရားသူကြီး မင်း ခင်ဗျာ၊ တရားခံအနေနဲ့ အခုလို ပုံစံမျိုး နဲ့ ပြောတဲ့စကားဟာ တစ်ဖက်က ပြန်လှန်စစ်မေးတာကို ခံယူတာလောက် အလေးအနက်မရှိဘူးဆိုတာကို တရားသူကြီးမင်း အနေနဲ့ တရားခံကို သတိပေးသင့်တယ်လို့ ထင်ပါတယ်” ဟု အော်ဟစ်ကန့်ကွက်လေသည်။ 

 

တရားသူကြီး ဒီဝက် က တရားလိုရှေ့နေကို ခပ်အေးအေးပင် ကြည့်လိုက်ပြီး “မစ္စတာယူတာ... ခုခံချေပတဲ့ရှေ့နေတွေဟာ သင့်ရဲ့အကူအညီမပါဘဲ သူတို့အမှုသည်ကို အကြံပေးနိုင်လောက်တဲ့ အတွေ့အကြုံ အလုံအလောက်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု မိန့်ကြားလိုက်သည်။

 

ထို့နောက် မင်ဒဲလားသည် တည်ငြိမ်အေးဆေးသော လေသံဖြင့် စတင်ပြောကြားခဲ့သည်။ သူသည် လေးနာရီကြာအောင် မိန့်ခွန်းပြောခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်ဟာ ပထမ တရားခံ ဖြစ်ပါတယ်” ဟု မင်ဒဲလားက ဆိုကာ သူ၏ ဘဝဇာတ်ကြောင်းကို စတင်ပြောပြလေတော့သည်။ လူမျိုးရေးတန်းတူညီမျှမှုအတွက် အဘယ်ကြောင့် တိုက်ပွဲဝင်ခဲ့ရသနည်း၊ အဆုံးသတ်တွင် အကြမ်းမဖက်သော ဆန္ဒပြမှုများမှသည် အဘယ်ကြောင့် ပိုမိုပြင်းထန်သော နည်းလမ်းများသို့ ကူးပြောင်းရန် ဆုံးဖြတ်ခဲ့ရသနည်း ဆိုသည်တို့ကို သူက ရှင်းပြခဲ့သည်။

 

ဖျက်ဆီးရေးလုပ်ငန်းများ မပါဘဲနှင့် တောင်အာဖရိကတွင် လူမျိုးစုံပါဝင်သည့် ဒီမိုကရေစီပန်းတိုင်ကို မည်သို့မျှ မရောက်နိုင်ကြောင်း မင်ဒဲလားက အောက်ပါအတိုင်း ပြောကြားခဲ့သည် -

“၁၉၆၁ ခုနှစ် ဇွန်လဆန်းပိုင်းမှာ တောင်အာဖရိကရဲ့ အခြေအနေကို အချိန်အကြာကြီး အလေးအနက် သုံးသပ်ပြီးတဲ့နောက်၊ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်တချို့ဟာ ဒီနိုင်ငံမှာ အကြမ်းဖက်မှုဆိုတာ ရှောင်လွဲလို့မရတော့ဘူးဆိုတဲ့ ကောက်ချက်ကို ချခဲ့ကြပါတယ်။ အစိုးရက ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းတဲ့ တောင်းဆိုမှုတွေကို အင်အားသုံးပြီး တုံ့ပြန်နေတဲ့အချိန်မှာ အာဖရိကန်ခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ အကြမ်းမဖက်ရေးကိုပဲ ဆက်ပြီး ဟောပြောနေတာဟာ လက်တွေ့မကျသလို မှားယွင်းတဲ့ လုပ်ရပ်လည်း ဖြစ်ပါလိမ့်မယ်။ ဒီကောက်ချက်ကို လွယ်လွယ်နဲ့ ချခဲ့တာမဟုတ်ပါဘူး။ တခြားနည်းလမ်းမှန်သမျှ ကျရှုံးသွားချိန်၊ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်တဲ့ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ခံလိုက်ရချိန်ကျမှသာ အကြမ်းဖက်နည်းလမ်းနဲ့ နိုင်ငံရေးတိုက်ပွဲဝင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။”

 

မင်ဒဲလားသည် သူယုံကြည်ချက်အတွက် အမြင့်မြတ်ဆုံးသော စွန့်လွှတ်မှုကို ပြုလုပ်ရန် အသင့်ရှိကြောင်း ကြေညာရင်း သူ၏ မိန့်ခွန်းကို ယခုလို နိဂုံးချုပ်ခဲ့သည်။

 

"ကျွန်တော်၏ သက်တမ်းတစ်လျှောက်လုံးတွင် အာဖရိက လူမျိုးနွယ်စုများ၏ တိုက်ပွဲအတွက် ကျွန်တော် မြှုပ်နှံခဲ့ပါသည်။ လူဖြူများက လွှမ်းမိုးချုပ်ကိုင်မှုကို ကျွန်တော် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သလို၊ လူမည်းများက လွှမ်းမိုးချုပ်ကိုင်မှုကိုလည်း ကျွန်တော် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ပါသည်။ လူသားအားလုံးသည် အခွင့်အရေး တန်းတူညီမျှစွာဖြင့် သဟဇာတဖြစ်ဖြစ် အတူယှဉ်တွဲ နေထိုင်နိုင်သည့် ဒီမိုကရေစီနှင့် လွတ်လပ်သော လူ့အဖွဲ့အစည်းဟူသော စံနှုန်းကို ကျွန်တော် တန်ဖိုးထား မြတ်နိုးပါသည်။ ဒါကလည်း ကျွန်တော် အသက်ရှင်နေသမျှ အကောင်အထည်ဖော်ဖို့ မျှော်လင့်ထားတဲ့ စံနှုန်းတခု ဖြစ်ပါတယ်။ လိုအပ်လာရင် ‌ဒီ စံနှုန်းအတွက် အသက်ပေးရန်လည်း ကျွန်တော် အသင့်ရှိနေပါတယ်။" ဟု ဆိုကာ မင်ဒဲလားသည် ပြန်ထိုင်ချလိုက်၏။ 

 

သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ပရီတိုးရီးယား တရားခွင်အတွင်း ထိုအချိန်က မြင်ကွင်းကို ယခုကဲ့သို့ ဖော်ပြထားပါသည်။ "တိတ်ဆိတ်ငြိမ်သက်မှုမှာ မိနစ်ပေါင်းများစွာ ကြာမြင့်နေသကဲ့သို့ပင်။ သို့သော် လက်တွေ့တွင်မူ စက္ကန့်သုံးဆယ်ထက် မပိုခဲ့ပါ။ ထို့နောက်တွင်မူ ပရိသတ်များရှိရာ အထက်တန်းဆီမှ 'ဟင်း' ဟူသော သက်ပြင်းချသံကြီးကဲ့သို့ အသံနက်ကြီး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီးနောက် အမျိုးသမီးများ၏ ငိုရှိုက်သံများ ထွက် ပေါ် လာခဲ့သည်။

 

တရားသူကြီး ဒီဝက် သည် ဘရမ် ဖစ်ရှာဘက်သို့ လှည့်ကာ "ခင်ဗျားတို့ရဲ့ နောက်ထပ်သက်သေကို ခေါ်ယူနိုင်ပါပြီ" ဟု အေးအေး ဆေးဆေး ပင် ပြောလိုက်သည်။ ANC (အာဖရိက အမျိုးသား ကွန်ဂရက်) ၏ အထွေထွေ အတွင်းရေးမှူးဟောင်းနှင့် 'နိုင်ငံတော်၏ လှံတံ' အဖွဲ့၏ ထိပ်တန်းစစ်ဌာနချုပ် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝေါ်လ်တာ စီဆူးလူး သည် သက်သေခုံပေါ်သို့ တက်လာခဲ့သည်။

 

စီဆူးလူးက 'မေရီဘူယေး စစ်ဆင်ရေး' သည် အစ္စရေး မြေအောက်လှုပ်ရှားမှု အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ အာသာ ဂိုးလ်ဒရစ်ခ် ၏ စိတ်ကူးစိတ်သန်းသာ ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထိုအစီအစဉ်ကို လက်မခံခဲ့ရခြင်းမှာ တစိတ်တပိုင်းအားဖြင့် "လူထုကို ပြင်ဆင်စည်းရုံးရန်" အချိန်ပိုမို လိုအပ်နေသောကြောင့်ဖြစ်ကြောင်း စီဆူးလူးက ဆိုသည်။ 

 

ဖျက်ဆီးရေး လုပ်ငန်းစဉ်များ လိုအပ်သည်ဟု သဘောတူသော်လည်း "ပစ်မှတ်တွေကို ရွေးချယ်ခဲ့ပုံကို ကြည့်ရင် ဘယ်သူ့ကိုမှ ထိခိုက်ဒဏ်ရာရစေဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသာပါတယ်" ဟု အခိုင်အမာ ထွက်ဆိုခဲ့သည်။

 

တရားသူကြီးက ထိုအချက်အပေါ် ဖိအားပေး မေးမြန်းခဲ့သည်။ စာတိုက်တစ်ခုတွင် ဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာတစ်ဦး သေဆုံးခဲ့ရမှုအပေါ် မည်သို့ပြောလိုသနည်းဟု စီဆူးလူးကို မေးမြန်းရာတွင် မတော်တဆမှုများ ဖြစ်ပွားနိုင်ကြောင်း စီဆူးလူးက ဝန်ခံခဲ့သည်။ မည်သည့် အသက်အန္တရာယ် ဆုံးရှုံးမှုမဆို စိတ်မကောင်းစရာပင် ဖြစ်သည်။ 'နိုင်ငံတော်၏ လှံတံ' အဖွဲ့အနေဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် ကြိုးစားသော်လည်း တခါတရံတွင် မျှော်လင့်မထားသော အကျိုးဆက်များ ရှိတတ်ကြောင်း သူက ဆိုခဲ့သည်။

 

ငါးရက်ကြာ အပြန်အလှန် စစ်မေးမှုအတွင်း အစိုးရရှေ့နေ ယူတာ သည် ANC နှင့် "နိုင်ငံတော်၏ လှံတံ" အဖွဲ့တို့ကို ကွန်မြူနစ်ပါတီနှင့် ဆက်စပ်ရန် ကြိုးပမ်းခဲ့ပြီး၊ မြေအောက်အဖွဲ့အစည်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သူများကို ထုတ်ဖော်ပြောကြားရန် စီဆူလူကို ဖိအားပေးခဲ့သည်။ တရားသူကြီးခုံရုံးမှ သတိပေးချက်များ ရှိနေသော်လည်း စီဆူလူကမူ မည်သူ့အမည်ကိုမျှ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

 

စုစုပေါင်း တရားခံ ခုနစ်ဦးသည် သက်သေခံခုံတွင် ထွက်ဆိုခဲ့ကြသည်။ ပြစ်ဒဏ်ကျခံရမည်မှာ သေချာသလောက် ရှိနေသော တရားခံများအတွက်မူ၊ ထိုသက်သေခုံပေါ်ရှိ အချိန်သည် ၎င်းတို့ အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ခဲ့ရသည်ကို တနိုင်ငံလုံး သိအောင် ရှင်းပြခွင့်ရသည့် အခွင့်အရေးပင် ဖြစ်သည်။ အီလီယက်စ် မော့ဆိုလေဒီ ၏ တိုတောင်းလှသော ထွက်ဆိုချက်သည် တရားခွင်၏ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့်များထဲမှ တခု ဖြစ်ခဲ့သည်။ 

 

သူက သူ၏စကားကို ဤသို့ အဆုံးသတ်ခဲ့သည် -"ကျွန်တော် လုပ်ခဲ့သမျှဟာ ကိုယ်ကျိုးအတွက် ဘာမှမပါပါဘူး။ ကျွန်တော် လုပ်ခဲ့တာတွေဟာ ကျွန်တော့်ရဲ့ လူမျိုးအတွက် ဖြစ်သလို၊ ဒါဟာ ကျွန်တော့်လူမျိုးကို ကူညီဖို့ ကျန်ရှိနေတဲ့ တစ်ခုတည်းသော နည်းလမ်းလို့ ကျွန်တော် ယူဆလို့ လုပ်ခဲ့တာပါ။ ဒါပါပဲ၊ ကျွန်တော် ပြောစရာ ဒီလောက်ပါပဲ။"

 

သို့သော် သူ ပြောစရာ တစ်ခု ကျန်ပါသေးသည်။ တရားသူကြီးကို ကြည့်ရင်း မော့ဆိုလေဒီက ဤသို့ ဆိုလိုက်သည် -"ဒါ့အပြင် တရားသူကြီးမင်းခင်ဗျာ... ကျွန်တော့်ဆီက ထွက်ဆိုချက် ရယူဖို့အတွက် လုံခြုံရေးဌာန က ကျွန်တော့်ကို ညှဉ်းပန်းနှိပ်စက်ခဲ့တယ် ဆိုတာကိုလည်း ကျွန်တော် ပြောချင်ပါတယ်"